စာရေးသူ၏ ဇာတိရပ်ရွာမှ ရွာလူကြီးဖြစ်သော (စာရေးသူ၏ ညီတ၀မ်းကွဲတော်စပ်သူ) မောင်လှဝင်းသည် စာရေးသူ ဇာတိရွာသို့ရောက်ခိုက် ရပ်ရွာ၌ ဆောင်ရွက်ရပုံအဖုံဖုံကို စာရေးသူအား လျှောက်ပြပါ၏။ သူတွေ့ကြုံရသော အခက်အခဲပြဿနာတို့မှာ များပြားလှပါ၏။ သူ၏ဆောင်ရွက်ဖြေရှင်းရပုံတို့ကို ပြောပြသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပါ၏။ သူ၏သတ္တိရှိပုံ၊ အကင်းပါးပုံတို့ကိုလည်း သိရှိရပါ၏။ သူသည် ရပ်ရွာအကျိုးတို့ကို စိတ်ကောင်းထားကာ ကြိုးကြိုးစားစား၊ သတ္တိရှိရှိ၊ လည်လည်ဝယ်ဝယ် ဆောင်ရွက်သည်ကို သိရ၍ အားရကျေနပ်မိပါ၏။
သူသည် ရပ်ရွာအကျိုးသယ်ပိုးရာ၌ နည်းယူသင့်သူတို့ထံမှ နည်းယူပါ၏။ အများအကျိုး ဆောင်ရွက်ရာ၌သာ စိတ်ထက်သန်သည်မဟုတ်၊ ပစ္စည်းချမ်းသာသူတို့နှင့် တွေ့သည့်အခါ ပစ္စည်းချမ်းသာသူဖြစ်အောင် လုပ်နည်းတွေကိုလည်း မေးမြန်းစူးစမ်းလေ့ရှိပါ၏။ သူသည် ပစ္စည်းဥစ္စာ ကြွယ်ဝသူတဦးလည်း ဖြစ်ချင်ပါ၏။ ဇာတိရွာဝန်းကျင်မှ ကြွယ်ဝချမ်းသာသူတို့ကိုသာမက ၀န်းကျင်ရွာတွေမှ မန္တလေးမြို့ရောက်ကာ ကြွယ်ဝချမ်းသာနေကြသူတို့ကိုလည်း မေးမြန်းစူးစမ်းပါလေ၏။
သူသည် ဇာတိရွာ၏အနီး ရွာနှစ်ရွာမှ မန္တလေးရောက်ပြီး ပစ္စည်းချမ်းသာနေသူ နှစ်ဦးကို တွေ့ရ၏။ ထိုနှစ်ဦးတွင် တဦးသည် မိသားစုနှင့်တကွ တရားသဖြင့် စီးပွားရှာ၏။ ရတနာသုံးပါးကို ကိုင်းရှိုင်းကိုးကွယ် ရိုသေလေးစား အားထား၏။ ယဉ်ကျေး၏။ သိမ်မွေ့၏။ နူးညံ့၏။ အေးချမ်း၏။ သာယာ၏။ ပျော်ရွှင်၏။ ကြည်နူး၏။ စိတ်ချမ်းသာရ၏။
နောက်တဦးကား တရားသဖြင့်ရော မတရားသဖြင့်ပါ စီးပွားရှာ၏။ စီးပွားရေးနဲ့ ပတ်သက်လာလျှင် ညီအကိုကိုပင် မညှာတာ၊ ရတနာသုံးပါးကို အားမထား၊ မိသားစုတစုလုံး ယဉ်ကျေးသိမ်မွေ့ နူးညံ့မှု အားနည်း၏။ မိသားစုအတွင်း မအေးချမ်းလှ၊ မသာယာလှ၊ မပျော်ရွှင်ရ၊ မကြည်နူးရ၊ စိတ်မချမ်းသာရ။
ပစ္စည်းသာမက စိတ်ပါချမ်းသာသော ပထမချမ်းသာသူသည် ငါးပါးသီလ လုံခြုံ၏။ နံနက်အိပ်မှ စောစာထကာ ဘုရားရှိခိုး၏။ မေတ္တာပို့၏။ တရားရှုမှတ်၏။ ကုသိုလ်ဝေစုကို အမျှဝေ၏။
ဒုတိယလူကား ငါးပါးသီလတွင် လိမ်ညာပြောဆိုမှုမှ ရှောင်ကြဉ်မှုကို မလိုက်နာနိုင်သည့်အခါရှိ၏။ ဘုရားရှိခိုး၊ မေတ္တာပို့၊ တရားရှုမှတ်၊ အမျှဝေ ကိစ္စတွေ၌ ၀ါသနာမရှိ။
ပထမ ပစ္စည်းချမ်းသာသူ တဦးက မောင်လှဝင်းအား ဤသို့ပြောပြ၏။ ပစ္စည်းချမ်းသာချင်ရင် လွယ်ပါတယ်။ ၀င်ငွေများပြီး ထွက်ငွေနည်းရမယ်။ ဒါဆိုရင် ချမ်းသာတာပါပဲ။ နောက်-သရဏဂုံ သုံးပါးကို အမြဲရွတ်၊ တခါတရံ အဓိဋ္ဌာန်ဝင်ပြီး အလုပ်လုပ်၊ ရိုးရိုးသားသားနဲ့ အလုပ်ကြိုးစား၊ ဒါဆိုရင် တနေ့တခြား ကြီးပွာလာတာပါပဲ။
အခြားတဦးကမူ-ဤသို့ ပြောပြပါသတဲ့။ လက်ဖက်ရည်ဆိုင်လို နေရာမျိုးမှာ မနက်တိုင်း လုပ်ငန်းအမျိုးမျိုးရဲ့ အရှုံးအမြတ်တွေကို လူတွေပြောကြတယ်။ စူးစိုက်နားထောင်၊ အရှုံးပေါ်တာကို မလုပ်နဲ့၊ မြတ်တာကို လုပ်၊ ဒါဆို ချမ်းသာတာပါပဲ။
မောင်လှဝင်းသည် သူတို့စကားမျှဖြင့် အားရပုံမပေါ်၊ ဗုဒ္ဓဘာသာဝင်ပီပီ ဘုရားရှင်စကားကိုလည်း နာကြားလိုသေးသဖြင့် ဤသို့မေးပါလေ၏။
အရှင်ဘုရား၊ တပည့်တော်မေးမြန်းလေ့လာခဲ့သူတွေ ပြောကြတာတွေဟာ မှန်ပါလိမ့်မယ်။ ဒါပေမယ့် ပြည့်စုံမှု ရှိချင်မှရှိမယ်၊ ပြည့်ပြည့်စုံစုံ ဘုရားဟောခဲ့တာများ ရှိခဲ့ရင် သိချင်ပါတယ်ဘုရား။
မောင်လှဝင်းက သိချင်လို့ လာမေးသည်ဖြစ်၍ စာရေးသူသိထားသော ဘုရားစကားတို့ကို ပြောပြဖို့ စာရေးသူမှာ တာဝန်ရှိလာပါ၏။ ထို့ကြောင့် ဤသို့ ပြောပြလိုက်ပါ၏။
မောင်လှဝင်း-ရှိပါတယ်။ အင်္ဂုတ္တိုရ် အဋ္ဌကနိပါတ်မှာ ဘုရားရှင်ဟောတာကို ပြောပြပါမယ်။
ဒီဘ၀ချမ်းသာကြောင်းက ၄-ပါးရှိတယ်။
၁။ အသက်မွေးဝမ်းကြောင်း အလုပ်မှာ ကျွမ်းကျင်ရတယ်။ မပျင်းရဘူး။ စူးစမ်းရတယ်။ ကိုယ်တိုင် လုပ်နိုင်ရတယ်။ စီမံခန့်ခွဲနိုင်ရတယ်။
၂။ မိမိ ရှာဖွေထားတဲ့ ဥစ္စာတွေကို ရေ၊ မီး၊ မင်း၊ ခိုးသူ၊ သားသမီးဆိုးတွေ မဖျက်ဆီးအောင် စောင့်ရှောက်ရတယ်။
၃။ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ ရှိသူတွေနဲ့ အတူနေထိုင်ရတယ်။ စကားပြောရတယ်။ ဆွေးနွေးရတယ်။ သူတို့ကိုတုပြီး သဒ္ဓါ သီလ စာဂ ပညာ ပြည့်စုံလာအောင် ကျင့်ရတယ်။
၎။ ချိန်တွယ်ရာမှာ ကျွမ်းကျင်တဲ့ ဈေးသည်ဟာ ရောင်းမဲ့ပစ္စည်းကို ချိန်ခွင်မှာ ချိန်လိုက်တဲ့အခါ ဟိုဘက် ဒီဘက်ကို မပို မလိုအောင် ချိန်ရသလို မိမိပစ္စည်းဥစ္စာကို ချင့်ချိန်ပြီး မပိုမလျော့လွန်းဘဲ သုံးစွဲ စားသောက်ရတယ်။
ဒီနေရာမှာ စည်းစိမ်ဥစ္စာ မပျက်စီးရအောင် သူ့သားမယား ပြစ်မှားတာ၊ မူးယစ်စေတာကို သုံးစွဲတာ၊ အလောင်းအစား လုပ်တာ၊ မိတ်ဆွေညံ့နဲ့ ပေါင်းတာတွေကို ရှောင်ရတယ်။ ဒါဟာ ဥစ္စာထွက်ပေါက် ၄-ခုကို ပိတ်လိုက်တာပါပဲ။
နောက်ဘ၀ ချမ်းသာကြောင်း ၄-ပါးလဲ ရှိသေးတယ်။
၁။ ရတနာသုံးပါး ယုံကြည်ရတယ်။
၂။ ငါးပါးသီလ လုံရတယ်။
၃။ ဒါနရှိရတယ်။
၎။ ၀ိပဿနာပညာ ရှိရတယ်။
ဒီတရား ၈-ပါးထဲမှာ မောင်လှဝင်းရဲ့မိတ်ဆွေတွေ ပြောပြတာတွေလဲ ပါတယ်။ မပြောပြနိုင်သေးတာတွေလဲ ပါတယ်။ အဲဒီ ၈-ပါးထဲမှာ ပိုတာလဲ မရှိ၊ လိုတာလဲ မရှိပါဘူး။
မြတ်စွာဘုရား စကားတော်ဟာ သိပ်ပြည့်စုံ ကောင်းမွန်ပြီး အနှစ်သာရရှိလှပါတယ်။ ဘုရားပေးတဲ့ ဒီကြီးပွားချမ်းသာနည်းဟာ အင်မတန်မှ မှတ်သားလိုက်နာစရာ ကောင်းလှပါတယ်။ ဘုရားပေးတဲ့နည်းကို ကျင့်သုံးရင် ပစ္စည်းရော စိတ်ပါ ချမ်းသာသူ တဦးဖြစ်မှာ မလွဲပါဘဲ။
မောင်လှဝင်းသည် သူသိချင်နေသော ကြီးပွားချမ်းသာနည်းတွေကို သိသွားရသဖြင့် အလွန်ပင် အားရကျေနပ်သွားပါ၏။ ဓမ္မကြီးပွားရေးကိုသာမက လောကကြီးပွားရေးကိုပါ ဟောပြတော်မူသော ဘုရားရှင်ကိုလည်း ပို၍ပင် ကြည်ညိုသွားပါလေ၏။ ထိုဘုရားရှင်၏ တပည့်တဦး ဖြစ်ရသည်ကိုလည်း ဂုဏ်ယူဝင့်ကြွားနေပါလေ၏။
ပစ္စည်းရော စိတ်ပါ ချမ်းသာသူတွေ မြန်မာနိုင်ငံမှာရော ပြည်ပနိုင်ငံတွေမှာပါ ရှိကြပါ၏။ ထိုချမ်းသာသူတို့ကို လေ့လာကြည့်လျှင် အထက်ပါအရည်အသွေးကောင်းတွေ ရှိနေကြသည်ကို တွေ့မြင်နိုင်ကြပါ၏။ မောင်လှဝင်းလို ပစ္စည်းချမ်းလိုသူအပေါင်းသည် အထက်ပါ ဘုရားစကားတော်ကို လိုက်နာကျင့်သုံးနိုင်ကြပါလျှင် ပစ္စည်းသာမက စိတ်ပါချမ်းသာသူ ဖြစ်လာပါလိမ့်မည်။
ပစ္စည်းသာချမ်းသာပြီး စိတ်မချမ်းသာသူ၏ဘ၀သည် ပူလောင်လှပါ၏။ ပင်ပန်းလှပါ၏။ ပစ္စည်းရော စိတ်ပါ ချမ်းသာသူ၏ဘ၀သည်ကား အေးချမ်းလှပါ၏။ သာယာလှပါ၏။
( သာမဏေကျော် )
Friday, October 30, 2009
ဆင်းရဲဒုက္ခဆိုတာ ဘာကိုဆိုလိုတာလဲ
ဆင်းရဲဒုက္ခဆိုတာ နှစ်မျိုးရှိတယ်။ နှစ်မျိုးဆိုတာက ပညတ်ဆင်းရဲ နှင့် ပရမတ်ဆင်းရဲ။
ပညတ်ဆင်းရဲဆိုတာ ပဋိသန္ဓေနေရတာ ဆင်းရဲတယ်။ အိုရတာ ဆင်းရဲတယ်။ နာရတာ ဆင်းရဲတယ်။ သေရတာ ဆင်းရဲတယ်။ ကိုယ်ဆင်းရဲရတယ်။ စိတ်ဆင်းရဲရတယ်-ဆိုတဲ့ ဆင်းရဲခြင်းမှန်သမျှ ပညတ်ဆင်းရဲလို့ခေါ်တယ်။
ပညတ်ဆင်းရဲကို လူတိုင်းသိကြပါတယ်။ လူတိုင်းမသိတာက ပရမတ်ဆင်းရဲဖြစ်တယ်။
ပရမတ်ဆင်းရဲဆိုတာ သစ္စာထိုက်တဲ့ ဒုက္ခသစ္စာဖြစ်တယ်။ ဒုက္ခ-ဆိုတာ ဆင်းရဲခြင်း။ သစ္စာ-ဆိုတာက မှန်ကန်ခြင်း။ အမှန်ဆင်းရဲတဲ့ ဒုက္ခသစ္စာ-ဆိုတာ ဘာလဲလို့ကြည့်လိုက်တော့ ဒုက္ခံ တေဘူမကံ ၀ဋ္ဋံ-လို့ သင်္ဂြိုဟ်ကျမ်းမှာ ပြထားတာကို တွေ့ရတယ်။
တေဘူမကံ-ဘုံသုံးပါး၌ဖြစ်သော၊ ၀ဋ္ဋံ-၀ဋ်တရားသည်၊ ဒုက္ခံ-ဒုက္ခသစ္စာမည်၏-တဲ့ ဘုံသုံးပါးမှာဖြစ်တဲ့ ၀ဋ်တရားဟာ ဒုက္ခသစ္စာ အစစ်အမှန်ပါပဲတဲ့။ ဒီစကားရပ်မှာ ဘုံသုံးပါးဆိုတာနဲ့ ၀ဋ်သုံးပါးဆိုတာ အသိခက်နေတယ်။
ဘုံသုံးပါးဆိုတာ-ပုထုဇဉ်အများ ကျင်လည်ရာဘုံဟာ ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံလို့ ဘုံသုံးပါးသာရှိတယ်။
ဘုံသုံးပါးကို အကျယ်ချဲ့လိုက်လျှင် ၃၁-ဘုံ ဖြစ်လာတယ်။
ဘုံသုံးပါးက ဘယ်လို ၃၁-ဘုံ ဖြစ်သွားတာလဲဆိုတော့ ကာမဘုံအတွင်းမှာ အပါယ်လေးဘုံ(၄)၊ လူ့ဘုံ(၁)၊ နတ်ပြည်ခြောက်ထပ်(၆)၊ အားလုံး ၁၁-ဘုံကို ကာမတရားရဲ့ ကျင်လည်ရာဖြစ်လို့ ကာမဘုံလို့ခေါ်တယ်။
ရူပဘုံ-ဆိုတာက ရုပ်ရှိတဲ့ ဗြဟ္မာဘုံကို ခေါ်တယ်။ ရုပ်ရှိတဲ့ ဗြဟ္မာဘုံပေါင်းက ပထမဈာန်သုံးဘုံ၊ ဒုတိယဈာန်သုံးဘုံ၊ တတိယဈာန်သုံးဘုံ၊ စတုတ္ထဈာန် ခုနစ်ဘုံရယ်လို့ ရူပ ၁၆-ဘုံ ရှိတယ်။
အရူပ ရုပ်မရှိတဲ့ဘုံက လေးဘုံရှိတယ်။ အားလုံး ၃၁-ဘုံရှိတယ်။
ပုထုဇဉ်သတ္တ၀ါမှန်သမျှ ဒီ ၃၁-ဘုံက မထွက်နိုင်ဘူး။ တဘ၀ဆုံးသွားလျှင် တဘ၀ ဆက်တာပဲ။ ဆုံးပြီး ဆက်တာကို ဘ၀လို့ခေါ်တယ်။ ဘ၀ကို အရကောက်ပြပါဆိုတော့ ရုပ်တရားနဲ့ နာမ်တရားကိုသာ အရကောက်လို့ရတယ်။ ယောက်ျား မိန်းမ လူ နတ် စတဲ့ ပညတ်ကို အရမကောက်နိုင်ဘူး။ ဒါကြောင့် ၀ဋ်သုံးပါးဆိုတာလည်း ရုပ်နာမ်ကိုပဲ ဆိုလိုရင်းဖြစ်တယ်။ ဒီစကားရပ်ကို ပဋိစ္စသမုပ္ပါဒ်နှင့် တွက်ကြည့်သင့်တယ်။ ပဋိစ္စသမုပ္ပါဒ်အရ ၀ဋ်သုံးပါးဆိုတာ ကိလေသ၀ဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ် ပါပဲ။
ကိလေသ၀ဋ်ဆိုတာ-အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် ဆိုတဲ့တရားတွေက စိတ်ဓာတ်ကို ညစ်ညူးအောင် ပြုလုပ်တတ်တဲ့အတွက် ကိလေသ၀ဋ်လို့ ခေါ်တယ်။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ-အရ အ၀ိဇ္ဇာကြောင့်ဖြစ်လာတဲ့ သင်္ခါရအမည်ရတဲ့ ကံတရားရယ်၊
ဥပါဒါနပစ္စယာ ဘဝေါ-အရ ဥပါဒါန်ကြောင့်ဖြစ်လာတဲ့ ကမ္မဘ၀ရယ်၊ ဒီတရားနှစ်ပါးကို ကမ္မ၀ဋ်လို့ခေါ်တယ်။
ဥပါဒါနပစ္စယာ ဘဝေါ-အရ ဥပါဒါန်ကြောင့်ဖြစ်တဲ့ဘ၀ကို ကမ္မဘ၀၊ ဥပပတ္တိဘ၀လို့ နှစ်မျိုးခွဲလိုက်တယ်။
ကမ္မဘ၀ကို ကမ္မ၀ဋ်ထဲ ထည့်ပြီးပြီ။ ကြွင်းကျန်တဲ့ ဥပပတ္တိဘ၀နှင့် ကျန်တဲ့ ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဇာတိ၊ ဇရာ စတဲ့ တရားတွေကိုတော့ ၀ိပါက၀ဋ်ထဲ ထည့်ပါတဲ့။
ဒါကြောင့်ဝဋ်သုံးပါးဆိုတာဟာ ပဋိစ္စသမုပ္ပါဒ် လည်ပြီးဖြစ်နေပုံ ပြတာပါပဲ။
အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ဆိုတဲ့ ကိလေသ၀ဋ်ကြောင့် ကံတည်းဟူသော သင်္ခါရဖြစ်တယ်။
သင်္ခါရဆိုတဲ့ ကမ္မ၀ဋ်ကြောင့် ၀ိညာဏ်၊ နာမ်ရုပ် စတဲ့ ၀ိပါက၀ဋ်ဖြစ်တယ်။
ဝိညာဏ်၊ နာမ်ရုပ် စတဲ့ ၀ိပါက၀ဋ်ကြောင့် အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် ဆိုတဲ့ ကိလေသ၀ဋ်ဖြစ်တယ်။
ကိလေသ၀ဋ်ကြောင့် ကမ္မ၀ဋ်ဖြစ်၊ ကမ္မ၀ဋ်ကြောင့် ၀ိပါက၀ဋ်ဖြစ်၊ ဒီလိုရုပ်နာမ်မစဲ ထပ်တလဲလဲ ဖြစ်တာကို ၀ဋ်သုံးပါးလို့ခေါ်တာပဲ။
ဝဋ်သုံးပါးဆိုတာဟာ ရုပ်တရား နာမ်တရားပါပဲ။ ဒီရုပ်တရား နာမ်တရားက ဘယ်မှာဖြစ်တာလဲဆိုတော့ ဘုံသုံးပါးမှာဖြစ်တာပါပဲ။ ဒါကြောင့် ဘုံသုံးပါးမှာဖြစ်တဲ့ ၀ဋ်သုံးပါးဆိုတာဟာ ရုပ်တရား နာမ်တရားပဲဖြစ်တယ်။ ရုပ်တရား နာမ်တရားဆိုတဲ့ ဒီဝဋ်သုံးပါးက ဘာလဲဆိုတော့ ဒုက္ခသစ္စာ=စစ်မှန်သော ဆင်းရဲခြင်းဖြစ်တယ်။
( တည်တော ဆရာတော်)
ကိ-မိုး-မှ

Thursday, October 29, 2009
ဘာသာရေး ပြဿနာ ( ၈၉ )
( ဘဒ္ဒန္တတိလောကသာရ ဖြေသည် )
(မေး) ( မေတ္တသုတ်အကြောင်း)
အရှင်ဘုရား၊
(၁) မေတ္တသုတ်၌ ဆိုဆုံးမလွယ်ရမည်-ဟု ဆိုပါသည်။ ထိုသို့ဆိုရာ၌ ဆရာမိဘများ၏ ဆိုဆုံးမမှုများကို မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ လိုက်နာရမည်ကို ဆိုလိုပါသလား။
(၂) မေတ္တသုတ်၌ နူးညံ့ရမည်ဟုဆိုပါသည်။ စိတ်နေသဘောထား မည်သို့နူးညံ့ရမည်ကို နားလည်နိုင်ရန် ဖြေကြားတော်မူပါဘုရား။
(၃) မေတ္တသုတ်ကို လူပုဂ္ဂိုလ်များ လိုက်နာကျင့်သုံးလျှင် အကျိုး ရှိ-မရှိ။ မေတ္တသုတ် ရွတ်ဖတ်နေလျှင် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းခြင်း ဖြစ်ပါမည်လား။ ဖြေကြားတော်မူပါဘုရား။
(ဆန်းမြင့်ဦး-ဓာတ်မြေ-စလေ)
(ဖြေ)
မေတ္တသုတ်အဖွင့် အဋ္ဌကထာ ဋီကာများနှင့်အညီ အနက်ရေးသားထားသော မြင်းခြံ မဟာပရိတ်တော်ကြီး နိဿယ၌
(၁) သုဝစောစ-ပညာရှိများ ဆိုဆုံးမစကားကို မရှားမပယ် နာယူလွယ်သည်လည်း။ အဿ-ဖြစ်ရာ၏-ဟု ဆိုပါသည်။
(၂) မုဒု-နူးညံ့ရမည်ဆိုရာ၌ မုဒုစ-ရွှေဇမ္ဗူရာဇ် မြူညစ်စင်သန့် အမှု၌ခန့်သကဲ့သို့ နူးညံ့သိမ်မွေ့သော ကိုယ်နှုတ်နှလုံး ရှိသည်လည်း။ အဿ-ဖြစ်ရာ၏-ဟု အနက်ပေးထားပါသည်။
(၃) မေတ္တသုတ်မှာ ရဟန်း ရှင် လူ ပုဂ္ဂိုလ်မှန်သမျှ လိုက်နာကျင့်သုံးရမည်သာ ဖြစ်ပါသည်။ မေတ္တသုတ်လာ ယေ ကေစိ ပါဏဘူတတ္ထိ-မှစ၍ နာညမညဿ ဒုက္ခမိစ္ဆေယျ-အထိ ၃-ဂါထာမှာ မေတ္တာ ၁၁-ပါး ပို့သပုံ ပါဠိဖြစ်ပါသည်။ ထိုပါဠိ၏ အဓိပ္ပါယ်အတိုင်း အစဉ်မပြတ် နေ့ရောညပါ မေတ္တာပို့သပွားများနေလျှင် မေတ္တကမ္မဋ္ဌာန်း စီးဖြန်းခြင်းပင် ဖြစ်ပါသည်။ ဆရာသမားများထံ မေးမြန်းလေ့လာ၍ အခါခပ်သိမ်း ပွားများနေနိုင်ပါစေသတည်း။
********************************************************************************
(မေး) (ကျေးဇူးနဲ့ ယူဇနာ)
အရှင်ဘုရား။
(၁) မြတ်စွာဘုရား မယ်တော်နတ်သားကို အဘိဓမ္မာတရားတော်နှင့် ကျေးဇူးဆပ်သော်လည်း နို့တလုံးဖိုးမျှသာ ကျေသည်ဟု ပြောနေကြပါသည်။ ထိုအယူအဆ မှန်ပါသလားဘုရား။
(၂) တယူဇနာ၏ အတိုင်းအတာကို တချို့က ၁၂-မိုင်၊ ၁၃-မိုင် အသီးသီး ပြောဆိုရေးသားနေကြပါသည်။ အတိအကျ သိချင်ပါ၍ ဖြေကြားတော်မူပါဘုရား။
( မောင်နာဂ-သမ္မာရိုး-၀က်လက်)
(ဖြေ)
(၁) ထိုစကား မမှန်ပါ၊ မည်သည့်ကျမ်းဂန်မှာမျှ မလာပါ။ တဦးတယောက်သည် မိစ္ဆာအယူရှိနေသော မိဘကို တသက်လုံး ပခုံးပေါ်ထမ်း၍ လုပ်ကျွေးသော်လည်း ကျေးဇူးမကျေ။ ထိုမိဘကို မိစ္ဆာအယူပျောက်၍ သမ္မာအယူရောက်ကာ သာသနာတော်၌ ကြည်ညိုလာအောင် တရားဓမ္မဟောပြနိုင်က ကျေးဇူးကျေသည်ဟု အဆိုရှိပါသည်။ မြတ်စွာဘုရားက မယ်တော်နတ်သားအား အဘိဓမ္မာတရားဟော၍ သောတာပန်ဖြစ်စေခဲ့သည် မဟုတ်ပါလော။
(၂) နာလန္ဒာ-မြို့ဟောင်းတည်ရှိရာ နေရာသည် ရာဇဂြိုဟ်မြို့သစ် ဘူတာရုံ၏မြောက်ဘက် ခုနစ်မိုင်ခန့်ဝေးသော အရပ်မှာ တည်ရှိသည်။ ရာဇဂြိုဟ်မြို့တော်ဟောင်းမှမူ ရှစ်မိုင်အတိအကျ ဝေးကွာသည်။ ကုန်းကြောင်းမြေပြင် အဝေးအကွာ ခန့်မှန်းတွက်ယူရာ၌ ရှစ်မိုင် တယူဇနာနည်းဖြင့် တွက်ယူလေ။ ကောသအားဖြင့် နှစ်မိုင်တကောသဖြစ်၍ ရှစ်မိုင် လေးကောသဖြစ်သည်။
ဤသို့တွက်ယူခြင်းဖြင့် ဗြဟ္မဇာလသုတ်အဋ္ဌကထာ၌ ရာဇဂြိုဟ်နှင့် နာလန္ဒာ တယူဇနာဝေးကွာ၏-ဟု ပြဆိုသောစကားနှင့် ညီညွတ်သည်။ (တောင်ပေါက်ဆရာတော်ရေး ဗုဒ္ဓသာသနိက ပထ၀ီဝင်ကျမ်း ၁၁၅)၊ ထို့ကြောင့် တယူဇနာဟူသည် ဤခေတ် ၈-မိုင်ဖြစ်ကြောင်း မှတ်သားကြရာ၏။

(မေး) (သံဃဘေဒက ကံ)
အရှင်ဘုရား၊ သံဃဘေဒက ကံကို ရဟန်းတို့သာ ပြုနိုင်ကြောင်း သတိပြုပါ-ဟု ကျမ်းစာတရပ်တွင် ဖတ်ဖူးပါသည်။ မည်သည့်အကြောင်းကြောင့် ၄င်းကံသည် အခြားလူနတ်တွေနဲ့ မသက်ဆိုင်ရသနည်း ဆိုသည်ကို သိလိုပါသည်။ ၄င်းကံကို ရဟန်းတို့သာ ပြုနိုင်သည်။ အခြားပုဂ္ဂိုလ်များ အဘယ်ကြောင့် မပြုနိုင်သည်ကို ဖြေကြားပေးတော်မူပါဘုရား။
(မောင်ကာယ-အရာတော်မြို့နယ်)
(ဖြေ)
သံဃာကို နှစ်ပက္ခဖြစ်အောင် ခွဲရန်မှာ သံဃာသာတတ်နိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သမဂ္ဂသံဃာဟူသည် ကိုယ်စိတ်နှစ်ပါး မကွဲပြားဘဲ တသိမ်တည်း၌ ကံကြီး ကံငယ် အတူတကွ ပေါင်းဖော်၍ တည်ရှိသော သံဃာကို ဆိုသည်။ ထိုညီညွတ်သောသံဃာကို နှစ်ပက္ခဖြစ်သွားအောင် လူလည်း မတတ်နိုင်။ နတ်လည်း မတတ်နိုင်။ ရဟန်းအချင်းချင်းသာ အသင်းအပင်းရှာ ဂိုဏ်းဖွဲ့၍ ကွဲပြားရန် လုံ့လပြုနိုင်ပေသည်။ ထိုကွဲပြားအောင် လုံ့လပြုသောရဟန်းကို ရဟန်းအချင်းချင်းက အယူကိုစွန့်အောင် ဆုံးမခြင်း၊ မရလျှင် ဉတ္တိစတုတ္ထကမ္မ၀ါစာဖြင့် ဖတ်ကြားဆုံးမခြင်းကိုပင် ပြုရကြောင်း သံဃာဒိသေသ စတုတ္ထသိက္ခာပုဒ်၌ ဆိုထားပေသည်။ ထို့ကြောင့် သံဃဘေဒကကံသည် ရဟန်းတို့နှင့်သာ သက်ဆိုင်ပါသည်။

(မေး) (သာရဏီယ၀တ် စသည်အကြောင်း)
အရှင်ဘုရား၊
(၁) ရဟန်းတော်တို့၏ သာရဏီယ ကျင့်ဝတ်နှင့် ကျင့်ပုံ ကျင့်နည်းကို သိလိုပါသည်ဘုရား။ အဘယ်ကျမ်း၌ ပါရှိကြောင်း ညွှန်တော်မူပါဘုရား။
(၂) တသင်္ချေ၊ အန္တရကပ် တကပ်၊ တကမ္ဘာ ဤ ၃-ခု သည် အစဉ်အတိုင်း မည်သို့ထားခြား၍ မည်သို့ အနည်းအများ ကွာခြားပါသလဲ။ တပည့်တော်နှင့်စာရှုသူများ အသိဉာဏ်တိုးပွါရအောင် ဖြေကြားပေးတော်မူပါဘုရား။
(အရှင်သြဘာ-အောင်လံမြို့)
(ဖြေ)
ရဟန်းတော်များ သာရဏီယကျင့်ဝတ် ကျင့်ပုံမှာ ဆွမ်းခံ၍ ရလာသော ဆွမ်းသပိတ်ကို ဆွမ်းစားကျောင်းစသည်၌ ချထားလျှင် တွေ့သူက ယူစား၍ မိမိအတွက် မကျန်သည့်တိုင်အောင် လုံးဝစိတ်မကွက်ရပါ။ အချိန်ရှိသေးလျှင် ဆွမ်းခံထပ်ကြွ၊ အချိန်မရှိ၍ မကျန်လျှင် မစားဘဲနေသည်။ ဤနည်းဖြင့် ၁၂-နှစ်တိုင်အောင် လုံးဝမစ္ဆေရစိတ်မရှိဘဲ ကျင့်သုံးရပါသည်။ ၁၂-နှစ်ပြည့်ခါနီး ၁-ရက်၊ ၂-ရက် အလိုမှ စိတ်ကွက်မိသွားလျှင် လုံးဝပျက်၏။ ၁၂-နှစ် ပြန်ကျင့်ရသည်။ ဤသို့ ၁၂-နှစ်အထိ မပျက်မကွက် ကျင့်နိုင်လျှင် အောင်မြင်၏။ ဆွမ်းအတွက်မပူရတော့ပေ။ ဒုဗ္ဘိက္ခန္တရကပ်ကြီး ဆိုက်၍ လုံးဝအစားအစာ မရသည့်တိုင်အောင် ရုက္ခစိုးစသော နတ်တို့ လောင်းလှူသောဆွမ်းကို ရနိုင်သည်။ သုတ်မဟာဝါ အဋ္ဌကထာ (ဒီ ၂-ဋ္ဌ-၁၂၃) တွင် ဤသာရဏီယအကျင့်အကြောင်းကို ၀တ္ထုများဖြင့် အကျယ်ပြထားဆိုထားသည်။။ ထို့ပြင် အံ-ဋ္ဌ ၃-၉၀၊ မ-၃၉၃၊ မ-ဋ္ဌ ၂-၂၉၄ စသည်တို့တွင်လည်း ကြည့်နိုင်ပါသည်။
တသင်္ချေ-ဟူသည်မှာ တစ်နောက်၌ သုည ၁၄၀-ရှိသော ဂဏန်းဖြစ်သည်။ ကမ္ဘာတသင်္ချေဆိုလျှင် ကမ္ဘာပေါင်း တစ်နောက် သုည ၁၄၀-ရှိသော ကမ္ဘာများပင် ဖြစ်သည်။ ထိုနည်းဖြင့် လေးသင်္ချေနှင့် ကမ္ဘာတသိန်း စသည်ကို သိပါ။
အန္တရကပ်-ဟူသည် ကမ္ဘာ၏ တ၀က်ဖြစ်၍ ဥပမာ-ကမ္ဘာအစ အသင်္ချေယျ သက်တမ်းမှ ၁၀-နှစ်တမ်းအထိ အန္တရကပ် တကပ်။ ၁၀-နှစ်တမ်းမှ အသင်္ချေယျတမ်းအထိကို အန္တရကပ် တကပ်ဖြစ်၍ ဤဆုတ်ကပ် တက်ကပ် ၆၄-စုံကို တကမ္ဘာ ခေါ်ပါသည်။ ယခု ၁၁-ကပ် အစုံ ကုန်လွန်ခဲ့ပြီ။ ဤသို့ တသင်္ချေ, တကပ်, တကမ္ဘာ တို့ကို မှတ်သားနိုင်ပါသည်။
*********************************************************************************
(မေး) (အဆန်းတကြယ် စေတီဝယ် ခြယ်လှယ် သင့်မြတ်ပါအံ့နည်း)
အရှင်ဘုရား၊ မြတ်စွာဘုရား ကိုယ်ပွားတော်စေတီတွေ၊
ဆေးရောင်စုံ ခြယ်ကာသ၊ ပူဇော်ကြပေ။
သွင်ပြင်တော့ သပ္ပါယ်ပေ၊ ဒါပေမဲ့ သင့်ရဲ့လား။
ဖြေကြားသူ ရှင်ဆရာက၊ ထင်စရာညွှန်းကာပြ။
ထွန်းပစေသား။
(ရှင်ဝရတေဇော-ညောင်လေးပင်မြို့)
(ဖြေ)
စေတီတော် ခြွေဆင်မြန်း၊ ရွှေသင်္ကန်း ထုံးစံပေ။
ကဿပ မြတ်စွာဓာတုမှ၊ အဆူဆူရွှေရောင်ညီး ထီးမှအောက်ခြေ။
ရွှေအရှားမှာတော့ ထွေပြားမှု တနှုန်းငယ်နှင့် ဖြူထုံးပလာပိန်းမှာလ၊ ၀ါ စိမ်း ရောင်စုံခြယ်ခဲ့၊ ဆန်းတကြယ်ပူဇော်ကြလေထင့်၊ လှတပ သပ္ပါယ်စေ၊ ဝေဆာတဲ့ပူဇော်မှု။
ပသန္နာ ကြည်နူးဝေဖြာသည်၊ စေတနာ ပဓာနပေမို့၊ ပြစ်မမြင် ခေတ်သွင်ပြရလျှင် သင့်မျှသည်ဟု။

(မေး) ( လက်အုပ် နှင့် လက်စုံ)
အရှင်ဘုရား၊ သြကာသအစချီပြီး သီလယူရာတွင်၎င်း၊ ဘုရားရှိခိုးရာတွင်၎င်း၊ အချို့က လက်အုပ်မိုး၍ ဆိုပြီး အချို့က လက်စုံမိုး၍ဟု ဆိုပါသည်။ မည်သို့ဆိုသင့်သည်ကို အမိန့်ရှိပါဘုရား။
နောက်တခု အမျှဝေပြီး သာဓုခေါ်ရာတွင် အချို့က သာဓု သာဓု သာဓု-ဟုသာ ဆို၍ အချို့က သာဓု သာဓု သာဓုပါဘုရား-ဟု ဘုရားထည့်ပြီး ဆိုပါသည်။ မည်သို့ဆိုရမည်ကိုလည်း အမိန့်ရှိတော်မူပါဘုရား။
(ဒေါ်မြင့်မြင့်သောင်း-မြောက်ဥက္ကလာပမြို့နယ်)
(ဖြေ)
လက်အုပ်၌ အုပ်ဟူသည်-လက်နှစ်ဖက်ပူးကပ်ထားသည်ကို ဆို၏။ စာအုပ်စာရွက်များ ပူးကပ်ထားသည်ကို သတိပြုပါ။
လက်စုံ-လက်အစုံ လက်ဆယ်ချောင်းအစုံကို ဆိုသည်။
မိုးဟူသည်မှာ-လက်အုပ် လက်စုံများ မျက်နှာ, နထူးပေါ်၌ မိုးလျက် ရှိခိုးခြင်းကို ဆိုသည်။
လက်အုပ်မိုးသည် လက်စုံမိုးသည်-နှစ်မျိုး၌ လက်စုံမိုးခြင်းထက် လက်အုပ်မိုးခြင်းက ပို၍သင့်သကဲ့သို့ ရှိသည်။ ထို့ကြောင့်လည်း သြကာသမူတိုင်း၌ လက်အုပ်မိုး၍ချည်း ရှိသည်။ ဗုဒ္ဓဘာသာလက်စွဲ ဗုဒ္ဓဘာသာကောင်းတယောက်တို့တွင် ထိုအတိုင်းပင် ရှိပါသည်။
က၀ိလက္ခဏာသတ်ပုံကျမ်း၌လည်း-လက်ဝါးရုံးရှုပ်၊ ဆယ်ချောင်းရုပ်၊ ရှိအုပ်ပန်းဆယ်ခိုင်-ဟု လက်အုပ်ကိုပင် အတည်ပြုစပ်ဆိုထားပေသည်။
သာဓုခေါ်ရာ၌ သာဓုပါဘုရား-ဟု ဘုရားထည့်၍ ဆိုသည်မှာ ဘုန်းတော်ကြီးများ တရားဟောရာ၌သာ ဘုရားဟုထည့်ရ၍ အမျှဝေ သာဓုခေါ်ရာ၌ ဘုရားထည့်စရာမလိုပါ။ သာဓု ၃-ကြိမ် ခေါ်ဆိုခြင်းသာ ဖြစ်စေရပါမည်။
( မြတ်မင်္ဂလာ ၂၀၀၂-ခု ဇန်န၀ါရီလ )

Wednesday, October 28, 2009
ငါသာ အတော်ဆုံး
သမီး
Sophomania-ဆိုတာ ငါသာ အတော်ဆုံး၊ ငါသာ အတတ်ဆုံးဆိုပြီး ဘ၀င်မြှင့်နေတဲ့ စိတ်ရောဂါတမျိုးပဲ။ ဒီလိုရောဂါမျိုး ၀င်လာရင် သတိထားပေတာ့။ ဒါဆိုရင် အရူးတမျိုး။ ဒိဋ္ဌုမ္မတ္တက-ဖြစ်တယ်။ မာန-လို့လဲခေါ်တယ်။ အမှန်ကတော့ မိမိထက် တော်တဲ့လူ၊ တတ်တဲ့လူ၊ မြတ်တဲ့လူတွေ ရှိနေပါတယ်ဆိုတာ မသိလို့ဘဲ။ ပညာ-မာနဆိုတာ အဆိုးဆုံးပဲ။ မာန-ဟာ သကဒါဂါမ် အနာဂါမ် ပုဂ္ဂိုလ်ထိ ရှိနေသေးတယ်။
ပုထုဇဉ်ဆိုတာ ပုထုဇ္ဇနော ဥမ္မတ္တကော-ဆိုတဲ့အတိုင်း လုံးဝဥဿုံ ပြည့်စုံတတ်သိ နားလည်သူဆိုတာ မရှိဘူး။ မသေမချင်း အသိတရားကို ရှာဖွေ ဖြည့်ဆည်းနေရတာပဲဆိုတာ သတိပြုစမ်းပါ။ ဒီလိုသိရင် မာန-မရှိတော့ဘဲ နိဝါတောစ-မိမိကိုယ်ကို နှိမ့်ချခြင်းဆိုတဲ့ မင်္ဂလာတရားတော်နဲ့ ပြည့်စုံပေလိမ့်မယ်။
အနိစ္စမြင်လျှင် မာနကွာပါတယ်-တဲ့။
ဘယ်ပုဂ္ဂိုလ် ဘယ်အရာဝတ္ထုမှ မမြဲဘူးဆိုလျှင် သိလျှင် ငါဆိုတဲ့မာန ကွာသွားတာပါပဲ။ အရူးရောဂါ ပျောက်သွားပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက-
အတ္တာဟိ ကိရဒုဒ္ဒမော-လို့ ဟောကြားခဲ့တယ်။ အဓိပ္ပါယ်က ကိုယ့်ကိုယ်ကို ဆုံးမလို့ ခက်တယ်လို့ ဟောကြားတော်မူခဲ့တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အရင် ဆုံးမပါ။ မိမိကိုယ်ကို နှိမ့်ချပါ။
မောင်စန်းသော်
( ချစ်သမီးသို့ စာအုပ်မှ)

ဒေါသမီး
သမီး
ဒေါသဆိုတာ အဂ္ဂိ-မီးနဲ့တူတယ်။ သလ္လ-ငြောင့်နဲ့တူတယ်။ ဒေါသဆိုတဲ့မီးဟာ မိမိကိုယ်မှာ ဦးစွာလောင်ပြီးမှ သူတပါးကို ပူလောင်စေတတ်တယ်။ ဒေါသဖြစ်နေတဲ့သူဟာ မီးလောင်ခံနေရတဲ့ သူပဲ။ အမြဲ ပူလောင်နေတယ်။ ဒေါသဖြစ်နေတဲ့သူဟာ ငြောင့်ကြီး စူးဝင်ခံနေရတဲ့ သူပဲ။ အမြဲဒေါသရဲ့ နှိပ်စက်တဲ့ ဒဏ်ချက်ကို ခံနေရတဲ့သူပဲ။
မြတ်စွာဘုရားက ကိလေသာ-အညစ်အကြေးရှိသူတို့၌ ဒေါသရှိကြောင်း၊ ဆွမ်းခံဝင်ရာ၌ ရှေ့မှသွားသော ရဟန်းအား နောက်မှလိုက်သော ရဟန်းက အမျက်ထွက်ကြောင်း၊ အရှင်သာရိပုတ္တရာ အမှူးပြုသော သံဃာတော်တို့အား ဟောပြခဲ့ပါတယ်။
ဒေါသရဲ့ အပြစ်တွေကိုလဲ ဘုရားရှင်က ဒီလို ဟောပြထားတယ်။ ဒေါသဖြစ်နေတဲ့သူဟာ-
၁။ အရုပ်ဆိုးတယ်
၂။ ပြစ်မှု ကျူးလွန်တတ်တယ်
၃။ အကျိုးမဲ့ ဖြစ်တတ်တယ်၊ ဘ၀ပျက်တတ်တယ်
၎။ မကောင်းသတင်း ထွက်တယ်
၅။ မိတ်ဆွေများ ရွံ့ကြောက် ဖယ်ခွါကြတယ်
၆။ ဆင်းရဲစွာ အိပ်စက်လဲလျောင်းရတယ်
၇။ ဆင်းရဲစွာနဲ့ သေဆုံးရတယ်
ဒါကြောင့် ဒေါသကို သည်းခံခြင်း-ခန္တီဖြင့်၎င်း၊ အဒေါသ-မေတ္တာပို့သခြင်းဖြင့်၎င်း ပယ်ဖျောက်ပါ။

စိတ်ရောဂါ ကာကွယ်ဆေး
သမီး
အတွေ့ဆိုတာ ဖဿလို့ခေါ်တယ်။
မျက်စိနဲ့ အဆင်းတွေ့တော့ မျက်စိအတွေ့၊
နားနဲ့ အသံတွေ့တော့ နားအတွေ့၊
နှာခေါင်းနဲ့ အနံ့တွေ့တော့ နှာခေါင်းအတွေ့၊
လျှာနဲ့ အရသာတွေ့တော့ လျှာအတွေ့၊
ကိုယ်နဲ့ ထိတွေ့မှုတွေ့တော့ ကာယအတွေ့-စတဲ့ အာရုံ ၅-ပါးတွေပေါ့။
ဒီလိုတွေ့ကြတော့ ဖဿ ပစ္စယာ ဝေဒနာ-အတွေ့ကြောင့် ခံစားမှုဖြစ်။
ဝေဒနာ ပစ္စယာ တဏှာ-ခံစားမှုကြောင့် သာယာစွဲလမ်းမှုဖြစ်။
တဏှာ ပစ္စယာ ဥပါဒါနာ-သာယာစွဲလမ်းမှု ဖြစ်ရာကနေပြီးတော့ အရမ်းကပ်ငြိစွဲလမ်းခြင်း ဖြစ်တော့တာပါပဲ။
အရမ်းကပ်ငြိစွဲလမ်းခြင်း ဆိုတဲ့ ဥပါဒါန်ကို ဘာနဲ့ဥပမာ ခိုင်းနှိုင်းပြထားသလဲဆိုတော့
မြွေက ဖားကို မလွတ်တမ်း ခဲထားသလိုတဲ့။
ဘင် လောက်က မစင်ကြိုက်ပြီး ဘ၀င်ခိုက်နေသလိုတဲ့။
မျောက်ဟာ မျောက်စေးနှဲနဲ့ ကပ်ငြိ မရုန်းထွက်နိုင်သလိုတဲ့။
အရူးလို့လဲ ခေါ်ဆိုကြပြန်တယ်။
ရာဂတဏှာ အားကြီး၍ ရူးသွပ်သူကို ရာဂုမ္မတ္တက-တဲ့။
ဓနဥစ္စာကို စွဲလမ်းကပ်ငြိ ရူးသွပ်သူကို ဓနုမ္မတ္တက-တဲ့။
ဒါကြောင့် အရမ်းတွယ်တာ ကပ်ငြိပြီဆိုမှဖြင့် ရူးသွပ်သွားနိုင်သည်အထိ ဖြစ်ကြရတယ်။
အရမ်းတွယ်တာ ကပ်ငြိ စွဲလမ်းခြင်းဆိုတဲ့ ဥပါဒါန် (အရူးရောဂါ) ကို ကာကွယ်တားဆီးနိုင်တဲ့ ဆေးကို သောက်သုံးထားရမယ်။ အဲဒီဆေးကတော့ သမထ, ၀ိပဿနာ ဘာဝနာဆိုတဲ့ ဆေးတွေပါပဲ။
( မောင်စန်းသော် )
(ချစ်သမီးသို့ စာအုပ်မှ)

အကြောင်းသုံးပါး
၁။ မှန်သောစကားကို ပြောဆိုရာ၏။
၂။ အမျက်မထွက်ရာ။
၃။ တောင်းလာသည်ရှိသော် အနည်းငယ်မျှကိုသော်လည်း ပေးလှူရာ၏။
ဤအကြောင်းသုံးပါးတို့ဖြင့် နတ်ပြည်သို့ ရောက်ရာ၏။
( ဓမ္မပဒ)

သင်္ဂဟတရား လေးပါး
သင်္ဂဟသည် ပါဠိစကားဖြစ်သည်။ ချီးမြှောက်ခြင်းဟူ၍ အနက်အဓိပ္ပါယ်ရသည်။ ချီးမြှောက်ခြင်းဟူရာ၌ တပါးသူတို့အား ချီးမြှောက်ခြင်းကို ဆိုလိုသညိ။ ဤသင်္ဂဟတရား ထွန်းကားမှ လောကကြီး သာယာငြိမ်းချမ်းသည်။ အခြေအနေအားလျော်စွာ သင်္ဂဟတရားတို့ကို ကျင့်သုံးသောပုဂ္ဂိုလ်တို့သည် ကြီးပွားချမ်းသာကြသည်။ တဦးနှင့်တဦး ဆက်ဆံကြရာတွင် ဤသင်္ဂဟတရားများသည် အလွန်အရေးကြီးသော တရားများဖြစ်ကြ၏။
မြတ်စွာဘုရားရှင်၏ ဟောကြားတော်မူချက် အရ သင်္ဂဟတရားလေးပါးရှိသည်။
ယင်းတို့မှာ-
၁။ ပေးကမ်းထောက်ပံ့ခြင်းဖြင့် ချီးမြှောက်ခြင်း (ဒါန)
၂။ ချစ်ဖွယ်စကား ပြောဆိုခြင်းဖြင့် ချီးမြှောက်ခြင်း (ပေယျဝစ္စ)
၃။ သူ့အကျိုးပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ချီူးမြှောက်ခြင်း (အတ္ထစရိယာ)
၎။ ကိုယ်နှင့်ထပ်တူ ပြုမူဆက်ဆံခြင်းအားဖြင့် ချီးမြှောက်ခြင်း (သမာနတ္ထတာ) တို့ဖြစ်သည်။
ဤနေရာ၌ ပေးကမ်းထောက်ပံ့ခြင်းဖြင့် ချီူမြှောက်ခြင်း ဆိုသည်မှာ-ပစ္စည်းလက်ဆောင်ပေး၍ ချီးမြှောက်ခြင်းဖြစ်သည်။
ချစ်ဖွယ်စကား ပြောဆိုခြင်းဖြင့် ချီးမြှောက်ခြင်း ဆိုသည်မှာ-လူအများနှင့် ဆက်ဆံပြောဆိုရာတွင် နားဝင်ချိုသာသည့် အခေါ်အဝေါ်မျိုး၊ အပြောမျိုးဖြင့် ဆက်ဆံခြင်းဖြစ်သည်။
အဖေ အမေ အကိုအမ အဒေါ် ဦးကြီးဦးလေး ညီမလေး ညီလေး မောင်လေး စသည်ဖြင့်ခေါ်၍ ခင်မင်စွာ ပြောဆိုဆက်ဆံခြင်းဖြစ်သည်။
သူ့အကျိုးပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှောက်ခြင်း ဆိုသည်မှာ-တပါးသူတို့၌ သာမှု နာမှု ပြစ်မှု စသော ကိစ္စရပ်များ ကြုံလာလျှင် လက်ဆောင်ပေးပို့ရုံဖြင့် မပြီးသေး၊ ချစ်ဖွယ်စကား ပြောနေ၍လည်း မပြီးသေး၊ ထိုကိစ္စများ ပြီးစီးအောင် ကူညီဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှောက်ရခြင်း ဖြစ်သည်။
ကိုယ်နှင့်ထပ်တူ ပြုမူဆက်ဆံခြင်းအားဖြင့် ချီးမြှောက်ခြင်း ဆိုသည်မှာ-အမျိုး ဥစ္စာ ရာထူး ဂုဏ်သိန်အားဖြင့် မိမိနှင့်မညီမျှသော်လည်း တန်းတူထား၍ ပေါင်းသင်း ဆက်ဆံရခြင်း ဖြစ်သည်။
ဘုရားရှင်က-ဤသင်္ဂဟတရား လေးမျိုးတို့သည် သွားနေသော ရထား (လှည်း) ကို ဘီးထွက်မသွားအောင် ၀င်ရိုးအစွန်း၌ တပ်ထားသော နားစောင့်က ချီးမြှောက်ထောက်ပံ့ထားသကဲ့သို့ လူ့လောကကို ချီးမြှောက်ထားသော တရားတို့မည်ကုန်၏။ မိခင်အရင်းပင်ဖြစ်စေကာမူ သားသမီးတို့အပေါ်၌ သင်္ဂဟတရားလေးပါး ပျက်ကွက်လျှင် သားသမီးတို့၏ မြတ်နိုးခြင်း၊ ပူဇော်ခြင်းကို မခံရပေ။ ဖခင်လည်း ထို့အတူပင် သင်္ဂတရားလေးပါး ပျက်ကွက်လျှင် သားသမီး၏ မြတ်နိုးခြင်း၊ ပူဇော်ခြင်းကို မခံရပေ။ ပညာရှိတို့သည် ထိုသင်္ဂဟတရားတို့ကို ကောင်းစွာ ဆင်ခြင်ကုန်သောကြောင့် မြင့်မြတ်ခြင်းသို့ ရောက်ကြကုန်၏။ ထိုပညာရှိတို့ကား ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်များ ဖြစ်၏-ဟူ၍ ဆိုဆုံးမထားပေသည်။
ထို့ကြောင့် ကျွန်ုပ်တို့အားလုံး လူငယ် လူရွယ် လူကြီးမရွေး၊ အမျိုး ဘာသာမရွေး၊ သင်္ဂဟတရားလေးပါးကို လိုက်နာကျင့်သုံးခြင်းဖြင့် မိမိတို့ဘ၀နှင့် လောကကြီး ငြိမ်းချမ်းသာယာအောင် ပြုလုပ်ဆောင်ရွက်သင့်ကြပေသည်။

သြ၀ါဒ
၁။ သူတပါးအပြစ်ကို မြင်ဖို့ထက် ကိုယ့်အပြစ်ကို မြင်ဖို့က ခဲယဉ်း၏။
၂။ သူတပါးကို အကဲခတ်ခြင်းထက် မိမိကိုယ်ကို အကဲခတ်ရခြင်းက ပို၍ ခက်၏။
၃။ မိမိကိုယ်ကို ပြန်၍ အကဲခတ်နိုင်သော ပုဂ္ဂိုလ်သည် ချမ်းသာသုခ ရနိုင်၏။
၎။ မကောင်းသောစိတ်သည် မကောင်းသောစိတ်ပိုင်ရှင်အား အောက်တန်းချ၏။
၅။ ကောင်းသောစိတ်သည် ကောင်းသောစိတ်ပိုင်ရှင်အား အထက်တန်းတင်၏။
၆။ ရုပ်ကို လှပတင့်တယ်အောင် ပြုပြင်နိုင်ခြင်းထက် စိတ်ကို လှပတင့်တယ်အောင် ပြုပြင်နိုင်ခြင်းက ပို၍ ခက်၏။
၇။ လောက၌ သီလ သမာဓိ ပညာနှင့်တူသော လှပတင့်တယ်ခြင်း မည်သည် မရှိ။
၈။ ချမ်းသာချင်လျှင် အလိမ္မာကို ရှာ။
၉။ အလိမ္မာရှိမှ လောကီ၊ လောကုတ္တရာ ချမ်းသာရ၏။
( ရန်ကုန် လှိုင်မြို့နယ် ပဏ္ဍိတာရာမ စာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဓန္တပဏ္ဍိတထေရ် )

အနှိုးမဲ့ဗုဒ္ဓ၏ အနှိုင်းမဲ့ တရားတော်များ
၂၁၆။ အခါတပါးမှာ သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းတော်မှာ မြတ်စွာဘုရား သီတင်းသုံးနေတော်မူပါတယ်။ အဲဒီအခါမှာ မြတ်စွာဘုရားဟာ ရဟန်းတို့အား အခုလို ဟောကြားတော်မူခဲ့ပါတယ်။
ရဟန်းတို့၊ တရားအားထုတ်တဲ့ ရဟန်းဟာ အကြောင်းအရာ ငါးမျိုးတို့ကို ရံဖန်ရံခါ နှလုံးသွင်းသင့်တယ်။
ရဟန်းတို့-အကြောင်းအရာတမျိုးကို နှလုံးသွင်းတဲ့ သာသနာ့ဝန်ထမ်းရဟန်းရဲ့ သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှုအကုသိုလ် အကြံအစည်များ ဖြစ်တတ်ကြတယ်။
ရဟန်းတို့-အဲဒီရဟန်းဟာ အဲဒီအကြောင်းအရာမှတပါး ကုသိုလ်နှင့်စပ်ယှဉ်တဲ့ အခြားအကြောင်းအရာကို နှလုံးသွင်းသင့်တယ်။ အဲဒီလို နှလုံးသွင်းတဲ့ ရဟန်းရဲ့ သန္တာန်မှာ ရာဂ၊ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှုအကုသိုလ် အကြံအစည်များ ကင်းပျောက် ချုပ်ငြိမ်းသွားတော့တယ်။ အဲဒီ အကြံအစည်များ ကင်းပျောက် ချုပ်ငြိမ်းခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပဲ ကောင်းစွာတည်တော့တယ်။
ရဟန်းတို့-ဥပမာအားဖြင့် ကျွမ်းကျင်တဲ့ လက်သမားဟာ သေးငယ်တဲ့သပ်ကို ရိုက်၍ ကြီးမားတဲ့သပ်ကို ဆွဲနုတ်ရာသကဲ့သို့။ ရဟန်းတို့-ထို့အတူပဲ အကြောင်းတရားတမျိုးကို နှလုံးသွင်း၍ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ မိမိရဲ့ သန္တာန်မှာ ဖြစ်နေတဲ့ ရဟန်းဟာ အဲဒီအကြောင်းအရာမှတပါး ကုသိုလ်နှင့်စပ်ယှဉ်တဲ့ တခြားအကြောင်းအရာကို နှလုံးသွင်းသင့်တယ်။ အဲဒီနှလုံ;သွင်းတဲ့ ရဟန်းရဲ့ သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ ကင်းပျောက် ချုပ်ငြိမ်းသွားတော့တယ်။ အဲဒီအကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပဲ ကောင်းစွာ တည်တော့တယ်။ (၁)
၂၁၇။ ရဟန်းတို့-အဲဒီအကြောင်းအရာမှတပါး ကုသိုလ်နှင့်စပ်ယှဉ်တဲ့ တခြားအကြောင်းအရာကို နှလုံးသွင်းပါလျက် ရာဂ ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှုအကုသိုလ် အကြံအစည်များ အဲဒီရဟန်းရဲ့သန္တာန်မှာ တကယ်လို့ ဆက်ဖြစ်နေကြသေးလျှင် အဲဒီရဟန်းဟာ ဒီအကြောင်း ဒီအကြောင်းကြောင့် ဒီအကြံအစည်များဟာ အကုသိုလ်များဖြစ်ကြတယ်။ အပြစ်များကြတယ်။ ဆိုးကျိုးကိုပေးတတ်ကြတယ်-လို့ အဲဒီအကြံအစည်တို့ရဲ့ အပြစ်ကို ရှုဆင်ခြင်သင့်တယ်။
အဲဒီလို ရှုဆင်ခြင်တဲ့ ရဟန်းရဲ့ သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှုအကုသိုလ် အကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းသွားတော့တယ်။ အဲဒီအကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပဲ ကောင်းစွာ တည်တော့တယ်။(၂)
၂၁၈။ ရဟန်းတို့-အဲဒီအကြံအစည်များရဲ့ အပြစ်ကို ရှုဆင်ခြင်ပါလျက် ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ အဲဒီရဟန်းရဲ့ သန္တာန်မှာ တကယ်လို့ ဆက်ဖြစ်နေကြသေးလျှင် အဲဒီရဟန်းဟာ အဲဒီအကြံအစည်တို့ကို သတိမပြုဘဲ၊ နှလုံးမသွင်းဘဲ နေသင့်တယ်။
အဲဒီလိုနေတဲ့ ရဟန်းရဲ့သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့မကောင်းမှု အကုသိုလ် အကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းသွားတော့တယ်။
အဲဒီအကြံအစည် ကင်းပျောက်ချုပ်ငြိမ်းခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပဲ ကောင်းစွာတည်တော့တယ်။
ရဟန်းတို့-ဥပမာအားဖြင့် မျက်စိကောင်းတဲ့ လူတယောက်ဟာ ပေါ်လာ(တွေ့ကြုံလာ) တဲ့ အဆင်းအာရုံတို့ကို မမြင်လို၊ မကြည့်လိုလျှင် မျက်စိကို မှိတ်ထားရာသကဲ့သို့ သို့မဟုတ်-တခြားအရပ်သို့ လွှဲပြောင်းကြည့်ရှုရာသကဲ့သို့ ရဟန်းတို့-ထို့အတူပဲ ဒီအကြံအစည်များရဲ့ အပြစ်ကို ရှုဆင်ခြင်ပါလျက် ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ်အကြံအစည်များ မိမိသန္တာန်မှာ ဆက်ဖြစ်နေသေးတဲ့ရဟန်းဟာ အဲဒီအကြံအစည်တို့ကို သတိမပြုဘဲ နှလုံးမသွင်းဘဲ နေသင့်တယ်။ အဲဒီလို နေတဲ့ ရဟန်းရဲ့ သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းသွားတော့တယ်။ အဲဒီ အကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပဲ ကောင်းစွာ တည်တော့တယ်။ (၃)
၂၁၉။ ရဟန်းတို့-အဲဒီအကြံအစည်တို့ကို သတိမပြု၊ နှလုံးမသွင်းဘဲနေပါလျက် ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ အဲဒီရဟန်းရဲ့ သန္တာန်မှာ တကယ်လို့ ဆက်ဖြစ်နေကြသေးလျှင် အဲဒီရဟန်းဟာ အဲဒီအကြံအစည်တို့ရဲ့ ကြံစည်ပုံကြမ်းတမ်းမှု တဖြည်းဖြည်း ရပ်တန့်ကြောင်းကို နှလုံးသွင်းသင့်တယ်။ (ကြံစည်ပုံ ကြမ်းတမ်းမှု ရပ်တန့်သည်အထိ တဖြည်းဖြည်း လျှော့ချသင့်တယ် ) အဲဒီလို နှလုံးသွင်းတဲ့ ရဟန်းရဲ့ သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းသွားတော့တယ်။
အဲဒီအကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပဲ ကောင်းစွာတည်တော့တယ်။
ရဟန်းတို့-ဥပမာအားဖြင့် လူတယောက်ဟာ မြန်မြန်သွားနေတယ် ဆိုပါတော့။ သူဟာ ငါဘာကြောင့် မြန်မြန်သွားရသလဲ၊ ဖြည်းဖြည်းသွားတာ ကောင်းပါတယ်-လို့ စဉ်းစားပြီး ဖြည်းဖြည်းသွားတယ်။
ငါ ဘာကြောင့် ဖြည်းဖြည်း သွားရမလဲ၊ ရပ်နေတာ ကောင်းပါတယ်-လို့ စဉ်းစားပြီး ရပ်နေတယ်။
ငါ ဘာကြောင့် ရပ်နေရမလဲ၊ ထိုင်နေတာ ကောင်းပါတယ်-လို့ စဉ်းစားပြီး ထိုင်နေတယ်။
ငါ ဘာောကာင့် ထိုင်နေရမလဲ၊ လျောင်းနေတာ ကောင်းပါတယ်-လို့ စဉ်းစားပြီး လျောင်းနေတယ်။
ရဟန်းတို့- အဲဒီလိုကြမ်းတမ်းတဲ့ ဣရိယာပုထ်ကို ရှောင်ကြဉ်၍ သိမ်မွေ့တဲ့ ဣရိယာကို ပြုလုပ်ရာသကဲ့သို့ ရဟန်းတို့-ထို့အတူပဲ အဲဒီအကြံအစည်များကို သတိမပြု နှလုံးမသွင်းဘဲ နေပါလျက် ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ မိမိသန္တာန်မှာ ဆက်ဖြစ်နေသေးတဲ့ ရဟန်းဟာ အဲဒီအကြံအစည်တို့ရဲ့ ကြံစည်ပုံ ကြမ်းတမ်းမှု တဖြည်းဖြည်း ရပ်တန့်ကြောင်းကို နှလုံးသွင်းသင့်တယ်။ (ကြံစည်ပုံ ကြမ်းတမ်းမှု ရပ်တန့်သည်အထိ တဖြည်းဖြည်း လျှော့ချသင့်တယ်။) အဲဒီလို နှလုံးသွင်းတဲ့ ရဟန်းရဲ့ သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်း သွားတော့တယ်။ အဲဒီအကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပဲ ကောင်းစွာတည်တော့တယ်။ (၄)
၂၂၀။ ရဟန်းတို့-အဲဒီအကြံအစည်တို့ရဲ့ ကြံစည်ပုံကြမ်းတမ်းမှု တဖြည်းဖြည်း ရပ်တန့်ကြောင်းကို နှလုံးသွင်းပါလျက် ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ အဲဒီရဟန်းရဲ့သန္တာန်မှာ တကယ်လို့ ဆက်ဖြစ်နေကြသေးလျှင်အဲဒီရဟန်းဟာ သွားချင်းကြိတ်၊ လျှာဖြင့် အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို ဖိနှိပ်သင့်တယ်။ ဖျစ်ညှစ်သင့်တယ်။ ပင်ပန်းစေသင့်တယ်။ အဲဒီလို ဖိနှိပ်၊ ဖျစ်ညှစ်၊ ပင်ပန်းစေတဲ့ ရဟန်းရဲ့သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းသွားတော့တယ်။ အဲဓီအကြံအစည်များ ကင်းပျောက် ချုပ်ငြိမ်းသွားခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပဲ ကောင်းစွာတည်တော့တယ်။
ရဟန်းတို့-ဥပမာအးဖြင့် အားကောင်းတဲ့ လူတယောက်ဟာ အားနည်းတဲ့ လူတယောက်ကို ခေါင်းမှာဖြစ်စေ၊ လည်ပင်းမှာဖြစ်စေ၊ ပခုံးမှာဖြစ်စေ၊ ဆုပ်ကိုင်၍ ဖိနှိပ်၊ ဖျစ်ညှစ်၊ ပင်ပန်းစေသကဲ့သို့ ရဟန်းတို့-ထို့အတူပဲ အဲဒီအကြံအစည်တို့ရဲ့ ကြံစည်ပုံ ကြမ်းတမ်းမှု တဖြည်းဖြည်း ရပ်တန့်ကြောင်းကို နှလုံးသွင်းပါလျက် ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ မိမိသန္တာန်မှာ ဆက်ဖြစ်နေသေးတဲ့ ရဟန်းဟာ သွားချင်းကြိတ်၊ လျှာဖြင့် အာစောက်ကိုထိလျက်၊ စိတ်ဖြင့် စိတ်ကို ဖိနှိပ်သင့်တယ်။ ဖျစ်ညှစ်သင့်တယ်။ အဲဒီလို ဖိနှိပ်၊ ဖျစ်ညှစ်၊ ပင်ပန်းစေတဲ့ ရဟန်းရဲ့ သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းသွားတော့တယ်။ အဲဒီအကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပဲ ကောင်းစွာ တည်တော့တယ်။( ၅)
၂၂၁။ ရဟန်းတို့ ဒီရဟန်းဟာ ကြံစည်မှု လှည့်လည်ရာ လမ်းကြောင်း၌ လေ့ကျင့်ပြီးသူ (ကျွမ်းကျင်ပြီးသူ) ဖြစ်တယ်။ ကြံစည်လိုတဲ့ အကြံအစည်ကို ကြံစည်လိမ့်မယ်။ မကြံစည်လိုတဲ့ အကြံအစည်ကို မကြံစည်ဘဲ နေလိမ့်မယ်။ သူဟာ တဏှာကို ဖြတ်တောက်ပြီးသူ ဖြစ်တယ်။ သံယောဇဉ်အနှောင်အဖွဲ့ကို ဖြေပြီးသူ ဖြစ်တယ်။ မာနကိုသိပြီး ပယ်ပြီးသူ ဖြစ်တယ်။ ဒါကြောင့် သူ့မှာ ဒုက္ခခပ်သိမ်း အေးငြိမ်းသွားတော့တယ်။
ဒီတရားတော်ကို မြတ်စွာဘုရား ဟောကြားပြီးတဲ့အခါ ရဟန်းများဟာ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုခဲ့ကြပါတယ်။
( ၀ိတက္ကသဏ္ဌာနသုတ်)
အရှင်သာသန၀ရ-ဓမ္မာစရိယ (M.A)

Tuesday, October 27, 2009
ကျန်းမာခြင်းသည် အမြတ်ဆုံးလာဘ်
လူများအဖို့ အလွန်အဖိုးထိုက်တန်၍ အလေးတယူ ဂရုပြုသင့်သော ဆောင်ပုဒ်တခုမှာ အာရောဂျ ပရမာ လာဘာ-ပင် ဖြစ်ပါသည်။ ယင်းဆောင်ပုဒ်ကို အများနားလည်ကြသဖြင့် ပါဠိအတိုင်းပင် အသုံးပြုနေကြသည်ကို သိမြင်နိုင်ပါသည်။ အဓိပ္ပါယ်မှာ-ကျန်းမာခြင်းသည် အမြတ်ဆုံးလာဘ်ပေတည်း-ဟု ဖြစ်၏။ ယင်းအဓိပ္ပါယ်ကိုလည်း လူအများပင် နားလည်ကြပါသည်။
ဤဆောင်ပုဒ်မှာ ဓမ္မပဒကျမ်း သုခ၀ဂ်လာ ဂါထာတခု၏ ပထမပါဒ ဖြစ်ပေသည်။ ဂါထာအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။
အာရောဂျ ပရမာ လာဘာ၊ သန္တုဋ္ဌိ ပရမံ ဓနံ။
ဝိဿာသာ ပရမာ ဉာတိ၊ နိဗ္ဗာနံ ပရမံ သုခံ။
အနက်အဓိပ္ပါယ်မှာ-အနာရောဂါကင်းရှင်း (၀ါ) ကျန်းမာခြင်းသည် အမြတ်ဆုံးလာဘ်ဖြစ်၏။
မိမိရသမျှနှင့် ရောင့်ရဲတင်းတိမ်ခြင်းသည် အမြတ်ဆုံးသောဥစ္စာ ဖြစ်၏။
အကျွမ်းဝင်သောသူသည် အမြတ်ဆုံးသော ဆွေမျိုးဖြစ်၏။
နိဗ္ဗာန်သည် အမြတ်ဆုံးသော ချမ်းသာ ဖြစ်ပေသတည်း။
ဤဂါထာကို ဟောရခြင်းအကြောင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
မြတ်စွာဘုရားရှင်သည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် ပသေနဒီကောသလမင်းကြီးသည် တရားနာယူရန် ဘုရားရှင်ထံ လာရောက်၏။ မင်းကြီးသည် ဆန်တစိတ်ချက်သော ထမင်းကို ဟင်းလျာအများနှင့် ပွဲတော်တည်ခဲ့သည် ဖြစ်သဖြင့် တရားတော်ကို နာယူစဉ်မှာပင် မအီမသာ တပြောင်းပြန်ပြန်နှင့် ငိုက်မျဉ်းနေသည်ကို ဘုရားရှင်တွေ့မြင်တော်မူ၏။
ထို့ကြောင့်-သတိတရားရှိ၍ ဘောဇဉ်အာဟာရ၌ အတိုင်းအရှည်ကိုသိ၍ ချင့်ချိန်တတ်သူအား ဒုက္ခဝေဒနာ နည်းပါး၏။ အသက်ကို စောင့်တတ်သူဖြစ်၍ တဖြည်းဖြည်းသာ အိုမင်းရင့်ရော်သည်-ဟု ဟောပြော၏။
ထိုဒေသနာတော်ကို ဘုရားရှင်သည် မင်းကြီး၏ တူတော်သူ သုဒဿနလုလင်အား ကျက်မှတ်စေသည်။
မင်းကြီး ပွဲတော်တည်သည့်အခါ ဤဒေသနာတော်ကို ရွတ်လေ။ မင်းကြီးသည် နောက်ဆုံး ထမင်းလုတ်ကို စွန့်လတံ့။ ထိုစွန့်သော ထမင်းလုတ်နဲ့ အညီအမျှ ပွဲတော်စာထမင်းကို လျှော့ချက်လေ-ဟုလည်း ဘုရားရှင်က မိန့်တော်မူလိုက်၏။
ထိုသို့မိန့်တော်မူသည့်အတိုင်း လိုက်နာကျင့်သုံးခဲ့ရာ ကောသလမင်းသည် ဆန်တစလယ်ချက်သာ စားသဖြင့် ကိုယ်ခန္ဓာလည်း ပိန်ငယ်လာကာ အနေအထိုင် ချမ်းသာရာရလေသည်။ ထိုအကြောင်းကို ဘုရားရှင်အား ပြန်ပြောင်းလျှောက်ထားရာ ဘုရားရှင်သည်-အာရောဂျ ပရမာ လာဘာ-စသည့် ဤဂါထာကို ဟောတော်မူ၏။
တဦးတယောက်သည် ဥစ္စာပစ္စည်းတခုခုကို ရရှိသော် လာဘ်ရသည်ဟု ပြောဆိုတတ်ပေရာ လာဘ်ဆိုသည်မှာ ရွှေငွေရတနာ ဥစ္စာပစ္စည်းစသည်ဖြင့် အမျိုးမျိုး ရှိ၏။ ထိုသို့သော လာဘ်အမျိုးမျိုးထက် ရောဂါကင်းရှင်း ကျန်းမာခြင်းသည်သာလျှင် အမွန်မြတ်ဆုံးလာဘ် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
အကြောင်းမှာ တစုံတယောက်သည် ဥစ္စာဓန စည်းစိမ်ချမ်းသာစသည့် ရတနာတို့နှင့် မည်မျှပြည့်ဝ ပေါကြွယ်သည်ဖြစ်စေကာမူ မကျန်းမမာ ရောဂါဝေဒနာ ခံစားနေရပါက ထိုစည်းစိမ်ဥစ္စာ ရတနာတို့ကို မည်သို့ခံစားနိုင်မည်နည်း။ အနာရောဂါဝေဒနာ ကင်းရှင်း၍ ကျန်းမာမှသာလျှင် ထိုထိုသော စည်းစိမ်ဥစ္စာ ရတနာတို့ကို ခံစားနိုင်ပေမည်။
သို့ဖြစ်သဖြင့် မကျန်းမမာ ရောဂါခံစားနေရသူ၌ရှိသော ဥစ္စာပစ္စည်းတို့သည် အကျိုးမရှိသကဲ့သို့ ဖြစ်၏ဟု ဆိုရပေမည်။ ရောဂါကင်းရှင်း၍ ကျန်းမာသောသူသည် သွားလိုရာ သွားနိုင်၍ စားလိုရာ စားနိုင်၏။ ဥစ္စာပစ္စည်းကြွယ်ဝချမ်းသာခြင်း မရှိစေကာမူ ပစ္စည်းဥစ္စာရရန် အလုပ်လုပ်နိုင်ပါသည်။ အလုပ်ကို အားကြိုးမာန်တက် စိတ်တိုင်းကျ လုပ်ကိုင်ဆောင်ရွက်နိုင်၏။ စိတ်သွားတိုင်း ကိုယ်ပါ နိုင်သည်ဖြစ်သောကြောင့် အာရောဂျ ပရမာ လာဘာ-ကျမ်းမာခြင်းသည် အမြတ်ဆုံးလာဘ် ဖြစ်ပေသည်-ဟု ဘုရားရှင် ဟောတော်မူခဲ့ခြင်း ဖြစ်ပါသတည်း။
( တက္ကသိုလ် ခေမာ-ကျိုက်လတ် )

နောင်တမျက်ရည်
ကျွန်တော် ဆေးရုံရောက်နေသည်မှာ ၄-ရက်ခန့်ရှိလေပြီ၊ အကြောင်းမှာ ကျွန်တော်၏ စအိုကြား၌ အနာဖုကြီး ပေါက်လာသောကြောင့် ဖြစ်သည်။ ကျွန်တော့မှာ သွားလို့လည်းမရ၊ ထိုင်လို့လည်းမရ၊ မှောက်ရက်ကြီးသာ နေရပါ၏။ အိမ်သာတက်ပြီးတိုင်း စင်ကြယ်အောင်ဆေးရာ၌ သာ၍ပင် ဆိုးသေး၏။ နာလိုက်သည့်မှာ ပြောဖွယ်မရှိ။
တနေ့ ဆေးရုံသို့ ကျွန်တော့အဘကြီး ရောက်လာ၏။ အဘသည် ကျွန်တော်၏ဝေဒနာကို မကြည့်ရက်သောကြောင့် စုတ်တသပ်သပ်ဖြင့် မင်း-အဲဒါ ၀ဋ်လည်တာကွ၊ ၀ဋ်လည်တာ-ဟု တတွတ်တွတ် ပြောနေ၏။ ကျွန်တော်က ဗျာ-ကျွန်တော် ၀ဋ်လည်တာ ဟုတ်လား။ ကျွန်တော် ဘာလုပ်ခဲ့လို့လဲ အဘရယ်-ဟုမေး၏။
အဘက မင်း-ငယ်ငယ်တုန်းက နွားဝါကြီးကို လုပ်ခဲ့တာလေကွာ-ဟု ပြောသောအခါမှ အတိတ်ကအရိပ်တွေဟာ ကျွန်တော့စိတ်အစဉ်မှာ တစိမ့်စိမ့် ပေါ်လာပါတော့သည်။ ကျွန်တော်သည် ငယ်ငယ်က လယ်ထွန်သည့်အလုပ်ကို အလွန်ဝါသနာပါပါသည်။ အဘကြီးတို့အိမ်မှာ နွားဝါကြီးနှင့် နွားသိုးပေါက်တကောင် ရှိ၏။ ကျွန်တော် လယ်ထွန်သည့်အခါ ထိုနွားတရှဉ်းဖြင့် ထွန်ရ၏။ နွားဝါကြီးမှာ အိုပြီဖြစ်၍ လျင်လျင်မြန်မြန် မသွားနိုင်တော့ပါ။ ကျွန်တော်ကလည်း လူငယ်ဆိုတော့ လျင်လျင်မြန်မြန် သွက်သွက်လက်လက်မှ ကြိုက်၏။ ထိုအခါ ကျွန်တော်နှင့် နွားဝါကြီးတို့ တွေ့ကြပါလေပြီ။
လယ်ထွန်သည့်အခါ နွားဝါကြီးကို တဖြောင်းဖြောင်းနှင့် ရိုက်၏။ တခြားလယ်ကွင်းမှ လူတွေက မင်းနွားက အအိုးကြီးပါကွာ၊ မသွားနိုင်တော့ပါဘူး-ဟုပြောလျှင် မခံချင်စိတ်နှင့် ပိုပြီးရိုက်၏။ ရိုက်လို့မှ မသွားလျှင် နွားဝါကြီး၏ စအိုတွင်းကို တုတ်ဖြင့် တအားထိုး၏။ အဘက ဖြေးဖြေးမောင်းပါကွ၊ မင်း ၀ဋ်လိုက်လိမ့်မယ်-ဟုပြောသော်လည်း နားမထောင်ခဲ့။ ရိုက်မြဲ ရိုက်၏။ ထိုးမြဲ ထိုး၏။ နွားဝါကြီးမှာ နာလွန်း၍ မျက်ရည်များပင် ထွက်လေ၏။ စအိုမှလည်း သွေးတွေထွက်လေ၏။
နောက်တော့ အဘက ကျွန်တော့ကို နွားမောင်းကြမ်း၍ လယ်မထွန်ခိုင်းတော့ပါ။ ကျွန်တော်သည် အတိတ်အကြောင်းကို စဉ်းစားနေရင်းမှာပင် မျက်ရည်စက်တို့သည် ပါးပြင်ထက်သို့ တလိမ့်လိမ့် စီးကျလာလေတော့၏။ ထိုအခါ နွားဝါကြီးရယ် ခွင့်လွှတ်ပါတော့။ ဒီဘ၀ ဒီမျှနဲ့ပဲ ကျေနပ်ပါတော့-ဟု စိတ်ထဲမှ ရေရွတ်ရင်း အထပ်ထပ် အခါခါ တောင်းပန်နေမိပါတော့သည်။
( မင်းတမာ-အညာမြေ)
( မြတ်မင်္ဂလာ ၂၀၀၁-ခု ဒီဇင်ဘာလ )

ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် သူရဿတီ မယ်တော်
တချိန်က စာရေးသူအား ဗုဒ္ဓဘာသာ နှင့် သူရဿတီ မယ်တော်တို့ ဘယ်လို ဆက်နွယ်မှုရှိသလဲ၊ ပိဋကတ်စာပေစောင့်နတ်သမီးလို့ ကျမ်းဂန်မှာ ပါသလား။ မည်သည့်ခေတ်က ကိုးကွယ်လာခဲ့သလဲ-စသည်ဖြင့် ဓမ္မမိတ်ဆွေအချွှို မေးသဖြင့် အတိုချုပ်ဖြေပြရခဲ့ဖူး၏။ ယခု ဗုဒ္ဓဘာသာဝင်များအားလုံး သိထားနိုင်ရန် ဤဆောင်းပါးဖြင့် မကျဉ်းမကျယ် ရေးသားဖြေဆိုပါမည်။
ဗုဒ္ဓဘာသာ ထေရ၀ါဒ ပိဋကတ်ကျမ်းဂန်များမှာ ယခုခေတ် ဗုဒ္ဓဘာသာဝင်အများစုတို့ ကိုးကွယ်သမှု ပြုနေကြသည့်-ဘိုးတော်တို့၊ မယ်တော်တို့ အကြောင်း တစွန်းတစမျှ မပါရှိပါ။ သူရဿတီ-ဆိုသည့် ပါဠိဝေါဟာရကိုပင် ပါဠိတော် အဋ္ဌကထာ ၃ီကာကျမ်းများမှာ တွေ့လည်းမတွေ့ဖူးပါ။ ရှိလည်းမရှိပါ။ ထို့ကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာနှင့် သူရဿတီမယ်တော်တို့သည် မည်သို့မျှ ဆက်နွယ်မှု မရှိပါ။ ဘယ်လိုမှ မသက်ဆိုင်ပါ။ ပြဒါးတလမ်း သံတလမ်း ဖြစ်သည်။
အမှန်စင်စစ် သူရဿတီမယ်တော်သည် ဟိန္ဒူဗြာဟ္မဏဘာသာနှင့် သက်ဆိုင်သူ ဖြစ်သည်။ ဟိန္ဒူဘာသာသည် ဗြဟ္မာကြီးကို ကိုးကွယ်သောဘာသာ ဖြစ်သည်။ ဟြေ္မာကြီး၏ ဇနီးကို သူရဿတီခေါ်သည်ဟု ဆိုကြသကဲ့သို့ ဗြဟ္မာကြီး၏ လှပသည့် သမီးကညာလို့လဲ ယူဆပြောဆိုကြ၏။ ဟိန္ဒူလူမျိုးများက ထိုနတ်သမီးကို စာပေပညာနှု့် နှုတ်မှုပညာများကို စောင့်ရှေက်ြသူဟု ယုံကြည်ကြသည်။ မူရင်းနာမည်က သရသွတီ (ဆရဆွတီ) လို့ သက္ကတဘာသာနှင့် ရှိ၏။ ထိုမှတဆင့် မြန်မာလို သူရဿတီ-ဖြစ်လာခြင်း ဖြစ်သည်။
( အိန္ဒိယ နီပေါတို့၌ ပူဇော်ပွဲများ )
အိန္ဒိယနိုင်ငံ၌ စကားနတ်သမီး၊ နှုတ်စောင့်နတ်သမီး၊ပညာပေးနတ်သမီး-ဟု ယုံကြည်ကြပြီး ဆရဆွတီပူဇာ-ခေါ် ပူဇော်ပွဲတွေကို ယခုတိုင် ကျင်းပပြုလုပ်နေကြဆဲ ဖြစ်သည်။ ထိုပူဇော်ပွဲမှာ ဟင်္သာရုပ်စီးနင်းနေသည့် သူရဿတီပုံတော်ရှေ့မှာ အမျိုးသမီးများက လက်မှု နှုတ်မှု အတတ်ပညာဆိုင်ရာ ပစ္စည်းကိရိယာများကိုချပြီး ပူဇော်ကြသကဲ့သို့ အမျိုးသားများကလည်း မိမိတို့ လက်မှု နှုတ်မှု ပညာဆိုင်ရာ လက်နက်ကိရိယာတွေကို ချပြီး ပူဇော်ကြသတဲ့။ ကျောင်းသူ ကျောင်းသားကလေးများကပင် စာအုပ်၊ ခဲတံ စသည့် ပညာရေးဆိုင်ရာ ပစ္စည်းတွေကို ချပြီး ပူဇော်ကြလေ့ရှိသည်ဟု သိရ၏။
နီပေါပြည်၌လည်း အခြားပွဲတော်နေ့များကဲ့သို့ သူရဿတီနေ့တနေ့ရှိပြီး အခမ်းအနားဖြင့် ပူဇော်လေ့ရှိကြသည်။ ထိုနေ့ကား ၀သန္တဥတု၏ ငါးရက်မြောက်နေ့ဖြစ်၍ ၀သန္တ ပဉ္စမီနေ့-ဟု အခေါ်များကြ၏။ မဂသုဓိပဉ္စမီနေ့ဟုလည်းကောင်း၊ ဆရီပဉ္စမီနေ့ဟုလည်းကောင်း ခေါ်ကြသေး၏။ နီပေါ၌ တန်ခူးနှင့်ကဆုန်လ ၂-လသည် ၀သန္တဥတုဖြစ်၏။ ထိုဥတုကား သူတို့ဘာသာအရ အထွတ်အမြတ်ထားသည့် ဥတုဖြစ်သည်။ ထိုဥတုသည် အလွန်သာယာသဖြင့် လူတို့အား ရွှင်မြူးစေသည်။ နီပေါပြည်သူတို့က ဤသို့ ရွှင်မြူးလာရခြင်းမှာလည်း သူရဿတီဒေ၀ီ၏ စောင်းငြင်းတန်ခိုးကြောင့်ဟု ယုံကြည်ကြသည်။ ထိုပကြောင့် ထိုထူးမြတ်သော ၀သန္တပဉ္စမီနေ့တွင် ပန်း၊ အမွှေးတိုင်၊ ဆန်၊ ရေချမ်း၊ ပေါက်ပေါက်တို့ဖြင့် သူရဿတီအား ပူဇော်ကြ၏။ ထို့ပြင် စာပေနှင့်စပ်သော ကလောင်တံ၊ မင်အိုး၊ စက္ကူ စသည်များဖြင့်လည်း ပူဇော်ကြသေးရာ ထိုပူဇော်သည့် အထိမ်းအမှတ်ဖြင့် ထိုနေ့၌ စာပေရေးသားခြင်းကို လှူသည့်အနေဖြင့် စာပေရေးသားခြင်း လုံးဝမပြုလုပ်ကြရဟု ဆိုပေသည်။ နီပေါလူမျိုးတို့သည် အများအားဖြင့် ဗြာဟ္မဏ၀ါဒီများဖြစ်ကြသဖြင့် သူရဿတီမှာ ယင်းတို့၏ မိရိုးဖလာ ကိုးကွယ်ရာကဲ့သို့ ဖြစ်နေသည်။
( မြစ်စောင့်နတ်သမီး )
အမှန်ဆိုရသော် သရသွတီ (ဆရဆွတီ) အမည်သည် မူလပင်ရင်းက မြစ်၏နာမည် ဖြစ်သည်။ ရေရှိသည့်အရာဟု အဓိပ္ပါယ်ရ၏။ ထိုမြစ်သည် အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်မှာရှိ၏။ ယခုအထိ ထိုအရပ်သားများက ထိုမြစ်ကို ဆရဆွတီ-ဟုခေါ်နေကြတုန်းပဲ ဖြစ်သည်။ ယခုခေတ်တွင် ဂင်္ဂါမြစ်ကို ဟိန္ဒူလူမျိုးတွေ အလေးအမြတ်ထားကြသကဲ့သို့ ရှေးအာရိယာန်လူမျိုးများက ထိုဆရဆွတီမြစ်ကို အလေးအမြတ် ထားကြသည်ဟု ဆိုသည်။ ရှေးက ဗြာဟ္မဏတွေက ဝေဒကျမ်းများမှာ သူရဿတီကို မြစ်၏အမည်နှင့် သုံးစွဲလာခဲ့ကြ၏။ သဘောကတော့ မြစ်ရေသည် သတ္တ၀ါတွေ အသက်ရှင်ဖို့နှင့် ပန်းပင်၊ သီးပင်၊ ဆေးပင် စသည့် အပင်များ အသက်ရှင်ဖို့အတွက် ကျေးဇူးအများဆုံးဖြစ်၏။ ထိုအကျိုးကျေးဇူးများကို မြစ်စောင့်နတ်သမီးက ပေးတာပဲဟု ယုံကြည်ကြပြီး မြစ်စောင့်နတ်သမီးကိုလည်း သူရဿတီဟုပင် ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။
မြစ်မှ မြစ်စောင့်နတ်သမီး ဖြစ်လာသည့်အခါ ဟိန္ဒူလူမျိုးတို့သည် မြစ်ကမ်းနဖူးတွင် ပူဇော်ပွဲကျင်းပ၍ ဂါထာများ ရွတ်ဖတ်ခြင်း၊ ဆုတောင်းခြင်းများဖြင့် တခမ်းတနားကျင်းပပြုလုပ်ရာ တစတစ တိုးတက်ပြန့်ကားလာခြ့သည်။ နောင်အခါ ဆရဆွတီနတ်သမီးသည် စကားနတ်သမီး၊ နှုတ်စောင့်နတ်သမီးတပါး ဖြစ်လာခဲ့သည်။ သက္ကတအဘိဓာန်တို့၌ပင် ဆရဆွတီကို ဘာရတီ၊ ဘာသာဝါဏီ-စသည်ဖြင့် စကားဟောပုဒ်များဖြင့် ထုတ်ဆိုထား၏။ ဟိန္ဒူဘာသာဝင်တိုပသည် ထိုသူရဿတီ နတ်သမီးကို ယုံကြည်ကိုးကွယ်ခဲ့ကြရာ တဖြည်းဖြည်း ဟိန္ဒူတို့၏ မိရိုးဖလာကိုးကွယ်ရာ နတ်သမီးဖြစ်လာတော့၏။ သူရဿတီသည် အတတ်ပညာအားလုံးကို စောင့်ကြပ်သော နတ်သမီ၊ တူရိယာ ကဗျာပညာတို့ကို အစိုးရသူ၊ သက္ကတဘာသာ၊ ဒေ၀နာဂရိဘာသာတို့ကို တီထွင်သော နတ်သမီးဟု ယူဆကြောင်း ဝေဒကျမ်းများ၌ မိန့်ဆိုထားကြ၏။
( ဗြဟ္မာ့သမီး၊ ဗြဟ္မာ့ဇနီး )
ဝေဒကျမ်းတကျမ်းတွင် ဗြဟ္မာကြီးသည် မိမိကိုယ်မှု စင်ကြယ်သော သွေးသားတို့ကိုယူ၍ အမျိုးသမီးတဦးကို ဖန်ဆင်းခဲ့သည်။ ထိုအမျိုးသမီးကား သူရဿတီပင် ဖြစ်၏။ ထို့ကြောင့် သူရဿတီသည် ဗြဟ္မာမင်း၏သမီးတော် ဖြစ်၏။ သို့ရာတွင် နောက်ပိုင်း၌ ဗြဟ္မာမင်းကပင် ပြန်လည်သိမ်းပိုက်သဖြင့် ဗြဟ္မာ၏ဇနီး ဖြစ်ရပြန်၏ဟု ဆိုထား၏။ သမန္တစက္ခုဒီပနီကျမ်းတွင် ပုဏ္ဏားတို့ စာများတွင်လည်း ကိုယ်စောင့်နတ် တကျိပ် တယောက်ပင် ရှိသည်ဟု ဆို၏။ ထိုတကျိပ်တယောက်ကား သတ္တဘာဂနတ်သည် နဖူးစာကို ရေးမှတ်သည်။ သူရဿတီနတ်ကား ပညာကို ပွားစေတတ်သည်။ သကျနတ်ကား စည်းစိမ်ကို ပေးတတ်သည် စသည်ဖြင့် မိန့်ဆိုထားရာ ဟိန္ဒူဗြဟ္မဏတို့သည် သူရဿတီနတ်သမီးကို ကိုယ်စောင့်နတ်ထဲ ထည့်သွင်းထားသည်ကိုလည်း တွေ့ရသည်။
( စတင်ကိုးကွယ်သောခေတ် )
မြန်မာနိုင်ငံတွင် ပုဂံခေတ်အတွင်း ၃၇-မင်း နတ်စာရင်းထဲတွင် သူရဿတီ၊ စန္ဒီ၊ မဟာပိန္နဲ-စတဲ့ ဟိန္ဒူနတ်တွေ ပါနေသည်ကို ရှေးမှတ်တမ်းများမှာ တွေ့ရသည့်အတွက် သူရဿတီ ဟိန္ဒူနတ်သမီးသည် ပုဂံခေတ်ရှေ့ပိုင်းလောက်မှာပင် ဗုဒ္ဓဘာသာနတ်ထဲ ရောက်လာသည်ဟု ယူဆရ၏။ ပုရောဟိတ်ပုဏ္ဏားတွေ လွှမ်းမိုးသည့် ဘုရင့်ခေတ်မှာ သူတို့ထည့်သွင်းလာကြပုံရ၏။ ရှေးဦးစွာ မွန်ဗုဒ္ဓဘာသာထဲ စတင်ရောက်ခဲ့သည်ဟု ယူဆရ၏။ အင်းဝခေတ် အမတ်ကြီး မင်းရာဇာ မွန်ဘာသာကဗျာကျမ်းမှ မြန်မာဘာသာသို့ ပြန်ဆိုရေးသားခဲ့သည့် ဟိတကာရီ လင်္ကာ-၌
ဟင်္သာဖြူစင်၊ ယာဉ်ပေါ်တွင်၌၊ ဆင်းအင်ဖြူဆွတ်၊ ကိုယ်ရောင်မွတ်လျက်၊ ကြီးမြတ်ဉာဏ၊ ဘုန်းတေဇဖြင့်၊ လက်လှဘယ်ညာ၊ နှစ်ဖက်မှာကား၊ ပဒုမာဖြူ၊ စိန်ရောင်တူကို၊ ခွဲယူအံ့ဖွယ်၊ လွန်တင့်တယ်သည်၊ မိမယ်သူရသ်၊ သတီနတ်။
ကောင်းမြတ်လှစွာ၊ သူတကာကို၊ ပညာကြီးကြောင်း၊ ဆောင်ပေကောင်းရှင့်၊ ထပ်လောင်းစီးပွား၊ ကျွန်ုပ်အားလည်း၊ စကားသာချို၊ တခွန်းဆိုက၊ အဟိုလူနတ်၊ စိတ္တုပ္ပါဒ်ဖြင့်၊ ညွတ်အောင်မယ်စော၊ ဆောင်စေသော်။ -ဟု
သူရဿတီနတ်သမီး စီးသောယာဉ်၊ ကိုင်သောပစ္စည်း၊ ပေးနိုင်စွမ်းသော အစွမ်းသတ္တိတို့ကို ထည့်သွင်းစပ်ဆိုထားကြောင်း တွေ့ရသည်။ ထို့ပြင် ရှင်မဟာသီလ၀ံသ အကျော် စပ်ဆိုတော်မူသော ဆုတောင်းခန်းပျို့တွင်- စက်ခုတ်ဖြတ်ရဉ်၊ လေးထောင့်ပျဉ်နှယ်၊ ပညာကျယ်သည်၊ နတ်ငယ်သူရဿတီတည်း-ဟု၎င်း၊
မင်းတရား ရွှေထီးဧချင်းတွင် လှော်ကားသုံးထောင်မှူးက-နှိုင်းတုမဲ့ပြီ၊ နတ်ဇော်ဂီသို့၊ သူရဿတီနှုတ်ဖျား၊ နှိုးဆော်ထား၍-ဟု၎င်း စပ်ဆိုထားကြသည်ကို ထောက်ပါက အင်းဝခေတ်၊ တောင်ငူခေတ်တို့၌လည်း စာဆိုတော် အကျော်အမော်ကြီးများပင် ပညာအရာ၊ စကားအရာတို့ဝယ် သူရဿတီနတ်သမီးနှင့် တင်စားဖွဲ့ဆိုခဲ့ကြသည်ကို တွေ့ရသည်။
မြန်မာတို့သည် ဟိန္ဒူလူမျိုးတို့ ယုံကြည်သည့်အတိုင်း သူရဿတီနတ်သမီးကို စကားနတ်သမီး၊ နှုတ်စောင့်နတ်သမီး၊ ပညာပေးနတ်သမီးဟု ယုံကြည်လာခဲ့ကြရာ သာလွန်မင်းတရားကြီး လက်ထက်တွင် နတ်ကြီးငါးပါးစာရင်းတွင် သူရဿတီ၊ စန္ဒီ၊ ပရမေသွာ၊ မဟာပိန္နဲ၊ ဂေါရမန္တ-ဟု သူရဿတီ ပါဝင်လာသည်အထိ အရေးပါလာခဲ့ကြောင်း မြန်မာ့စွယ်စုံကျမ်းနှင့် ဦးဖိုးကျား-၏ ၃၇-မင်း၌ တွေ့ရသည်။
နောက်ပိုင်းတွင် ပိဋကတ်သုံးပုံစောင့် နတ်သမီးဟု ယုံကြည်လာကြပြီး-
ပိဋကတ္တယ သမ္ပုဏ္ဏံ၊ သဗ္ဗသိဒ္ဓိ သုခါဝဟံ။
ဇိဝှဂ္ဂေ မေ နိသီဒိတွာ၊ မံ ပါလေတု သူရဿတီ။ ဟူသော မြန်မာဖြစ် သူရဿတီဂါထာ ပေါ်လာပြီး ထိုဂါထာကို ရွတ်ဆိုပါက ဉာဏ်ကောင်းတယ်။ ပိဋကတ်ကိုပင် တတ်လွယ်တယ်ဆိုသည်အထိ ယုံကြည်လာကြ၏။ ပညာရေး စီးပွားရေး စသည့်ကိစ္စအ၀၀များ တိုးတက်အောင်မြင်စေရန် အိမ်တွင် သူရဿတီရုပ်ပုံ၊ သို့မဟုတ်-ရုပ်တုရှေ့မှာ ကန်တော့ပွဲထိုးပြီး ပူဇော်ဆုတောင်းလာကြသည်။
ရွှေနိမောင်းမောင်း၊ မြနားတောင်းဖြင့်၊ ရောင်ပေါင်းထွေလာ၊ သုံးတောင်ထွာမျှ၊ ကေသာကျော့ကျော့၊ အဖျားကော့နှင့်၊ ရွှေဖော့ရုပ်သွင်၊ ဆံပင်ဆံထုံး၊ ရွှေပန်းကုံးနှင့်၊ ရွှေကုံးလည်မှာ၊ ဆင်တန်ဆာနှင့်၊ သာခါအင်္ကျီ၊ ထဘီလက်ကောက်၊ ပန်းပြောက်ပုဝါ၊ ဆင်၍လာသည်၊ လှပါဘိခြင်း၊ ရွှေလည်ပင်းမှာ၊ ရွှေညှင်းနှစ်ခိုင်၊ နှစ်ပွင့်ဆိုင်၍၊ ပြိုင်သူမရှိ၊ ရွှေရင်အိငယ်၊ အမိအလား၊ သားကြီးခေါ်ရာ၊ ကြွခဲ့ပါ-စသည်ဖြင့် သူရဿတီအပင့်၊ မေတ္တာပို့၊ ဆုတောင်း၊ မယ်တော်ထံမှ ဂါထာပြန်များနှင့် တခမ်းတနား ကျင်းပပြုလုပ်လာခဲ့ကြသည်။ ယခုခေတ်တွင် သူရဿတီရုပ်တု ရုပ်ပုံများသည် ဗုဒ္ဓဘာသာတို့၏ ဘုရားခန်းထဲ ရောက်ရုံမျှမက ဘုရားဆင်းတုတော် အနီးမှာပင် ယှဉ်တွဲပြီး၍ ကိုးကွယ်သည်အထိ နတ်စွဲစွဲလာခဲ့ကြသည်။
(ကျမ်းပဏာမ နိဒါန်းများနှင့် သူရဿတီ)
သီရိလင်္ကာနိုင်ငံဖြစ် သုဗောဓာလင်္ကာရခေါ်သည့် အလင်္ကာကျမ်းဦးမှာပင် ကျမ်းပြုဆရာတော် အရှင်သံဃရက္ခိတ မဟာသာမိမထေရ်က-သရဏံ ပါဏိနံ ၀ါဏိ၊ မယှံ ပီဏယတံ မနံ-ဟု ပဏာမပြုထားရာ ပါဏိနံ-သတ္တ၀ါတို့၏၊ သရဏံ-ကိုးကွယ်ရာဖြစ်သော၊ ၀ါဏိ-ပိဋကတ်သုံးပုံဟူသော မြတ်စွာဘုရား၏ စကားတော်သည်-ဟု အနက်ပေးလျှင် ပြီးနိုင်ပါလျက် (၀ါ) ပိဋကတ်သုံးပုံတည်းဟူသော သူရဿတီနတ်သမီးသည်။ မယှံ-ငါ၏။ မနံ-စိတ်နှလုံးကို။ ပီဏယတံ-ပီဏယတု-နှစ်သက်ပါစေသတည်း-ဟု အဘိန္နပဒ၀ိသေသအလင်္ကာနည်းနှင့် အနက်နှစ်မျိုး ပေးထားသည်ကိုတွေ့ရ၏။ ၀ါဏီ-ဟူသော ပါဠိကတော့ စကား၊ သူရဿတီ နတ်သမီး-ဟု အနက်နှစ်မျိုးရပါ၏။ သို့သော် ရှေ့ဂါထာဝဂ်မှာ မုနိန္ဒ၀ဒနမ္ဘောဇ၊ ဂဗ္ဘသမ္ဘ၀ သုန္ဒရီ-မြတ်စွာဘုရား၏ ခံတွင်းတော်တည်းဟူသော ကြာတိုက်၌ဖြစ်ခြင်းကြောင့် ကောင်းသောသဘောရှိသော-ဟု ဆိုထားသောကြောင့် ၀ါဏီပုဒ်ကို ပိဋကတ်သုံးပုံတည်းဟူသော မြတ်စွာဘုရား၏ စကားတော်သည်ဟု အနက်ပေးလျှင် လိုက်လျောညီထွေဖြစ်ပါလျက် ပိဋကတ်သုံးပုံတည်းဟူသော သူရဿတီ နတ်သမီးသည်-ဟု အပိုထည့်ပေးသည်အထိ သူရဿတီ နတ်သမီးကို စွဲနေကြပေသည်။ သတ္တ၀ါတို့၏ ကိုးကွယ်ရာ သရဏံ ပါဏိနံ-ဟူသော ဂုဏ်ပုဒ်ပါနေသောကြောင့် ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ပို၍ မသင့်လျော်ဟု ထင်မိ၏။
ကျေးဇူးရှင်မန်လည်ဆရာတော်ဘုရားကြီးကလည်း အလင်္ကာကျမ်းလာ ပဏာမဂါထာကို အတုယူ၍ မဃဒေ၀လင်္ကာသစ် လင်္ကာနိဒါန်း၌ ပုံတောင်းပြိုးပြက်၊ ရာ့ရှစ်ကွက်နှင့်၊ ရွှေစက်ပ၀ရ၊ စရဏဟု၊ ပါဒနက်သန်၊ စုံနှစ်တန်ကို၊ ပ ၊ သုံးပုံပိဋကတ်၊ ၀ါဏီမြတ်ဟု၊ သူရဿတီ၊ နတ်ဒေ၀ီလည်း၊ ယှဉ်မှီနိစ္စ၊ မပြတ်မ၍၊ ငါ့နှလုံးတိုက်၊ ရွှေကြာသိုက်၌၊ ပျော်ပိုက်စေပြီး၊ ဂိုဏ်းကြီးအရိယာ၊ ဂုဏ်ကိုးဖြာနှင့်-စသည်ဖြင့် လင်္ကာသွယ်ခဲ့သည်ကိုလည်း တွေ့ရ၏။ ဆရာတော်ကြီး၏ ရည်ရွယ်ရင်းမှာ ကျမ်းပြုသူအကျွန်ုပ်ကို ဘေးရန်ကင်းပျောက် ကျမ်းပြီးမြောက်ရန် မြတ်စွာဘုရားက ထီးကြီးသဖွယ် မိုးထားပြီး ပိဋကတ်သုံးပုံ တရားအစုံက နှလုံးအိမ်၌တည်ကာ အရိယာရှစ်ပါး သံဃာများက အရပ်ရှစ်မျက်နှာတွင် ရပ်တည်ပြီး စောင့်ရှောက်တော်မူပါ-ဟု ပတ္ထနာပြုလိုရင်း ဖြစ်ပါသည်။ သို့ရာတွင် ခေတ်ကာလအလျောက် ပိဋကတ်သုံးပုံနှင့် သူရဿတီမယ်တော်ကို ရူပကအလင်္ကာသဘောမျိုး အတူပြု၍ ဖွဲ့ဆိုထားခြင်းဖြစ်သည်။ သူရဿတီ နတ်ဒေ၀ီမှာ လိုရင်းမဟုတ်၊ ပိဋကတ်သုံးပုံ မိမိနှလုံးအိမ်မှာ ကိန်းဝပ်ပျော်ပိုက်မှုသာ လိုရင်းပဓာနဖြစ်ပေသည်ဟု ဆိုလိုပေသည်။
ဤသို့အလင်္ကာကျမ်းလာ ပဏာမစသည်တို့ကို အကြောင်းပြု၍ မြန်မာဗုဒ္ဓဘာသာဝင်များသည် ဟင်္သာယာဉ်ပေါ်တွင် ပိဋကတ်သုံးပုံကို ယူဆောင်လာသော သူရဿတီမယ်တော်ပုံကို ထုလုပ်ကိုးကွယ်ကြခြင်း ဖြစ်သည်ဟု ယူဆရပါသည်။ ဤတင်ပြခဲ့ပြီးသော အကြောင်းအရာများအရ သူရဿတီမယ်တော်သည် ဗုဒ္ဓဘာသာနှင့် မည်သို့မျှမသက်ဆိုင်၊ ဟိန္ဒူဘာသာနှင့် သက်ဆိုင်သူသာဖြစ်သည်။
ဗုဒ္ဓဘာသာတို့သည် အခြားဘာသာက ကိုးကွယ်သည့်နတ်သမီးကို ပိဋကတ်စသော ပညာကို တတ်လို စီးပွားဖြစ်လို နှုတ်မှုပညာ ကောင်းလိုသည့်အတွက် ကိုးကွယ်ကြရသည်ဆိုသည်မှာ မသင့်လျော်ပါ။ ရှက်စရာလည်း ကောင်းပါသည်။ အခြားဘာသာရောနေသည့်အတွက် ဘာသာနှစ်ခုရောသူဖြစ်ပြီး ဗုဒ္ဓဘာသာဝင်လည်း မစစ်တော့ပါ။ ဘုရားသာသနာနှင့် ကြုံကြိုက်နေသည့်အချိန်ကောင်းကြီးမှာ ဖြူစင်သည့် (၀ါ) စင်ကြယ်သန့်ရှင်းသည့် ဗုဒ္ဓဘာသာဝင်ဖြစ်မှ သာသနာနှင့်တွေ့ကြုံရကျိုးနပ်ပေမည်။ ဘုရားနှင့်ယှဉ်ထားပြီး ကိုးကွယ်လျှင် သရဏဂုံပါ ပျက်ပြီး ဗုဒ္ဓဘာသာဝင်ပင် မဖြစ်တော့သည်ကိုလည်း လေးလေးနက်နက် သတိထားသင့်ကြ၏။
( ကိုးကွယ်မှုကို စွန့်လွှတ်ချိန်တန်ပြီ )
ပညာတတ်လို၊ စီးပွားဖြစ်လို၊ နှုတ်မှုပညာတတ်လိုသည့် လောကီကျိုးများအတွက် အခြားဘာသာဝင်တို့ ကိုးကွယ်သည့် သူရဿတီနတ်သမီးကို ကိုးကွယ်ဖို့မလိုပါ။ ရတနာသုံးပါးကို အရေးတယူသတိမူပြီး ယုံကြည်မှုသဒ္ဓါ အပြည့်ဖြင့် အချိန်မှန်၊ အကြိမ်မှန် ကိုးကွယ်ဆည်းကပ်ပါလျှင် မိမိတို့လိုချင်သော စီးပွား ပညာ နှုတ်မှု အဖြာဖြာသာမက များစွာသော လောကီလောကုတ္တရာ အကျိုးများကို ရရှိနိုင်ကြောင်း မြတ်စွာဘုရား ဟောကြားထားပါသည်။ ရတနာသုံးပါးကိုသာ သန့်သန့်ကိုးကွယ်ဆည်းကပ်ကြရန် တိုက်တွန်းပါသည်။
ဟိန္ဒူဗြဟ္မဏတို့ စိတ်က ဖန်တီးကိုးကွယ်နေသည့် သူရဿတီမယ်တော် မ,စဖို့က ရာနှုန်းပြည့် မသေချာပါ။ ကံကိုသာ ယုံကြည်အားကိုးရသော ဗုဒ္ဓဘာသာဝင် ဖြစ်သည့်အားလျော်စွာ ပညာ စီးပွား စသည်တို့ရရန်အတွက် ဉာဏ်ဦးဆောင်သော ၀ီရိယဖြင့် ကြိုးစားမှုဟူသော ပစ္စုပ္ပန်ကံကို ပြုလုပ်ပါက အတိတ်ကံအားလျော်စွာ အကျိုးတရားတို့ကို ခံစားရမည်မှာ ရာနှုန်းပြည့် သေချာပါသည်။ သူရဿတီမယ်တော်သည် တကယ်နတ်သမီးစစ်ဖြစ်၍ မ,စနိုင်သည် ထားဘိဦး ကံရှိမှ ကံကိုကြည့်ပြီး မ,နိုင်ကြပါ၏။ သိကြားမင်းပင်လျှင် သိကြားနတ်ရုင်၊ ကုသိုလ်ရှင်အား၊ မမြင်ရှောင်ကာ၊ မနေသာတည့်၊ မြင်ပါလျက်ကဲ့၊ ကုသိုလ်မဲ့က၊ တိမ်းငဲ့မျက်နှာ၊ မရှုသာတည့်-ဟူသော မဃဒေ၀လင်္ကာသစ် ဆုံးမစာအတိုင်း ကုသိုလ်ရှင်ကိုမှ သိကြား မ,စနိုင်ကြောင်း ဗုဒ္ဓဘာသာဝင်အားလုံးတို့ သတိထားသင့်ကြ၏။
ကာလာမသုတ်မှာဟောကြားထားသည့် မာ ပရမ္ပရာယ-ရှေးထုံးစဉ်လာ အယူဝါဒဖြစ်၍လည်း လက်မခံကြနှင့်ဦး-ဆိုသည့်အတိုင်း ပညာရှိတို့ ကဲ့ရဲ့သော ဤသူရဿတီ မယ်တော်-ကိုးကွယ်မှု ရှေးထုံးစဉ်လာကို စွန့်လွှတ်ဖို့ အချိန်တန်ပေပြီ။ ကျေးဇူးရှင် မန်လည်ဆရာတော်ဘုရားကြီး၏ အန္ဓဗာလ၊ လူထိုမျှတို့၊ ကမ္မ၀ီရိယ၊ မယုံကြဘူး၊ သီဝမဟေ၊ ပရမေ သူရာ၊ ဗြဟ္မာဗိဿနိုး၊ ကမ္ဘာစိုးနှင့်၊ တန်ခိုးကြီးမား၊ နတ်ဘုရားတို့၊ ပေးစားဖန်ဆင်း၊ ဖြစ်တုံလျင်းဟု၊ ချွတ်ယွင်းသမှု၊ အမှားရှုသည်၊ တောင်သူ့ ယူလေ့ယူလာတည်း-ဟူသော ဆုံးမသြ၀ါဒအတိုင်း အယူမှားသည့် အန္ဓဗာလများ မဖြစ်ကြရလေအောင် ပုဂံခေတ်မှစ၍ မှားလာသည့် မယ်တော်နတ်သမီး ကိုးကွယ်မှုကို ပညာဗုဒ္ဓဘာသာဝင်များ ပီပီ စွန့်လွှတ်ကြရန် ဆန္ဒပြုလိုက်ရပါသည်။
( ဓမ္မာစရိယ ဦးအေးနိုင်-ဘီအေ )

Monday, October 26, 2009
ပြိုင်ပွဲ
ဒကာမြှောက်တော့ ဆရာလဲ။ ဆရာမြှောက်တော့ ဒကာမွဲ-ဟူသောစကားလေးကို ငယ်စဉ်ကပင် ကြားခဲ့ဖူးပါသည်။ ဒကာမြှောက်သဖြင့် လဲသွားသောဆရာနဲ့ ဆရာမြှောက်သဖြင့် မွဲသွားသော ဒကာတို့သည် ရှေးကလည်း ရှိခဲ့ပါသည်။ ယခုလည်း ရှိနေပါသည်။ နောင်လည်း ရှိနေပါလိမ့်ဦးမည်။
လဲသွားသော ဆရာသည် မလဲခင်က သတိမ၀င်နိုင်။ မြှောက်လေ မြောက်လေ ဖြစ်နေသဖြင့် အမြောက်ထဲမှာ ယစ်မူးနေပါသည်။ နစ်မျောနေပါသည်။ မွဲသွားသော ဒကာသည်လည်း မမွဲခင်က သတိမမူနိုင်။ မြှောက်လေ မြောက်လေ ဖြစ်နေသဖြင့် အမြောက်ထဲတွင် ယစ်မူးနေပါသည်။ နစ်မျောနေပါသည်။ ဆရာလည်း လဲကျသွားခါမှ၊ ဒကာလည်း မွဲပျာကျသွားခါမှ နော်တကို ရင်ဝယ်ပိုက်ကာ နေကြရပါတော့သည်။ အမြှောက်ကြိုက်ခြင်း၏ ခါးသီးသောအရသာတို့ကို တ၀ကြီး ခံစားနေကြရပါတော့သည်။
လောကသတ္တ၀ါတို့ အမြှောက်ကြိုက်တတ်ပုံကို အောက်ပါပုံပြင်လေးက ဖော်ပြထားပါ၏။
လူတယောက်သည် အလွန်အမြှောက်ကောင်းကြောင်း နာမည်ကြီးလှပါ၏။ သူမြှောက်ပြောလိုက်တိုင်း အမြှောက်ခံရသူတို့မှာ မြောက်မြောက်သွားကြ၏။ သိသိသာသာ မြောက်သွားသည်နှင့် မသိမသာ မြောက်သွားသည်သာ ကွာခြားပါ၏။ သူ၏အမြှောက်ကို ခံရသူတိုင်း မြောက်သွားကြသည်ချည်းပင်။
ထိုလူ၏ အမြှောက်ကောင်းမှု ဂုဏ်သတင်းသည် လူ့ပြည်တွင်သာ ပျံ့သင်းနေသည် မဟုတ်ပါ။ ငရဲပြည်အထိပင် ပျံ့သင်းနေပါလေ၏။ အမြှောက်ကောင်းလှသော ထိုလူသည် သေသွားသည့်အခါ ငရဲသို့ ရောက်သွားပါလေတော့၏။ ငရဲရောက်သွားသည့်အခါ ငရဲထိန်းတို့က ငရဲသားဖြစ်သော ထိုလူကို ယမမင်းကြီးထံ အစစ်ဆေးခံဖို့ ခေါ်သွားပါလေ၏။ ထိုလူသည် ငရဲရောက်သွားသော်လည်း သူ့ဗီဇ သူ့ဝါသနာကို မဖျောက်နိုင်သဖြင့် ယမမင်းကြီးကို ဤသို့ ပြောပါလေတော့၏။
ယမမင်းကြီး၊ ကျွန်တော်မျိုး လူ့ပြည်တုန်းက ယမမင်းကြီးဆိုတာ အင်မတန် အရုပ်ဆိုးတယ်လို့ ကြားခဲ့ရပါတယ်။ အခု ယမမင်းကြီးကို ကျွန်တော်တွေ့ရတော့ လူ့ပြည်တုန်းက ကျွန်တော်ကြားဖူးထားတာနဲ့ တခြားစီဖြစ်နေပါတယ်။ လူ့ပြည်က လူတွေက ယမမင်းကြီး ရုပ်လှတာကို မနာလိုလို့ ယမမင်းကြီးကို အင်မတန် အရုပ်ဆိုးတယ်လို့ ပြောကြတာ ဖြစ်ပါလိမ့်မယ်။ ယမမင်းကြီးက လူ့ပြည်ကလူတွေ ပြောသလို ရုပ်မှမဆိုးတာ။ ယမမင်းကြီးက အရမ်းအရမ်းကို လှတာပဲ။
ထိုအခါ ဘေးမှ ငရဲထိန်းတို့က ဤလူ အလွန်မြှောက်ပြောတတ်မှန်း သိထားကြသဖြင့် ယမမင်းကြီးကို ဤသို့ သတိပေးစကား ပြောကြားကြပါ၏။
ယမမင်းကြီး၊ သတိထားပါ၊ အဲဒီလူဟာ မြှောက်ပြောတတ်တဲ့နေရာမှာ အလွန်နာမည်ကြီးတဲ့လူ ဖြစ်ပါတယ်။ ယမမင်းကြီးကို အခု အဲဒီလူက မြှောက်ပြောနေပါတယ်။
ထိုအခါ ယမမင်းကြီးက ငရဲထိန်းတို့အား ဤသို့ ပြောလိုက်ပါလေ၏။
မင်းတို့ကလဲကွာ၊ ဒီလူ မှန်တာပြောနေတာ ပြောစမ်းပါစေ။
ဤပုံပြင်လေးသည် လောကသတ္တ၀ါတို့ အမြှောက်ကြိုက်တတ်ကြသဖြင့် သရော်ကာ သတိပေးထားသည့် ပုံပြင်လေးဖြစ်ပုံရပါသည်။
ရုပ်မလှသူပင်ဖြစ်သော်လည်း သူ့ကို ရုပ်လှသည်ဟုပြောလျှင် သူ့ကိုယ်သူ ရုပ်မလှမှန်း သိလျက်နှင့်ပင် သဘောကျနေတတ်သည်။ ပေါ်ပေါ်လွင်လွင် မပြုံးသော်လည်း ရင်ထဲမှာ ကြိတ်၍ပြုံးနေတတ်ပါသည်။ အမြောက်မကြိုက်ပါဟု ကြွေးကြော်နေသူတို့ပင်လျှင် မြှောက်မှန်းမသိသာအောင် ယုတ္တိယုတ္တာ ရှာကြံကာ မြှောက်ပင့် အပြောခံလိုက်ရလျှင် ယမမင်းကြီးပြောသလို မှန်တာပြောတာ ပြောစမ်းပါစေကွာဟု ဆိုမိကြမည်ပင်။
ဘေးပတ်ဝန်းကျင်မှ မြှောက်ပင့်ပေးကြမှုတို့သည် အပြိုင်ဝါသနာပါသူတို့ကို တဦးနှင့်တဦး အပြိုင်ခိုင်းကြပါလေတော့၏။ ပြိုင်ပွဲဝင်သူတို့ ဖတ်ဖတ်မောသွားတတ်ကြပုံကို အောက်ပါပုံပြင်လေးက သတိပေးထားပြန်ပါလေ၏။
တောရွာက ကျောင်းထိုင်ဘုန်းကြီးနှစ်ပါးသည် အခြားရွာသို့ အတူသွားကြ၏။ ထိုကျောင်းထိုင် ဘုန်းကြီးနှစ်ပါးတွင် ကျောင်းသားလေးတယောက်စီ ပါလာကြ၏။ ဘုန်းကြီးနှစ်ပါးသည် စကားတပြောပြောနှင့် ရှေ့က သွားကြ၏။ ကျောင်းသားလေးနှစ်ယောက်ကား နောက်ခပ်လှမ်းလှမ်းမှ စကားပြောရင်း လိုက်လာကြ၏။ ခရီးအတော်လေး သွားလိုက်သောအခါ ကျောင်းသားတယောက်က-ငါတို့ဘုန်းကြီးက ရှေ့ကရောက်တယ်၊ မင်းတို့ဘုန်းကြီးက နောက်မှာကျန်ရစ်တယ်-ဟုဆို၏။
နောက်ကျောင်းသားတယောက်က ဟော-ကြည့်ကွ။ အခု ငါတို့ဘုန်းကြီးက ရှေ့က ရောက်သွားပြီ။ မင်းတို့ဘုန်းကြီးက နောက်ကျသွားပြီ-ဟုဆိုလိုက်သည်။
ကျောင်းသား ၂-ယောက်သည် သူ့ဘုန်းကြီး ရှေ့ရောက်တယ်။ ငါ့ဘုန်းကြီးက ရှေ့ရောက်တယ်-ဟု ငြင်းခုံနေကြ၏။ ဘုန်းကြီးနှစ်ပါးသည် ထိုငြင်းခုံသံကို နားထောင်ရင်း သူ့ထက်ငါ အမြန်ရှေ့ရောက်အောင် သွက်သွက်လက်လက် သွားကြရာမှ ဖိနပ်နှစ်ဖက်ကို ချွတ်ကာ ခြေစုံပစ် ပြေးကြသည်အထိ ရောက်သွားကြပါ၏။ ဖတ်ဖတ်မော၍ ဟောဟဲ ဟောဟဲ ဖြစ်သွားကြပါလေ၏။
ဤပြုံပင်လေးသည်လည်း ယမမင်းကြီး ပုံပြင်လိုပင် တကယ့်အဖြစ်အပျက်တော့ မဟုတ်နိုင်ပါ။ ဘေးပတ်ဝန်းကျင်၏ အမြှောက်အပင့်ခံရလျှင် အပြိုင်ဝါသနာပါသူတို့ ပြိုင်ပွဲဝင်သွားတတ်မိကြပုံကို သတိပေးထားပုံရပါသည်။ အမြှောက်အပင့် ကြိုက်ပြီး အပြိုင်ဝါသနာပါသူတို့ လောကကြီး၌ ကားပြိုင်ပွဲ၊ အိမ်ပြိုင်ပွဲ၊ ရွှေပြိုင်ပွဲ၊ ငွေပြိုင်ပွဲ၊ အ၀တ်အစားပြိုင်ပွဲ၊ သားပြိုင်ပွဲ၊ သမီးပြိုင်ပွဲ၊ ခင်ပွန်းပြိုင်ပွဲ၊ ဇနီးပြိုင်ပွဲ၊ ဆရာပြိုင်ပွဲ၊ တပည့်ပြိုင်ပွဲ၊ ရာထူးပြိုင်ပွဲ၊ ဘွဲ့ထူးပြိုင်ပွဲ၊ စသည့် ပြိုင်ပွဲပေါင်းများစွာ ပြုလုပ်ကျင်းပနေကြသည်ကို နေရာတကာမှာ မြင်တွေ့နိုင်ကြပါသည်။ အကုသိုလ်ပွားစေမည့် ပြိုင်ပွဲတို့ကို ရှောင်ရှားပြီး ကုသိုလ်ပွားစေမည့် ပြိုင်ပွဲတို့ကို ပြုလုပ်ကျင်းပနိုင်ကြပါမူ ကောင်းလေစွ။
သာမဏေကျော်

ကိလေသာ နှင့် ပယ်သတ်နည်း
တထောင့်ငါးရာ ကိလေသာတွေဟာ ဘယ်မှာကိန်းအောင်းပါသလဲ ဆိုရင် ခန္ဓာအစဉ်မှာ ကိန်းအောင်နေပါတယ်။
ခန္ဒာအစဉ်ဆိုတာကို အနည်းငယ်ချဲ့ပြီး ပြောပြပါဦးမယ်။
လောကမှာ ပညတ်တရား, ပရမတ်တရားလို့ တရားနှစ်မျိုးရှိတယ်။ ပညတ်တရားဆိုတာ လူတယောက်နဲ့တယောက် စကားပြောကြတဲ့အခါ နားလည်လွယ်အောင် စကားပြောလို့ဖြစ်အောင် ရှေးပညာရှင်ကြီးများ တင်စားခေါ်ဝေါ်ထားတဲ့ ယောက်ျား, မိန်းမ, လူ, နတ် ဆိုတဲ့ အမည်နာမတွေဟာ ပညတ်တွေပဲ။ ပုထုဇဉ်မှန်သမျှ ပညတ်ကိုသာ သိတယ်။ ပညတ်ကို ဖောက်ခွဲပြီး ပရမတ်ကို မသိကြဘူး။ ပရမတ်ကို မသိကြလို့ လူကို လူလို့ထင်တယ်။ ခွေး, နွား, ကြက်, ၀က်-ကို ခွေး, နွား, ကြက်, ၀က်-လို့ပဲထင်တယ်။ မိန်းမကို မိန်းမလို့ ထင်ပြီး ယောက်ျားကို ယောက်ျားလို့ ထင်ကြတယ်။
ပညတ်ဆိုတာ တင်စားထားတာ။ တကယ်စစ်မှန်တဲ့ ပရမတ်မဟုတ်ဘူး။ ဒါကြောင့် ငါ, သူတပါး, ယောက်ျား, မိန်းမ, လူ, နတ် စတဲ့ ပညတ်တို့ရဲ့ အမှန်ရှိတဲ့တရားကို ကြည့်လိုက်တော့ ရုပ်တရားနှင့် နာမ်တရားသာ ရှိတယ်။ ငါ, သူတပါး, ယောက်ျား, မိန်းမ, လူ, နတ် ဆိုတာက တင်စားထားတဲ့ ပညတ်။ အမှန်တရား မဟုတ်ဘူး။ အမှန်တရားက ရုပ်တရားနှင့် နာမ်တရားပဲ။ အဲဒီ ရုပ်တရားနှင့် နာမ်တရားကတော့ မြဲမြံခိုင်ခံ့တည်တံ့တဲ့ တရားတွေလားဆိုတော့ အဖြစ်နှင့်အပျက် (ဖြစ်ပြီးလျှင် ပျက်၊ ပျက်ပြီးလျှင် ဖြစ်) တဲ့ ခန္ဓာအစဉ်မျှသာဖြစ်တယ်။
မြဲမြံခိုင်ခံ့တည်တံ့တဲ့တရား တခုမျှမဟုတ်ဘူး။ မိမိတို့သန္တာန်မှာ ဖြစ်ပွားနေကြတဲ့ တထောင့်ငါးရာ ကိလေသာတွေဟာ အဲဓီခန္ဓာအစဉ်မှာ ကိန်းအောင်ကြတယ်။ ကိလေသာကိန်းအောင်းတာက သုံးမျိုးရှိတယ်။
အဲဒီကိလေသာသုံးမျိုးကို-
၁။ အနုသယ ကိလေသာ
၂။ ပရိယုဋ္ဌာန ကိလေသာ
၃။ ၀ီတိက္ကမ ကိလေသာ-လို့ခေါ်တယ်။
၁။ အနုသယ ကိလေသာ-ဆိုတာ ဥပါဒ်, ဌီ, ဘင် အားဖြင့် ထင်ရှားမဖြစ်ပေါ်ဘဲ အိပ်ပျော်နေတဲ့ ကိလေသာမျိုးကိုခေါ်တယ်။
၂။ ပရိယုဋ္ဌာန ကိလေသာ-ဆိုတာဟာ ဒွါရနှင့်အာရုံ တိုက်ကြုံမိပြီး အတွင်းသန္တာန်မှာ ထကြွသောင်းကျန်းလာတဲ့ ကိလေသာမျိုးကို ခေါ်တယ်။ အိပ်ပျော်ရာက နိုးလာတဲ့ ကိလေသာပေါ့။
အဲဒီ ပရိယုဋ္ဌာန ကိလေသာက မိမိစိတ်အတွင်းမှာသာ သောင်းကျန်းထကြွလာတာဖြစ်လို့ အပြင်လူ အနေနဲ့ သိပ်မသိသာဘူး။ အကဲခတ်ကြည့်မှ သိသာတဲ့ ကိလေသာမျိုးပေါ့။
၃။ ၀ီတိက္ကမ ကိလေသာ-ဆိုတာက စိတ်အတွင်း သောင်းကျန်းရုံမကဘူး။ စိတ်မှာ မှီခိုတဲ့ ကိလေသာက စိတ်ကိုပါမက ခန္ဓာကိုယ်ကိုပါ နိုင်ပြီး လွန်ကျူးမိတဲ့ ကိလေသာမျိုးဖြစ်တယ်။
ဒီကိလေသာသုံးမျိုးဟာ ရုပ်အစဉ် နာမ်အစဉ်မှာ ကိန်းအောင်းတယ်။
ဒီကိလေသာတွေကုန်အောင် ဘယ်လိုလုပ်ရမှာလဲဆိုတော့ အတိုချုပ်အားဖြင့် ၀ိပဿနာရှုရမှာပါ။ ၀ိပဿနာရှုတယ်ဆိုတာ ပညတ်အပေါ် ရှုလို့မရဘူး။ ပရမတ်အပေါ်မှာ ရှုရတယ်။ ပညတ်က မျက်စိနှင့်မြင်ကောင်းတယ်။ ရုပ်နာမ်ဆိုတဲ့ ပရမတ်ကတော့ မျက်စိနှင့် မမြင်ရဘူး။ ဉာဏ်နှင့်မြင်မှ ရတယ်။ ဉာဏ်နှင့်မြင်တဲ့ရုပ်နာမ်က အမှန်တကယ်ရှိတယ်။ မျက်စိနှင့်မြင်တဲ့ ငါ, သူတပါး, ယောက်ျား, မိန်းမ စတဲ့ ပညတ်က အမှန်တကယ်မရှိဘူး။
ဒါပေမယ့် မျက်စိနဲ့မြင်တွေ့နေရတဲ့ ငါ, သူတပါး, ယောက်ျား, မိန်းမ ဆိုတဲ့ ပညတ်ကို ပုထုဇဉ်တွေက အမှန်တကယ်ရှိတယ်ထင်လို့ ပညတ်အပေါ် လိုချင်မှု (လောဘ)၊ ပြစ်မှားမှု (ဒေါသ) စတဲ့ ကိလေသာတွေ ဖြစ်နေကြတာ။ မျက်စိနှင့် မြင်ရတာဟာ ပညတ်ပဲ။ ပညတ်ဆိုတာ တကယ်ရှိတာ မဟုတ်ဘူး။ တကယ်ရှိတဲ့တရားက ရုပ်နာမ်ပါလား။ တကယ်ရှိတယ်ဆိုတဲ့ ရုပ်နာမ်ဟာလည်း ဖြစ်ပျက်မျှသာပါကလားလို့ သိခဲ့လျှင် ကိလေသာဆိုတာ မဖြစ်တော့ဘူးပေါ့။ ဒါကြောင့် ဒီကိလေသာတွေကုန်အောင် ၀ိပဿနာ လုပ်ရမယ်လို့ ပြောခဲ့တာပါ။
ဒီကိလေသာတွေကို ဘယ်စိတ်နဲ့ ပယ်သလဲဆိုတော့ ကုသိုလ်စိတ်နဲ့ ပယ်တယ်။
အဲဒီကုသိုလ်က-
၁။ ကာမကုသိုလ်
၂။ မဟဂ္ဂုတ်ကုသိုလ်
၃။ လောကုတ္တရာကုသိုလ်-လို့ သုံးမျိုးရှိပါတယ်။ အဲဒီ သုံးမျိုးအနက်
ကာမသတ္တ၀ါတွေရဲ့ သန္တာန်မှာဖြစ်တဲ့ ကုသိုလ်ကို ကာမကုသိုလ်လို့ ခေါ်တယ်။ ကာမသတ္တ၀ါဆိုတာ သတ္တ၀ါများ ကျင်လည်ရာ ၃၁-ဘုံအတွင်းက အပါယ်လေးဘုံရယ်, လူ့ဘုံရယ်,နတ်ပြည်ခြောက်ဘုံရယ်။ ဒီ ၁၁-ဘုံကို ကာမတရား ကျက်စားကျင်လည်ရာဖြစ်လို့ ကာမဘုံလို့ ခေါ်တယ်။ ဒီကာမ ၁၁-ဘုံမှာဖြစ်တဲ့ သတ္တ၀ါကိုတော့ ကာမသတ္တ၀ါလို့ခေါ်တယ်။
အဲဒီကာမသတ္တ၀ါရဲ့ သန္တာန်မှာဖြစ်တဲ့ ဒါနကုသိုလ်, သီလကုသိုလ်, ဘာဝနာကုသိုလ်ကို (ကာမကုသိုလ်) လို့ခေါ်တယ်။ ကာမကုသိုလ်စိတ်က ကိလေသာကာမတရားများကို တဒင်္ဂပဟာန်အားဖြင့် ပယ်သတဲ့။ တဒင်္ဂပဟာန်ဆိုတာ ခေတ္တမျှသာ ပယ်နိုင်တယ်လို့ ဆိုလိုတယ်။
မဟဂ္ဂုတ်ကုသိုလ်က ကိလေသာတရားကို ၀ိက္ခမ္ဘနပဟာန်အားဖြင့် ပယ်သတဲ့။ ဘယ်လိုပယ်ခွါတာလဲဆိုတော့ မဟဂ္ဂုတ်ကုသိုလ်က ကိလေသာကို ဈာန်ရသမျှ ပယ်ခွါတယ်လို့ ဆိုလိုတယ်။ မဟဂ္ဂုတ်ကုသိုလ်ဆိုတာ ရုပကုသိုလ် ငါးခုနှင့် အရူပကုသိုလ်လေးခု ပေါင်း ၉-ခုသော ကုသိုလ်ကို ဆိုလိုရင်းဖြစ်တယ်။ မိမိတို့သန္တာန်မှာ မဟဂ္ဂုတ်ကုသိုလ် ၉-ခု ဖြစ်ပွားခဲ့လျှင် ကိလေသာတရားတွေကို ဈာန်ရနေသမျှ ကာလပတ်လုံး ပယ်ခွါနိုင်သတဲ့။ ဈာန်ရနေသမျှ ကာလပတ်လုံး ကိလေသာကို ပ်ာခွါနိုင်သည်ကို ထောက်လို့ ဈာန်ပျက်သည်နှင့်တပြိုင်နက် ကိလေသာတွေ ပြန်ပေါ်လာနိုင်သေးတယ်လို့ မှတ်ရမယ်။
ကာမကုသိုလ်တို့ မဟဂ္ဂုတ်ကုသိုလ်တို့ဟာ ကိလေသာကို အကြွင်းမဲ့ မပယ်နိုင်ကြဘူး။ ခေတ္တခဏမျှသာ ပယ်ခွါနိုင်တယ်။ ကိလေသာတွေ နောင်ပြန်မပေါ်အောင် ပယ်ခွါနိုင်တဲ့ကုသိုလ်က လောကုတ္တရာ ကုသိုလ်ဖြစ်တယ်။ လောကုတ္တရာကုသိုလ်က ကိလေသာတွေကို နောက်တဖန် မပေါ်လာအောင် သမုစ္ဆေဒပဟာန်နှင့် ပယ်ခွါနိုင်တယ်။ (သမုစ္ဆေဒ ဆိုတာ ကောင်းစွာ အကြွင်းအကျန်မရှိ ပယ်ဖြတ်တယ်လို့ ဆိုလိုပါတယ်။)
ကိလေသာကို တထောင့်ငါးရာ ကိလေသာ-လို့ သုံးနှုန်းကြတယ်။ အမှန် ကိလေသာကတော့ တရားကိုယ်အားဖြင့် ၁၀-ပါးတည်းရှိတယ်။ ကိလေသာဆယ်ပါးက-( လောဘ,ဒေါသ, မောဟ, မာန, ဒိဋ္ဌိ, ၀ိစိကိစ္ဆာ, ထိန, ဥဒ္ဓစ္စ, အဟိရိက, အနောတ္တပ္ပ) တို့ ဖြစ်ကြတယ်။
ကိလေသာ ၁၀-ပါးအနက် ဒိဋ္ဌိ နှင့် ၀ိစိကိစ္ဆာကို သောတာပတ္တိမဂ်ကုသိုလ်က ပယ်တယ်။
ဒေါသကို အနာဂါမိမဂ်ကုသိုလ်က ပယ်တယ်။
ကျန်တဲ့ကိလေသာတွေကိုတော့ အရဟတ္တမဂ်ကုသိုလ်က ပယ်တယ်။
သကဒါဂါမိမဂ်ကုသိုလ်ကတော့ ဘယ်ကိလေသာကိုမှ မပယ်နိုင်ဘူး။ သို့သော်လည်း ကိလေသာတွေ ခေါင်းပါးသွားအောင် အားနည်းသွားအောင်တော့ ပြုလုပ်နိုင်သတဲ့။
လောကုတ္တရာကုသိုလ်က ကာမကုသိုလ်, မဟဂ္ဂုတ်ကုသိုလ်တို့လို ကိလေသာကို ပယ်တာခြင်းတူသော်လည်း တော်တော်ကြာ ပြန်ပေါ်လာတဲ့ ပယ်နည်းမျိုး မဟုတ်ဘူး။ ပယ်ပြီးတဲ့နောက် လုံးဝပြန်မပေါ်လာတော့တဲ့ ပယ်နည်းမျိုးဖြစ်တယ်။ ဒါကြောင့် လောကုတ္တရာကုသိုလ်ရဲ့ ပယ်နည်းကို သမုစ္ဆေဒပဟာန်ပယ်နည်းလို့ ကျမ်းများမှာ ပြထားတယ်။
( တည်တော ဆရာတော် )
ကိလေသာမွှေနောက် မိုးအောက်ကလူတွေ-မှ

ဆင်းရဲ သုံးမျိုး
(၁) ဒုက္ခ ဒုက္ခ
(၂) ၀ိပရိနာမ ဒုက္ခ
(၃) သင်္ခါရ ဒုက္ခ
ဒီဆင်းရဲသုံးမျိုးအနက် ဒုက္ခဒုက္ခ-ဆိုတာ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းဟာ အမှန်ဆင်းရဲတာဖြစ်လို့ ဒုက္ခဒုက္ခလို့ ခေါ်တယ်။ ဒီ ဒုက္ခဒုက္ခဆင်းရဲမျိုးကိုတော့ ရှာဖွေနေဖို့ မလိုဘူး။ မရှာဘဲနဲ့တောင် တွေ့ရလွန်းလို့ ခက်နေတယ်။
ဝိပရိနာမဒုက္ခ-ဆိုတာ ဖောက်ပြန်သော ဆင်းရဲခြင်းလို့ ဆိုလိုတယ်။ ဘယ်လိုဖောက်ပြန်သော ဆင်းရဲခြင်းလဲဆိုတော့ ဥပမာ-ည ပွဲကြည့်တာပေါ့။ ကိုယ့်စိတ်ကတော့ နှစ်သက်သာယာပြီး ချမ်းသာသလိုလို ထင်နေတယ်။ အမှန်ကတော့ ဆင်းရဲခြင်းတရားပဲ။ အဲဒီလို ဆင်းရဲတာကို ချမ်းသာလို့ထင်နေတဲ့ ဆင်းရဲက ၀ိပရိနာမ ဒုက္ခတဲ့။ သူ့ကိုလည်း ရှာဖွေဖို့မလိုပါဘူး။ အနည်းငယ် စဉ်းစားကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ရှာဖွေရမည့် ဒုက္ခက သင်္ခါရဒုက္ခ-တဲ့။
သင်္ခါရဆိုတာ အနက်လေးမျိုး ရှိတယ်။ အဘိဓာန်ဂါထာ နံပါတ် ၈၃၂-မှာ-
သင်္ခါရော သင်္ခတေ ပုညာ-ဘိသင်္ခါရာဒိကေ ပိစ ။
ပယောဂေ ကာလေ သင်္ခါရာ၊ ဒျဘိ သံခရဏေသု စ ။ တဲ့
၁။ သင်္ခါရဆိုတဲ့ပုဒ်က ရုပ်နာမ် သင်္ခတအနက်ကိုလည်း ဟောတယ်။
၂။ ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနဉ္ဇာဘိသင်္ခါရ ဆိုတဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံ ကိုလည်းဟောတယ်။
၃။ အားထုတ်ခြင်း လုံ့လအနက်ကိုလည်း ဟောတယ်။
၎။ ကာယသင်္ခါရ၊ ၀စီသင်္ခါရ၊ မနောသင်္ခါရ ဆိုတဲ့ ကိုယ် နှုတ် စိတ်တို့ဖြင့် ပြုလုပ်ခြင်း အနက်ကိုလည်း ဟောတယ်။
အဲဒီ သင်္ခါရအနက်တွေထဲက သင်္ခါရ ဒုက္ခ-ဆိုတာဟာ ရုပ်နာမ်ဆင်းရဲခြင်းကို ဆိုလိုတယ်။ ဆင်းရဲခြင်းဒုက္ခက ကင်းလွတ်လိုလျှင် ရုပ်နာမ်တရားရဲ့ ဆင်းရဲခြင်းဒုက္ခအစစ်ကို မြင်အောင် ရှာပါတဲ့။
ဒုက္ခ-လို့ ဒီနေရာမှာသုံးတာက ဆိုင်းထမ်းဥပမာနှင့် သုံးတာပါ။ ဆိုင်းထမ်းတဲ့သူဟာ အလယ်ကထမ်းတော့ ဘေးကနှစ်ခုဟာ အလိုအလျောက် ပါသွားတဲ့ ဥပမာလို ရုပ်နာမ်ရဲ့ လက္ခဏာဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လို့ သုံးမျိုးရှိရာမှာ ဒုက္ခကိုမြင်လျှင် ကျန်တဲ့ အနိစ္စ၊ အနတ္တတရားများကို မြင်လာတာပေါ့။ အနိစ္စ၊ ဒုက္ခ၊ အနတ္တကိုမြင်လျှင် ရုပ်နာမ်အပေါ် တပ်မက်တဲ့တဏှာ မရှိတော့ဘူး။ ဒုက္ခသစ္စာခေါ်ရတဲ့ ရုပ်နာမ်အသစ်လည်း မဖြစ်တော့ဘူး။ စစ်မှန်သောဆင်းရဲခြင်း ချုပ်ငြိမ်းသွားပြီ။
ဒါကြောင့် ဆင်းရဲဒုက္ခက ကင်းလွတ်ချင်လျှင် ဆင်းရဲဒုက္ခအစစ်ကို တွေ့အောင်ရှာလို့ ပြောခဲ့တာပေါ့။
( တည်တောဆရာတော် )
ကိလေသာမွှေနောက် မိုးအောက်ကလူတွေ-စာအုပ် နှာ ၁၇-မှ

ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၁၃ )
( ယခင်လမှ အဆက် )
သဒ္ဓါဆိုတာကို အဘိဓမ္မာကျမ်းများမှာ စကြာမင်းကြီးရဲ့ ပတ္တမြားကဲ့သို့ သတ္တိရှိတယ်လို့ဆိုတယ်။ လေးကျွန်းလုံးကို အစိုးရတဲ့ စကြာမင်းမှာ ရတနာ ၇-ပါးရှိရာမှာ ပတ္တမြားရတနာဟာ တခုပါဝင်တယ်။ ပတ္တမြားရတနာရဲ့ စွမ်းရည်က ဘာဖြစ်သလဲဆိုရင် နွေခေါင်ခေါင် လမ်းဘေး မြောင်းထဲကရေအိုးခပ် အဲဒီ ပတ္တမြားကို ဒီရေအိုးထဲထည့်လိုက်။ ထည့်လိုက်ရင်
နံပါတ်(၁) ရေအိုးထဲမှာရှိတဲ့ အနည်အမှုန်၊ ရွှံ့နှစ်အားလုံး အောက်မှာ ထိုင်သွားတယ်။
နံပါတ်(၂) ရေမျက်နှာပြင် အပေါ်ယံမှာ ဖုံးနေတဲ့ မြူတွေ၊ အနည်တွေ၊ ဖုန်တွေ အကုန်လုံး ဘေးဖယ်ပြီး ကြည်နေတယ်။
ပြီးတော့ နံပါတ်(၃) ပူနေတဲ့ရေဟာ အေးသွားတယ်။
အနည်ထိုင်တာရယ်၊ မြူမှုန်တွေ ရှင်းသွားတာရယ်။ ပူနွေးနေတဲ့သဘောက အေးတဲ့သဘော ပြောင်းသွားတာရယ်။ အဲဒါတွေအားလုံး ပြုလုပ်နိုင်တာ စကြာမင်းကြီးရဲ့ ပတ္တမြားပဲ။
အဲဒါမျိုးပဲတဲ့။ ဗုဒ္ဓအကြောင်း ကြားလို့၊ သိလို့။ ဓမ္မအကြောင်း ကြားလို့၊ သိလို့။ သံဃာအကြောင်း ကြားလို့၊ သိလို့ သဒ္ဓါဖြစ်ပြီဆိုရင် ဒကာ ဒကာမတွေ နှလုံးသားထဲမှာ ဝေဒနာဝင်လာရင် ခုတင်က ရေနောက်အိုးထဲမှာ ပတ္တမြားထည့်လိုက်သလို
(၁) ကိလေသာတွေအားလုံး ထိုင်ပြီး ငြိမ်သွားတယ်။
(၂) စိတ်အပေါ်မှာ ဖုံးနေတဲ့ နီဝရဏတွေ ဖယ်ပြီးတော့ စိတ်ကြည်လာတယ်။
(၃) ပူနေတဲ့ စိတ်တွေဟာ အေးသွားတယ်။
ရေလိုပဲ၊ အဲဒါကြောင့် ကိလေသာတွေကို အနည်ထိုင်စေတယ်။ နီဝရဏတွေကို ခွါပစ်စေတယ်။ ပူလောင်တဲ့ စိတ်ကို အေးချမ်းစေတယ်။ အဲဒီလို ကြည်ညိုတဲ့သဒ္ဓါရှိရင် အားလုံးသော သူတော်ကောင်းတွေ မျက်မှောက်ဘ၀မှာ ဒီအကျိုး ၃-မျိုး ရရှိတယ်။
ဗုဒ္ဓအပေါ် ဓမ္မအပေါ် သံဃာတော်များအပေါ်မှာ သဒ္ဓါတရား ပျက်သွားပြီဆိုလို့ရှိရင် ကိုယ့်မှာ အဲဒီအကျိုး ၃-မျိုး ဆုံးရှုံးသွားတယ်။ ဒီ ၃-မျိုးမရှိတော့ဘူးဆိုရင် ဘ၀မှာ ဘယ်နေလို့ကောင်းတော့မလဲ။ ဒါကြောင့် ရတနာ ၃-ပါးအပေါ်မှာ သဒ္ဓါတရား ရောက်ကြစမ်းပါ။ ရောက်ရင် အကျိုး ၃-မျိုး လက်ငင်းရပါတယ်။ ခုတော့ ဘုရားအပေါ်မှာ သဒ္ဓါတရားက မရောက်နိုင်ကြဘူး။ ဥပမာ-ဘုရားတော်နောက်က လိုက်နေပြီးတော့ အလုပ်အကျွေးပြုတဲ့ ရဟန်း ၇-ပါးထဲက တပါးသောရဟန်း သုနက္ခတ္တ-တဲ့။ အဲဒီရဟန်းက ပုထုဇဉ်ပဲ ရှိသေးတယ်။ သူက ဘုရားနောက်က လိုက်သွားရင်းနဲ့ လမ်းမှာ ဂျိန်း-ဘုန်းကြီးတွေ သွားတွေ့တယ်။ ဂျိန်း-ဘုန်းကြီးဆိုတာ အ၀တ်မရှိဘူး။ ကိုယ်တုံးလုံးကြီးနဲ့။ မြေကြီးမှာ အိပ်တယ်။ မြေကြီးမှာ စားတယ်။ အဲဒီ ဂျိန်း-ဘုန်းကြီးတွေလဲ တွေ့လိုက်ရော သူကစဉ်းစားတယ်။ ဟာ-လောဘများ ကုန်နေလိုက်ကြတာ။ အဆောက်အဦး လက်မခံဘူး။ စားစရာခွက်တွေ ဘာတွေလဲ လက်မခံဘူး။ အ၀တ်အထည်လဲ လက်မခံဘူး။ လောဘကုန်နေလို့ ဖြစ်မယ်-တဲ့။ ဒီကိုယ်တုံးလုံး ဆရာကြီးတွေက ပစ္စည်း ၄-ပါးကို အကုန်ပယ်ပစ်တော်မူတယ်။ လက်မခံဘူး-ပေါ့။
မြတ်စွာဘုရားကတော့ ဒီပစ္စည်း ၄-ပါးက မှီခိုရာ ပစ္စည်း ၄-ပါးလို့ ဟောပြတယ်။ ဂေါတမဗုဒ္ဓကတော့ သူသီတင်းသုံးဖို့အတွက် အနာထပိဏ်ဆောက်တဲ့ကျောင်း ၅၄-ကုဋေတောင် ကုန်တယ်။ ဒီလောက် ကြီးကျယ်တာကြီးတွေတောင် လက်ခံတယ်။ ဟောဒီ ဂျိန်းကိုယ်တော်ကြီးတွေကတော့ သစ်ပင်ရိပ် မြက်ခြောက်ခင်းပြီး အိပ်တာပဲ။ ဒီကိုယ်တော်တွေကမှ လောဘကုန်တာ။ သိဒ္ဓတ္ထဂေါတမက လှူသမျှလက်ခံ၊ လောဘမကုန်သေးဘူး-ဆိုပြီးတော့ ကိုယ်တုံးလုံး ဂျိန်းဆရာတွေ တွေ့လာတဲ့ရဟန်း ၁-ပါးက ဘုရားအပေါ်မှာ သဒ္ဓါတရား ပျက်တယ်။
အဲဒီလို ဘုရား တရား သံဃာအပေါ်မှာ အတွေးခေါင်သွားတယ်။ ကိုယ်တုံးလုံးနဲ့ နေတဲ့သူကို ကိလေသာကုန်တယ်။ ပစ္စည်း ၄-ပါးနဲ့ သပ်သပ်ရပ်ရပ်နေသူကို ကိလေသာမကုန်ဘူးလို့ ထင်ရင် အဲဒါ စဏ္ဍာလဥပါသကာ ဖြစ်တယ်။ ရတနာ ၃-ပါးကို ဆည်းကပ်တော့ ဆည်းကပ်တယ်။ ဒါပေမဲ့ စဏ္ဍာလ ဖြစ်သွားတယ်။ စိတ်ကြမ်းသွားပြီလေ။ သဒ္ဓါတရား မရှိရင် ဒါကြမ်းသွားတယ်။ နောက်တမျိုးက စက်ဆုပ်ဖွယ်ကောင်းတဲ့ ဗုဒ္ဓဘာသာမျိုး ဖြစ်သွားတယ်။ နောက်တမျိုးက ညစ်ညူးတဲ့ အညစ်အကြေးတွေ စုပုံနေတဲ့ ဗုဒ္ဓဘာသာမျိုး ဖြစ်သွားတယ်။
နောက်တခါ ချစ်သားတို့ ကိုယ်ကျင့်တရား ပျက်ပြားလာတဲ့ ပုဂ္ဂိုလ်မျိုးဟာလဲပဲ ဥပါသကာစဏ္ဍာလ ဖြစ်နိုင်တယ်။ ကိုယ်ကျင့်သီလ ပျက်လာပြီဆိုရင် အခြေခံစောင့်ထိန်းရမယ့် ၅-ပါးသီလ ပျက်စီးရင် ဒါဟာ စဏ္ဍာလဥပါသကာပဲ။ အဲဒီနေရာမှာလဲ ပျက်စီးပုံက နှစ်မျိုးရှိတယ်။ သီလနဲ့ သီလရဲ့စွမ်းရည်သတ္တိကို ယုံတယ်။ လက်ခံတယ်။ ကျင့်သုံးတယ်။ ဒါပေမဲ့ မထိန်းသိမ်းနိုင်လို့ သတိအားနည်းလို့ ပျက်တာတမျိုး။
နောက်တမျိုးက ပါဏာတိပါတာ-သတ္တ၀ါတွေအသက်ကို သတ်ဖြတ်တယ်။ ဖျက်ဆီးတယ်။ အဲဒါ အကုသိုလ်ဖြစ်သလား။ ဘာမှ အကုသိုလ်မဖြစ်ဘူး။ အကုသိုလ်ဆိုတာ မရှိဘူး။ အဲဒီလို ခံယူချက်မျိုးတွေကို ခံယူပြီးတော့မှ သီလပျက်တယ်။ အဲဒါ ပိုဆိုးတယ်။
နောက်တခါ စဏ္ဍာလဥပါသကာဆိုတဲ့ ပုဂ္ဂိုလ်မျိုးဟာ ကောတုဟလဆိုတဲ့ မင်္ဂလာကို လက်ခံ၏-တဲ့။ မြတ်ဗုဒ္ဓက မင်္ဂတရား ၃၈-ပါး ဟောထားတာ ဘုန်းကြီးတို့ ရှင်းလင်းစရာမလိုဘူး။ မင်္ဂလာရဲ့ အဓိပ္ပါယ်က မကောင်းတဲ့ စရိုက်ဆိုးတွေကို ဖယ်ရှားပစ်ခြင်း-တဲ့။ ဒါကြောင့် အချက်ကောင်းတွေ ပြုစုပျိုးထောင်နေကြသမျှ တိုင်းပြည်နဲ့လူမျိုးမင်္ဂလာရှိတယ်။ မကောင်းတဲအကျင့်တွေ ဖယ်ရှားနေသမျှ ကာလပတ်လုံး တိုင်းပြည်နဲ့လူမျိုးမှာ အစဉ်အမြဲ မင်္ဂလာရှိနေမှာပဲ။ သဗ္ဗပါပဿ ၀ိနာသနံ၊ သဗ္ဗလောက ဟိတတ္ထာယ-လို့ ရွတ်ဖတ်နေကြတယ်။ ဒါပေမဲ့ ရွတ်ဖတ်နေရုံနဲ့မပြီးဘူး။ တကယ်ကျင့်ဖို့လဲ အရေးကြီးတယ်။ မင်္ဂလာရဲ့အဓိပ္ပါယ်ကို လူသားတွေ တကယ်နားလည်ပြီး ကျင့်သုံးကြမယ်ဆိုရင် ရှေးဦးစွာမင်္ဂလာရဲ့ အဓိပ္ပါယ်ကို နားလည်အောင် လုပ်ရမယ်။ နားလည်ပြီးမှ မကောင်းမှုကို ပယ်ရှား။ ကောင်းမှုကို ပွားများကြရမယ်။ ဘယ်လိုကျင့်သုံးကြမလဲ ဆိုတော့ မကောင်းမှုကို ကျင့်သုံးနေတဲ့ သတ္တ၀ါကို ဝေးဝေးရှောင်တာလဲပါတယ်။
၃၈-ဖြာမင်္ဂလာကို အကုန်လုံးအစီအစဉ်အတိုင်း နားလည်ကြပါ၏။ သို့သော် အဲဒီ မင်္ဂလာတွေ ရှိနေပါလျက်နဲ့ မနက်ခင်း အိပ်ရာကထ-ဟို ရွှေပြည်စိုးငှက်ကလေး တွန်သံကြားရင် မင်္ဂလာရှိလိုက်လေ။ ဒါ-သုတမင်္ဂလာ။ ဪ-ရှေ့ဝန်းထဲက လပြည့်ဝန်းကြီး ထွက်လာတာ ကြည့်ရတာ မင်္ဂလာရှိလိုက်လေ။ ဟာ-လငပုပ် မဲသွားပြီဟေ့။ ဒါ မင်္ဂလာမရှိဘူး။ အဲဒါတွေ ဘာခေါ်သလဲ ဒိဋ္ဌမင်္ဂလာ၊ သုတမင်္ဂလာမျိုးတွေပဲ။ ဟာ-ငါ မင်္ဂလာဆောင်သွားမလို့လုပ်တုန်း ပုပ်စော်နံလိုက်တာ။ မင်္ဂလာမရှိဘူး။ ဟာ-စံပယ်ပန်းရနံ့ ရသဟေ့၊ မွှေးတယ်။ မင်္ဂလာရှိတယ်။ ဒီလိုဟာတွေဟာ ဒိဋ္ဌမင်္ဂလာ၊ သုတမင်္ဂလာ၊ မုတမင်္ဂလာပဲ။ လူတွေက ဒါတွေကို အတိတ်နိမိတ်တွေ ကောက်ပြီးတော့ လုပ်နေကြတာ လောကမှာ အများကြီးပဲ။ အထူးသဖြင့် ဘုန်းကြီးတို့ အာရှကလူတွေ ပိုများတယ်။ ဗုဒ္ဓဘာသာထဲက လူတွေ ပိုများတယ်။
ဥပမာ-ဘုန်းကြီးက ကရင်ပြည်နယ်မှာ တရားသွားဟောတယ်။ မြတ်စွာဘုရားရဲ့ သာသနာတော်ထဲက ပစ္စည်း ၄-ပါးအကြောင်း ဟောတယ်။ ပစ္စည်း ၄-ပါးထဲကမှ ဆေးပစ္စည်းအကြောင်းကို ခွဲပြောတယ်။ အဲဒီဆေးပစ္စည်းထဲက စတုမဓူအကြောင်းကို ပြောတယ်။ စတုမဓူထဲမှာ ထောပတ်တွေ မများစေနဲ့၊ အန္တရာယ်ရှိတယ်။ ဆီတွေမများစေနဲ့၊ မများရင် ကောင်းတယ်။ ထောပတ်နဲ့ဆီကို အတတ်နိုင်ဆုံး နည်းအောင်လုပ်။ ပျားရည်ကတော့ ဆေးတကာ့ဆေးထဲ အကောင်းဆုံးဆေးဖြစ်လို့ သူ့ကိုအများဆုံးထား။ ဒုတိယအများဆုံးက တင်လဲ။ တတိယနေရာမှာကတော့ နှမ်းဆီ။ စတုတ္ထအနည်းဆုံးထားရမှာက ထောပတ်။ ထောပတ်က Cholesterol အားပေးတယ်။ နှလုံးသွေးကြောပိတ်စေတယ်။ အဲဒါကြောင့် စတုမဓူစား အားရှိတယ်ဆိုပေမယ့် ထောပတ်နဲ့ ပျားရည်ကို ဆတူစပ်ထားတဲ့ စတုမဓူမျိုးဟာ သွေးကြောတွေပိတ်၊ ဦးနှောက်သွေးကြောတွေပိတ်၊ အဆီတွေပိတ်ပြီး ဒုက္ခများတတ်တယ်။ ဘာညာ ပြောတယ်။ ဘုရားဆေးပေမယ့် စနစ်တကျ ဖော်စပ်ဖို့ အဲဒါကို အချို့က ဘယ်လိုစပ်ရင် ကောင်းမလဲ။ ပျားရည်က ၄-ဆ၊ တင်လဲက ၂-ဆ၊ နှမ်းဆီက ၁-ဆ၊ ထောပတ်က အနည်းဆုံး ၁-ဆစပ်။ အဲဒီလို စပ်ဖို့ပြောတာကို သီတဂူဘုန်းကြီး ထီထိုးဖို့ အတိတ်ပေးသွားတယ်-လို့ပြောကြတယ်။
အဲဒါမျိုးကို ကောတုဟလမင်္ဂလာ၊ မိမိရဲ့ ကံတို့ ဉာဏ်တို့ ၀ီရိယတို့ကို အားမကိုးတော့ဘူး။ ဒီလိုအရိပ်နိမိတ်တွေ လိုက်ပြီးတော့ အားကိုးလာတယ်။ အဲဒီလို ဗုဒ္ဓဘာသာတွေဟာ စဏ္ဍာလဗုဒ္ဓဘာသာလို့ ခေါ်တယ်။ အညစ်အကြေးတွေ စုပုံလာတဲ့ ဗုဒ္ဓဘာသာလို့ ခေါ်တယ်။ အဲဒါကို မြတ်စွာဘုရားက ရဟန်းတို့-၃၈-ဖြာမင်္ဂလာ ရှိပါလျက်ကနဲ့ အဲဒီမင်္ဂလာကို မယုံကြည်နိုင်ကြတော့ဘဲ မကျင့်သုံးနိုင်ကြတော့ဘဲ ကြားတာ မြင်တာတွေနောက် လိုက်ပြီး နိမိတ်ကောက်လုပ်တတ်တဲ့ ကောတုဟလ မင်္ဂလာမျိုးကို ယုံကြည်လက်ခံ ကျင့်သုံးလာကြပြီဆိုရင် အဲဒီလို ဗုဒ္ဓဘာသာမျိုးဟာ စဏ္ဍာလဥပါသကာ ညစ်ညူးတဲ့ ဥပါသကာ။ စက်ဆုပ်ဖွယ်ကောင်းတဲ့ ဗုဒ္ဓဘာသာမျိုး ဖြစ်တယ်လို့ ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။( ရှေ့လ ဆက်ရန် )
သီတဂူ ဆရာတော်

Sunday, October 25, 2009
ဘာသာရေး ပြဿနာ ( ၈၈ )
( ဘဒ္ဒန္တတိလောကသာရ ဖြေသည် )
(မေး) (ဗောဓိပင်ကို ထီးတင်ခြင်း)
အရှင်ဘုရား၊ ဗောဓိပင်သည် ပရိဘောဂစေတီထိုက်တော်မူသည်ကို တပည့်တော်နားလည်ပြီး ဖြစ်ပါသည်ဘုရား။ ထိုဗောဓိပင်အား စေတီတော်များကဲ့သို့ ထီးတော်တင်လှူ ပူဇော်ထားသည်ကို မြင်ရပါ၍ ပို၍ အကျိုးသက်ရောက်မှု ရှိ-မရှိ လုပ်သငိ့-မလုပ်သင့် နှင့် သာသနာတော်အတွက် အနှောင့်အယှက် ဖြစ်နိုင်-မဖြစ်နိုင်ကို ဖြေကြားပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။
( ဦးသောင်း-ဒဂုံမြို့သစ် တောင်ပိုင်း )
(ဖြေ)
ဗောဓိပင်ကို စေတီတော်များကဲ့သို့ ထီးတင်ခြင်း ထုံးစံမရှိပါ။ ညောင်ရေလောင်းခြင်း စသော သင့်လျော်သော ပူဇော်မှုမျိုးကိုသာ ပြုသင့်ပါသည်။ မဟာဝင်ဝတ္ထု၌ ဒုဋ္ဌဂါမဏိမင်းကြီးသည် ဗောဓိပင်ကို ပူဇော်ဦးအံ့ဟုကြံ၍ ဗောဓိပင်ကို ပလ္လင်မြှင့်ခြင်း၊ တံတိုင်းကာခြင်း၊ တံခွန်ဆွဲခြင်း၊ ရွှေသလဲ ငွေသလဲ ကြဲခြင်း အစရှိသော ပူဇော်ခြင်းအထူးကို ပြုတော်မူ၏။ (မဟာဝင်ဝတ္ထု-၃၃၈) စသည်ဖြင့် ပါရှိသဖြင့် ဗောဓိပင်နှင့် သင့်လျော်သော ပူဇော်ခြင်းမျိုးတို့ဖြင့် ပူဇော်ခြင်းသည်သာ သူတော်ကောင်းတို့ ချီးမွမ်းဖွယ် ဖြစ်ပါသည်။ သာသနာတော် တလျှောက်လုံး၌ ဗောဓိပင်ကို ထီးတင်ခြင်းဟူသော ပူဇော်မှုမျိုး မရှိခဲ့ဘူးကြောင်း သတိပြုဖွယ် ဖြစ်ပါသည်။
********************************************************************************
(မေး) (အမေကို ကျွေး၊ ဘုရားကို လှူ)
အရှင်ဘုရား၊ တပည့်တော်အဒေါ်က ဘုရားကိုဆွမ်းကပ်တာထက် ကိုယ့်အမေကို ကျွေးတော့ ပိုပြီး ကုသိုလ်မရဘူးလားတဲ့။ အမေက လက်ငင်းစားရတယ်-ဟု ပြောပါသည်။ အဲသည်အမေးကို ဖြေကြားတော်မူပါဘုရား။ ဥပမာလေးနှင့် ပြောပြလျှင် သိပ်ကောင်းမှာပါဘုရား။ အရှုဘုရား၏ အဖြေကို တပည့်တော်စောင့်မျှော်နေမှာပါဘုရား။ ဖြေဆိုပေးတော်မူပါဘုရား။
(ဒကာ-ကျော်မင်းလွင်)
(ဖြေ)
လောကတွင် ဘုရားသာ အမြတ်ဆုံးဖြစ်၍ ဘုရားကို လှူပြီးမှ စားသောက်ကြခြင်းမှာ ဗုဒ္ဓဘာသာတလောကလုံး၏ ထုံးတမ်းစဉ်လာ ဖြစ်ပါသည်။ အမိ အဖ ဆရာသမားတို့မှာလည်း မိမိ၏ စားဦးသောက်ဦးကို ပေးလှူရမည့်ပုဂ္ဂိုလ်များ ဖြစ်ပါသည်။ အဆင့်အတန်းအားလျော်စွာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးနောက်မှ ပေးလှူရမြဲဖြစ်ပါသည်။ ဥပမာအားဖြင့်-ကျီး ခွေး စသော တိရစ္ဆာန်များထက် လး-ဖုန်းတောင်းယာစကာများကို ဦးစွာပေး ကျွေးသင့်ပါသည်။ ထိုထက် လူသူတော်စင်များ၊ မိဘဆရာသမားများ၊ ရဟန်းသံဃာနှင့် ရတနာသုံးပါး အဆင့်ဆင့် ဦးစားပေး လှူဒါန်းကြရပါသည်။

(မေး) (ချမ်းသာ ခုနစ်ဝ)
အရှင်ဘုရား၊ ဆွမ်းအလှူရှင်တို့အား ဆရာတော်များက-ယခုကပင်၊ နိဗ္ဗာန်ဝင်အောင်၊ ကျိုးအင်ငါးချက်၊ နေ့စဉ်တက်ပြီး၊ ဆက်ဆက်မြင့်ရာ၊ ချမ်းသာခုနစ်ဝ၊ ကိုယ်ပိုင်ရ၍၊ ဘ၀ဆုံးခန်း၊ နိဗ္ဗာန်နန်းကို၊ စံမြန်ကြရပါစေသော်-ဟု ဆုပေးလေ့ရှိကြပါသည်။ ယင်း၌ ချမ်းသာခုနစ်ဝ ဆိုသောစကားကို တပည့်တော်များ နားမလည်ပါ၍ ရှင်းပြတော်မူပါဘုရား။
(အရှင်ပညာသီရိ-မိတ္ထီလာ)
(ဖြေ)
ဆွမ်းအကျိုး ငါးပါးမှာ-သက်ရှည်, ဆင်းလှ၊ ချမ်းသာရ၊ ဗလ, ဉာဏ်ပညာ၊ ဖြစ်၍ ၄င်းအကျိုးငါးပါး ဤဘ၀တွင် ရရှိလျက် နောင် လူ့ဘ၀၊ နတ်ပြည် (ခြောက်ထပ်နှင့် ခုနစ်ဘ၀ပါ) ချမ်းသာခုနစ်ဝ ရ၍ နိဗ္ဗာန်အထိ အကျိုးပြုပါစေ-ဟု ဆိုလိုပါသဖြင့် လူနှင့် နတ်ပြည်ခြောက်ထပ်ကို ချမ်းသာခုနစ်ဝ-ဟု ယူလိုပါသည်။
*********************************************************************************
(မေး) (ဆွမ်းသွပ်ခြင်း)
အရှင်ဘုရား၊ လူ့ဘ၀မှာ လူတယောက် ကွယ်လွန်သွားပြီဆိုလျှင် ဗုဒ္ဓဘာသာထုံးစံအတိုင်း အသုဘကိစ္စ ပြုလုပ်၍ ခုနစ်ရက်လည်လျှင် ဆွမ်းသွပ် (သပိတ်သွပ်)ကြပါသည်။ ၄င်းဆွမ်းသွပ်ခြင်း အဓိပ္ပါယ်ကို ဖြေကြားပေးတော်မူပါဘုရား။
(သီဟကိုကို-ပဲခူး)
(ဖြေ)
လူ့ဘ၀မှ ကွယ်လွန်သွားသူသည် အကယ်၍ ပေတလောက (ပရဒတ္တူပဇီဝိတခေါ် လူ့ဘ၀က အမျှပေးဝေသည်ကို သာဓုခေါ်နိုင်သော အဆင့်မြင့်) ပြိတ္တာမျိုး ဖြစ်နေလျှင် ၄င်းအား ရည်စူး၍ ကျန်ရစ်သူများက ကုသိုလ်ပြု အမျှပေးဝေရပါသည်။ သာဓုခေါ်လျှင် ၄င်းတို့ကိုယ်တိုင် ကုသိုလ်ပြုရသကဲ့သို့ ကောင်းကျိုးကို ခံစားနိုင်ပါသည်။
ဗုဒ္ဓဘာသာတို့သည် ကုသိုလ် အကုသိုလ် ရောနှောအကျိုးပေးလျှင် ထိုပေတလောကသို့ အရောက်များတတ်သည်။ သို့ဖြစ်၍ သေပြီးနောက် သေသောနေ့တွင် သက်ပျောက်သပိတ်ဟူ၍၄င်း၊ ချသောနေ့တွင် မြေဆင်းသပိတ်ဟူ၍၄င်း။ ရက်လည်နေ့တွင် ရက်လည်သပိတ်ဟူ၍၄င်း အရပ်ထုံးစံအားလျော်စွာ လှူဒါန်း အမျှပေးမှု ပြုကြလေ့ရှိပါသည်။
တချိန်တွင် သာဓုခေါ်နိုင်က ကွယ်လွန်သူအဖို့ ကောင်းကျိုးချမ်းသာ ရရှိနိုင်ပါသည်။ သံဃာတော်တို့၏ သပိတ်ထဲသို့ လောင်းလှူသွတ်သွင်း၍ အမျှပေးဝေကြရသဖြင့် သပိတ်သွပ်သည် (ဆွမ်းသွပ်သည်) ဟု ဝေါဟာရ ပြုထားကြပါသည်။

(မေး) (ဥစ္စာစောင့်)
အရှင်ဘုရား၊ တပည့်တော်တို့ လူ့ဘုံလောကကို ဥစ္စာစောင့် သိုက်နန်းရှင်တွေဟာ လာချင်တိုင်း လာ၊ ပြန်ချင်တိုင်း ပြန်သွားလို့ ရတယ်လို့ လူတွေအတော်များများက ယုံကြည်နေကြပါတယ်ဘုရား။ အဲဒါ ဖြစ်နိုင်ပါသလား။ နောက်ပြီး ဥစ္စာစောင့်နှင့် သိုက်နန်းရှင်ဆိုတာ မတူဘူးလို့ ပြောကြတယ်ဘုရား။ ဘယ်လိုကွာခြားပါသလဲ။ တကယ်ကော ရှိ-မရှိ ဖြေကြားပေးတော်မူပါဘုရား။
(မောင်ချိုလေး-ပဲခူး)
(ဖြေ)
ဥစ္စာစောင့်ဟူသည် ဘုမ္မစိုးနတ်မင်းကြီး၏ လက်အောက်ခံ ပေတမျိုးနွယ်များ ဖြစ်ကြသည်ဟု ဆိုသည်။ လူတို့ တခါတရံ တွေ့ကြ၊ ကြုံကြသဖြင့် လူ့ဘ၀နှင့် နီးစပ်သည်ဟု ထင်ရသော်လည်း အမှန်အားဖြင့် ဘ၀ချင်း ကွာခြားလှပါသည်။ ဘုမ္မဿိတပေတ (မြေကို မှီနေသော ပြိတ္တာမျိုး) များစွာ ရှိသဖြင့် ၄င်းအမျိုးထဲမှ ဖြစ်နေသော ဥစ္စာစောင့် သိုက်နန်းရှင်ဆိုသည်များလည်း ရှိမည်ဆိုက ရှိနိုင်ပါသည်။ လူများ၌ အဆင့်အတန်း အမျိုးမျိုး ရှိသလို ပြိတ္တာများလည်း အဆင့်အတန်းအမျိုးမျိုး ရှိနိုင်ကြောင်း ပေတ၀တ္ထုတွင် ဖတ်ရှုသိသာရပါသည်။

(မေး) ( လင် ကုသိုလ်ပြုက မယား ရ-မရ)
အရှင်ဘုရား၊ လင်ယောက်ျားက တနေရာတွင် ကုသိုလ်ပြုခဲ့ပါလျှင် အိမ်မှနေသော မယား ကုသိုလ် ရ-မရ။ မယားအိမ်က လှူဒါန်းမှုပြုလျှင် ခရီးသွားနေသော လင် ကုသိုလ် ရ-မရ သိလိုပါသည်။ မယားပြုက သိသိ-မသိသိ လင်ကုသိုလ်ရသည်ဟု ပြောကြားသည်ကို ကြားရပါသည်။ ရှင်းရှင်းဖြေကြားတော်ပါမူပါဘုရား။
(ဒေါ်ညီမ-ပြည်မြို့)
(ဖြေ)
အပဒါန်ပါဠိတော်၊ အဋ္ဌကထာ၊ ထေရာ ထေရီ ပါဠိတော်၊ အဋ္ဌကထာတို့၌ ဘုရားအလောင်း၊ ပစ္စေကဗုဒ္ဓါအလောင်း၊ ရဟန္တာယောက်ျားအလောင်း၊ ရဟန္တာမိန်းမအလောင်း တို့သည် ဆုတောင်း၍ ကုသိုလ်ပြုသဖြင့် မိမိတို့ကုသိုလ်ပါရမီအားလျော်စွာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရကြသည်။
ယောက်ျားဆုတောင်း၍ ပြုသောကြောင့် ယောက်ျားသာ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ ဖြစ်သည်။ မိန်းမဆုတောင်း၍ပြုသောကြောင့် မိန်းမသာ ရဟန္တာ(မိန်းမ) ဖြစ်သည်ဟု လာသည်။ ဒီပင်္ကရာမြတ်စွာဘုရား လက်ထက် ယသော်ဓရာ အလောင်း သုမိတ္တာ သူဌေးသမီးဖြစ်စဉ်က ငါတို့ဘုရားလောင်း၏ ဇနီးမယားဖြစ်ရန် ဆုတောင်း၍ ဘုရားလောင်းနှင့်အတူ ဖြစ်ရသောဘ၀တိုင်း၌ ကုသိုလ်ပြုဘက်ဖြစ်သော်လည်း ရဟန္တာမလောင်းအဖြစ် ပါရမီမဖြည့်နိုင်ခဲ့သေးပေ။ ဘုရားလောင်းသာ လေးသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ခဲ့သည်။
ပဒုမုတ္တရဘုရားလက်ထက် (ကမ္ဘာတသိန်းအလို) ကျမှ ယသောဓရာအလောင်း ကုသိုလ်ပြု ဆုတောင်း၍ ရဟန္တာမ-ဖြစ်ရန် ပါရမီ ဖြည့်ရသည်။ ထိုအခါမှ ပါရမီရှင် စစ်စစ် ဖြစ်ရ၏။ ဤခေတ်တွင် ပါရမီရှင်ဟု လွယ်လွယ်ခေါ်နေကြသည်။ ရှေးဦးစွာ ဗောဓိဆု တဆုဆုကို တောင်းရဦးမည်ဖြစ်၏။ ဆုတောင်းပြီးမှ ထိုဆုပြည့်ရန် ဒါနစသည့် ပါရမီတို့ကို ပြုလုပ်ရမည်ဖြစ်သည်။ ဆုမတောင်းဘဲ လှူဒါန်းခြင်းစသည်မှာ ပါရမီမဟုတ်သေးကြောင်း သတိပြုရပေမည်။

(မေး) ( ကံ စိတ် ဥတု အာဟာရနှင့် သုံးဆဲ့နှစ်ကောဋ္ဌာသ)
အရှင်ဘုရား၊ ဆံပင်း၊ မွေးညှင်း၊ စသော ၃၂-ကောဋ္ဌာသတို့ကို ပထ၀ီဓာတ် ၂၀၊ အာပေါဓာတ် ၁၂-ပါးဟု ခွဲထားသည်ကို သိရပါသည်။ တခါက အရှင်ဘုရားသည် ၄င်း ၃၂-ကောဋ္ဌာသကို ကံ စိတ် ဥတု အာဟာရ ၄-ပါးနှင့်ခွဲပုံကို ရေးသားသည်ဟု သိရပါသည်။ ထိုခွဲပုံကို တပည့်တော်အား အကျဉ်းမျှ ဖြေစေလိုပါသည်ဘုရား။
(သိလိုသူ-စောမြမောင်၊ ဘားအံ)
(ဖြေ)
ဆံပင်၊ မွေးညှင်း စသော ၃၂-ကောဋ္ဌာသတွင် ပြည်၊ အစာသစ်၊ အစာဟောင်း၊ ကျင်ငယ်၊ ဥတုကြောင့်ဖြစ်သည့် ၄-ပါး။
နှပ်၊ တံတွေး၊ ချွေး၊ မျက်ရည်၊ ဥတု-စိတ် ၂-ပါးကြောင့်ဖြစ်သည့် ၄-ပါး။
၎င်း ၈-ပါးမှ ကြွင်း ၂၄-ပါးမှာ ကံ စိတ် ဥတု အာဟာရကြောင့် ဖြစ်သည်ဟု မှတ်သားသင့်ပါသည်။
၎င်းအကြောင်းမှတ်ဖွယ် ကဗျာတပုဒ် ကင်းဝန်မင်းကြီး ကဗျာစာအုပ်တွင် ဤသို့တွေ့ရသည်။
ဥတုဖြစ်မှာဖြင့်၊ ပြည်-စာသစ်၊ ကျင် နှစ်တန်။
နှပ်-တံတွေး၊ ချွေး-မျက်ရည် လေးပုံစုမှာ၊
ဥတု-စိတ် နှစ်ပါးငယ်ကြောင့်၊ ပွားဘိအမှန်။
နှစ်ဆယ့်လေး၊ စုဝေးကြ ကြွင်းအကျန်၊
စိတ်-ကံ-ဥ-အာ-လေး။
သမုဋ္ဌာန်၊ ဟုတ်မှန်အောင် မှတ်ယူသိလေဟု၊ ညွှန်းဘိလတ်သေး။

(မေး) (ဗုဒ္ဓဘာသာနှင့် သုံးဆယ့်ခုနစ်မင်း နတ်များ)
အရှင်ဘုရား၊ ဗုဒ္ဓဘာသာဝင် အမည်ခံ အတော်များများ ၃၇-မင်းနတ် ကိုးကွယ်နေကြသည်။ လက်ရှိကောင်းကင်ယံတွင် နေထိုင်ကြကုန်သော ၀ိသာခါ ကျောင်းအမ၊ အနာထပိဏ်သူဌေးကြီးကဲ့သို့ နတ်ပြည်နေ နတ်များကိုမူ ကိုးကွယ်သည်ဟုတော့ မကြားတွေ့ရပါ။ စင်စစ် ၃၇-မင်းနတ်များသည် အစိမ်းသေများဟု စာပေလာရှိထားရာ ဗုဒ္ဓဘာသာဝင် အမြတ်စားဖြစ်လိုကြသူများအတွက် ဆုံးမဖြေကြားပေးတော်မူပါဘုရား။
(ဦးစောဌေး-တောင်ကြီး)
(ဖြေ)
ဝိသာခါ၊ အနာထပိဏ်တို့သည် နိမ္မာနရတီနတ်ပြည်၊ တာဝတိံသာ နတ်ပြည်ဟူသော နတ်ပြည်ခြောက်ထပ် အထက်တန်းစား နတ်မိဖုရားကြီး၊ နတ်မင်းကြီးများ ဖြစ်နေကြသည်။ ၄င်းတို့သည် လူ့ပြည်သို့ လာလေ့မရှိကြ။ လူတို့၏ အနံ့ကို မခံနိုင်ကြပါ။ ယူဇနာပေါင်းများစွာမှပင် လူတို့အနံ့ဆိုးများက လှိုင်၍နေသည်ဟု ဆိုကြသည်။
ဘုရား ရဟန္တာ အရိယာ သူတော်ကောင်းတို့၏ သီလရနံ့များကြောင့်သာ တခါတရံ လာရောက်နိုင်ကြသည်။ ယခုခေတ်လူများသည် ၄င်းနတ်ကောင်း နတ်မြတ်များကို အဆင့်မမီနိုင်ကြ။ လူ့ရွာရှိ ဖော်ပြပါ အစိမ်းသေ နတ်များလောက်သာ အဆင့်မီကြပြီး ထိုနတ်များကလည်း နတ်ဆိုးများပီပီ ထိုသူတို့အား မှီခိုနှိပ်စက်၍ စားနေကြသည်။ လူတို့ကလည်း သူခိုး၊ ဓားပြများကို ရိုက်နှက်မည်ကို စိုးရိမ်၍ ရှိခိုးနေကြသကဲ့သို့ ကိုးကွယ်ပသနေကြရခြင်းသာ ဖြစ်ရာ ဗုဒ္ဓဘာသာ သူတော်ကောင်းတို့ အလုပ်မဟုတ်သဖြင့် ယင်းနတ်ဆိုးများအား အဆက်အဆံမလုပ်ဘဲ ကုသိုလ်တရားသာ အားထားလုပ်ဆောင်၍ အမျှအတန်း ပေးဝေနေသင့်ကြောင်း ဖြေကြားအပ်ပါသည်။
( မြတ်မင်္ဂလာ ၂၀၀၁-ခု ဒီဇင်ဘာလ)

ကံဟူသည်
ကံဆိုသည်မှာ ပါဠိဘာသာ ကမ္မမှ ဆင်းသက်လာသော မြန်မာဝေါဟာရဖြစ်သည်။ ပြုလုပ်ခြင်း-ဟု အဓိပ္ပါယ်ရသည်။ ထိုပြုလုပ်ခြင်းဟူသော ကံသည်
(က) ကာယကံ-ကိုယ်ဖြင့်ပြုလုပ်ခြင်း။
(ခ) ၀စီကံ-နှုတ်ဖြင့်ပြောဆိုခြင်း။
(ဂ) မနောကံ-စိတ်ဖြင့်ကြံစည်ခြင်း-ဟူ၍ သုံးမျိုးရှိသည်။
ထိုသုံးမျိုးသည် စေတနာအရင်းခံ၍ ဖြစ်ပေါ်လာရသောကြောင့် စေတနာကို ကံ-ဟု ခေါ်သည်။
လောက၌ အလုံးစုံသော သတ္တ၀ါဟူသမျှတို့ကို အယုတ်, အလတ်, အမြတ် စသည် ထူးခြားကွဲပြားအောင် ကံကပင် စီမံဖန်တီးပေးသည်။ ကံ၏အကျိုးတရားကြောင့်ပင် တဦးနှင့်တဦး မတူကွဲပြား ခြားနားကြသည်။ အချို့က အမြင့်သို့ ရောက်သည်။ အချို့ အနိမ့်သို့ရောက်သည်။
အချို့က ကြွယ်ဝချမ်းသာသည်။ အချို့က ဆင်းရဲချို့တဲ့သည်။
အချို့က အသက်ရှည်သည်။ အချို့က အသက်တိုသည်။
အချို့က လှပတင့်တယ်သည်။ အချို့က လှပတင့်တယ်ခြင်းမရှိ။
အချို့က ပညာဉာဏ်ကြီးသည်။ အချို့က ပညာဉာဏ် နည်းသည်။
ဤသို့လျှင် တဦးနှင့်တဦး မတူကွဲပြား ခြားနားသည်မှာ ကံ၏အကျိုးပေးအရ ဖြစ်သည်။
ကံနှင့်ပတ်သက်၍ ဗုဒ္ဓဘုရားရှင်က ကောင်းမှုလုပ်သူ ကောင်းကျိုးရ၏။ မကောင်းမှုလုပ်သူ မကောင်းကျိုးရ၏။ အကြင်မျိုးစေ့ကို စိုက်ပျိုး၏။ ထိုအသီးကို သုံးဆောင်ရ၏-ဟူ၍ ဆုံးမတော်မူခဲ့ပေသည်။
ထို့ကြောင့် အကျွန်ုပ်တို့သည် ကောင်းသောအကျိုးကျေးဇူးကို ခံစားရရှိနိုင်ရန် ကောင်းသောအမှုကို ပြုကြရပေမည်။ မကောင်းသောအကျိုးမှ လွဲဖယ်စေရန် မကောင်းသောအမှုကို ရှောင်ရှားကြရပေမည်။
ကံတွင် အတိတ်ကံ၊ ပစ္စုပ္ပန်ကံဟူ၍ နှစ်မျိုးရှိသည်။ ထိုကံနှစ်မျိုးလုံးပင် အရေးကြီးသည်။ သာသနာတွင် နေလိုလလို ထင်ရှားသော ဆရာတော်မထေရ်ကြီးများတွင် တပါးအပါအ၀င်ဖြစ်သည့် စစ်ကိုင်းတောင် အနောက်ပရက္ကမဆရာတော်ဘုရားကြီးက-
ကံကလဲ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ နှစ်မျိုးရှိတယ်ကွဲ့။ နှစ်မျိုးစလုံး အရေးကြီးသော်လည်း ပစ္စုပ္ပန်ကံကိုက ပိုအရေးကြီးတယ်ကွဲ့။ ဘာကြောင့်လဲဆိုတော့ အတိတ်ကံက အတိတ်ဘ၀က ပြုလုပ်ပြီးသားမို့ အကျိုးပေးချင်နေတာ။ အကျိုးပေးဖို့ အခွင့်အခါကို စောင့်နေတာ။ ပစ္စုပ္ပန်ကံကို ပြုလုပ်ဖို့လိုတယ်။ ပစ္စုပ္ပန်ကံကို ကောင်းမွန်စွာ ပြုလုပ်လိုက်လျှင် အတိတ်ကံက အကျိုးပေးလိုက်မှာပဲ။ အတိတ်ကံကတော့ လူတိုင်းမှာ ရှိကြပြီးသား။ ပစ္စုပ္ပန်ကံက နည်းနေကြလို့သာ အကျိုးမပေးကြသေးတာ။
လောကီလောကုတ် နှစ်ပါးမှာ မကြီးပွားသူ၊ အကျိုးမပေးသူ မှန်သမျှ ပစ္စုပ္ပန်ကံ နည်းကြလို့သာ မှတ်ပေတော့။
ဥပမာ-နွားခြံကြီးတခု ဆိုပါတော့။ အတိတ်ကံက နွားခြံကြီးအတွင်းရှိတဲ့ နွားတွေနဲ့ တူတယ်ကွဲ့။ ပစ္စုပ္ပန်ကံကတော့ ခြံတံခါးနဲ့ တူတယ်ကွဲ့။ ခြံအတွင်းက နွားတွေဟာ ခြံတံခါးပိတ်ထားလို့သာကွဲ့။ ခြံတံခါး ဖွင့်လျှင်ဖွင့်ချင်း ထွက်ဖို့ အဆင်သင့်ပဲကွဲ့။ အဲဒါကြောင့် လောကုတ် လောကီ နှစ်လီလုံး အကျိုးပေးချင်သူ ကြီးပွားချင်သူ မှန်သမျှ ပစ္စပ္ပန်တံခါးကို ပိတ်မထားနဲ့ကွဲ့။ ပစ္စုပ္ပန်တံခါးဖွင့်ရန် လုံ့လ၀ီရိယ ထက်သန်စွာ ကြိုးစားရမယ်ကွဲ့-ဟူ၍ သြ၀ါဒပေးတော်မူခဲ့သည်။ မှတ်သားလိုက်နာဖွယ် ဖြစ်ပေသည်။

၁။ စည်းကမ်းမရှိဘဲ လုပ်တဲ့အလုပ်ဟာ ဘယ်တော့မှ တိုးတက်တယ်လို့ မရှိဘူး။
၂။ လောကီအာရုံတွေက ဆန်းပြားသလောက် သတ္တ၀ါတွေရဲ့ စိတ်ဓာတ်ဟာ အဲဒီအာရုံတွေနောက် လိုက်ပြီးတော့ အကုသိုလ်တွေ ပိုပြီးတော့ များနေကြတယ်။
၃။ ပရိယတ် ပဋိပတ်တွေ ထွန်းကားလာမှ ပဋိဝေဓဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်နိုင်ကြလိမ့်မယ်။ ပရိယတ် ပဋိပတ်ကိုသာ ကြိုးစားကြပါ။
၎။ အများနဲ့လုပ်တဲ့အခါ တယောက်နဲ့တယောက်ဆိုတာ သည်းခံမှုအပြည့်အ၀ ထားရတယ်။ မေတ္တာလဲ ထားရတယ်။ သစ္စာလဲ ရှိရတယ်။
( မှော်ဘီ သာသနာ့ဝန်ဆောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကုမာရ မဟာထေရ် )

Friday, October 23, 2009
ကျေးဇူးသစ္စာကို စောင့်သိခြင်း၏ အကျိုး
ရှေးအခါက တိုင်းပြည်တပြည်တွင် ပညာရှိ ပုရောဟိတ် အမတ်ကြီးတဦး ရှိသည်။ တခါသော် ထိုပုရောဟိတ်နှင့် ရှင်ဘုရင်တို့ တခုသောပြဿနာအတွက် သဘောကွဲလွဲကြ၏။ မင်းကြီးကလည်း ငါ ဘုရင်မင်းပဲ-ဟု မင်းမာန်ဖြင့် အလျှော့မပေးချေ။ ပုရောဟိတ်ကလည်း ငါပြောတာအမှန်ပဲ၊ သူလဲကောင်းဖို့၊ နိုင်ငံလဲ ကောင်းဖို့ ပြောတာပဲ-ဟု အလျှော့မပေးချေ။ ဘုရင်က ရာဇမာန်ပွားကာ ပုရောဟိတ်အမတ်ကြီးကို ရာထူးမှချ၊ အဆောင်အယောင်များကိုသိမ်း၊ ပင်ကိုယ်က ပါလာတဲ့ ပစ္စည်းလောက်နဲ့ မြို့ပြင်မှာနေစေ-ဟု အမိန့်တော်ချလိုက်သည်။
ပုရောဟိတ်ကြီးသည် မြို့ပြင်မှာ တဲထိုး၍ ဆင်းရဲစွာ နေရသော်လည်း မိမိ၏၀တ္တရားကို မပျက်ကွက်စေဘဲ ညစဉ် ကောင်းကင်နက္ခတ်တို့ကို ကြည့်ရှုလေ့ရှိပေသည်။ ထိုစဉ် ရှင်ဘုရင်ဖြစ်သူက ဆင်ခြင်မိသည်မှာ ငါမေးတိုင်း လက်အောက်မှူးမတ်များ၊ မင်းချင်းများက တိုင်းပြည်သာယာပါတယ်၊ မုဒိန်းဒန္တ စသည်တို့ ကင်းရှင်းပါတယ်-လို့ လျှောက်တင်ကြတယ်။ ယင်းတို့ ပြောတဲ့အတိုင်း မှန်-မမှန် သိရအောင် ငါကိုယ်တိုင်ထွက်၍ စုံစမ်းမည်-ဟု ကြံစည်မိ၏။ သို့ဖြင့် ညအခါ တဦးတည်း ရုပ်ဖျက်ကာ လက်နက်ကိုင်၍ လမ်းကြိုလမ်းကြားသွားနေလေသည်။
ထိုသို့ သွားနေစဉ် မိမိနှင့် မျက်နှာချင်းဆိုင်မှလာကြသော လူတစုနှင့် တွေ့မိရာ ထိုလူများက ဟေ့-ရှေ့ကလာတာ ဘယ်သူလဲ၊-ဟုမေး၏။ မင်းကြီးက-ကျွန်တော် ညလူပါ-ဟုဖြေ၏။ သူခိုးများက တယောက်တည်းလား၊ အများနဲ့လား၊ ဟုမေးရာ မင်းကြီးက မခိုးတတ်၊ ခိုးတတ်ဆိုတော့ တယောက်တည်းပါပဲ-ဟုဖြေပြီးလျှင် ဆရာတို့လက်ခံရင် တပည့်အဖြစ် လိုက်လိုပါတယ်-ဟု ပြော၏။ သူခိုးအုပ်စုက လက်ခံသဖြင့် လိုက်သွားရ၏။ မြို့ပြင်ရှိ ပုရောဟိတ်ဟောင်း၏ တဲအနီး သစ်ပင်အောက်တွင် အချိန်ကို ငံ့လင့်ကာ စောင့်ဆိုင်းနေကြသည်။
ထိုစဉ် ပုရောဟိတ်ဟောင်း အမတ်ကြီးလည်း တဲမှထွက်ကာ ကောင်းကင်နက္ခတ်ကို ကြည့်ပြီးလျှင် သူ၏ဇနီးအား ဤသို့ပြော၏။ ရှင်မရေ ငါတို့ဘုရင်ဟာ ခိုးသူတွေလက်ထဲ ရောက်နေခဲ့တယ်။ သို့ပေမဲ့ စိုးရိမ်စရာမရှိပါ။ သုံးနာရီအကြာမှာ ခိုးသူတွေ လက်ထဲက လွတ်မှာပဲ-ဟု ပြော၏။ ထိုအခါ ဇနီးက ရှင်ဟာ အမှတ်သည်းခြေ မရှိဘူး၊ ရှင်ဘုရင်က ရာထူးချထားလို့ ကျွန်မတို့ မြို့ပြင်မှာ တဲပုတ်နဲ့ နေနေရတယ်။ အခု ရှင်ပြောတဲ့စကား မင်းကြီးနားရောက်သွားရင် ရှင်တော့ အသတ်ခံရတော့မှာပဲ-ဟု ပြောရာ ပုရောဟိတ်ဟောင်းက ရှင်မရယ်-ဒီလိုမပြောပါနဲ့၊ ခုလို ဆင်းရဲစွာ နေရတာ ဘ၀ါဘ၀က ပြုခဲ့တဲ့ မကောင်းမှုကံကြောင့်ပါ။ မင်းကြီးရဲ့ ကျေးဇူးသစ္စာကို စောင့်သိရမယ်။ တို့ကိုမသတ်ဘဲ ထားတာကို များစွာကျေးဇူးတင်ရမယ်။ မင်းကြီးရဲ့ ဘုန်းရိပ်၊ ကံရိပ်ကြောင့် တို့ဆင်းရဲပေမယ့် အေးအေးချမ်းချမ်း နေရတယ်။ ဒါကြောင့် မင်းကြီးအပေါ် သစ္စာရှိရမယ်-ဟု ပြော၏။
ဘုရင်ကြီးလည်း ထိုစကားများကို ကြားသိရလျှင် ငါ ပုရောဟိတ်ကြီးကို ရာထူးချမိတာ မှားသွားလေပြီ-ဟု သတိသံဝေဂရ၍ စိတ်မချမ်းမသာ ဖြစ်မိသည်။ အချိန်ကျလျှင် ခိုးသူတို့လည်း တိုက်တခုကိုဝင်ရောက် ခိုးယူကြ၍ ဝေစုခွဲကာ အသီးသီး မိမိတို့လိုရာ သွားကြ၏။ ဘုရင်ကြီးလည်း ထိုက်တန်သည့် ဝေစုရကာ နန်းတော်သို့ ပြန်လာခဲ့၏။ နောက်တနေ့ ညီလာခံသဘင်၌ မင်းကြီးက အသစ်ခန့်ထားသော ပုရောဟိတ်အား ညက-နက္ခတ်တာရာများကို ကြည့်ပါရဲ့လား-ဟု မေး၏။ ပုရောဟိတ်အသစ်က ညက-နက္ခတ်တာရာများကို ကြည့်ပါတယ်။ တိုင်းပြည် ၀ပြောသာယာပြီး မင်းကြီးလဲ ဘုန်းတန်ခိုး တိုးတက်ပါလိမ့်မယ်-ဟု လျှောက်ထား၏။ မင်းကြီးက ပုရောဟိတ်အသစ် လျှောက်တင်ချက်ကို မှတ်ထားလိုက်၏။ ထို့နောက် မင်းချင်းတယောက်ကို စေလွှတ်၍ မြို့ပြင်မှ ပုရောဟိတ်ဟောင်းကို ခေါ်စေ၏။
ပုရောဟိတ်ဟောင်း၏ ဇနီးက မင်းကြီးထံမှ အခေါ်လွှတ်ကြောင်း သိရသော် ၄င်း၏ခင်ပွန်းအား ကျွန်မ မပြောဘူးလား၊ ရှင် ညက ပြောတာကြောင့် မင်းပြစ် မင်းဒဏ် သင့်တော့မယ်-ဟု ငိုယိုပြောဆို၏။ ထိုအခါ ပုရောဟိတ်ကြီးက ရှင်မရယ် အခေါ်လွှတ်ရုံနဲ့ မင်းပြစ် မင်းဒဏ် သင့်ရမှာလား၊ ကျုပ်ကို ဒဏ်ခတ်ချင်ရင် လက်မရွံ့အာဏာသားတွေနဲ့ ခေါ်မှာ၊ မပူပါနဲ့-ဟု ပြော၍ နန်းတော်သို့ လိုက်သွားလေ၏။
မင်းကြီးက ညက-ကောင်းကင်နက္ခတ်များ ကြည့်မိသလား၊ ဘယ်လိုနိမိတ်များ မြင်ပါသလဲ-ဟုမေးရာ ပုရောဟိတ်ဟောင်းက ညက-ကောင်းကင်နက္ခတ်များကို ကြည့်ပါတယ်။ မင်းကြီးဟာ ခိုးသူများလက်ထဲကို ခေတ္တမျှ ကျရောက်နေတာကို တွေ့ရပါတယ်။ သို့ပေမဲ့ သုံးနာခန့်ကြာရှိတော့ ခိုးသူများထံမှ လွတ်မြောက်ခဲ့ပါတယ်-ဟု လျှောက်တင်၏။ ထိုအခါ မင်းကြီးက ပုရောဟိတ်ဟောင်း ပြောတာနဲ့ ညက ငါကိုယ်တော်ဖြစ်ခဲ့တာ တထပ်တည်းပဲ။ အံကိုက်ပဲ။ ပုရောဟိတ်ဟောင်းကြီးက ငါ့အပေါ်မှာ သစ္စာရှိတယ်။ ကျေးဇူးတရားကို သိတတ်တယ်။ ပြုနေကျဝတ္တရားကို မပျက်မကွက် ပြုပေတယ်-ဟု ပြောဆိုပြီးလျှင် လိမ်လည်ပြောဆိုသည့် ပုရောဟိတ်အသစ်ကို ရာထူးမှချ၍ ပုရောဟိတ်ဟောင်းအား ရာထူးဌာနန္တရ စည်းစိမ်ဥစ္စာတို့ကို ပြန်လည်ပေးအပ်ပြီး ချီးမြှောက်လေသည်။
အကိုး။ နာနာဆန္ဒဇာတ်တော်ကို မှီးပါသည်။
( တက္ကသိုလ်ခေမာ-ကျိုက်လတ် )
( မြတ်မင်္ဂလာ ၂၀၀၁-ခု နိုဝင်ဘာလ )

ထေရဒ၀ါဒ ဗုဒ္ဓဘာသာ နှင့် ပါဠိဘာသာ
( မဂဓတိုင်း )
ပါဠိဘာသာသည် မာဂဓဘာသာတွင် အခြေခံ၏။(၀ါ) ပါဠိဘာသာသည် မြင့်မြတ်သော မာဂဓဘာသာ ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ၀ိသာခါသုတ်၌ ဘုရားရှင်ဟောထားသည့်အတိုင်း တိုင်းကြီး ၁၆-တိုင်းရှိရာ မဂဓတိုင်းသည် တတိုင်းအပါအ၀င်ဖြစ်၏။ ယခုခေတ် ဗီဟာရ်ပြည်နယ် တောင်ပိုင်းဖြစ်၏။ ဘုရားရှင်လက်ထက်က ထိုမဂဓတိုင်း၏ မြို့တော်မှာ ရာဇဂြိုဟ်မြို့ကြီးဖြစ်၏။ ထိုတိုင်းသည် သာသနာတော်တွင် အလွန်ထင်ရှားသော တိုင်းကြီးဖြစ်၏။ ဘုရားဖြစ်တော်မူရန်၊ လူသာမန်တို့ကျင့်နိုင်ရန် ခဲယဉ်းသော ဒုက္ကရစရိယာအကျင့်ကို ၆-နှစ်တိုင် ကျင့်သုံးရာဌာနလည်း ဖြစ်၏။ ဗောဓိပင်ရင်းရှိ ရတနာပလ္လင်ထက်ဝယ် ဒေ၀ပုတ္တမာရ် စသည့် မာရ်ငါးပါးကို အောင်မြင်ပြီးနောက် သစ္စာလေးပါးတရားကို သိမြင်တော်မူကာ သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင်အဖြစ်သို့ ရောက်ရာဌာနလည်း ဖြစ်၏။ ရာဇဂြိုဟ်မြို့တော်ကြီးမှာပင် ငါးဝါတိုင်တိုင် ဘုရားရှင် သီတင်းသုံးတော်မူ၍ သတ္တ၀ါအပေါင်းကို တရားထူးရစေတော်မူသော ဌာနလည်းဖြစ်၏။
အင်္ဂါလေးပါးရှိ၍ ဆဠဘိညဧဟိဘိက္ခူ ရဟန္တာပေါင်း ၁၂၅၀-ပါဝင်သော သာဝကအစည်းအဝေးကြီးဖြစ်ပေါ်ရာ အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့အား လက်ယာတော်ရံ လက်ဝဲတော်ရံ အဂ္ဂသာဝက ရာထူးအပ်နှင်းရာ သြ၀ါဒပါတိမောက်ကို ပြတော်မူရာဌာနကြီးလည်း ဖြစ်၏။ အရှင်မဟာကဿပ အမှူးရှိသော ပဋိသမ္ဘိဒါပတ္တဆဠဘိည ရဟန္တာကြီးငါးရာတို့ ပထမသင်္ဂါယနာ တင်ရာ တိုင်းဌာနကြီးလည်း ဖြစ်သည်။
( မာဂဓဘာသာ )
ထိုမဂဓတိုင်းသားတို့ ပြောဆိုသုံးစွဲသော ဘာသာစကားကို မာဂဓဘာသာဟု ခေါ်သည်။ မဂဓတိုင်းသုံးဘာသာစကားဖြစ်၏။ ထိုမာဂဓဘာသာကို အရိယာပုဂ္ဂိုလ်တို့ သုံးစွဲရိုးဖြစ်သောကြောင့် အရိယာဘာသာ-ဟူ၍လည်း ခေါ်သည်ဟု ပါရာဇိကဏ်ပါဠိ၊ အဋ္ဌကထာ၌ မိန့်ဆိုထား၏။ မာဂဓဘာသာကား သဘာဝနိရုတ္တိ-ဟူသော ဂုဏ်ထူးဝိသေသရှိသဖြင့် ဘာသာတကာတို့ထက် ထူးခြားသောဘာသာဖြစ်၏။ သဘာဝနိရုတ္တိ ဆိုသည်မှာ မိမိဆိုလိုသော အနက်အဓိပ္ပါယ်ကို ဖောက်ပြန်ပြောင်းလွှဲခြင်းမရှိ၊ တိတိကျကျ ဖော်ပြစွမ်းနိုင်၍ ဘုရားအစရှိသော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တို့ ဟောပြောသုံးစွဲသော ဘာသာဟု ဆိုလိုကြောင်း မူလဋီကာ၊ အနုဋီကာကျမ်းများ၌ မိန့်ဆိုထား၏။
တနည်းအားဖြင့်ဆိုသော် ဖောက်လှဲဖောက်ပြန် တိမ်းပါးပျက်စီးခြင်းမရှိ၊ ပကတိအတိုင်း တည်နေသော ဘာသာဟု ဆိုလိုသည်။ မှန်၏။ အခြားသော ဘာသာတို့သည် ကာလအတန်ကြာလာသောအခါ ဧကန်အမှန် ပြောင်းလဲပျက်စီးသွားကြ၏။ မာဂဓဘာသာမှာမူ နေရာအချို့၌ဖြစ်စေ၊ တခါတရံဖြစ်စေ ပြောဆိုသူတို့ အလွဲလွဲအမှားမှား ရွတ်ဆိုသင်ယူခြင်းစသော အကြောင်းကြောင့် ပြောင်းလဲပျက်စီးတတ်သော်လည်း နေရာများစွာ၌ ဖြစ်စေ၊ အခါခပ်သိမ်းဖြစ်စေ၊ ပြောင်းလဲခြင်း မရှိပေ။ အကြောင်းမှာ-ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့၌ မာဂဓဘာသာကိုသာ အပြောများ၏ဟု သမ္မောဟ၀ိနောဒနီ အဋ္ဌကထာ၌ မိန့်ဆိုထားရကား ကမ္ဘာပျက်သောအခါမှာပင် ကမ္ဘာပျက်ရာတွင် မပါဝင်သော ဗြဟ္မာ့ပြည်၌ သဘာဝအားဖြင့် တည်ရှိနိုင်သောကြောင့် ဖြစ်သည်။ (လူသားတို့ မှားမှားယွင်းယွင်း သင်ယူုခြင်း စသည်တို့ရှိသောကြောင့် အချို့နေရာ၌ တခါတရံ ပြောင်းလဲတတ်သည်ဟု ဆိုခြင်းဖြစ်၏။ ဗြဟ္မာ့ပြည်စသည့်နေရာတို့၌ မပြောင်းလဲဘဲ ပကတိသဘာဝအတိုင်း တည်ရှိနိုင်သည့်အတွက် နေရာများစွာ၌ အခါခပ်သိမ်း ပြောင်းလဲခြင်းမရှိဟု အနုဋီကာ၌ ဆိုထား၏။)
မာဂဓဘာသာကား အနက်အဓိပ္ပါယ်ကို ချမ်းသာလွယ်ကူစွာ သိနိုင်၊ ဆောင်နိုင်၏။ ဗုဒ္ဓရှင်တော်မြတ်ဘုရား မာဂဓဘာသာစကားဖြင့် တရားဟောတော်မူလျှင် ပဋိသမ္ဘိဒါပတ္တပုဂ္ဂိုလ်တို့မှာ ကြားရုံမျှဖြင့်ပင် နည်းပေါင်းရာထောင်ဖြင့် အဓိပ္ပါယ်ကို ကျယ်ဝန်းစွာသိကြ၏။ အခြားဘာသာဖြင့် ဘုရားစကားတော်အစဉ်ကို တင်ထားလျှင် ထိုစကားတော်ကို အရိုက်အပုတ်ခံ၍ သင်ယူကြရမည်ဖြစ်၏။ ပုထုဇဉ်ပုဂ္ဂိုလ်တို့အဖို့လည်း အမြောက်အများသင်ယူစေကာမူ ပဋိသမ္ဘိဒါပတ္တဖြစ်ရန် အခွင့်အလမ်းမရှိ။ အမှန်စင်စစ် မာဂဓဘာသာသည်သာ သဘာဝနိရုတ္တိဖြစ်၍ နိရုတ္တိပဋိသမ္ဘိဒါဉာဏ်၏အရာလည်း ဖြစ်၏။ နိရုတ္တိပဋိသမ္ဘိဒါဉာဏ်ကိုရလျှင် မာဂဓဘာသာကို အလိုအလျောက် တတ်နိုင်သည့်နည်းတူ မာဂဓဘာသာ၌ ကျွမ်းကျင်လိမ္မာခြင်းသည်လည်း ပဋိသမ္ဘိဒါဉာဏ်ကို ရခြင်းအကြောင်းတပါးလည်း ဖြစ်ပေသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် ပိဋကတ်သုံးပုံဟူသော တရားတော်ကို မာဂဓဘာသာဖြင့်သာ ဟောကြားတော်မူခြင်းဖြစ်သည်ဟု သမ္မောဟ၀ိနောဒနီစသော ကျမ်းများ၌ မိန့်ဆိုထား၏။
ကမ္ဘာပျက်ရာတွင် မပါဝင်သော ဗြဟ္မာ့ပြည်၌ သဘာဝအတိုင်း မပြောင်းမလဲ တည်ရှိခဲ့သောကြောင့် မာဂဓဘာသာသည် ကမ္ဘာဦးလူသားတို့ ပြောဆိုသော ဘာသာစကားလည်း ဖြစ်ခဲ့၏။ ထင်ရှားစေဦးအံ့။ ကမ္ဘာဦးလူသားတို့မှာ ဗြဟ္မာ့ပြည်မှ စုတေ၍ လူ့ပြည်သို့ ဥပပါတ် ပဋိသန္ဓေအားဖြင့် ရောက်လာကြသူများဖြစ်၍ လူသားအဖြစ်ဖြင့် ဖြစ်လာကြသည့်အခါမှာလည်း ဗြဟ္မာ့ပြည်တွင် ပြောဆိုခဲ့သော မာဂဓဘာသာကိုပင် ပြောဆိုကြသည်ဟု ကျမ်းဂန်တို့၌ မိန့်ဆိုထား၏။ သို့ဖြစ်၍ မာဂဓဘာသာသည် ဘာသာတကာတို့၏ အရင်းမူလဖြစ်ရကား မာဂဓဘာသာကို မူလဘာသာ-ဟုလည်း ကျမ်းဂန်တို့၌ သုံးနှုန်းကြ၏။ ထိုဘာသာစကားကို ( ကမ္ဘာဦးလူသား၊ ဗြဟ္မာ၊ သူတပါးတို့ စကားပြောသံကို မကြားရသေးသော ကလေးနှင့် တောတွင်း လူရိုင်း၊ မြတ်စွာဘုရား-) တို့ ပြောကြားကြသည်ဟု ပဒရူပသိဒ္ဓိကျမ်း၌ မိန့်ဆိုထားပေသည်။
ဗုဒ္ဓမြတ်စွာသည် မာဂဓဘာသာစကားဖြင့် တရားဒေသနာကို ဟောကြားခဲ့သည်ဟု ဆိုခဲ့၏။ ဤနေရာ၌ မာဂဓဘာသာစကား မတတ်သူ တရားနာ ဝေနေယျတို့မှာ တရားတော်ကို မည်သို့နားလည်နိုင်ပါသနည်းဟု မေးစရာရှိ၏။ အဖြေကား ဘုရားရှင်သည် မာဂဓဘာသာဖြင့်ပင် တရားတော်တို့ကို ဟောကြားတော်မူသည်မှာ အမှန်ပင်ဖြစ်သည်။ သို့ရာတွင် တရားနာယူသူ ပုဂ္ဂိုလ်တို့ကမူ မိမိတို့ဆိုင်ရာ ကိုယ်ပိုင်ဘာသာဖြင့်ပင် နားလည်ကြသည်။ ဥပမာ-ဒမိဠလူမျိုးတို့ကလည်း ဒမိဠဘာသာစကားဖြင့် ဟောကြားနေသည်ဟု ထင်ရသကဲ့သို့ အန္ဓက လူမျိုးတို့ကလည်း အန္ဓကဘာသာဖြင့်ပင် ဟောညွှန်ပြသဆိုဆုံးမနေသည်ဟု ထင်ရလေသည်။ ဤသို့ ထင်ရခြင်းသည်ပင် အစိန္တေယျဂုဏ်တော်လေးပါးတို့တွင် ၀ါစာအစိန္တေယျ ဂုဏ်တော်ဟူသော ဘုရားရှင်၏ တန်ခိုးအာနုဘော်ပင် ဖြစ်သည်ဟု ဣတိဝုတ္တက အဋ္ဌကထာစသော အဋ္ဌကထာကျမ်းများစွာ၌ မိန့်ဆိုထားသည်။
မာဂဓဘာသာသည် ဆိုခဲ့ပြီးသော ဂုဏ်တို့နှင့်သာ ပြည့်စုံသည်မဟုတ်သေး။ သာသနာတော်၏ အသက်ဟုဆိုရသော ၀ိနည်းကံဆောင်ရာတို့၌လည်း လွန်စွာ ကျေးဇူးများလှ၏။ မှန်၏။ ရဟန်းခံခြင်း၊ သိမ်သမုတ်ခြင်း စသော သာသနာတော်၏ မူလဘူတဖြစ်သည့် သံဃာ့ကံတို့ကို အောင်မြင်ထမြောက်အောင် ဆောင်ရွက်ရာ၌ ဆိုင်ရာကမ္မ၀ါာစာတို့သည် မပါလျှင် မပြီးသောအရာများဖြစ်ကြ၏။ ထိုကမ္မ၀ါစာတို့ကို သိထိလ, ဓနိတ, ၀ိမုတ္တ, နိဂ္ဂဟိတ ပီသအောင် ရွတ်ဖတ်နိုင်မှ ကံမြောက်၏။ ထိုသို့ ရွတ်ဖတ်နိုင်ရန်မှာလည်း မာဂဓဘာသာဆိုင်ရာ ရွတ်ဖတ်နည်းဖြစ်သော သိထိလ, ဓနိတ စသည့် ဗျဉ္ဇနဗုဒ္ဓိဆယ်ပါးကို ကျွမ်းကျင်ရမည်။ ကျွမ်းကျင်မှသာ ကမ္မ၀ါစာကို မပျက်စီးစေဘဲ ကံအထမြောက်အောင် ရွတ်ဖတ်နိုင်၏။ မာဂဓဘာသာကို မတတ်လျှင်ကား ကမ္မ၀ါစာတို့ကို အောင်မြင်ထမြောက်အောင် ရွတ်ဖတ်နိုင်မည် မဟုတ်ချေ။ သို့ဖြစ်၍ မာဂဓဘာသာသည် ဗုဒ္ဓမြတ်စွာ သာသနာတော် အဓွန့်ရှည်ကြာ တည်တံ့ရေး၌ အလွန်အရေးပါ အရောရောက်သော ဘာသာထူး ဘာသာမြတ် ဖြစ်လေသည်။
( မာဂဓဘာသာနှင့် ပါဠိဘာသာ )
ယခု ကျွန်ုပ်တို့ သုံးနှုန်းပြောဆိုနေသော ပါဠိဘာသာဟူသော ဝေါဟာရကို အရိယဘာသာ၊ ဓမ္မနိရုတ္တိ၊ သဘာဝနိရုတ္တိ၊ မာဂဓဘာသာ၊ တန္တိဘာသာ၊ မူလဘာသာ၊ ပကတိဘာသာ ဟူသော အမည်တို့ဖြင့်သာ ပါဠိ အဋ္ဌကထာ ဋီကာတို့၌ သုံးနှုန်းသည်ကို တွေ့ရ၍ ပါဠိဘာသာဟူသော အမည်ဖြင့် သုံးနှုန်းသည်ကို မတွေ့ရသလောက် ရှိ၏။ သို့သော် မူလပဏ္ဏာသဋီကာ၊ သီလက္ခန်ဋီကာဟောင်းတို့၌ကား တန္တိနယာနုစ္ဆ၀ိကံ-၏ အဖွင့်တွင် ပါဠိဂတိယာ အနုလောမိကံ၊ ပါဠိဘာသာယာနုဝိဓာယိနိန္တိ အတ္ထော-ဟု ရှားရှားပါးပါး တွေ့ရ၏။ အဋ္ဌကထာ ဋီကာတို့၌ ပါဠိဘာသာ-ဟူသော ဝေါဟာရကို အတွေ့ရနည်းသော်လည်း ဓမ္မောတိ ပါဠိစသည်ဖြင့် ပါဠိ-ဟူသော အသုံးအနှုန်းတို့ကိုမူ အတော်များများ တွေ့ရ၏။ ထိုပါဠိဟူသော ဝေါဟာရကို သီလစသော အမြတ်တရားတို့ကို သိစေတတ်သောကြောင့်၎င်း၊ သဘာဝနိရုတ္တိဖြစ်၍ ဘုရားစသော ပုဂ္ဂိုလ်မြတ်တို့ ဟောကြားတော်မူသောကြောင့်၎င်း၊ မြင့်မြတ်သော ဘုရားစကားတော်တို့၏ အစဉ်ကို ပါဠိဟုခေါ်သည်။
ပိဋကတ်သုံးပုံဟူသော ပရိယတ်တရားတော်များဖြစ်သည်-ဟု သာရတ္ထဒီပနီဋီကာစသော ဋီကာကြီးများ၌ တပြေးညီဖွင့်ဆိုထားကြရကား မာဂဓဘာသာနှင့် တည်ရှိနေသော မြတ်သောဘုရားတရားတော်အစဉ်ကို ပါဠိ-ခေါ်သည်ဟု ဆိုရမည်။ (ပ=မြတ်သောဘုရားစကားတော်တို့၏၊ အာဠိ=အစဉ်) မာဂဓဘာသာသည် ဘုရားစကားတော်အစဉ်ဟူသော ပါဠိတို့မှ မှတ်တမ်းတင်၍ ထိန်းသိမ်း စောင့်ရှောက်ထားသည့် ဘာသာဖြစ်သောကြောင့် ထိုမာဂဓဘာသာကိုပင် ပါဠိဘာသာခေါ်သည်ဟု အဘိဓာနပ္ပဒီပိကာသူစိကျမ်း၌ မိန့်ဆိုထားသည်ကို တွေ့ရ၏။ ( ပါဠိ-ပ+အာဠိ )
ဤဆိုခဲ့ပြီးသော စကားအစဉ်အရ မာဂဓတိုင်းသုံး ဒေသမာဂဓဘာသာတခုလုံးကို ပါဠိဘာသာဟု မခေါ်။ ပါဠိ, အဋ္ဌကထာ, ဋီကာ စသည်တို့၌ တည်ရှိသော မာဂဓဘာသာကိုသာ မွန်မြတ်သော ဘုရားစကားတော်များ၏ အစဉ်ဖြစ်သောကြောင့် ပါဠိဘာသာခေါ်သည်ဟု ဆိုရပေမည်။ ထို့ကြောင့် တောင်ပေါက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ စက္ကပါလမဟာထေရ်မြတ်ကြီးက မဂဓတိုင်း၌နေသူ လူတို့ ပြောဆိုသုံးစွဲသော ဘာသာဖြစ်သောကြောင့် မာဂဓဘာသာဟုခေါ်သည်။ သို့သော် တိုင်းသူပြည်သား လူအများတို့ ပြောဆိုကြသော အရပ်သုံး မာဂဓီဘာသာကား သင်္ဂါယနာသုံးတန်တင် လွန်စွာစင်ကြယ်သော ဘုရားဟောပိဋကတ်သုံးပုံ ပါဠိတော်နှင့် အဋ္ဌကထာ ဋီကာကျမ်းများ၌လာသော သုဒ္ဓမာဂဓီ တန္တိဘာသာကဲ့သို့ မဟုတ်ဘဲ ဘာသန္တရရောယှက် အပျက်ပျက်ဖြစ်၍ မသန့်ရှင်း မစင်ကြယ်သော ဂါမိကဒေသမာဂဓီ မိဿကဘာသာမျိုးသာ ဖြစ်ချေသည်။ ထိုအကြောင်းကို အများအားဖြင့် ၄င်းဒေသ မာဂဓီဘာသာဖြင့် ရေးသားထားသော အသောက သိလာလိပိများကို ကြည့်ရှုက ထင်ရှားသိနိုင်သည်ဟု ဗုဒ္ဓသာသနိက ပထ၀ီဝင်ကျမ်းကြီး၌ မိန့်ဆိုထားခြင်း ဖြစ်သည်။ (အချို့ကျမ်းများ၌ မာဂဓဘာသာကို မာဂဓီဘာသာဟုလည်း သုံးနှုန်းသည်ကို တွေ့ရ၏။) သို့ဖြစ်၍ ပါဠိဘာသာသည် မြင့်မြတ်သော မာဂဓဘာသာမျိုးဖြစ်သည်-ဟု အစ၌ ဆိုခဲ့ခြင်းဖြစ်ပေသည်။
( ပါဠိဘာသာ နှင့် သက္ကတဘာသာ )
ပါဠိဘာသာသည် ထေရ၀ါဒဗုဒ္ဓဘာသာဝင်တို့အဖို့ ထူးမြတ်သောဘာသာဖြစ်သကဲ့သို့ သက္ကတဘာသာသည်လည်း ဟိန္ဒူဗြဟ္မဏဘာသာဝင်အဖို့ ထူးမြတ်သော ဘာသာဖြစ်၏။ ဝေဒိကသက္ကတ၊ န၀ီနသက္ကတ-ဟု သက္ကတဘာသာ နှစ်မျိုးရှိရာ ပါဠိဘာသာသည် ဝေဒိကသက္ကတထက် နောက်ကျသော်လည်း န၀ီနသက္ကတထက် ရှေးကျသည်ဟု ဆိုကြသည်။ သက္ကတဘာသာနှစ်မျိုးလုံးပင် ပါဠိဘာသာနှင့် ပုဒ်နေပါဌ်ထားတို့၌ တူညီသောအချက် အများအပြားပင် တွေ့ရှိရ၏။ အထူးသဖြင့် န၀ီနသက္ကတနှင့်မတူသော ဝေဒိကသက္ကတနှင့်သာ ရုပ်အစီအရင်တူသော အချက်များစွာတို့သည် ပါဠိဘာသာ၌သာ ရှိလေသည်။
ပြဆိုခဲ့ပြီးသည့်အတိုင်း သက္ကတဘာသာ၌ ပါဠိဘာသာနှင့် တူညီသောအချက် များစွာပင်ရှိသော်လည်း ဗုဒ္ဓရှင်တော်မြတ်ဘုရားသည် မိမိဟောကြားသော စကားတော်၊ တရားတော်များကို သက္ကတဘာသာသို့ ပြန်ဆိုတင်ထားရန်ကိုကား ခွင့်ပြုတော်မမူခဲ့ဘဲ တားမြစ်တော်မူခဲ့သည်။
( ဗုဒ္ဓ၀စနကို သက္ကတဘာသာသို့ မတင်ရ )
အတန်ငယ် ရှင်းပြဦးအံ့။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်က အရွတ်အဖတ်ကောင်း အသံကောင်းဖြစ်ကြသော ဗြဟ္မဏဇာတ်မှ ရဟန်းပြုလာကြသည့် ရဟန်းညီနောင်နှစ်ပါးတို့သည် ဘုရား စကားတော်ကို ဇာတ်ညံ့သူများလည်း သင်ယူကြသည်ကိုမြင်၍ မာဂဓဘာသာကား အရွတ်အဖတ်မခက်၊ အနက်အဓိပ္ပါယ် သိလွယ်၍ လူတိုင်း သင်ယူနိုင်သည်။ အရွတ်အဖတ် ခက်ခဲ၍ အနက်အဓိပ္ပါယ် မသိလွယ်သော သက္ကတဘာသာသို့ ပြန်ဆိုတင်ထားရပါမူကား ဝေဒကျမ်းတို့ကဲ့သို့ ဗြဟ္မဏဇာတ်ဝင်တို့သာ သင်ယူနိုင်၍ ဇာတ်ညံ့သူတို့ မသင်ယူနိုင်။ ယခုမူ ဇာတ်ညံ့သူတို့ပင် သင်ယူနိုင်၍ သူတို့လက်သို့ ရောက်နေသဖြင့် ပျက်စီးနေရသည်ဟု ဆိုကာ ဘုရားစကားတော်ကို သက္ကတဘာသာသို့ ပြန်ဆိုရန် ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က ထိုလျှောက်ထားချက်ကို ကဲ့ရဲ့တော်မူပြီး ရဟန်းတို့-ဘုရားစကားတော်ကို သက္ကတဘာသာသို့ မတင်ထိုက်။ တင်သောရဟန်း ဒုက္ကဋ်အာပတ် သင့်စေ-ဟု ပယ်မြစ်တော်မူပြီး ဆက်လက်၍ ရဟန်းတို့-ဘုရားစကားတော်ကို မိမိဥစ္စာ မာဂဓီဘာသာဖြင့် သင်ကြားခြင်းငှါ ငါဘုရား ခွင့်ပြုတော်မူ၏-ဟု ပညတ်တော်မူခဲ့ပေသည်။ ဤသို့အားဖြင့် သက္ကတဘာသာသည် ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မသက်ဆိုင်၊ မာဂဓဘာသာ သို့မဟုတ် ပါဠိဘာသာသည်ကား ထေရ၀ါဒဗုဒ္ဓဘာသာသုံး ဘာသာဖြစ်သည်။
နိဂုံးချုပ်အားဖြင့်ဆိုရသော် မာဂဓဘာသာသည် အရိယဘာသာ၊ ဓမ္မနိရုတ္တိ၊ သဘာနိရုတ္တိ၊ တန္တိဘာသာ၊ မူလဘာသာ၊ ပကတိဘာသာ-ဟု အမည်အမျိုးမျိုးရသည့်ဘာသာ ဖြစ်သည်။ သို့သော် မာဂဓတိုင်းသုံး ဒေသမာဂဓဘာသာတခုလုံးကို ပါဠိဘာသာဟု မခေါ်ဆို။ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာတို့၌ မှတ်တမ်းတင် သုံးစွဲထားသည့် မာဂဓဘာသာကိုသာ မွန်မြတ်သော ဘုရားစကားတော်များ၏ အစဉ်ဖြစ်သောကြောင့် ပါဠိဘာသာဟု ခေါ်ဆိုနိုင်သည်။ ထိုပါဠိဘာသာသည် (၀ါ) မာဂဓဘာသာသည် ဘုရားရှင်ကိုယ်တိုင် ပိဋကတ်သုံးပုံဟူသော မိမိစကားတော်ကို ပါဠိတော်အစဉ်သို့ တင်တော်မူသောအခါ မာဂဓဘာသာဖြင့်သာ တင်တော်မူ၍ ရဟန်းတို့အားလည်း ဘုရားစကားတော်ကို ထိုဘာသာဖြင့်ပင် သင်ကြားခွင့်ပြုခဲ့ရကား ထေရ၀ါဒဗုဒ္ဓဘာသာအတွက် လွန်စွာကျေးဇူးများ၍ ထေရ၀ါဒဗုဒ္ဓဘာသာသုံး ဘာသာထူး ဘာသာမြတ် ဖြစ်ပေသည်။
ဓမ္မာစရိယ-ဦးအေးနိုင်(ဘီ-အေ)

Thursday, October 22, 2009
မေတ္တာရောင်ပြန်
ကျွန်မသည် ပညာရေးဌာနမှ ၀န်ထမ်းတဦး ဖြစ်ပါသည်။ မိသားစု၏ စားဝတ်နေရေး၊ သားသမီးများ၏ ပညာရေးအတွက် အထောက်အကူ ရရှိရန် နွေရာသီကျောင်းပိတ်ရက်များတွင် ဈေးရောင်းလေ့ရှိပါသည်။ ဈေးရောင်ရာတွင် မြို့မှ အထည်များကိုဝယ်၍ ကျွန်မနေထိုင်သော ဒေသနှင့် ၅-မိုင် ၆-မိုင်ခန့်ဝေးသော ကျေးရွာများသို့ စက်ဘီးဖြင့်သွား၍ ရောင်းချခြင်းဖြစ်သည်။
ထိုကျေးရွာများ၌ နွေရာသီ သီးနှံပေါ်ချိန်ဖြစ်သောကြောင့်လည်းကောင်း၊ အလှူအတန်းနှင့် မင်္ဂလာဆောင်များလည်း ရှိသောကြောင့်လည်းကောင်း၊ ကျွန်မ၏အထည်များ ရက်အနည်းငယ်ဖြင့် ကုန်သွားပါသည်။ အထည်များကို လက်ငင်းပေး၍ ၀ယ်သူများရှိသလို ဆေးရောင်းပြီးမှ မြေပဲရောင်းပြီးမှ ယူပါဟု ပြောသူများလည်း ရှိပါသည်။
အထည်ဝယ်သူ အားလုံးပင် အထည်ဖိုးများကို အလွယ်တကူ ပေးကြသော်လည်း ဒေါ်---ဟူသော အမျိုးသမီးကြီးကား ကျွန်မအခေါက်ခေါက်အခါခါ သွား၍တောင်းသော်လည်း မရပါ၊ ရွာမှ လူအချို့ကလည်း ဒီမိန်းမကြီးက အရမ်းလက်ခက်တာပဲ။ ဆရာမတော့ ဒုက္ခပဲ-ဟု တယောက်တပေါက် ပြောဆိုကြပါသည်။ သူတို့ ပြောစကားအရ ကျွန်မလည်း စိတ်တိုလာမိပါသည်။
မှတ်မှတ်ရရပင် ဖြစ်ပါသည်။ တနေ့သောနံနက်တွင် ကျွန်မဒေါပွပွဖြင့် ဒေါ်ကြီး ဘာဖြစ်ပါစေ၊ ညာဖြစ်ပါစေ၊ စသည်ဖြင့် စကားလုံးကြမ်းကြမ်းများကို ပြောဆိုကာ ဒေါ်ကြီးထံ ကြွေးတောင်းရန် စက်ဘီးဖြင့်ထွက်လာခဲ့ပါသည်။ သူဈေးရောင်းသောဆိုင်သို့ ရောက်သောအခါ အဒေါ်ကြီးက ခပ်တည်တည်ဖြင့်ပင် မပေးနိုင်သေးကြောင်း ပြောပါသည်။ ကျွန်မလည်း စကားဆက်မပြောတော့ဘဲ ပြန်လာခဲ့ပါသည်။ တပတ်လောက်ကြာသောအခါ ကျွန်မ ထပ်သွားရန် တွေးမိပါသည်။ သွားမည့်နံနက်တွင် ကျွန်မဘုရားရှိခိုးပြီး ငါးပါးသီလခံယူပါသည်။ ထို့နောက် ဒေါ်ကြီး ကျန်းမာပါစေ၊ ဈေးရောင်းကောင်းပါစေ၊ အားလုံး အဆင်ပြေပါစေ-ဟု ဒေါ်ကြီးကို စိတ်ကမှန်းပြီး မေတ္တာပို့ပါသည်။ လမ်းတလျှောက်လုံးလည်း ကြွေးများအဆင်ပြေပါစေ-ဟု ဆုတောင်းမိပါသည်။
သူ့ထံသို့ ကျွန်မရောက်သွားသောအခါ ကျွန်မပင် မတောင်းရသေးပဲ အထည်ဖိုးများကို အလွယ်တကူပင် ထုတ်ပေးပါသည်။ နောက်နောင်လည်း လာရောင်းဖို့ ပြောပါသည်။ ကျွန်မလည်း အလိုက်သင့်ပင် ပြန်ပြောခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေ အဒေါ်ကြီးထံမှ ကျွန်မအထည်ဖိုးများကို ရရှိခဲ့ပါသည်။
မေတ္တာပေးလျှင် မေတ္တာပြန်ရတတ်ကြောင်း ကျွန်မသိခဲ့ရပါသည်။ ဤသည်ကား မေတ္တာရောင်ပြန်ပင် ဖြစ်သည်ဟု ကျွန်မ ယုံကြည်ယူဆမိပါသည်။
( မချို-ကနောင် )

ရေ ကုသိုလ်
လွိုင်ကော်မြို့ ပန်ကန်းကျေးရွာအုပ်စုတွင် အလွန်ဆင်းရဲလှသော ဦးဖိုးမြနှင့် ဒေါ်စိန်တို့ မိသားစု နေထိုင်ကြသည်။ သူတို့မိသားစုသည် တနေ့လုပ်မှ တနေ့စားရသည်။ သူတို့တွင် မိသားစု ၅-ဦးရှိသည်။ သား ၃-ဦး၊ သမီး ၂-ဦး ဖြစ်သည်။ ဦးဖိုးမြသည် အိမ်စဉ်လှည့်လည်ကာ ရေထမ်းရောင်း၍ ဇနီးဖြစ်သူက အိမ်တွင် မောင်းဆုံတလုံး၌ ဆန်မှုန့်ထောင်းသော လုပ်ငန်းဖြင့် မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေရရှာသည်။ ထိုမိသားစုသည် ဆင်းရဲသော်လည်း စိတ်ထားဖြူစင်ကြသည်။
ဦးဖိုးမြ ရေထမ်းရောင်းသော အိမ်များက ဦးဖိုးမြကို ရေဖိုးငွေ ပေးသည်လည်း ရှိသည်။ အချို့ မပေးဘဲ နေသည်လည်း ရှိသည်။ သို့သော် ဦးဖိုးမြသည် ရေဖိုးငွေကို အတင်းအဓမ္မ မတောင်း။ ရေအလှူပေးရသည်ဟုသာ သဘောထားလေသည်။ ဦးဖိုးမြတို့ ဇနီးမောင်နှံသည် ညနေပိုင်း အလုပ်သိမ်းချိန်၌ ရွာဦး ဘုန်းတော်ကြီးကျောင်းသို့ သွားကာ တံမြက်လှည်းခြင်း၊ သောက်ရေအိုးများ ရေဖြည့်ခြင်းတို့ကို နေ့စဉ် ၀တ်မပျက်ခဲ့ပေ။ ဥပုသ်နေ့များတွင်လည်း ဆွမ်းချိုင့်ဆွဲကာ ဇနီးမောင်နှံနှစ်ဦး ဥပုသ်သီလ ဆောက်တည်ကြသည်။
တခါတရံ နေအိမ်၌ စားဝတ်နေရေး မပြေလည်သော်လည်း မိမိတို့နေ့စဉ် ပြုလုပ်နေကျ ရွာဦးကျောင်း၌ ရေလှူခြင်းအလုပ်များကိုတော့ ၀တ်မပျက်ခဲ့ပေ။ ထိုကုသိုလ်ဒါနမျိုးကို ဦးဖိုးမြတို့ ဇနီးမောင်နှံ ၈-နှစ်တိုင်တိုင် ပြုလုပ်လာခဲ့ကြသည်။
တနေ့ ဦးဖိုးမြတယောက် ရေထမ်းရောင်းရသော ငွေဖြင့် ထီလက်မှတ်တစောင် ထိုးခဲ့ရာ ၅၀၀၀၀-ဆုပေါက်ခဲ့ပါသည်။ အရင်းစစ်တော့ အမြစ်ကမြေမှာ ဆိုသကဲ့သို့ ဦးဖိုးမြတို့မိသားစုသည် စိတ်ထားဖြူစင်ခြင်း၊ ရွာဦးဘုန်းကြီးကျောင်းများသို့ နေ့စဉ်သွားရောက်၍ တံမြက်လှည်းခြင်းနှင့် ရေအလှူဒါန ပြုလုပ်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်းစသော ကုသိုလ်ကောင်းမှုတို့ကြောင့် ယခုကဲ့သို့ ထီပေါက်ခြင်းဖြစ်သည်ဟု ယုံကြည်ယူဆနေကြပါသည်။
ယခုအခါ ဦးဖိုးမြနှင့် ဒေါ်စိန်တို့ မိသားစုသည် ကိုယ်ပိုင်အမှုန့်ကြိတ်စက်တလုံးဖြင့် စီးပွားဖြစ်ထွန်းနေပြီဖြစ်ပါသည်။
(လွန်ခဲ့သော ၈-နှစ်ခန့်က တကယ့်ဖြစ်ရပ်မှန် ဖြစ်ပါသည်)
( မောင်ချစ်ကြည်-ကန္ဒရ၀တီ)

Wednesday, October 21, 2009
ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၁၂ )
( ယခင်လမှ အဆက် )
ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ ထေရဝါဒဗုဒ္ဓဘာသာဝင် ပီပီသသဖြစ်လာရေးမှာ မြတ်ဗုဒ္ဓဟောကြားတဲ့ ဒီသုတ္တန်မှာဖြင့် ဘုန်းကြီးတို့ သေသေချာချာ အထောက်အကူဖြစ်တယ်လို့ ယုံကြည့်ပြီးတော့ အဲဒါကိုထပ်ပြောမယ်။ အဲဒါက အင်္ဂုတ္တိုရ်မှာရှိတဲ့ စဏ္ဍာလသုတ္တန်၊ ဒီလိုမှတ်ရမယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးတဲ့နောက် နှစ် ၂၃၆-မှာ တတိယသင်္ဂါယနာတင်။ ကိုးဌာနသာသနာပြုလွှတ်၊ အဲဒီအထိ သာသနာ့သမိုင်း၊ သာသနာတော်မှာ ထေရဝါဒနဲ့ မဟာယာနဂိုဏ်းကွဲပြီးတော့ အယူအဆတွေ အမျိုးမျိုးဖြစ်လာတဲ့ သမိုင်းကြောင်းကြီးကို ၁၄-ပွဲအထိ ဘုန်းကြီးတို့ပြောပြထားပြီးပြီ။ ကျန်တဲ့အပိုင်းတွေ ဘုန်းကြီးတို့ပြောဦးမှာ။ စတုတ္ထသင်္ဂါယနာတင်ပွဲ ဘုန်းကြီးတို့မရောက်သေးဘူး။ ဒီတော့ ဒီစဏ္ဍာသုတ္တန်မှာ အချက်အလက်ပေါင်း မြတ်ဗုဒ္ဓ ငါးခုဟောရမှာ ထေရဝါဒဗုဒ္ဓဘာသာ ပီသရေးအတွက် အဓိကကျတဲ့ အချက်သုံးခု ရှိပါတယ်။ အဲဒီအချက်သုံးခုနဲ့တကွ ငါးခုကိုခြုံမိအောင် ပြောပြပါမယ်။
နာမည်က စဏ္ဍာလ၊ သင်္ဂါယနာခြောက်တန်လုံးတင်ထားတဲ့ ပိဋကတ်မှာရှိတဲ့ အမည်ကိုက ဒီအတိုင်းပဲ။ ဒါဘုန်းကြီးတို့ပေးတဲ့ နာမည်လည်းမဟုတ်ပါဘူး။ စဏ္ဍာလ-ဆိုရင် လူတွေအားလုံး နားလည်သဘောပေါက်တာက သုသာန်ရဲ့ အမှုကိစ္စ အလုပ်နဲ့ အသက်မွေးတဲ့လူမျိုးလို့ သိထားကြတယ်။ စဏ္ဍ-ဆိုတာ ကြမ်းတမ်းတယ်၊ ယုတ်မာတယ်၊ အလ-ဆိုတာက လုပ်နိုင်စွမ်းရှိတယ်။ လုပ်ရဲတယ်။ ကြမ်းတမ်းသော ရုန့်ရင်းသောအလုပ်တွေကို လုပ်ရဲသောပုဂ္ဂိုလ်လို့ အဓိပ္ပါယ်ရတယ်။ ကြမ်းတမ်းရုန့်ရင်းသော အလုပ်တွေကို လုပ်ဖို့ရန်စွမ်းသော ပုဂ္ဂိုလ်ဟာ စဏ္ဍာလ။ အဲဒီအဓိပ္ပါယ်အတိုင်းသာ မှတ်ရင် သုသာန်ထဲနေနေ၊ မနေနေ၊ ရဲတိုက်ကြီးထဲ နေနေ၊ မနေနေ၊ နေချင်တဲ့နေရာ နေ၊ ကြမ်းတမ်းရုန့်ရင်းတဲ့ အလုပ်ကိုလုပ်ရဲရင် စဏ္ဍာလ ဖြစ်သွားမှာပဲ။
သုတ်တော်အရ စကားလုံးတော်အရ စဏ္ဍာလအဖြစ်က လွတ်အောင် ကိုယ် နှုတ် စိတ် ၃-ပါးမှာ ကြမ်းတမ်းရုန့်ရင်းသော အပြော အလုပ် အကြံတို့ကို မဖြစ်အောင်ရှောင်ပြီးတော့ ယဉ်ကျေးသိမ်မွေ့ နူးညံ့ဖြူစင်ကောင်းမြတ်တဲ့ အကျင့်တွေ ကျင့်သုံးနေရင် အဲဒီပုဂ္ဂိုလ်ဟာ စဏ္ဍာလမဟုတ်တော့ဘူး။ အေး-ရွှေချထားတဲ့ မှန်တွေ စိန်တွေ တပြောင်ပြောင်စီထားတဲ့ ပြာသာဒ်ကြီးမှာနေလဲပဲ ရုန့်ရင်းခဲ့ရင် စဏ္ဍာလဖြစ်သွားမှာပဲ။ ဓမ္မသဘာဝ အားဖြင့် စဏ္ဍာလဖြစ်-မဖြစ် ဒီလိုသိထားကြရမယ်။
မြတ်စွာဘုရားက ဒီစဏ္ဍာလသုတ်ကို သာဝတ္ထိမြို့ ဇေတဝန်ကျောင်း သံဃာတော်တွေ စည်းဝေးရာ မန္တလာရာမဆိုတဲ့ ဓမ္မာရုံကြီးထဲမှာ ဟောတော်မူပါတယ်။ ညဥ့်ဦးယံမှာဟောတဲ့ တရားပွဲဆိုတော့ သံဃာတော်တွေချည်း မဟုတ်ဘဲ သာဝတ္ထိမြို့တံခါးကလဲ မပိတ်သေးတော့ သာဝတ္ထိမြို့သူ မြို့သားတွေပါ ညဥ့်ဦးယံပွဲကို အားခဲလို့လာကြတယ်။ တရားက လူတွေကိုဦးတည်ပြီးဟောတာ။ မြတ်စွာဘုရားက တရားဟောရင်းခေါ်တဲ့ အခါကျတော့ လူတွေကို မခေါ်ဘဲနဲ့ ရဟန်းတော်တွေကိုခေါ်ပြီးတော့ ဟောသွားတယ်။ ဘုရားရှေ့အနီးအနားမှာ ထိုင်တာက ရဟန်းတွေဖြစ်လို့ ဘိက္ခဝေ-ဆိုတဲ့စကားတွေ ဒီသုတ်ထဲမှာ ခပ်များများပါတယ်။
ရဟန်းတို့ ဒီအချက်အလက်ငါးမျိုးနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်ကို ဥပါသကာ စဏ္ဍာလ-လို့ ခေါ်ရမယ်။ ဥပါသကာ မလ္လ-လို့ခေါ်ရမယ်။ ဥပါသကာ ကိလိဋ္ဌ-လို့ခေါ်ရမယ်။ ဥပါသကာဆိုတဲ့ စာလုံးကို ရှေးဦးစွာ ရှင်းဖို့လိုတယ်။ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သူကို ဥပါသကာ-လို့ ခေါ်တယ်။ အမျိုးသမီးကျတော့ ဥပါသိကာ-လို့ခေါ်တယ်။ ရတနာသုံးပါးကို ဆည်းကပ်သူ-လို့ အဓိပ္ပါယ်ရတယ်။ ဒီကနေ့ သီလခံယူကြတယ်။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသည်ဖြင့် သရဏဂုံသုံးပါးကို အကုန်လုံး ဆောက်တည်ကြတယ်။
ဘုရားကို ကိုးကွယ်ဆည်းကပ်ပါ၏။ တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။ သံဃာတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။ အဲဒီလို ကိုးကွယ်သိမှတ် ဆည်းကပ်ပါ၏လို့ မိမိရဲ့ရင်ထဲ နှလုံးထဲမှာ ရတနာသုံးပါးကို ကြည်ညိုတတ်တဲ့ သဒ္ဓါတရား ဝင်လာပြီဆိုရင် နှုတ်ကပဲဆိုဆို၊ သို့မဟုတ်-စိတ်ထဲကပဲ ဆောက်တည် ဆောက်တည် တနည်းနည်း တခြားစကားလုံးနဲ့ သွယ်ဝိုက်လို့ပဲပြောပြော ဥပမာ-တခြားစကားလုံးနဲ့ သွယ်ဝိုက်ပြောမယ်ဆိုလို့ရှိရင် -ငါသည် ဒီကနေ့ကစ ဦးခေါင်းရွက်ပြီးတော့ ရှိခိုးစရာ ရှိတယ်။ ဗုဒ္ဓ, ဓမ္မ, သံဃကိုသာလျှင် ရှိခိုးတော့မယ်။ တခြား ငါ ရှိမခိုးတော့ဘူး။-လို့ စိတ်ကဆုံးဖြတ်ရင်လဲပဲ ဒါ သရဏဂုံ ဆောက်တည်တာပဲ။ အဲဒါ ပဏိပါတသရဏဂုံလို့ ခေါ်တယ်။
ငါသည် ရှိခိုးရမယ့်ပုဂ္ဂိုလ်ကို လောကမှာကြည့်လိုက်ရင် နတ်ရော ဗြဟ္မာရော လူရော ရှင်ရော ရဟန်းရော ဘုရားရော မျိုးစုံအောင်ရှိတယ်။ ဗုဒ္ဓ, ဓမ္မ, သံဃ ရတန သုံးပါးမှတပါး အခြားကို ငါရှိမခိုးတော့ဘူး။ ရတနာ သုံးပါးကိုသာလျှင် ငါဦးခေါင်းညွှတ်၍ ရှိခိုးမယ်လို့ ဆုံးဖြတ်ချက်ချရင် အဲဒါ သရဏဂုံတည်တာပဲ။ အဲဒီ သရဏဂုံမျိုးကို ပဏိပါတသရဏဂုံလို့ ခေါ်တယ်။ ယမန်နေ့က ဘုန်းကြီးတို့ ပြောခဲ့တာကတော့ အတ္တသန္နိယျာတန-ငါ့အသက်နှင့် ငါ့ခန္ဓာကို ရတနာသုံးပါးကို အပ်နှင်းပါ၏။ လှူဒါန်းပါ၏-လို့ ဆုံးဖြတ်ရင် ဒါလဲ သရဏဂုံတည်တာပဲ။
သရဏံ ဂစ္ဆာမိ ဆိုဆို-မဆိုဆို အဲဒီသရဏဂုံ ဆောက်တည်တဲ့နည်းတွေ အများကြီးရှိတယ်။ ဒီတော့ ဒီကနေ့ ဒုတိယနည်း ဘုန်းကြီးတို့ပြောတာက ပဏိပါတ။ ငါသည် ဒူးရော တံတောင်ရော နဖူးရော မြေမှာထိပြီးတော့ ဦးကိုညွှတ်ဖို့လိုလာခဲ့ရင် ဗုဒ္ဓရှင်တော်နဲ့ ဓမ္မ၊ သံဃာကိုသာ ငါညွှတ်တော့မယ်။ ဗုဒ္ဓ, ဓမ္မ, သံဃာမှ တပါး အခြားပုဂ္ဂိုလ်တွေအပေါ်မှာ ဦးမညွှတ်ဘူး။ ငါ့အသက်နဲ့ ငါ့ခန္ဓာ ခြွေရင်လဲ ခြွေလိုက်ပါစေတော့။ ရတနာသုံးပါး မဟုတ်သော အခြားအရာဝတ္ထုတွေအပေါ်မှာ သက်ရှိကိုပဲဖြစ်ဖြစ်၊ သက်မဲ့ကိုပဲ ဖြစ်ဖြစ် ငါ ရှိမခိုးတော့ဘူး။ ဆန့်ကျင်ဘက်လဲ အဲဒီလို ဖော်ပြတယ်။ တဖက်ကလဲ ရတနာသုံးပါးသည်သာလျှင် ငါ၏ရှိခိုးရာ၊ ဒါဆိုရင် ရတနာသုံးပါးမှတပါး တခြားရှိခိုးဖို့ မလိုဘူး။ သို့သော် ခြွင်းချက်က ဘာလဲဆိုတော့ ကြောင်သောအားဖြင့် ရှိခိုးရတယ်ဆိုလို့ရှိရင် သရဏဂုံမပျက်ဘူးလို့ ခြွင်းချက်ပေးထားတယ်။
ရတနာသုံးပါးမှတပါး တခြားရှိမခိုးပါဘူးလို့ ဆောက်တည်တယ်။ သို့သော် လည်ပင်းမှာ ဓားတင်ပြီးတော့ ဟေ့-မင်းရှိခိုးရင် ရှိခိုး၊ ရှိမခိုးရင် သတ်ပစ်လိုက်မယ်-ဆိုပုံကတမျိုး။ ဘုရား တရား သံဃာကို ကိုးကွယ်တာ စွန့်ရင်စွန့်၊ မစွန့်ရင် သတ်လိုက်မယ်-ဒီလိုဆိုတာက တမျိုး။ မင်း ငါ့ရှိခိုး၊ ရှိမခိုးရင် မင်းကိုသတ်မယ်-ဆိုတော့ အသတ်ခံရမှာကြောက်တဲ့အတွက်ကြောင့် သတ်မယ့်သူကို ရှိခိုးတာ။ အဲဒါ သရဏဂုံ မပျက်ဘူးတဲ့။ ဘုရား တရား သံဃာ ရတနာသုံးပါးလဲ ရှိခိုးတာပဲ။ ရှိခိုးကြည်ညိုပြီးတော့ ရတနာသုံးပါးနဲ့ မဆိုင်တဲ့ အရုပ်တွေမျိုးစုံလိုလိုပဲ ရတနာသုံးပါးနဲ့ တန်းတူသဘောထားပြီးတော့ ရှိခိုးလိုက်တာပဲဆိုရင် အဲဒီသရဏဂုံဟာ ညစ်နွမ်းသွားပြီတဲ့။ ရတနာသုံးပါးထက် တခြားရှိခိုးစရာကို ယုံယုံကြည်ကြည်နဲ့ ပိုပြီးတော့ ရှိခိုးလိုက်တယ်ဆိုရင် သရဏဂုံပျက်သွားရော။ အဲဒါ ထေရ၀ါဒဗုဒ္ဓသာသနာမှာ အလွန်အရေးကြီးတယ်။
နောက်တခု မဟာယာန ဗုဒ္ဓဘာသာဂိုဏ်းကျတော့ လူမပြောနဲ့၊ မဟာယာနဘုန်းကြီးတွေတောင် သာသနာတော်ကို စောင့်ရှောက်သော နတ်မင်းကြီး ၄-ပါးဆိုတာကို ဘုန်းကြီးက ဘုရားရှိခိုးပြီးရင် နတ်မင်းကြီး ၄-ပါးကို ရှိခိုးကြသေးတယ်။ အချို့ မြန်မာတွေထဲမှာလဲ သူရဿတီ-ကို ရှိခိုးကြတယ်။ အကြောင်းက ပိဋကတ်သုံးပုံကို သူထိန်းသိမ်းထားလို့ဆိုပြီး ရှိခိုးနေကြတယ်။ တိပိဋကဓရကို ရှိခိုးဖို့ အမှတ်မရကြဘူး။ အဲဒီလို တန်ဖိုးမရှိတာတွေကို တကယ်တန်ဖိုးရှိတဲ့ ရတနာ ၃-ပါးအပေါ်မှာ၊ စင်မြင့်မြင့်လေးပေါ်မှာတင်ထားပြီး ရှိခိုးရင် အဲဒါ သရဏဂုံပျက်တယ်။ ဒါ ထေရ၀ါဒကနေ မဟာယာန ဖြစ်သွားတာပဲ။
အဲဒါကြောင့် မိမိတို့ နေ့စဉ်အိမ်မှာ ရှိခိုးနေတာကို ဒီကနေ့ပြန်လည်သုံးသပ်ပါ။ မိမိရဲ့စိတ်နေသဘောထားနဲ့ ခံယူချက်ကိုလဲ ပြန်လည်၍ သုံးသပ်ပါ။ သုံးသပ်ဖို့ လိုနေပြီ။ ဒီတော့ ပဏိပါတသရဏဂုံက ငါသည် ဒီကနေ့ကစ၍ ရှိခိုးစရာရှိရင် ဘုရားနဲ့တရား သံဃာ ဤ ၃-ပါးသာ ဦးညွတ်၍ ရှိခိုးမယ်။ တခြားရှိမခိုးဘူး။ ဒီလိုဆိုရင် သရဏဂုံတည်တယ်။ အဲဒီလိုဆုံးဖြတ်ပါ။ သို့သော် ကြောက်လို့ ရှိခိုးရတာမျိုးကျတော့ သရဏဂုံ မပျက်ပါဘူးတဲ့။ ရတနာ ၃-ပါးအပေါ်လဲ ကြည်ညိုမြဲပဲ။ ဟိုကဓားနဲ့ ရွယ်ထားလို့ ရှိခိုးရရင်လဲပဲ ရှိသာခိုးလိုက်ပါတဲ့။ အသက်သေမှာ ဘာလုပ်မှာ စသည်ဖြင့်ပေါ့။ တခုခုနဲ့ ခြိမ်းခြောက်လို့ ကြောက်သဖြင့် ရှိခိုးရတာကတော့ သရဏဂုံ မနွမ်းပါဘူးတဲ့။
ကြောက်တာမဟုတ်ဘဲနဲ့ ရတနာ ၃-ပါးထက် ပိုပြီး ကြည်ညိုလို့ ရှိခိုးရင်တော့ အဲဒါမဟာယာနဖြစ်သွားပြီ။ အဲဒါဆိုရင် ဒီပုဂ္ဂိုလ်ဟာ စဏ္ဍာလ-ပဲ။ ဘယ့်နှယ် ဟိုသွားရှိခိုးတာနဲ့ပဲ၊ ဘုရား တရား သံဃာ ရှိမခိုးတာနဲ့ဘဲ စဏ္ဍာလ ဖြစ်ရောလားဆိုရင် ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့နှလုံးသားထဲမှာ သဒ္ဓါဆိုတာ မရှိတော့ဘူး။ သဒ္ဓါမရှိရင် ဒီပုဂ္ဂိုလ် မလုပ်ရဲတဲ့ဒုစရိုက် မရှိတော့ဘူး။ သဒ္ဓါခေါင်းပါးတဲ့ပုဂ္ဂိုလ်က ဒုစရိုက်မှန်သမျှ အကုန်လုပ်ရဲတယ်။ အဲဒါကြောင့် သူသည် စဏ္ဍာလ-ဖြစ်မှန်းမသိ ဖြစ်သွားတယ်။ ကြမ်းတမ်းတဲ့ အလုပ်တွေကို ပြုခြင်းငှါ စွမ်းဆောင်နိုင်ကြတယ်။ ဒါကြောင့် ထိုပုဂ္ဂိုလ်ကို စဏ္ဍာလ ခေါ်တယ်ရယ်လို့ ကောင်းစွာမသွေ မှတ်ထိုက်ပါပေကုန်သတည်း။

Subscribe to:
Posts (Atom)