Monday, November 30, 2009

လူ့အသွင် လူ့အဆင်နှင့် ရဟန္တာ

ကောသလတိုင်းကြီး၏ နယ်စွန်နယ်ဖျား၌ သူပုန်တို့ ထကြွသောင်းကျန်းလာသဖြင့် ကောသလမင်းကြီးသည် သန္တတိအမတ်ကြီးကို သွားရောက်နှိမ်နင်းရန် တာဝန်ပေး၏။ သန္တတိအမတ်ကြီးသည် စစ်သည်ဗိုလ်ပါများနှင့် တကွ နယ်စွန်နယ်ဖျားသို့ သွားရောက်သည်။ သူပုန်တို့ကို အောင်မြင်စွာ တိုက်ခိုက်နှိမ်နင်းပြီးလျှင် နယ်မြေ တခုလုံး တည်ငြိမ်၍ အေးချမ်းသာယာလာစေရန် ဆောင်ရွက်ပေးခဲ့၏။

အောင်ပန်းဆင်၍ နန်းတော်သို့ ၀င်ရောက်လာသော သန္တတိအမတ်ကြီးအား ကောသလမင်းကြီးက အားရ နှစ်သက်လှသဖြင့် ခုနက်တိုင်တိုင် မင်းစည်းစိမ်ကို ခံစားစေ-ဟု ဆုချ၏။ ရုပ်ရည်လက္ခဏာ လှပတင့်တယ်၍ အဆိုအကကောင်းလှသော ကချေသည်မ တယောက်ကိုလည်း ဆုအဖြစ်ပေး၏။

သန္တတိအမတ်ကြီးသည် သေရည်သောက်စား မူးယစ်လျက် စည်းစိမ်ကြီးစွာ ခံစားရင်း ကချေသည်မ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုခံစား၏။ ကချေသည်မကလည်း သန္တတိအမတ်ကြီး စိတ်တိုင်းကျ ဖြစ်စေရန် အထူးတလည် ကြိုးစား၍ ကပြဖျော်ဖြေ၏။ ချစ်ချင်စဖွယ် အမူအရာ အပြောအဆိုတို့ဖြင့် အမတ်ကြီးနှင့် ရင်းနှီးခွင့်ရအောင် ကြိုးစား၏။ ကပြဖျော်ဖြေရာတွင် ကိုယ်ဟန်ကလေး သွယ်သွယ်လျလျဖြင့် လှလှပပ သွက်သွက်လက်လက်ကလေး ကပြနိုင်ရန် အစားအသောက်များကို လျှော့၍ လျှော့၍ စားလာခဲ့ပေသည်။

ဤသို့ နေ့စဉ်ရက်ဆက် တရင်းတနှီး ဆက်ဆံလာခဲ့ရသဖြင့် ဘာမဆို လိုရာရနိုင်နေသော သန္တတိအမတ်ကြီး သည် ကချေသည်မကလေးကိုသာ တမ်းတမ်းစွဲ ဖြစ်လာလေတော့သည်။ မင်းစည်းစိမ်ကြီး ခံစားလာခဲ့၍ ခုနစ်ရက်မြောက်နေ့တွင် သန္တတိအမတ်ကြီးသည် ပြည့်ရှင်မင်းတို့၏ ၀တ်စားတန်ဆာ အပြည့်အစုံ ၀တ်ဆင်ကာ မင်းစီးဆင်တော်ကြီးကို စီးလျက် ရေချိုးဆိပ်သို့ သွား၏။ ထိုခဏမှာပင် ဘုရားရှင်ကလည်း နောက်ပါရဟန်းများ နှင့်တကွ ဆွမ်းခံကြွတော်မူလာရာ သာဝတ္ထိမြို့တော်အ၀င်မှာ ဆုံမိကြ၏။ ထိုအခါ သန္တတိအမတ်ဘုရင်ကြီးသည် ဆင်တော်ထက်ကပင် ဘုရားရှင်ကို ဦးခေါင်းညွတ်၍ ရှိခိုးလိုက်လေသည်။

သန္တတိအမတ်ကြီး ကျော်လွန်သွားသောအခါ ဘုရားရှင် ပြုံးတော်မူသည်။ အရှင်အာနန္ဒာက ပြုံးတော်မူရခြင်း အကြောင်းရင်းကို မေးလျှောက်၏-
အာနန္ဒာ သန္တတိအမတ်ကြီးသည် ငါဘုရား၏တရားတော်ကို ကြားနာရသည့်အဆုံးတွင် ရဟန္တာဖြစ်၍ ကောင်းကင်ထက်မှာပင် ပရိနိဗ္ဗာန်ပြုရလတံ့-ဟု ဘုရားရှင်က မိန့်ကြားတော်မူ၏။

ဘုရားရှင်၏မိန့်ကြားချက်ကို မြို့သူမြို့သား ပရိသတ်များတို့ ကြားသိကြသည်။ ရတနာမြတ်သုံးပါးကို ကြည်ညိုသူနှင့် မကြည်ညိုသူတို့သည် မတူညီသည့် ထင်မြင်ချက်များကို ပေးကြလေသည်။ သန္တတိအမတ်ကြီးသည် ရေချိုးဆိပ်မှာ ရေချိုးပြီးလျှင် ၀တ်စားတန်ဆာ အပြည့်အစုံဖြင့် ဥယျာဉ်တော်သို့ ပြန်လာ၏။ ဥယျာဉ်တော်အတွင်းရှိ သေသောက်ရန် အသင့်ပြင်ဆင်ထားသော နေရာမှာ ထိုင်လျက် သေရည်အမျိုးမျိုးကို ဆက်၍သောက်၏။ အမတ်ကြီး၏ အချစ်တော် ကချေသည်မကလည်း ယနေ့နောက်ဆုံး အခွင့်အရေးရခြင်းဖြစ်၍ ဆထက်ထမ်းပိုးတိုး၍ ကပြဖျော်ဖြေ၏။

ဤတွင် ခုနစ်ရက်တိုင် အစားအသောက်ကို လုံလောက်စွာ မစားခဲ့ရသဖြင့် ၀မ်းထဲမှာ လေသင်တုန်းများ ထကြွမွှေနောက်ကာ မူးဝေလဲကျသွား၏။ သန္တတိအမတ်ဘုရင်ကြီး ရှေ့မှောက်မှာပင် မျက်စိရော ခံတွင်းပါ ဟင်းလင်းပွင့်လျက် သေဆုံးသွား၏။

သန္တတိအမတ်ကြီးသည် အမှန်တကယ် သေဆုံးသွားသည်ဟု မထင်ရက်သေးသဖြင့် စမ်းကြည့်ကြပါဦး-စမ်းကြည့်ကြပါဦး-ဟု တဖွဖွဆိုနေ၏။ မင်းချင်းများက စိတ်ကျေနပ်လောက်အောင် စမ်းသပ်ကြည့်ရှုပြီးလျှင် အရှင်မင်းကြီး-အမှန်တကယ် သေဆုံးသွားပါပြီ-ဟု လျှောက်တင်ကြ၏။
မိမိချစ်မြတ်နိုးလှစွာသော ကချေသည်မကလေး အမှန်တကယ် သေဆုံးသွားကြောင်း သိလိုက်ရသည်နှင့် တပြိုင်နက် သန္တတိအမတ်ကြီးမှာ ထိတ်လန့်တကြား ဖြစ်သွားရ၏။ ခုနစ်ရက်တိုင်တိုင် သောက်စားထားသည့် အရက်သေစာများလည်း သတ္တိပြယ်သွားကြ၏။ ကိုယ်ရောစိတ်ပါ နှစ်ဖြာတွဲလျက်ရှိသော သူ့ခန္ဓာကိုယ်တွင် မူးယစ်ဝေခြင်းအစား စိုးရိမ်ပူဆွေးခြင်းတို့က လျွှမ်းမိုးလာကြ၏။ ခုနစ်ရက်တိုင်တိုင် ခံစားလာခဲ့ရသည့် စည်းစိမ်တွေနဲ့ မကာမိအောင် ပြင်းထန်လှသည့် ဝေဒနာများကို ခံစားရ၏။

ဤသို့ ခံစားရသည့် ဝေဒနာတို့မှ သက်သာရာရအောင် စွမ်းဆောင်ပေးနိုင်မည့် ပုဂ္ဂိုလ်ကို ရှာကြံကြည့်လိုက်သော အခါ နံနက်ခင်းတုန်းက ဖူးမြင်ခဲ့ရသည့် ဘုရားရှင်ကို သတိရာလာ၏။ ထို့ကြောင့် သန္တတိအမတ်ကြီးသည် ထိုနေ့ညနေခင်းတွင် စစ်သည်ဗိုလ်ပါများနှင့်တကွ ဇေတ၀န်ကျောင်းတော်သို့ လာရောက်ကာ ဘုရားရှင်၏ ခြေတော်အစုံ၌ ဦးခိုက်ရှိခိုး၏။ ကချေသည်မကလေး ရုတ်တရက် သေဆုံးသွားရခြင်းကို အကြောင်းပြု၍ မိမိခံစားနေရသည့် စိုးရိမ်သောက ဒုက္ခဝေဒနာတို့ကိုလည်း ထုတ်ဖော်လျှောက်ထား၏။

ဤတွင်ဘုရားရှင်က-
ယံ ပုဗ္ဗေ တံ ၀ိသောဓေဟိ၊ ပစ္ဆာ တေ မာဟု ကိဉ္စနံ။
မဇ္ဈေ စေ နော ဂဟေဿတိ၊ ဥပသန္တော စရိဿတိ။
ဤဂါထာဖြင့် ဟောကြားဆုံးမတော်မူ၏။ ဤဂါထာ၏ မြန်မာအနက်အဓိပ္ပါယ်မှာ-
သန္တတိအမတ်ကြီး-ရှေးအကြောင်းကို စွဲလမ်း၍ ဖြစ်ပေါ်လာသော စိုးရိမ်ပူဆွေးခြင်းကို သုတ်သင်ဖယ်ရှားပါလော့။
နောက်အကြောင်း၌လည်း သင့်အား စိုးရိမ်ပူဆွေးခြင်း မဖြစ်ပါစေနဲ့။
အလယ်ဖြစ်သော ပစ္စုပ္ပန်အကြောင်း၌လည်း စိုးရိမ်ပူဆွေးခြင်းကို မယူပါနဲ့။
ထိုအခါ သင်သည် ငြိမ်းအေးချမ်းသာစွာ နေထိုရပေလတံ့။

ဤသို့ အနက်အဓိပ္ပါယ်ရှိသော ဒေသနာတော်အစဉ်ကို ကြားနာရင်း မိမိစိတ်ကို အတိတ်အာရုံ၊ အနာဂတ်အာရုံတို့ဆီ မရောက်အောင် ထိန်းချုပ်ကာ ဖြစ်ပျက်လက္ခဏာ ထင်ရှားနေဆဲ ပစ္စုပ္ပန်တရား သန့်သန့်ကိုသာ ၀ိပဿနာတင်၍ ဉာဏ်စဉ်အတိုင်း ရှုမြင်ပွားများလာခဲ့ရာ သန္တတိအမတ်ကြီးသည် ၀တ်ဆင်ထားဆဲ လူ့အသွင်၊ လူ့အဆင်တန်ဆာများဖြင့်ပင် ပဋိသမ္ဘိဒါဉာဏ် လေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေသည်။ ထို့နောက် သန္တတိရဟန္တာကြီးသည် မိမိ၏ အသက်အပိုင်းအခြားကို ဆင်ခြင်ကြည့်လိုက်သည်။ သက်တမ်း ကုန်ဆုံးနေသည်ကို တွေ့လိုက်ရသဖြင့် ပရိနိဗ္ဗာန်ပြုခွင့် ပြုပါရန် ဘုရားရှင်အား လျှောက်ထား၏။

ဘုရားရှင်က နံနက်ခင်းတုန်းက သန္တတိအမတ်ကြီး၏ ရှေ့ရေးကို ဟောကြားထားခဲ့သည့် မိန့်ခွန်းတော်နှင့် ပတ်သက်၍ သာသနာတော်ကို မကြည်ညိုသူတို့၏ ပုတ်ခတ်ဝေဖန်မှုများ ကင်းပျောက်သွားစေရန် ၊ သာသနာတော်ကို ကြည်ညိုသူတို့ သဒ္ဓါတရား တိုးပွားသွားစေရန် ရည်သန်တော်မူလျက် ထန်းခုနစ်ဆင့် အမြင့်ကနေ၍ မိမိပြုခဲ့ဖူးသည့် ရှေးကောင်းမှုကို ထုတ်ဖော်ဟောကြားပါလော့-ဟု မိန့်ကြားတော်မူ၏။

သန္တတိအမတ်ကြီးကလည်း ဈာန်အဘိညာဉ်တန်ခိုးဖြင့် ထန်းခုနစ်ဆင့် အမြင့်သို့ တက်ပြီးလျှင် ၀ိပဿီမြတ်စွာဘုရား လက်ထက်တော်တွင် မိမိရာသက်ပန် ဆောင်ရွက်လာခဲ့သည့် နိဗ္ဗာန်ဆော် ကုသိုလ်ကောင်းမှုကို ထုတ်ဖော်ဟောကြား၏။ ဟောကြားချက် ပြီးဆုံးသွားသည်နှင့် တပြိုင်နက် ကောင်းကင်ထက်မှာပင် ပရိနိဗ္ဗာန်ပြုကာ ကိုယ်ခန္ဓာသည် တေဇောဓာတ်လောင်ကျွမ်းကာ ဓာတ်တော်များ ကျလာပေသည်။

စိုးရိမ်ပူဆွေး ကင်းစင်ဝေး-
ဒီဃနိကာယ်၊ မဟာဝဂ်၊ မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာ ညွှန်ရုံညွန်ထားသည့် ၀တ္ထုကို ဓမ္မပဒအဋ္ဌကထာမှ ဆောင်ယူဖော်ပြလိုက်ပါသည်။ ယံ ပုဗ္ဗေ တံ ၀ိသောဓေဟိ-စသော ဂါထာမှာ သုတ္တနိပါတ်ပါဠိတော် ၊ အဋ္ဌက၀ဂ်၊ အတ္တဒဏ္ဍသုတ်နှင့် ပါရာယန၀ဂ်၊ ဇတုကဏ္ဏိမာဏ၀ပုစ္ဆာတို့မှာ ပါရှိပါသည်။

မဟာသတိပဋ္ဌာန သုတ္တန်ကြီးအစပိုင်းတွင် သတိပဋ္ဌာန်တရားများ ပွားများအားထုတ်ရခြင်း၏ အကျိုးတရားတို့ကို
သတ္တာနံ ၀ိသုဒ္ဓိယာ-သတ္တ၀ါတို့၏ စိတ်အစဉ်၌ ကိလေသာမယှဉ် ကင်းစင်နေခြင်းငှါ၊
သောကပရိဝေဒါနံ သမတိက္ကမာယ-စိုးရိမ်ပူဆွေးခြင်း ငိုကြွေးခြင်းမှ ကျော်လွန်ဖယ်ရှားခြင်းငှါ၊
ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ-ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းတို့၏ ချုပ်ငြိမ်းခြင်းငှါ၊
ဉာယဿ အဓိဂမာယ-မဂ်လေးတန်ကို လက်ဝယ်ပိုင်ပိုင် ရရှိခြင်းငှါ၊
နိဗ္ဗာနဿ သစ္ဆိကိရိယာယ-နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ-ဟူ၍ ဖော်ပြထားသည်။

ဤသို့ အကျိုးတရား အဆင့်ဆင့်ကို ပြဆိုထားရာတွင် စိုးရိမ်ပူဆွေးခြင်းမှ ကျော်လွန်ဖယ်ရှားနိုင်ပုံကို ဤ၀တ္ထုဖြင့် ဥပမာပြထားပါသည်။
ဓမ္မပဒ အဋ္ဌကထာတွင် သန္တတိအမတ်ကြီးသည် ယံ ပုဗ္ဗေ တံ ၀ိသောဓေဟိ-အစရှိသော ဒေသနာတော်ကို ကြားနာကာ ဒေသနာတော်၏ အဆုံးမှာပင် ရဟန္တာဖြစ်သွားပုံ ဖော်ပြထားသဖြင့် သတိပဋ္ဌာန်နှင့်မဆိုင်ဟု ထင်စရာရှိနေ၏။ သို့ရာတွင် ဘာဝနာလုပ်ငန်းခွင် ၀င်သူတိုင်းသည် ကာယ ဝေဒနာ စိတ္တ ဓမ္မ တည်းဟူသော သတိပဋ္ဌာန်တရား လေးပါးထဲက တပါးပါးကို ပွားများရသည်သာဖြစ်၍ ဤသတိပဋ္ဌာန်တွင် အကျုံးဝင်ကြောင်း အဋ္ဌကထာဆရာကြီးက ရှင်းပြထားပေသည်။

( ၀ဏ္ဏသီရိ )

Sunday, November 29, 2009

ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် (၂၀)

ဒီကနေ့ ဓမ္မသဘင်ပွဲ အားခဲလာကြတဲ့ တရားချစ်ခင် သူတော်စင်များ၊ ဘုန်းကြီးတို့ ဟောကြားနေတဲ့ ဒေသနာ အစီအစဉ်မှာ ထေရ၀ါဒ မြတ်ဗုဒ္ဓဒေသနာတော်သမိုင်းကို ကိုးကွယ်သိမှတ် ဆည်းကပ်ပုံများ ဟောကြားခဲ့ပါပြီ။ ယခု ထေရ၀ါဒ ဗုဒ္ဓဘာသာ ပီပီသသ ဖြစ်-မဖြစ်ဆိုတဲ့ အကြောင်း၊ တခြား မဟာယာန ဗုဒ္ဓဘာသာတို့ရဲ့ ကိုးကွယ်ခြင်းများနဲ့ နှိုင်းယှဉ်ပြီး ဟောကြားနေတဲ့ ဒေသနာအစီအစဉ်များ ရောက်လာပါပြီ။

အဲဒါကို အကျဉ်းချုံးပြီး ဟောပြသွားမှာပါ။ မဟာယာန ဗုဒ္ဓဘာသာမှာကတော့ ဘယ်ကျမ်းကလာတဲ့ နတ်ဖြစ်ဖြစ် ကိုးကွယ် ရှိခိုးဖို့ဆိုတဲ့ အထဲမှာ သူတို့ကို ထည့်ထားတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာကတော့ မြတ်စွာဘုရား သာသနာတော်မှာ နတ်တွေ သိကြားတွေ ဗြဟ္မာတွေ ပါတယ်။ ရှိတယ်။ ဘုရားကိုယ်တော်မြတ်နဲ့ သိကြား ဗြဟ္မာ နတ်ဒေ၀ါတွေဟာ မပြတ်မပြတ်တွေ့ကြ ဆုံကြ တရားဆွေးနွေးကြ၊ လျှောက်ထားကြ စသည်ဖြင့် မြောက်မြားစွာသော သုတ်တွေရှိတယ်။

ဥပမာ-သံယုတ္တနိကာယ်ကို ကြည့်လိုက်ရင် ဒေ၀တာသံယုတ်တခုလုံးဟာ နတ်နဲ့ပတ်သက်တဲ့ တရားတွေချည်းပဲ။ ဒေ၀ပုတ္တသံယုတ်၊ ဒေ၀တာသံယုတ်၊ သက္ကသံယုတ်၊ ဗြဟ္မသံယုတ် အဲဒီလို သိကြား ဒေ၀ါ နတ်ဗြဟ္မာ နတ်သားတွေ နတ်သမီးတွေနဲ့ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ သာသနာတော်နဲ့ဟာ အကုန်လုံး ဆက်နွယ်မှုတွေ ရှိပါတယ်။ သို့သော် ဒီကနေ့ ထေရ၀ါဒ ဗုဒ္ဓဘာသာ နိုင်ငံတော်မှာ အမျိုးသား အမျိုးသမီးတွေ ကိုးကွယ်နေကြတာ တွေနဲ့ အဲဒီဘုရားပိဋကတ်တော်မှာ လာကြတဲ့နတ်များနဲ့ ဘယ်လိုများ ပတ်သက်မှုရှိမလဲ၊ ဘယ်လိုများ ဆက်သွယ်မှုရှိမလဲ ဆိုတာလေးတွေ စဉ်းစားကြည့်လိုက်လို့ရှိရင် ဘုန်းကြီးတို့ မဟာအာဋာနာဋိယ သုတ်ကနေ စတင်ပြီးတော့ အဲဒါ စဉ်းစားမယ်။

မဟာအာဋာနာဋိယကို ဒီဃနိကာယ် ပါဠိတော်မှာ သင်္ဂါယနာတင်ပြီးတော့ စာရင်းသွင်းထားတယ်။ ဒီဃနိကာယ်ဆိုကတည်းက သုတ်ရှည်ကြီးပဲ။ သုတ္တန်ရဲ့ နာမည်သည်-မဟာအာဋာနာဋိယသုတ်၊ မဟာအာဋာနာဋိယဆိုတာဟာ မူရင်းကတော့ နတ်ပြည်က မြို့တမြို့ရဲ့ နာမည်ပဲ။ အာဋာနာဋိယဆိုတဲ့ နတ်မြို့တခုရှိတယ်။ စတုမဟာရာဇ်နတ်ပြည်မှာပါ။

အဲဒီအာဋာနာဋိယဆိုတဲ့ နတ်မြို့တော်ကြီးမှာ လောကပါလနတ်မင်းကြီး လေးယောက်တို့တွင် အရှိန်အ၀ါကောင်းတဲ့ နတ်မင်းကြီးတပါးဟာ ၀ဿဝဏ၊ ၀ဿဝဏဆိုတဲ့ နတ်မင်းကို မြန်မာလို ဝေဿ၀ဏ်လို့ ဖတ်ကြတယ်။ အဲဒီဝေဿ၀ဏ် နတ်မင်းကြီး စီမံသွားတဲ့ သုတ်လို့မှတ်ရမယ်။ အာဋာနာဋိယနတ်မြို့မှာ ဝေဿ၀ဏ်နတ်မင်း စီမံသောသုတ်ကို အာဋာနာဋိယသုတ်လို့ ခေါ်တယ်။

အဲဒါကြောင့် ဒီသုတ္တန်သည် ဗုဒ္ဓဘာသိတသုတ် မဟုတ်ဘူး။ ဒေ၀တာ ဘာသိတသုတ်တဲ့။ နတ်ဟောတဲ့သုတ်။ ဒီလိုမှတ်ပါ။ အဲဒီနတ်ဟောတဲ့သုတ်က ဘာကြောင့် သင်္ဂါယယနာတင်စာရင်းထဲ ရောက်သွားသလဲဆိုတော့ ဘုရားက လက်ခံတဲ့အတွက်ကြောင့် ရောက်သွားတာပါ။ နတ်ဟောတဲ့သုတ်ကို မြတ်စွာဘုရားက လက်ခံပြီး အမည်ပြုပေးလိုက်တယ်။ နတ်တွေက စီစဉ်ပြီး ဘုရားကို လျှောက်တယ်။ ဘုရားက သံဃာတော်တွေကို ပြန်ဟောလိုက်တယ်တဲ့။ ညတုန်းကကွယ် သန်းခေါင်ယံမှာ ဝေဿ၀ဏ်နတ်မင်းကြီး ရောက်လာပြီး ဒီသုတ္တန်လျှောက်သွားတယ်ဟေ့။ ဆောင်ထားကြ၊ ဆောင်ထားကြ၊ ဘုရားက ဂိဇ္ဈကုဋ်တောင်မှာနေနေတုန်း သံဃာတော်တို့ကို ပြန်ဟောလိုက်တယ်။

အဲဒါကြောင့် နတ်ဟောသုတ်ပင် ဖြစ်လင့်ကစား ဘုရားလက်ခံတော်မူတဲ့အတွက်ကြောင့် ဘုရားဟောသကဲ့သို့ နှစ် ၂၅၀၀-သင်္ဂါယနာခြောက်တန်တင် မထေရ်ကြီးတွေက အမြတ်တနိုး အလေးပြုပြီးတော့ ပိဋကတ်ထဲမှာ ထည့်ထားတာ။ အဲဒါ မဟာအာဋာနာဋိယသုတ် ဆိုပြီး ဖြစ်လာတယ်။ အဲဒါကို ဘုန်းကြီးတို့ ပါဠိ အဋ္ဌကထာ ဋီကာကျမ်းတွေထဲမှာ တိတိကျကျ လက်ခံထားတယ်။

နတ်ဟောတာကို နတ်မဟောသလို အသာလေး တိမ်မြှုပ်ပြီးတော့ ဘုရားဟောရယ်လို့ ပြောင်းလဲပြီး လက်ခံတဲ့စနစ်မျိုး ဘုန်းကြီးတို့ ထေရ၀ါဒမှာ မရှိဘူး။ ဒါဟာ နတ်ဟောတယ်။ ဒါဟာ ဘုရားဟောတယ်။ ဒါဟာ သာဝကဟောတယ်။ ဒါဟာ သာဝိကာဟောတယ်။ အဲဒီလို တိတိကျကျ ပီပီသသ တန်းတင်တယ်။ မဟာယာနရောက်သွားပြီဆိုရင် အဲဒီလိုမဟုတ်တော့ဘူး။ လားမားဘုန်းတော်ကြီး မျိုးစုံက စာမျိုးစုံကို ရေးပြီးတော့ သူတို့ရေးတယ်လို့ မပြောလိုက်ဘဲနဲ့ နောက်ဆုံး ဘုရားဟောဆိုပြီးတော့ အဲဒီလိုမျိုး လုပ်သွားတာတွေ မဟာယာနမှာ အများကြီးရှိတယ်။

ထေရ၀ါဒမှာကတော့ ဝေဿ၀ဏ်နတ်မင်းကြီးက ဂိဇ္ဈကုဋ်တောင်မှာ သီးတင်းသုံးသော မြတ်စွာဘုရားထံ သန်းခေါင်ယံမှာလာပြီးလျှောက်တယ်။ မြတ်စွာဘုရား၊ ဒီအာဋာနာဋိယသုတ္တန်ကို ဆောင်ထားပါဘုရား။ သံဃာတော်များကိုလဲ သင်ပေးလိုက်ပါဘုရား။ ဘာဖြစ်လို့လဲဆိုတော့ မြင်းမိုရ်တောင် တပတ်လည်နေကြတဲ့ အထဲ မြင်းမိုရ်တောင်ရဲ့ တောင်အရပ်မှာ ကုမ္ဘဏ္ဍ ဆိုတဲ့နတ်မျိုးတွေ နေပါတယ်ဘုရား။ မြင်းမိုရ်တောင်ရဲ့ မြောက်အရပ်မှာ ယက္ခဆိုတဲ့ ဘီလူးမျိုးတွေ နေကြပါတယ်ဘုရား။ ဒီလိုလျှောက်တယ်။ ဂိဇ္ဈကုဋ်တောင်ကို ဝေဿ၀ဏ်နတ်မင်းနဲ့အတူ လာတာက ဓတရဋ္ဌနတ်မင်းရယ်၊ ၀ိရူဠှကနတ်မင်းရယ်၊ ၀ိရူပက္ခနတ်မင်းရယ် အဲဒီနတ်မင်းကြီးလေးပါး လာကြတယ်။ သိကြားမင်းရဲ့ တာဝန်ပေးချက်အရ မြင်းမိုရ်တောင်ကို ပတ်ပြီးတော့ လုံခြုံရေးတာဝန် စောင့်ရှောက်တဲ့အထဲမှာ မြောက်အရပ်က ဘီလူးတပ်ကို အုပ်ချုပ်ဖို့ ဝေဿ၀ဏ်နတ်မင်း တာဝန်ယူရတယ်။ အရှေ့အရပ်က ဂန္ဓဗ္ဗ နတ်တွေကို အုပ်ချုပ်ဖို့ ဓတရဋ္ဌနတ်မင်းက တာဝန်ယူရတယ်။ တောင်အရပ်က နတ်တွေ၊ ကုမ္ဘဏ်တွေကို အုပ်ချုပ်ဖို့ ၀ိရူဠှက နတ်မင်းက တာဝန်ယူရတယ်။ အနောက်ဘက်က နဂါးတွေကို အုပ်ချုပ်ဖို့ ၀ိရူပက္ခနတ်မင်းက တာဝန်ယူရတယ်။

အဲဒီနတ်မင်းကြီး ၄-ယောက်တို့ဟာ မြတ်စွာဘုရား မိဂဒါဝုန်မှာ ၀ါဆိုလပြည့်နေ့ ဓမ္မစကြာတရားဟောတုန်းက သောတာပန်တည်ပြီးသား နတ်တွေဖြစ်တယ်။ သောတာပန်နတ်၊ သူတော်ကောင်းနတ်တွေပါ။ ဒါပေမဲ့ သူတို့ရဲ့ လက်အောက်ခံနတ်တွေက ဘီလူးဆိုလို့ရှိရင် ပါဏာတိပါတ မပါရင် အစာမရဘူး။ မဖြစ်ဘူးဆိုပါတော့။ ကုမ္ဘဏ်လဲ ဒီအတိုင်းပဲ၊ အဲဒီတော့ မြတ်စွာဘုရားကိုယ်တော်မြတ်က လူ့အခြေခံကျင့်ဝတ်ကို ဘာကစပြီး ဟောသလဲ၊ ငါးပါးသီလကို စဟောခဲ့တာ။ အဲဒီနတ်တွေက ဘာပြောသလဲ-ဂေါတမဗုဒ္ဓကလဲ တို့ကို အစာဖြတ်ပြီးတော့ အသေခံခိုင်းတာနဲ့ အတူတူပဲလို့ ပြောကြတယ်။ ဒါကြောင့် သူတို့က ဂေါတမဘုရားရှင်ရဲ့ တရားကို ဘယ်တော့မှ မကြိုက်ဘူး။ ဘယ်နတ်တွေလဲ။ ဘီလူးတွေ။ ကုမ္ဘဏ်တွေ ဖြစ်ပါတယ်။ သူတို့က ဒီတရားမကြိုက်ကြဘူး။ ဂန္ဓဗ္ဗနတ်တွေကလဲ အဲဒီ ၅-ပါးသီလကို စဟောရင် စိတ်ဆိုးတယ်တဲ့။ မကျေနပ်ကြဘူး။

အဲဒါကြောင့် ကမ္မ၀ါ-စာထဲမှာ ဒီပါဠိတော်ထဲကဟာတွေကို ထည့်ပြီး စီမံထားတာ။ အဲဒီတော့ ဝေဿ၀ဏ်အစရှိတဲ့ နတ်မင်းကြီး လေးယောက်။ ဂိဇ္ဈကုဋ်တောင်ပေါ်မှာ သန်းခေါင်ယံလာတော့ ရာဇဂြိုဟ်မြို့ရဲ့ မြို့တခါးပေါက်တွေမှာ ဝေဿ၀ဏနတ်မင်းကြီးက မြို့စောင့်လုံခြုံရေးတွေ အထပ်ထပ်ချထားတယ်။ ဘုရားရှင်သီတင်းသုံးတဲ့ ဂိဇ္ဈကုဋ်တောင်စောင်းက ဇရပ်ရဲ့ အရပ်လေးမျက်နှာမှာလဲ လုံခြုံရေးတွေ အထပ်ထပ်ချထားတယ်။ အဲသလို လုံခြုံရေးတွေ အထပ်ထပ်ချပြီးမှ နတ်မင်းကြီးလေးပါး ဘုရားဆီလာကြတယ်။

သူတို့စီမံချက်ကို ကြည့်ပါဦး။ ဒီနတ်မင်းကြီး လေးပါးထဲက ဝေဿ၀ဏ်နတ်မင်းကြီးက ဘုရားရှင်ကို ပရိတ်ကို လျှောက်ကြားတာ။ ပရိတ်ဆိုတာက အကာအကွယ်ပေးတာ။ ခုနကလို နတ်ကြမ်းတွေ၊ နတ်ဆိုးတွေကို ကာကွယ်ဖို့ ပရိတ်ကို ဝေဿ၀ဏ်နတ်မင်းက အာဋာနာဋိယမြို့မှာ စီမံခဲ့တာ။ စီမံပြီး နတ်မင်းကြီး ၄-ဦးသား တိုင်ပင်ပြီးတော့ ဘုရားရှင်ဆီ လာပို့တာ။ အဲဒါတွေကို သိနေတဲ့ ယက္ခတွေ၊ ကုမ္ဘဏ်တွေက အနှောင့်အယှက် ပေးမှာစိုးလို့ ရာဇဂြိုဟ်မြို့ရဲ့ အရပ် ၄-မျက်မှာ အစောင့်တွေချတယ်။ ဘုရားကျောင်းတော်ရဲ့ အရပ်လေးမျက်နှာမှာ အစောင့်တွေချတယ်။ လုံခြုံပြီဆိုတော့မှ ဘုရားဆီ ၀င်ကြတာ။ ဝေဿ၀ဏနတ်လို့ ခေါ်တာက သိကြားမင်းက ဝေဿ၀ဏ်မြို့ကို အပိုင်စားပေးထားလို့ ဝေဿ၀ဏ လို့ခေါ်တာ။ တခြား သူ့နာမည်က ကုဝေရလို့လဲခေါ်တယ်။ ကဿပဘုရားရှင်လက်ထက်က ကြံရောင်းတဲ့ ကြံကုန်သည် ဖြစ်တယ်။ ကြံကြိတ်စက်တွေနဲ့ ကြံတွေကို ညှစ်ပြီး အရည်ရောင်းတာ စီးပွားဖြစ်နေတယ်။ သံဃာတော်အရှင်မြတ်တွေကို နေ့စဉ်ကြံရည်ကပ်တယ်။ ကုဝေရက နှစ် ၂၀၀၀၀-နီးနီး ကြံရည်ကပ်ပြီး ကုသိုလ်ကို လုပ်ခဲ့ဖူးတယ်။ အဲဒီကြံရည်ရောင်းတဲ့ဘ၀က ကွယ်လွန်ပြီးတော့ စတုမဟာရာဇ်နတ်ပြည် မြင်းမိုရ်တောင် မြောက်ဘက်မှာ ဝေဿ၀ဏ်မြို့ကို အပိုင်စားရတဲ့ ကုဝေရနတ်မင်းဆိုပြီး လာဖြစ်တယ်။ ကြံလှူတဲ့ကုသိုလ်ပါပဲ။

အဲဒါကြည့်လိုက်ရင် သူဟာ သူတော်ကောင်းဖြစ်တယ်။ ဓမ္မစကြာတရားဦး နာပြီးတော့ သောတာပန်တည်တယ်။ အဲဒီတော့ သိကြားလဲပဲ ဪ-ငါ့လုံခြုံရေးတွေ စီမံတဲ့နေရာမှာ တန်ခိုးလဲကြီး၊ သူတော်ကောင်းစိတ်လဲ ရှိကြတဲ့ သူတွေကို လုံခြုံရေးချမှပဲ။ မြင်းမိုရ်တောင်ထိပ်မှာ သိကြားမင်းရဲ့ တာဝတိံသာရှိတယ်။ တောင်ပတ်ပတ်လည်မှာက စတုမဟာရာဇ်နတ်တွေ ရှိတယ်။ အဲဒါကြောင့် သောတာပန်အရိယာ နတ်မင်းကြီးတွေကို ရွေးပြီးတော့ မြင်းမိုရ်တောင်ရဲ့ အရပ်လေးမျက်နှာမှာ လုံခြုံရေးချထားတာ။

နတ်မင်းကြီးလေးပါးထဲမှာ သောတာပန်ဖြစ်တဲ့ ဝေဿ၀ဏ်နတ်မင်းကြီးက သံဃာတော်တွေကို ကြည့်ပြီးတော့ သူက သနားတယ်။ မြတ်စွာဘုရား သာသနာတော်ခေတ် စောစောပိုင်းက သံဃာတော်တွေက တောတောင်မှာပဲ နေတယ်။ ကျောင်းကန်ကို လက်မခံသေးတဲ့အချိန် ဖြစ်တယ်။ တောတွေ၊ တောင်တွေမှာ ရုက္ခမူနဲ့ နေတယ်။ အရညကင်ဓုတင်နဲ့ နေတယ်။ လိုဏ်ဂူနဲ့ နေတယ်။ သုသာန်ဇရပ်မှာ နေတယ်။ အဲဒီလို နေတဲ့ သံဃာတော်တွေကို တော်တော်ကြာ သူရဲဖမ်းလို့၊ တော်တော်ကြာ ဘီလူးဖမ်းလို့၊ တော်တော်ကြာ ကုမ္ဘဏ်တွေ ဘာလုပ်လို့၊ အဲဒီလို မကြာမကြာ ခြိမ်းခြောက်၊ ဖမ်းစားတာတွေကို ခံကြရတယ်။ အဲဒီတော့ ဘီလူးအုပ်ချုပ်တာက ဝေဿ၀ဏ်။ သူ့တပ် သူမနိုင်တော့ သံဃာတော်တွေ ဘီလူးစားတယ်။ ကုမ္ဘဏ်တွေကို အုပ်ချုပ်တာက ၀ိရူဠှက၊ ၀ိရူဠှကနတ်မင်းကလဲ သူ့တပ်သူမနိုင်တော့ သံဃာတော်တွေကို ကုမ္ဘဏ်က နှောင့်ယှက်တယ်။ အဲဒါကြောင့် ဒီနတ်မင်းလေးပါးက တိုင်ပင်ပြီးတော့ ပရိတ်ကို စီစဉ်တာ။ အဲဒီဘီလူးတွေ ကုမ္ဘဏ်တွေကို ကာကွယ်ဖို့ အာဋာနာဋိယမြို့မှာ ပရိတ်ကို စီစဉ်ပြီးတော့ မြတ်စွာဘုရားထံ သန်းခေါင်ယံလာပြီး လျှောက်သွားတာ။ သံဃာတော်မြတ်တွေရဲ့ လုံခြုံရေးအတွက် တပည့်တော် ပရိတ်စီစဉ်ထားပါတယ်။ ဘုရားလက်ခံတော်မူပါ။

ဘုရားရှင်က အေး အေး၊ ကောင်းတယ်-ဆိုပြီး လက်ခံထားလိုက်တယ်။ မနက်မိုးလင်းတော့မှ သံဃာတော်တွေကို ဂိဇ္ဈကုဋ်တောင်ခြေ စုခိုင်းပြီး ဘုရားက ပြန်ဟောတော်မူတယ်။ အဲဒီသုတ်ကို ဒေ၀တာဘာသိတ-သုတ်လို့လဲ ခေါ်တယ်။ နတ်ဟောတဲ့သုတ်။ ဘုရားလက်ခံ အတည်ပြုပြီးတော့ ဘုရားက သံဃာတော်များကို ပြန်ဟောပေးတာ။ ထေရ၀ါဒမှာ နတ်ကို လက်ခံတဲ့အကြောင်း၊ လက်ခံပုံ လက်ခံနည်းကလေးတွေ ဒါနားလည်ဖို့ပါ။

( သီတဂူ ဆရာတော် )

( မြတ်မင်္ဂလာ ၂၀၀၂-ခု ဇူလိုင်လ)

Monday, November 23, 2009

ဘာသာရေး ပြဿနာ ( ၉၃ )

( ဘဒ္ဒန္တ တိလောကသာရ ဖြေသည် )

(မေး) (အရုဏ်မတက်မီ ဆွမ်းတော်တင်ခြင်း)
အရှင်ဘုရား၊ အရုဏ်မတက်မီ ဘုရားဆွမ်းတော် တင်သင့်-မတင်သင့်၊ တင်မိပါက မည်သည့်အပြစ် ရှိပါသလဲဘုရား။ ဖြေဆိုတော်မူပေးပါဘုရား။
(မအေးအေး-ဥဿာမြို့သစ်၊ ပဲခူးမြို့)

(ဖြေ)
အရုဏ်တက်ချိန်ကို လက်တွေ့သိရှိရန်မှာ နံနက်နေထွက်ချိန် အရှေ့အရပ်တွင် နေထက်ဝက်ပေါ်သောအခါ နာရီကိုမှတ်ပါ။ ထိုနေထက်ဝက်ပေါ်ချိန်ကို နေထွက်ချိန်ဟု မှတ်ထားပြီး ထိုအချိန်မတိုင်မီ သာမန်တနာရီ အလိုသည် အရုဏ်တက်ချိန် ဖြစ်ပါသည်။

တနေ့ကြည့်ထားပြီးလျှင် နောက်နေ့မှစ၍ အရုဏ်တက်ချိန်ကို တိကျစွာ သိနိုင်ပါပြီ။ ထို့နောက် ၃-ရက်လျှင် (စက်နာရီဖြင့်) တမိနစ် အတိုးအလျှော့ကို မှတ်၍ အရုဏ်ကို ဆုံးဖြတ်ပါ။ နံနက်အရုဏ်ဆွမ်းကို အရုဏ်မတက်ဘဲ မတင်ရပါ။ အရုဏ်မတက်ဘဲ တင်လျှင် အရုဏ်ဆွမ်းမဖြစ်ဘဲ ညဆွမ်းဖြစ်နိုင်သဖြင့် အပြစ်ရှိပါသည်။ မိမိဥပုသ်စောင့်ထားလျှင်လည်း အရုဏ်တက်မှသာ စားသောက်နိုင်ပါသည်။

တန်ခူးလပြည့်နေ့တွင် နံနက် ၅-နာရီတိတိ အရုဏ်ယူ၍ ၃-ရက် တမိနစ်တိုးပါ။
ပြာသိုလပြည့်တွင် နံနက် ၅-နာရီခွဲ အရုဏ်ယူ၍ ၃-ရက် တမိနစ်လျှော့ပါ။ သာမာန်အရုဏ်တက်ချိန် ရပါသည်။
သို့သော် သာမန်မှတ်သားချက် မဟုတ်။ အတိအကျမဖြစ်နိုင်သဖြင့် အရုဏ်ကို တိုး၊ မွန်းတည့်ကို လျှော့-ဟူသော ရှေးစကားအတိုင်း လိုက်နာဖို့လိုပါသည်။
********************************************************************************

(မေး) (ဆွမ်းတော်တင် စားအပ်-မစားအပ်)
အရှင်ဘုရား၊ ၂၀၀၁-ခုနှစ် ဇွန်လအမေးအဖြေတွင် ဆွမ်းတော်တင်စားခြင်းနှင့်ပတ်သက်၍ ဘုရားဝေယျာဝစ္စ ပြုသူ ဖုန်းတောင်းယာစကာများသာ စားအပ်သည်ဟု ဆိုခဲ့ပါသည်။ တပည့်တော်မသည် ဘုရားကို ဆွမ်းတော် တင်သည့်အခါ ဆွမ်း၊ ဆွမ်းဟင်းမှစ၍ ဘာပဲလှူလှူ မိမိတတ်နိုင်သည့် ပန်းကန်အနေအထားနဲ့ အလျှံပယ် လှူရ၊ တန်းရမှ စိတ်ကျေနပ်ပါသည်။ ၀မ်းသာမိပါသည်။ စွန့်ချိန်တန်လျှင် စွန့်ပြီး စားခဲ့မိပါသည်ဘုရား။ ဘာပစ္စည်းပဲ လှူလှူ စွန့်၍ စားခဲ့ခြင်းသည် ကြီးလေးသော အပြစ်၊ ဖြစ်-မဖြစ် ဖြေကြားပေးတော်မူပါဘုရား။
(မြစန္ဒာ-ရွှေပြည်သာ)

(ဖြေ)
မြန်မာရာဇ၀င်၌ ပုဂံပြည် အနော်ရထာမင်းကြီးသည် သထုံပြည့်ရှင် မနူဟာမင်းကို ပုဂံပြည်သို့ ဖမ်းယူခေါ်ဆောင် လာသည်။ ထို့နောက် မနူဟာမင်းသည် စကားပြောတိုင်း ခံတွင်းမှ စက်ရောင်တပြောင်ပြောင် ထွက်နေသည်။ ထိုအခါ အနော်ရထာမင်းကြီး ထိတ်ထိတ်လန့်လန့် ဖြစ်ရသည်။ ပညာရှင်များ၏ အကြံပေးချက်အရ ဆွမ်းတော်တင်ကို စားမိမှ မနူဟာမင်း ခံတွင်းမှ စက်ရောင်ပျောက်ကွယ်ကြောင်း ဆိုပါသည်။

အမှန်မှာ ဆွမ်းတော်တင် အသန့်အပြန့် မဟုတ်၊ ဆွမ်းတော်ကိုချပြီး သင်ပုတ်စင်ပေါ် စွန့်ပြီးကာမှ ရွှေလင်ပန်းနှင့် ထည့်၍ ကျွေးခြင်း (မသန့်ပြန့်သော အာဟာရကို ကျွေးခြင်း)ကြောင့် ဖြစ်သည်။ ယင်းကိုအစွဲပြု၍ ဆွမ်းတော်တင်စားလျှင် ဘုန်းတန်ခိုးညံ့တတ်သည်ဟု အစွဲအလမ်း ဖြစ်ပေါ်လာပြီး ဆွမ်းတော်တင်ပြီးလျှင် မစားသင့်-စွန့်ပစ်ရသည်။ ဖုန်းတောင်းယာစကာတို့အား ကျွေးရသည်-စသည့် အစဉ်အလာဖြစ်နေပေသည်။

သို့သော် မြတ်စွာဘုရားသည်ပင် သောဏသူဌေးသား၏ ဆွမ်းကို ဘုဉ်းပေးပြီး ဗိမ္ဗိသာရမင်းကြီးကို စားစေခြင်း၊ ရှေးရှေးသံဃာတော်ကြီးများသည် ဆွမ်းခံပြန်တွင် သပိတ်ပါ ဘုရားကို ကပ်လှူ၍ နောက်မှချယူပြီး ဘုဉ်းပေးခြင်း ရှိကြပါသည်။ အချို့ ဘုရားအလွန်ကြည်ညိုသူတို့သည် ပြဿနာရှင် မမြစန္ဒာကဲ့သို့ တခမ်းတနား ဘုရားကို ဆွမ်းလှူပြီးမှ ချ၍ သုံးဆောင်ခြင်းလည်း ရှိပါသည်။ ထို့ကြောင့် သန့်သန့်ရှင်းရှင်း လှူဒါန်းပြီး စွန့်ယူ၍ စားသောက်ခြင်း၌ အပြစ်မရှိပါ။

ဝေယျာဝစ္စပြုသူဟု ဆိုသည်မှာ မိမိတင်လှူထားသော ဆွမ်းတော်တင် မဟုတ်။ အခြားသူ တင်လှူထားသော ဆွမ်းတော်တင်ကို စားလိုလျှင် ဗုဒ္ဓဝေယျာဝစ္စကို ရှေးဦးစွာ ပြုပြီးမှ စားသင့်ကြောင်း အဆိုရှိသည်။ ရဟန်းသာမဏေဖြစ်၍ မွန်းတည့်ခါနီးနေလျှင် ဦးစွာဆွမ်းတော်တင်ကို စားပြီးမှ ဝေယျာဝစ္စကို နောက်မှပြု၍လည်း ဖြစ်ကြောင်း၊ ဝေယျာဝစ္စမပြုလုပ်ဘဲကား မစားသင့်ကြောင်း ရှေးဆရာတော်ကြီးတို့ သွန်သင်ဆုံးမချက်ရှိလေသည်။ ဤမျှဖြင့် ဆွမ်းတော်တင် စားသင့်-မစားသင့် ဆုံးဖြတ်နိုင်လောက်ပေပြီ။
********************************************************************************

(မေး) (ဆုတောင်းသင့်-မသင့်)
အရှင်ဘုရား ပွင့်တော်မူပြီးဖြစ်သော ဘုရားရှင်တို့သည် သတ္တ၀ါတို့အား ဆုတောင်းခြင်းကို ညွှန်ပြပေးတော်မူခဲ့ပါသလားဘုရား။ တပည့်တော်တို့ ဘုရားရှိခိုးအပြီးတွင် ဆုတောင်းသင့်-မသင့် သိလိုပါသည်ဘုရား။
(သား မင်းဟန်-ကော့မှူးမြို့)

(ဖြေ)
အောက်ပါဆောင်ပုဒ်ကို ကျက်မှတ်ထားပါ။
၁။ ကျွတ်ဆုမတောင်း၊ ကောင်းစွာမကျင့်၊ ကျွတ်ခွင့်မရ၊ ခါဏုက။
၂။ ကျွတ်ဆုမတောင်း၊ ကောင်းစွာကားကျင့်၊ ကျွတ်ခွင့်မရ၊ ဘိရတ။
၃။ ကျွတ်ဆုသာတောင်း၊ ကောင်းစွာမကျင့်၊ ကျွတ်ခွင့်မရ၊ နိဿိတ။
၎။ ကျွတ်ဆုလည်းတောင်း၊ ကောင်းစွာလည်းကျင့်၊ ကျွတ်ခွင့်ကိုရ၊ ၀ိဝဋ္ဋနိဿိတ။

အလှူဒါနပြုပြီးတိုင်း နိဗ္ဗာန်ဆုကို တောင်းသင့်ကြောင်း သင်္ခါရုပတ္တသုတ်တွင် မြတ်စွာဘုရား ဟောကြားထား ပါသည်။ ဆုတောင်းရာ၌ ၀ိဝဋ္ဋနိဿိတ ဖြစ်ရန်၊ နိဗ္ဗာန်ဆုကိုသာ တောင်းပါ။ သြကာသကန်တော့ခန်းတွင် ဈာန်တရား မဂ်တရား ဖိုလ်တရားဟုဆိုရာ၌ ဈာန်တရားမှာ လောကီဆုဖြစ်သည်။

ထို့ကြောင့် မတောင်းသင့်ကြောင်း ရှေးဆရာတော်များ ဟောကြားပါသည်။ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားကို မျက်မှောက်ပြုရပါလို၏-ဟု ဘုရားရှိခိုးပြီး ဆုတောင်းရန် အထူးလိုအပ်ပါသည်။ အစတွင် ဖော်ပြပါ ပုဂ္ဂိုလ်လေးမျိုးမှာ သံသာရခါဏုက (ငရဲသစ်ငုတ်ပုဂ္ဂိုလ်)။
သံသာရဘိရတ (သံသရာပျော် ပုဂ္ဂိုလ်)။
ဝဋ္ဋနိဿိတ (၀ဋ်ဆင်းရဲမှီ ပုဂ္ဂိုလ်)။
ဝိ၀ဋ္ဋနိဿိတ (၀ဋ်ဆင်းရဲမှ လွတ်မြောက်မှုကို မှီသောပုဂ္ဂိုလ်) ဟု အဓိပ္ပါယ်ဖော်၍ မှတ်သားပါ။
********************************************************************************

(မေး) (ပစ္စည်းကောက်ရလျှင်)
အရှင်ဘုရား ကောက်ရသောပစ္စည်းနှင့် ပတ်သက်၍ ရဟန်းတို့ မည်သို့ဆောင်ရွက်ရမည်။ မဆောင်ရွက်ဘဲ သိမ်းပိုက်လိုက်ပါက မည်သည့်အာပတ်သင့်သည်ကို ရှင်းလင်းဖြေကြားတော်မူပါဘုရား။
(ဦးမောင်ဦး-တောင်ငူ)

(ဖြေ)
ပါတိမောက် သုဒ္ဓပါစိတ် ရတန၀ဂ်တွင် ရတနသိက္ခာပုဒ်ဟူ၍ ရှိသည်။ ယင်းသိက္ခာပုဒ်တွင် ရတနာပစ္စည်းတမျိုးမျိုးကို အရာမ်တွင်း၊ အရာမ်ပ တနေရာရာတွင် တွေ့ရှိပါက ချက်ချင်း ကောက်၍ မယူသေးဘဲ စောင့်စား၍ နေရမည်။ အတန်ကြာစောင့်စား၍ ဥစ္စာရှင်မလာမှသာ သင့်လျော်သလို ပြုရမည်။ (သင့်လျော်သလို ဟူသည်မှာ ရဟန်းတို့နှင့် အပ်သောပစ္စည်း ဖြစ်လျှင် ပံ့သကူကောက်၍၄င်း၊ သိမ်းထားသင့်သော ပစ္စည်းဖြစ်လျှင် ပစ္စည်းရှင်အား ပြန်ပေးနိုင်ရန် သိမ်းထား၍၄င်း၊ ရွှေ၊ ငွေ၊ ရတနာဖြစ်လျှင် လျစ်လျှူရှု၍ ဖဲသွားခြင်းဖြင့်၎င်း ကျင့်ရာ၏။ ထိုသိက္ခာပုဒ်အတိုင်း ကျင့်သုံးရပါသည်။( ၀ိ-ဋ္ဌ ၃-၁၅၂-၃)
********************************************************************************

(မေး) ( ရဟန်းခံလျှင်)
အရှင်ဘုရား ရဟန်းအဖြစ် လွန်စွာရခဲသည်ဟု သိရပါသည်။ ရဟန်းအဖြစ်သို့ ရောက်ရန်အတွက်-
(၁) သိမ်အင်္ဂါနှင့် ပြည့်စုံမှု မရှိခြင်း။
(၂) ရဟန်းလောင်းဆုံးမသော ရဟန်းသည်လည်း သူ၏ကျင့်ဝတ်အာပတ်များ ရှိနေခြင်း။
(၃) ဥပဇ္ဈာယ်ဆရာ၏ ကျင့်ဝတ်များ ကျူးလွန်မှု ရှိခြင်း-စသည်များ အရေးကြီး-မကြီး ဖြေကြားပေးတော်မူပါဘုရား။
(မောင်မျိုးမြင့်အောင်-သဲကုန်း)

(ဖြေ)
ရဟန်းခံရာတွင် အထက်ပါအချက်များမှာ-
(၁) သိမ်သည် အရေးကြီးပါသည်။
သိမ်သမုတ်စဉ်က သိမ်မအောင်ခဲ့လျှင် ထိုသိမ်၌ ရဟန်းခံသောရဟန်း၊ ရဟန်း မဖြစ်နိုင်ပါ။
ထို့ကြောင့် သိမ်မှန်-မမှန် စစ်ဆေးရန် အရေးကြီးလှပါသည်။ ကျန်သော ၂-ချက် ၃-ချက်များ၌လည်း ထိုရဟန်းလောင်း ဆုံးမသော ရဟန်းနှင့် ဥပဇ္ဈာယ်ရဟန်းများ ပါရာဇိက အာပတ်ရှိနေသည့်တိုင်အောင် ၀န်မခံပါက (အခြား ကာရကသံဃာတို့လည်း ၅-ပါး ပြည့်ပါက) ရဟန်းလောင်း ရဟန်းဖြစ်ပါသည်။
*********************************************************************************

(မေး) ( သင်္ဂါယနာတင်ချိန်နှင့် မြန်မာမင်းများ)
အရှင်ဘုရား ပထမသင်္ဂါယနာတင်ချိန်တွင် မြန်မာနိုင်ငံ၌ မည်သည့်မင်း စိုးစံသည်။ မည်သည့်ဘာသာ ကိုးကွယ်သည်။ ထို့အတူ ဒုတိယ တတိယနှင့် စတုတ္ထသင်္ဂါယနာ တင်ချိန်များတွင်လည်း မြန်မာနိုင်ငံ၌ မည်သည့်မင်း စိုးစံ၍ မည်သည့်ဘာသာ ကိုးကွယ်သည်များကို သိလိုပါသည်ဘုရား။ တခုချင်း ဖြေကြားပေးတော်မူပါဘုရား။
(အောင်သူဖြိုး-ပြည်မြို့)

(ဖြေ)
ပထမသင်္ဂါယနာတင်သော ရာဇဂြိုဟ်ပြည် အဇာတသတ်မင်းသည် ဘုရားရှင် ပရိနိဗ္ဗာန် ၀င်စံတော်မူပြီး ၂၄-နှစ်ကြာအောင် မင်းပြုနေသည်။ ထိုအချိန်တွင် မြန်မာနိုင်ငံ တကောင်းပြည်၌ အဘိရာဇာမင်းဆက် စိုးစံနေသည်။ သာသနာ ၂၄-တွင် သတိုးမင်း နန်းစံသည်။ ထို့ကြောင့် ၄င်းတို့ ကပိလ၀တ်မှ ဆင်းသက်သူများပင်ဖြစ်၍ ဗုဒ္ဓကိုပင် ကိုးကွယ်မည်ဟု ယူဆရပါသည်။

သာသနာနှစ် ၁၀၀-၌ ဒုတိယသင်္ဂါယနာ တင်ချိန်တွင် ဒွတ္တပေါင်မင်းကြီး စိုးစံ၍ သားတော်များပင် ရဟန္တာဖြစ်ကြောင်း ဆိုသဖြင့် ဗုဒ္ဓဘာသာကိုပင် ကိုးကွယ်မည်ဟု ဆိုနိုင်ပါမည်။ တတိယသင်္ဂါယနာတင်ချိန် သာသနာ ၂၃၅-တွင် ဒွတ္တပေါင်မင်းကြီး၏ မြစ်တော် ရန်မန်မင်း ဖြစ်သည်။

စတုတ္ထသင်္ဂါယနာတင်ချိန် သာသနာနှစ် ၄၅၀-တွင် ငတပါးမင်းနှင့် ပါပိယံမင်းတို့ သရေခေတ္တရာတွင် စိုးစံဆဲဖြစ်သည်။ ၄င်းတို့သည် ဗုဒ္ဓဘာသာကိုပင် ကိုးကွယ်ကြောင်း သရေခေတ္တရာဘုရားကြီးများ တူးဖော်ရာ၌ တွေ့ရှိသော ရုပ်ပွားဆင်းတုတော်များအရ ထင်ရှားလှပါသည်။
********************************************************************************

(မေး) (ဘဘုန်း)
အရှင်ဘုရား ရဟန်းတော်များကို ထေရ်ကြီး ၀ါကြီးဖြစ်လျှင် ဘုန်းဘုန်း၊ ဘဘုန်း၊ ဘဘုရား စသည်ဖြင့် မခေါ်ဝေါ် မပြောဆိုရလို့ ဆိုကြပါတယ်။ ဘဘုန်းဟု ခေါ်သူများ ရှိပါသည်။ ဤသို့ခေါ်သူသည် အပြစ် ရှိ-မရှိ ခေါ်ဝေါ်သင့်-မသင့် ကို ဖြေကြားပေးတော်မူပါဘုရား။
(မလှဥမ္မာ-ထီးချိုင့်မြို့)

(ဖြေ)
သံဃာတော်နှင့် ရင်းနှီးခင်မင်သူ ကလေးအရွယ်များက ဤသို့ခေါ်ဝေါ်တတ်ကြပါသည်။ မရိုသေမှု မဟုတ်၍ အပြစ်မရှိပါ။
မြတ်စွာဘုရားရှင်အား နကုလပိတာ နကုလမာတာတို့က အလွန်ကြည်ညိုမြတ်နိုးလှသဖြင့် သားတော်ဘုရား၊ အဖေတို့ အမေတို့ကို ခွဲခွါ၍ ဤမျှကြာအောင် အဘယ့်ကြောင့်နေပါသနည်း-စသည်ဖြင့် လျှောက်ထားသည်။

ထိုအခါ ရဟန်းများက မေးလျှောက်ရာ မြတ်စွာဘုရားက-ဤနကုလပိတာ နကုလမာတာ သီတင်းသည် ဇနီးမောင်နှံသည် ရှေးရှေးဘ၀ငါးရာက ငါဘုရားနှင့် မိဘတော်ခဲ့ဖူးခြင်း ဦးကြီး မိကြီးတော်ခဲ့ဖူးခြင်းတို့ကြောင့် ဤသို့ ခေါ်ဝေါ်ခြင်းဖြစ်သည်-ဟု ဟောတော်မူသည်။ ယင်းသို့ခေါ်ဝေါ်မှုကို ခွင့်ပြုတော်မူခဲ့ပါသည်။

ထို့ကြောင့် ဘဘုန်း၊ ဘဘုန်းဘုရား ဟု ခေါ်ဆိုခြင်းအတွက် အပြစ်မရှိပါ။ ထိုခေါ်ဝေါ်မှုကို ရှမ်းပြည်နယ် တနယ်လုံးပင် အလေ့အလာ ရှိကြပါသည်။ မြန်မာနိုင်ငံရှိ ငယ်ရွယ်သော ယောက်ျားကလေး၊ မိန်းကလေးများလည်း အလေ့အလာ ရှိကြပါသည်။

( မြတ်မင်္ဂလာ ၂၀၀၂-ခု ဇူလိုင်လ)

Sunday, November 22, 2009

လျင်မြန်သော အကျိုးပေး

မောင်လတ်တို့ဇနီးမောင်နှံသည် အလွန်ဆင်းရဲ၏။ အိမ်ထောင်ပြုစဉ်က မင်္ဂလာဆွမ်းပင် မကျွေးမလှူနိုင်ခဲ့ပေ။ နှစ်ဖက်မိဘများသည်လည်း အလွန်ပင် ဆင်းရဲသောကြောင့် ထောက်ပံ့ပေးကမ်းခြင်း မပြုနိုင်ပေ။ သို့သော်လည်း ဇနီးမောင်နှံ၏ ကြိုးစားရိုးသားမှုကား အလွန်အားကျဖွယ်ကောင်းသည်။ မောင်လတ်တို့ ဇနီးမောင်နှံသည် အမိအဖများနှင့် ရွာဦးဘုန်းတော်ကြီးကျောင်းသို့ အလှူဆွမ်း ပေးပို့လှူဒါန်းနိုင်ရန် နှစ်စဉ်အားခဲခဲ့ကြသည်။ သို့သော် ငွေနှစ်ရာပြည့်အောင်ပင် လက်ထဲ၌ မရှိရှာပေ။ တနေ့တာ စားဝတ်နေရေး ကုန်ကျစရိတ်ကိုသာ အလျင်မီရန် ကြိုးစားနေရလေသည်။

တနေ့တွင် မောင်လတ်သည် ရွှင်ပျသောမျက်နှာဖြင့် အိမ်သို့ပြန်လာသည်။ ဇနီးအား မိမိအလုပ်ရလာကြောင်း ပြော၍ ငွေတထောင့်ငါးရာကျပ်ကို ပေးအပ်လေသည်။ အလုပ်မှာ မြို့မှ နွားဝယ်လာသူသူဌေး၏ နွားသုံးကောင်အား မြို့သို့ ပို့ပေးရန်ဖြစ်သည်။

ကိုလတ်ရယ် ရှင်ပို့ရမယ့် နွားတွေက နွားသတ်ရုံပို့ရမယ့် နွားတွေလား-ဟု ဇနီက မေးသည်။ မောင်လတ်က မဟုတ်ကြောင်း၊ မွေးမြူမည့်နွားများ ဖြစ်ကြောင်း၊ ရှင်းပြသည်။ ထိုငွေဖြင့် နှစ်ဘက်မိဘများအား ငွေနှစ်ရာစီ ကန်တော့ရန်နှင့် ရွာဦးဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းတအုပ်ချက်၍ လှူဒါန်းရန် မှာကြားသည်။ ထို့နောက် မောင်လတ်သည် မြို့သို့ နွားသုံးကောင်နှင့် ခရီးထွက်ခဲ့လေသည်။

သုံးရက်မြောက်သောနေ့၌ မောင်လတ်သည် မြို့မှ ပြန်ရောက်လာသည်။ ဇနီးဖြစ်သူသည် ယောက်ျားမှာကြားခဲ့ သမျှသော ကောင်းမှုတို့ကို ပြီးပြည့်စုံအောင် ပြုလုပ်ထားကြောင်း ပြောပြသည်။ ထိုစဉ် ဇနီးဖြစ်သူထံမှ
ဟယ်-ကိုလတ် စက်ဘီး-တဲ့ ဒီမှာ-ဟု အော်ပြောသည်။ မြို့မှ မောင်လတ်ဝယ်လာသော နေကြာစေ့ထုပ်အတွင်းမှ စာရွက်ကလေးအား ဖတ်ရင်း ဇနီးဖြစ်သူက အားပါးတရ ပြောခြင်းဖြစ်သည်။

အမှန်ပင် မောင်လတ်ဝယ်လာသော နေကြာစေ့ထုပ်ထဲမှ ကံစမ်းမဲ ဖီးလ်ဆင့် စက်ဘီးပေါက်လေတော့သည်။ မိတ်ဆွေတဦးက ငွေသုံးသောင်းပေး၍ ကံစမ်းမဲကို ၀ယ်ယူသွားလေတော့သည်။ မောင်လတ်တို့
ဇနီးမောင်နှံသည် ထိုငွေဖြင့် အရင်းအနှီးပြုလုပ်၍ စီးပွားရှာရာ ပြည့်စုံစွာ နေထိုင်စားသောက်လာနိုင်တော့သည်။ အလှူဒါနများလည်း အဆက်မပြတ် ပြုလုပ်နိုင်လေတော့သည်။

(စောမွှေး-ရွှေပင်မြေ)
( မြတ်မင်္ဂလာ ၂၀၀၂-ဇူလိုင်လ )

ဒိဋ္ဌ ကောင်းကျိုး

စာရေးသူ၏ ဖခင်ကြီးသည် အသက်အားဖြင့် ၇၉-နှစ်သို့ ရောက်ရှိနေပါပြီ။ ရောဂါဝေဒနာ ကင်းခြင်း၊ အစားအသောက်မှန်ခြင်း၊ အအိပ်အနေမှန်ခြင်း စသော အကြောင်းများကြောင့် ယခုအခါ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် လှိုင်သာယာမြို့ (၁၁)ရပ်ကွက် အမှတ် ၂၁၄-ဗိုလ်တာရာလမ်း နေအိမ်တွင် ချမ်းမြေ့ကြည်သာ နေထိုင်လျက်ရှိပါသည်။

ဖခင်ကြီးသည် ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ခွေးတောက်ချောင်းကျေးရွာတွင် နေထိုင်သည်။ ကိုင်းကျွန်းလုပ်ငန်း၌ သူရင်းငှါးလုပ်ကာ သားသမီး ၇-ယောက်တို့ကို နှစ်ရှည်လများ ပင်ပန်းကြီးစွာ လုပ်ကိုင်ကျွေးမွေးခဲ့ရရှာသည်။
ထိုမျှလောက် ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်စားသောက်နေရသော်လည်း ဖခင်ကြီးသည် ဘုန်းတော်ကြီးကျောင်း အတွက် တလလျှင် တကြိမ် အလှည့်ကျ ဆွမ်းချက်လှူဒါန်းပါသည်။ ထိုအခါ ရပ်မိရပ်ဖလူကြီးများနှင့် ဘာသာရေး ခေါင်းဆောင် လူကြီးးများက သနားကြင်နာသဖြင့် ဖခင်ကြီးအား တလတကြိမ် အလှည့်ကျ ဆွမ်းချက်လှူဒါန်း သည်ကို ရပ်နားရန် ပြောကြပါသည်။

ဖခင်ကြီးက လက်မခံပါ။ လူမွဲသော်လည်း သဒ္ဓါတရား မမွဲ-ဟူ၍ ခံယူချက်ထားကာ လစဉ်ဆွမ်းလှည့်ကို ဘယ်သောအခါမှ မပျက်ကွက်ခဲ့ပေ။ တတ်စွမ်းသမျှ ဆွမ်းဟင်းလျာတို့ဖြင့် ထာဝရကုသိုလ် အရယူခဲ့သည်။
အလုပ်အကိုင် လုပ်ငန်းခွင်၌လည်း ဖခင်ကြီးသည် သူတပါးစိတ်ကျေနပ်လောက်အောင် ဆောင်ရွက်ပေးလေ့ ရှိသည်။ ကုသိုလ်ရေးနဲ့ပတ်သက်၍လည်း သဒ္ဓါစေတနာထားရှိ၍ နောက်မတွန့်တမ်း နည်းများမဆို လှူဒါန်းလေ့ ရှိသည်။ ထို့ပြင် နေ့ကြီးရက်ကြီး သီတင်းနေ့များတွင်လည်း ဥပုသ်စောင့်ခြင်းကို မှန်မှန်ပြုခဲ့သည်။

ယခုအခါ ကျေးလက်မှ ရန်ကုန်ဒေသသို့ ပြောင်းရွှေ့ရောက်လာသည်မှာ ၄-နှစ်ကျော်မျှ ရှိခဲ့ပြီ။ ကျေးလက်မှာ နေနည်းအတိုင်းပင် သူတပါးအပေါ် မေတ္တာထားရှိခြင်း။ ဖော်ရွေပျူငှာခြင်း၊ ကုသိုလ်ရေး လက်မနှေးခြင်း စသည့် မိမိ၏ ပင်ကို ဓလေ့စရိုက်တို့ကို ဆက်လက်ထားရှိ ဆောင်ရွက်သည်။ ထို့ကြောင့်လည်း အိမ်နီးချင်းများ၊ ရပ်ကွက်သူ ရပ်ကွက်သားများ၏ ကြည်ညိုလေးစားခြင်းကို ခံရသည်။

စာရေးသူအနေဖြင့် ဖခင်ကြီး၏ စားဝတ်နေရေးမှအစ အားလုံးတာဝန်ယူ၍ ပြုစုစောင့်ရှောက်ထားသည်မှာ ၁၀-နှစ်တာမျှ ရှိခဲ့ပါပြီ။ မိသားစုအပေါ်၊ ပတ်ဝန်းကျင်အပေါ်၊ ဘာသာသာသနာတို့၌ မွန်မြတ်သော စိတ်ထား ရှိသည့် ဖခင်ကြီးကို ကြည့်၍ အတိတ်ကကောင်းသော ကံတရားများသည် ယခုအခါ ကောင်းကျိုးတရားများ ပေးနေလေပြီ-ဟူ၍ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတော့သည်။

(စိတ္တသုခ-အရှင်စန္ဒိမ၊ ဓမ္မကထိက)
( မြတ်မင်္ဂလာ ၂၀၀၂-ဇူလိုင်လ)

Saturday, November 21, 2009

ဘုရားရှိခိုးရာ သတိပြုစရာ

၁၃၆၃-ခုနှစ်၊ (၂၀၀၁-ခု) နွေရာသီကျောင်းပိတ်ရက်တွင် ....မြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ဆရာ ဆရာမများ၏ ဗုဒ္ဓဘာသာယဉ်ကျေးမှု နည်းပြသင်တန်းဆင်းပွဲ ကျင်းပသည်။ စာရေးသူအား ထိုပွဲသို့ တက်ရောက်ရန် သက်ဆိုင်ရာ ဆရာတော်ဘုရားက ကျောင်းသားတယောက်ကို လွတ်၍ စာဖြင့် အကြောင်းကြား သည်။ သို့ဖြင့် စာရေးသူသည် သင်တန်းဆင်းပွဲ ပြုလုပ်သည့်ရက်တွင် အဆိုပါ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့ပါသည်။

သင်တန်းဆင်းပွဲသို့ ဆရာတော် ၅-ပါး ကြွရောက်သည်။ မြို့နယ် ရပ်ကွက်မှ တာဝန်ရှိသူများလည်း တက်ရောက်သည်။ သင်တန်းသား၊ ဆရာ ဆရာမများ စုံညီလည်းတက်ရောက်သည်။ သင်တန်းဆင်းပွဲတွင် ပဓာနနာယက ဆရာတော်ဘုရားကြီးက သြ၀ါဒကထာ ချီးမြှင့်သည်။ ဆရာတော်ဘုရားကြီးက သြ၀ါဒ ပေးတော်မူရာတွင် ဗျသနတရားငါးပါး အနက်မှ သီလဗျသန (ကောင်းသော ကိုယ်ကျင့်သီလ ပျက်စီးခြင်း)နှင့် ဒိဋ္ဌိဗျသန (မိစ္ဆာဒိဋ္ဌိအယူမှားခြင်း) တို့ ဖြစ်ပါက တဘ၀သာမဟုတ်၊ ဘ၀များစွာ ဒုက္ခပေးနိုင်ကြောင်း သြ၀ါဒ ပေးတော်မူသည်။ ယင်သို့ သြ၀ါဒပေးရာမှ-
(၁) ဘုရားရှိခိုးခြင်း။
(၂) မေတ္တာပို့ အမျှဝေခြင်း။
(၃) ဒါနပြုခြင်။
(၄) သာသနာသန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက် ဆောင်ရွက်ခြင်းတို့ ပြုရာတွင် မှန်ကန်မှုရှိရန် လိုအပ်ကြောင်း။ သီလတောင်းရာတွင် မတောင်းတတ်သဖြင့် ရဟန်းတော်က ရှေ့ကဆိုပေးသည်ကို လိုက်ဆိုနေရကြောင်း၊ ပါဠိကို ရွတ်ဆိုရာတွင်လည်း ပုဒ် ပါဌ် အက္ခရာ အဖြတ်အတောက် မှန်ကန်အောင် ရွတ်ဆိုတတ်ဖို့လိုကြောင်း စသည်တို့ကို ထည့်သွင်း သြ၀ါဒပေးသွားသည်။

ဆရာတော်ဘုရားကြီး၏ သြ၀ါဒမှာ အဖိုးထိုက်တန်လှသဖြင့် သင်တန်းဆင်းပွဲ ပြီးသောအခါ စာရေးသူသည် ဆရာတော်ကြီးထံ ချဉ်းကပ်၍ အောက်ပါအတိုင်း မေးမြန်းလျှောက်ထားခဲ့သည်။

စာရေးသူ။ ။ ဆရာတော် သြ၀ါဒပေးတဲ့အထဲမှာ ပါဠိကို ပုဒ် ပါဌ် အက္ခရာ မှန်ကန်အောင် ရွတ်ဆိုဖို့ဆိုတာ ကြားနာရပါတယ်ဘုရား။ တပည့်တော်ကို ရှင်းပြတော်မူပါဘုရား။

ဆရာတော်။ ။ ရှေးဦးစွာ ပါဠိတော်ကို ရွတ်ဖတ်မှု အသံထွက် မှန်ကန်ဖို့ အရေးကြီးကြောင်း ဘုန်းကြီးပြောပြ ချင်တယ်။ အတ္ထော အက္ခရ သညာတော-ဆိုတဲ့ ပါဠိတော်အရ အနက်ကို အက္ခရာတို့ဖြင့်သာ သိနိုင်ပါတယ်။
အက္ခရာမမှန်လျှင် ပုဒ်မှန်မည် မဟုတ်ပါ။
ပုဒ်မမှန်လျှင် ၀ါကျမှန်မည် မဟုတ်။
ဝါကျမမှန်လျှင် အနက်မှန်ကို သိနိုင်မည်မဟုတ်။
အနက်မမှန်လျှင် အကျင့်မှန်ကို သိနိုင်မည် မဟုတ်။
အကျင့်မှန်ကို မသိနိုင်လျှင် နိဗ္ဗာန်ရောက်ရန် နည်းလမ်းမှန်ကို သိရမယ်မဟုတ်ဘူး ဒကာကြီး။
ဒါကြောင့် ပါဠိတော်တွေကို ရွတ်ဖတ်မှု မှန်ကန်ဖို့ အလွန်အရေးကြီးတာပဲ။

စာရေးသူ။ ။ တပည့်တော် သဘောပေါက်ပါပြီဘုရား။ ဆက်လက်အမိန့်ရှိပါဦးဘုရား။
ဆရာတော်။ ။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ နေ့စဉ်ပြုလုပ်တဲ့ ဘုရားရှိခိုးခြင်းနဲ့ ပတ်သက်ပြီး မှန်ကန်မှုရှိဖို့ အထူးလိုအပ်ပါတယ်။ ထိုင်နည်းကိုတော့ အသေးစိတ် မပြောလိုတော့ပါဘူး။ ခန္ဓာကိုယ် အချိုးအစားအရ ကိုယ်ကာယမျှတအောင် ရိုရိုသေသေ ထိုင်ဖို့လိုပါတယ်။

လက်အုပ်ချီရမယ့် အနေအထားအမှန်က လက်ဖ၀ါးနှစ်ဖက်ကို ပူးကပ်မထားရပါဘူး။ ကြာဖူးပုံသဏ္ဍာန်သာ ထားရပါမယ်။ လက်မက မျက်ခုံး။ လက်ညှိုးက ဆံစကို ထိထားပြီးမှသာ လက်စုံမိုး ရှိခိုးတာ ဖြစ်ပါမယ်။
လက်စုံမိုးပြီး ခြေနှစ်ဖက်၊ ဒူးနှစ်ဖက်၊ လက်နှစ်ဖက်၊ တံတောင်နှစ်ဖက်နဲ့ နဖူးတို့ကို ကြမ်းပြင်၊ သို့မဟုတ်-မြေမှာထိပြီး ရှိခိုးရမယ်။ ဒါမှ ထိခြင်း၊ တည်ခြင်း ငါးပါးလို့ ဆိုရမယ်။

အခုတော့ အချို့သူများဟာ လက်ဝါးနှစ်ဖက်ကို ပူးကပ်ကာရင်ညွန့်နေရာမှာထားပြီး ရှိခိုးနေတာ တွေ့ရတယ်။ ခေါင်းက မော့လျက်နဲ့၊ လက်နှစ်ဖက်ပူးလျက်နဲ့ ကြမ်းပြင်ကို ချပြီး ကန်တော့နေကြတာ တွေ့ရတယ်။ ဒီလို မပြုသင့်ဘူး။ ပြုပြင်သင့်တယ်။

ရင်ညွန့်မှာ လက်အုပ်ချီတာက တဦးနဲ့တဦး တွေ့တဲ့အခါ ဂါရ၀ပြုတဲ့ အမှုပဲ။ ကျောင်းသူ ကျောင်းသားတွေက ဆရာ ဆရာမများ အတန်းထဲဝင်လာတဲ့အခါ မင်္ဂလာပါ ဆရာ၊ ဆရာမ-ဆိုပြီး နှုတ်ခွန်းဆက် ဂါရ၀ပြုတဲ့အခါ အခုလို ရင်ညွန့်မှာ လက်အုပ်ချီခြင်း ပြုရပါမယ်။

စာရေးသူ။ ။ ရွတ်ဆိုမှုအမှားတွကို အမိန့်ရှိပါဦးဘုရား။
ဆရာတော်။ ။ သြကာသကန်တော့ချိုးနဲ့ ရှိခိုးရာမှာ-
သြကာသ --- ဖူးမျှော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား-လို့ဆိုပြီး ရပ်ထားရမယ်။
ကန်တော့ရသောအကျိုးကြောင့်ဆိုပြီး ဆုတွေတောင်းဖို့ မလိုဘူး။ အခုတော့ တောင်းလိုက်တဲ့ဆုတွေက အများကြီး။ သီလပေးတဲ့ ဆရာတော်ကတောင် ဆုပေးစရာ မကျန်တော့ဘူး။ ဒီအချက်ကိုလဲ ပြုပြင်သင့်တယ်။

ကန်တော့ပြီးတဲ့နောက် သီလပေးတဲ့ဆရာတော်က ငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါးသီလ တမျိုးမျိုးကို သီလတောင်းပါလို့လဲ ပြောလိုက်ရော မတောင်းတတ်ကြတော့ဘူး။ ဘာသံမှ ထွက်မလာတော့ဘူး။ ဟိုကြည့် သည်ကြည် လုပ်နေကြပြီး သီလမတောင်းတတ်မှန်းသိလို့ ဆရာတော်က-ကဲ ကဲ လိုက်ဆိုကြဆိုပြီး ရှေ့ကနေ ပါဠိလိုချပေးရတယ်။
အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ-လို့ ချပေးတာကို လိုက်ဆိုရာမှာ အသံထွက်မမှန်တဲ့ ရွတ်ဆိုမှုနဲ့ အဖြတ်အတောက် မမှန်တဲ့ လိုက်ဆုမှုတွေကို တွေ့နေရတယ်။

ဥပမာ-အဟံ ဘန္တေ-လို့ ဆိုရမယ့်အစား အဟံ ဘန်းတေ-လို့ ၀ိသဇ္ဇနီသံ၊ ၀စ္စပေါက်သံ ထည့်ဆိုနေကြတယ်။
ဘန်းတေ-လို့ရွတ်ဆိုတာဟာ မမှန်ဘူး။ ပါဠိမှာ ၀ဇ္ဇနီသံ၊ ၀စ္စပေါက်သံ မရှိပါဘူး။
အဟံ ဘန်တေ-( အဟံ ဘန္တေ ) လို့ အသံထွက်ရပါမယ်။

တိသရဏေန-လို့ ရွတ်ဆိုတဲ့အခါမှာလဲ တစ်သရဏေန-လို့ အချို့က မှားဆိုနေကြပြန်တယ်။ တိသရဏေန-လို့ အမှန်ဖြစ်အောင် ပြင်ရပါမယ်။

နောက်ပြီး-တိသရဏေန-သဟ-ပဉ္စသီလံ-လို့ ရွတ်ဆိုရမှာဖြစ်သော်လည်း အချို့က တိသရဏေန သဟ-ပဉ္စသီလံ -လို့ ဖြတ်သင့်ရာ မဖြတ်ဘဲ စပ်သင့်ရာ မစပ်ဘဲ (သဟ-နဲ့ပဉ္စသီလံ တွဲပြီး) အမှားရွတ်ဆို နေကြတယ်။

ဓမ္မံ ယာစာမိ-လို့ ရွတ်ဆိုရာမှာလဲ ဓမ္မံ-ကို ဓမ်မံ-လို့ရွတ်ဆိုရမယ့်အစား ဓမံ-လို့ မှားယွင်းရွတ်ဆိုနေတာ တွေ့ရတယ်။ ပြုပြင်သင့်တယ်။
ယာစာမိ-ကို အချို့က ယာဆာမိ-လို့ စ နဲ့ ဆ မကွဲဘဲ ရွတ်ဆိုတော့ အက္ခရာမမှန်ရင် ပုဒ်မှန်မှာ မဟုတ်ဘူး။
ဒကာကြီးတို့ကျောင်းမှာ အင်္ဂလိပ်စာသင်တော့ အသံထွက်မှန်အောင် ဖတ်ရ၊ ပြောရတယ် မဟုတ်လား။ အင်္ဂလိပ်စာမှာ အသံထွက်မမှန်ရင် အဓိပ္ပါယ်အမျိုးမျိုး ထွက်သွားတယ်မဟုတ်လား။
ဘုရားဟောပါဠိကို အသံထွက်မှန်အောင် ပိုပြီးဂရုစိုက်ရမှာပေါ့။

ပြီးတော့ အချို့က ဒေထ-ကိုလဲ ဒေးထ-လို့ ၀စ္စနှစ်လုံးပေါက်သံထည့်ပြီး မှားယွင်းရွတ်ဆိုနေကြပြန်တယ်။ ဒေထ-သာ အမှန်ဖြစ်ပါတယ်။
နောက်ပြီး နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ-ကို ရွတ်ဆိုရာမှာလဲ နမော နဲ့ တဿ ကို မဖြတ်ဘဲ တွဲစပ်ရွတ်ဆိုနေကြတယ်။ အမှန်က နမော တဿ-လို့ ဖြတ်ပြီးရွတ်ဆိုရမယ်။ နမောတဿ-လို့ တွဲစပ် မရွတ်ဆိုရဘူး။

နောက်ပြီး ဘဂ၀တော-လို့ တွဲစပ်ရွတ်ဆိုနေတာကိုလဲ တွေ့ရတယ်။
ဘဂ၀-တော လို့ ရွတ်ဆိုနေတာကိုလဲ တွေ့ရတယ်။
အမှန်က ဘဂ-၀တော လို့ ရွတ်ဆိုမှ မှန်တယ်။ ဒီနေရာမှာ ဘဂ-ပုဒ် ဘုန်းတော်ခြောက်ပါး။ ၀တော-(၀န္တ)(ပစ္စည်း) ရှိသောပုဂ္ဂိုလ်-လို့ သိထားသင့်တယ်။

စာရေးသူ။ ။ အဖိုးတန်လှပါတယ် ဘုရား၊ အမှားရွတ်ဆိုသူတွေ အမှန်ရွတ်ဆိုနိုင်အောင် ပြုပြင်သင့်လှပါတယ်။
ဆရာတော်။ ။ နောက်ပြီး ငါးပါးသီလ ခံယူရာမှာ ပါဏာတိပါတာ ဝေရမဏိ-လို့ ရွတ်ဆိုရမယ့်အစား
ပါဏာတိပါတာ ဝေရာမဏိ-လို့ ရ-ကို ရေးချထည့်ပြီး ရာ-လို့ မှားယွင်းရွတ်ဆိုနေတာကိုလဲ ကြားရတယ်။ ရ-ကို ရာ-လို့ မမှားအောင် သတိပြုရပါမယ်။

တဖန် အဒိန္နာဒါနာ-ကိုလဲ အဒိန္နဒါနာ-လို့ မှားယွင်းစွာ ရွတ်ဆိုနေကြပြန်တယ်။ ဒိန္နာ-မှာ ရေးချသံပါတာကို သတိပြုရပါမယ်။
သုရာမေရယ-ကိုလဲ သူရာမေရိယ-လို့ မှားယွင်းစွာ ရွတ်ဆိုနေကြပြန်တယ်။ သုရာမေရယ-သာ အမှန်ဖြစ်ပါတယ်။
မဇ္ဇပမာဒဋ္ဌာနာ-ကိုလဲ မဇ္ဇပမာဒဌာနာ-လို့ မှားယွင်းရွတ်ဆိုနေကြတယ်။
မဇ္ဇပမာဒဋ်ဌာနာ-(မဇ္ဇပမာဒတ်ဌာနာ) လို့ အသံထွက်ရပါမယ်။ ဌ-(ဌ၀မ်းဘဲ) နဲ့ ဋ္ဌ (လည်ချိတ်ပါတဲ့
ဋ္ဌ၀မ်းဘဲကြီး) တို့ဟာ မတူပါဘူး။ လည်ချိတ်ပါတဲ့ ဋ္ဌ ၀မ်းဘဲကြီးက ဌ နဲ့ ဋ ပေါင်းစပ်ထားတာပါ။ (ဌ+ဋ=ဋ္ဌ) ဖြစ်တယ်။ ဋ္ဌ ဆိုရင် ဋ သတ်ထည့်ရမယ်။ ဥပမာ ပြဋ္ဌာန်း-(ပြဋ်ဌာန်း) ဖြစ်ပါတယ်။ ဒါကြောင့် မဇ္ဇပမာဒဋ်ဌာနာလို့ အသံထွက်ရပါမယ်။

စာရေးသူ။ ။ ဒီလိုအမှားတွေ ရွတ်ဆိုမှုကို အချို့ဆရာတော်များက ပြင်ပေးကြပါတယ်ဘုရား။ ပြုပြင်သင့်တဲ့အချက်တွေပါဘုရား။
ဆရာတော်။ ။ ဒါကြောင့် အခု ဗုဒ္ဓဘာသာယဉ်ကျေးမှု နည်းပြသင်တန်းမှာလဲ ဒီလိုအမှားတွေ မဖြစ်ဖို့ အထူးဂရုစိုက်ပြီး သင်ကြားပေးနေတာကို ၀မ်းသာမိပါတယ်။

စာရေးသူ။ ။ သာဓုပါဘုရား။

( ရဲဘော်မျိုးညွန့်-သ-သ-န )

ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့စကားပုံများ

အစားရှောင်ခြင်းကြောင့် အသက် မသေနိုင်။
အစားလွန်မှသာ သေဆုံးတတ်သည်။(ရုရှား)

အစားလွန်၍ သေဆုံးရသူ ဦးရေမှာ
စစ်ပွဲတွင် ရရှိသော ဓားဒဏ်ရာဖြင့် သေဆုံးရသူများထက်
ပိုလွန်နေသည်။ (ပြင်သစ်)

တန် ဆေး၊ လွန် ဘေး။
(သင့်ရုံ တန်ရုံ စားသောက်လျှင် ဆေးဖြစ်သည်။
အလွန်အကျွံ စားသောက်လျှင် ဘေးဖြစ်သည်) (မြန်မာ)

ရေကို ၀ယ်ယူရသော နေရာမျိုး၌ မိမိအတွက် အိမ်မဆောက်မိပါစေနဲ့။ (စပိန်)

ညသန်းခေါင်ကျော်ပြီးသည့်တိုင် အိပ်ရာမ၀င်သေးက သေဖို့နီးပြီဟု မှတ်။ (အင်္ဂလိပ်)

အစားအသောက်က ဆရာဝန်၏ ဓားထက်
သင်၏ကျန်းမာရေးကို အကူအညီပြုသည်ကို သတိရှိပါ။(စပိန်)

အသက်ရှင်ရေးအတွက် ကြောင်ကဲ့သို့ အစားကို စားပါ။
ပြီးနောက် ခွေးကဲ့သို့ ရေသောက်ပါ။ (ဂျာမန်)

လိမ္မော်ရည် သံပုရာရည်တို့သည် ဘုရားရှိခိုးကျောင်းမှ ရေစင်ကဲ့သို့ ကောင်းမွန်၏။ (စပိန်)

ကျန်းမာနေလိုလျှင် အ၀တ်အစား နွေးနွေးထွေးထွေးကိုဝတ်ပြီး အစားကို လျှော့စားပါ။ (အင်္ဂလိပ်)

အစားလျှော့စားခြင်းက ရောဂါဘယကို ကင်းဝေးစေသည်။ (အာရပ်)

အစား တပန်းကန်ထက်မပိုက ဆေးဆရာ လိုခဲသည်။ (အင်္ဂလိပ်)

အစားအစာသည် ပထမဆုံး ဆေးဝါးဖြစ်သည်။ (အီတလီ)

ယနေ့ အစားလွန်က နက်ဖြန် အလောင်းကောင်ဖြစ်သွားနိုင်သည်။ (ပြင်သစ်)

ပေါင်မုန့်နဲ့ ဒိန်ခဲသည် ကျန်းမာသောသူတို့၏ ဓာတ်ဆေးဝါးပင် ဖြစ်သည်။ (ပြင်သစ်)

ညနေ အစာစားပြီးက ခေတ္တအနားယူပါ။
ညစာ စားပြီးက တမိုင်ခရီးခန့် လမ်းလျှောက်ပေးပါ။ (လက်တင်)

ခြေထောက်ကို ခြောက်သွေ့အောင်ထားပြီး လည်ပင်းကို နွေးအောင် ထားပါ။
လားကဲ့သို့ အစာစားပြီး နွားကဲ့သို့ ရေသောက်ပါ။ (အီတလီ)

ရောဂါကို တအောင်စမျှ ကာကွယ်ခြင်းသည်
တပေါင်ဖိုး ကုသခြင်းထက် သာလွန်သည်။ (စပိန်)

အကောင်းဆုံး ရေဟူသည် အနံ့ အရသာ အရောင် အဆင်း ကင်းရမည်။ (စပိန်)

အစဉ်ကျန်းမာလိုလျှင် လူကြီးများ၏ စိတ်နေစိတ်ထားမျိုး ထားပေးပါ။ (စပိန်)

ကြက်သွန်နီဥက ရောဂါ ၇-မျိုးကို ကုသနိုင်စွမ်းရှိသည်။ (ဂျာမန်)

ဦးနှောက်ကို အေးအေးထား၍ အစာအိမ်ကို အနားပေးကာ
ခြေထောက်ကို အစဉ်နွေးထွေးအောင် ထားပါ။ (ရုရှား)

ကြက်သွန်နီဥနှင့် ရေနွေးက ရောဂါမျိုးစုံကို ကုသနိုင်စွမ်းရှိ၏။ (ဂျာမန်)

အစာလျှော့စားခြင်းကြောင့် အသက်ရှည်စေနိုင်သည်။ (စကော့)

စောစောအိပ်၍ စောစောထသူသည်
ကျန်းမာချမ်းသာပြီး ပညာရှိသူဟု ဆိုရမည်။( အမေရိကန်)

တသွင်သွင် စီးဆင်းနေသော ရေက လူတို့အသက်ကို ရန်မရှာ။
မစီးဆင်းဘဲ တည်ငြိမ်နေသော ရေကသာ ဒုက္ခပေးတတ်သည်။ (စပိန်)

ဤကား ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့စကားပုံများကို ကွယ်လွန်သူ ဆရာဝန်တင်ရွှေ၏ ရှာဖွေတင်ပြချက်များဖြစ်သည်။

( မင်းယုဝေ)

သေဘေး နှင့် သစ္စာ

ငါဟာ ကိုယ့်ကိုယ်ကို မှတ်မိတဲ့အချိန်၊ တတ်စိနားလည်တဲ့အချိန်ကစပြီး သေစေလိုတဲ့ စေတနာနဲ့ သူတပါးအသက်ကို ပိုးကောင်ကလေးတကောင်ကိုတောင် မသတ်ဖူးပါ။
သူတပါးဥစ္စာကို မြက်၊ ၀ါးခြမ်းလေးကိုတောင် မခိုးယူဖူးပါ။
သူတပါးမယားကို လောဘနဲ့ မကြည့်ရှုခဲ့ဖူးပါ။
လိမ်ညာမပြောခဲ့ဖူးပါ။
သေအရက်ကို မြက်ဖျားလေးနဲ့တောင် မသောက်ခဲ့ဖူးပါ။
ဤမှန်ကန်သော သစ္စာစကားကြောင့် ဘေးကင်းရာအရပ်သို့ ဒီလှေဟာ ပြန်လှည့်ပါစေသတည်း-

ငါးပါးသီလဖြင့် သစ္စာဆိုလိုက်ပါ၏။ သစ္စာဆိုလိုက်သူသည် လှေသူကြီးဖြစ်ပါ၏။ ထိုမျက်မမြင်လှေသူကြီးသည် ရုပ်အဆင်း ချောမောလှပသကဲ့သို့ ဉာဏ်ပညာနဲ့လည်း ပြည့်စုံ၏။ သူသည် အသက် ၁၆-နှစ်အရွယ်ကပင် လှေသူကြီးအလုပ်၌ ကျွမ်းကျင်စွာ လုပ်ကိုင်ခဲ့ပါ၏။ သူစီးလာသောလှေသည် ပျက်စီးလေ့မရှိ။ သူမျက်စိနှစ်ကွင်း အလင်းမရဖြစ်သွားရသည်မှာ သမုဒ္ဒရာ၌ လှေသူကြီးအလုပ်ကို လုပ်စဉ် ဆားငန်ရေ၏ ထိပါးနှိပ်စက်မှုကြောင့် ဖြစ်ပါ၏။

မျက်စိကွယ်သွားချိန်မှစပြီး သူသည် လှေသူကြီးအလုပ်ကို မလုပ်တော့ပါ။ သို့သော် သမုဒ္ဒရာ၌ လှေဖြင့် ကုန်အရောင်းအ၀ယ်လုပ်သူတို့သည် မျက်မမြင် ထိုလှေသူကြီးကို သူတို့လှေ၌ လှေသူကြီး လုပ်ပေးဖို့ တောင်းပန်ကြ၏။ မျက်စိနှစ်ကွင်း အလင်းမရတော့သဖြင့် မလုပ်ပါရစေနဲ့-ဟု အတန်တန် ငြင်းပယ်၏။ ငြင်းပယ်မရသဖြင့် လက်ခံလိုက်ရ၏။ သူတို့သည် လှေဖြင့် သမုဒ္ဒရာကြီးသို့ ပြေးဝင်ကြ၏။ လှေသည် ၇-ရက်တိုင်တိုင် ဘေးရန်ကင်း၏။ ထို့နောက် အချိန်အခါမဲ့ လေကြီး တိုက်ခတ်လာ၏။ လှေသည် ၄-လ ကြာအောင် သမုဒ္ဒရာရေအပြင်မှာ လှည့်လည်ပြီး သမုဒ္ဒရာအမျိုးမျိုးသို့ ရောက်သွား၏။

ခုရမာလီအမည်ရှိ သမုဒ္ဒရာ၌ စိန်တို့ပေါသဖြင့် ထိုသမုဒ္ဒရာမှ စိတ်တို့ကို ရခဲ့ကြ၏။
အဂ္ဂိမာလီအမည်ရှိ သမုဒ္ဒရာ၌ ရွှေတို့ပေါသဖြင့် ထိုသမုဒ္ဒရာမှ ရွှေတို့ကို ရခဲ့ကြ၏။
ဒဓိမာလီအမည်ရှိ သမုဒ္ဒရာ၌ ငွေတို့ပေါသဖြင့် ထိုသမုဒ္ဒရာမှ ငွေတို့ကို ရခဲ့ကြ၏။
ကုသမာလီအမည်ရှိ သမုဒ္ဒရာ၌ ပတ္တမြားညိုရတနာတို့ပေါသဖြင့် ထိုသမုဒ္ဒရာမှ ပတ္တမြားညို ရတနာတို့ကို ရခဲ့ကြ၏။
နဠမာလီအမည်ရှိ သမုဒ္ဒရာ၌ ကြောင်မျက်ရွဲရတနာတို့ ပေါသဖြင့် ထိုသမုဒ္ဒရာမှ ကြောင်မျကျရွဲရတနာတို့ကို ရခဲ့ကြ၏။
မျက်မမြင်လှေသူကြီး၏ အစီအစဉ်အရ ထိုရတနာတို့ကို ရခဲ့ခြင်း ဖြစ်ပါ၏။

ကုန်သည်တို့သည် နဠမာလီ သမုဒ္ဒရာကို လွန်သွားကြသောအခါ ဗလ၀ါမုခ သမုဒ္ဒရာကို မြင်တွေ့ကြ၏။ ထိုသမုဒ္ဒရာ၌ ရေသည် ဆွဲဆွဲပြီး ဘက်ပေါင်းစုံဖြင့် အထက်သို့ တက်၏။ တက်သည့်အခါ ရေသည် ဘက်ပေါင်းစုံမှ ကမ်းပါးပြတ်ရှိသော တွင်းကြီးကဲ့သို့ ထင်ရ၏။ လှိုင်းတက်သည့်အခါ တဖက်၌ ကမ်းပါးပြတ်နဲ့ တူ၏။ ကြောက်စရာအသံသည် နား, နှလုံးသားတို့ကို ဖောက်ခွဲသကဲ့သို့ ဖြစ်၏။ ထိုသမုဒ္ဒရာကို ကုန်သည်တို့ မြင်သွားသဖြင့် ကြောက်လာကြ၏။ လှေသူကြီးကို မေးကြည့်ရာ ဒီဗလ၀ါမုခ သမုဒ္ဒရာကို ရောက်သွားရင် ပြန်လှည့်နိုင်တဲ့လှေဆိုတာ မရှိ။ ဒီသမုဒ္ဒရာက ရောက်လာတဲ့လှေကို နှစ်မြှုပ်ပြီး ဖျက်ဆီးလိုက်တယ်-ဟု လှေသူကြီးက ပြောပြလိုက်၏။

ထိုအခါ လှေပေါ်ရှိ ၇၀၀-သော လူတို့သည် သေရမည် ကြောက်သောကြောင့် အလွန်သနားဖွယ် အသံဖြင့် တပြိုင်နက် အော်ဟစ်ကြ၏။ အ၀ီစိငရဲ၌ ကျက်နေရသည့် သတ္တ၀ါတို့သဖွယ် အော်ဟစ်ကြ၏။

မျက်မမြင်လှေသူကြီးသည် ငါမှတပါး အခြားသူဟာ ဒီလူတွေကို ချမ်းသာအောင် လုပ်ပေးနိုင်မည့်သူမရှိ။ သစ္စာဆိုပြီး ဒီလူတွေ ချမ်းသာအောင် လုပ်မယ်-ဟု ကြံကာ ထိုခရီးသည်တို့ကို ခေါ်ပြီး ဤသို့ ပြောပါ၏။

မိတ်ဆွေတို့ ကျွန်ုပ်ကို အမြန်ဆုံး နံ့သာရေနဲ့ ရေချိုးပေးကြပါ။ အ၀တ်သစ်တွေကို ၀တ်ပေးကြပါ။ ရေအပြည့်ထည့်ထားတဲ့ခွက်ကို စီစဉ်ပြီး လှေဦးမှာ ထားပေးကြပါ။
ထိုမျက်မမြင်လှေသူကြီးသည် လက်နှစ်ဖက်တို့ဖြင့် ရေခွက်ကို ကိုင်ကာ လှေဦးမှာ ရပ်ရင်း အစဦးတွင်ဖော်ပြခဲ့သော သစ္စာစကားကို ဆိုလိုက်ပါ၏။ သစ္စာဆိုပြီး ရေခွက်မှရေကို လှေဦး၌ သွန်းလောင်းလိုက်ပါ၏။ ၄-လကြာ အရပ်တပါးမှာ သွားနေသော ထိုလှေသည် ပြန်လှည့်ကာ တန်ခိုးရှိသူပမာ သစ္စာစကား၏အစွမ်းကြောင့် တရက်တည်းဖြင့် သူတို့နေရာသို့ ပြန်ရောက်သွားပါ၏။ လှေသူကြီးသည် ထိုကုန်သည်တို့အား ထိုရတနာတို့ကို ခွဲဝေ၍ ပေးလိုက်ပါ၏။ နောင်သောအခါ သမုဒ္ဒရာသို့ ထပ်မသွားဖို့နဲ့ ထိုရတနာတို့ဖြင့် ကျေနပ်ဖို့ ပြောလိုက်ပါ၏။

ပညာရှိ မျက်မမြင် လှေသူကြီးသည် ဘုရားအလောင်းတော် ဖြစ်ပါ၏။ (ဇာတ်၊ ဋ္ဌ၊ စတုတ္ထ၊ ၁၄၀)
တကယ့်သေဘေးနဲ့ ကြုံရသည့်အခါ ပညာရှိ ဘုရားလောင်းလှေသူကြီးသည် ငါးပါးသီလကို သစ္စာဆိုပြီး ကယ်တင်ခဲ့ပါ၏။ ငါးပါးသီလကို လုံခြုံအောင် ထိန်းခဲ့သော ဘုရားလောင်း လှေသူကြီးသာ မပါခဲ့ပါလျှင် ထိုခရီးသွား ၇၀၀-အသက်ဆုံးရှုံးကြရပါလိမ့်မည်။ ရတနာတို့လည်း ဆုံးရှုံးကြရပါလိမ့်မည်။ ငါးပါးသီလကား အစွမ်းထက်လှပါ၏။ တန်ခိုးကြီးလှပါ၏။

လူတိုင်းလူတိုင်း ဘ၀၌ အခက်အခဲတို့ကို တွေ့ကြုံရစမြဲ ဖြစ်ပါ၏။ အသက်အန္တရာယ် ရှိစေနိုင်မည့် အခက်အခဲတို့ကိုပင် ကြုံတွေ့ရတတ်ပါ၏။ ထိုအခါ ဘုရားလောင်း မျက်မမြင် လှေသူကြီးပမာ ငါးပါးသီလကို သစ္စာဆိုကာ အားကိုးသင့်ကြပါ၏။ သစ္စာဆိုနိုင်လောက်အောင်လည်း ငါးပါးသီလကို လုံခြံအောင် စောင့်ထိန်းကြရပါမည်။ ငါးပါးသီလကို ခါးဝတ်ကဲ့သို့ အမြဲလုံခြုံအောင် စောင့်ထိန်းနိုင်ကြပါလျှင် တကယ့်အရေး၌ ငါးပါးသီလသည် တကယ့်ကယ်တင်ရှင် ဖြစ်ပါ၏။

( သာမဏေကျော်)

Friday, November 20, 2009

ကျေးဇူးသိခြင်း အကျိုး ၁၀-ပါး

၁။ အစားအစာ ပေါများခြင်း။
၂။ ရောက်ရာအရပ်၌ အပူဇော်ခံရခြင်း။
၃။ သူခိုး ဓားပြတို့ အနှိပ်စက် မခံရခြင်း။
၎။ လူများက နှစ်သက်လိုလားခြင်း။
၅။ ဂုဏ်ကျေးဇူးသတင်း ကျော်စောခြင်း။
၆။ အခြံအရံ ပေါများခြင်း။
၇။ ဘုန်းကျက်သရေ တိုးပွားခြင်း။
၈။ အမြင့်မှကျသော်လည်း မှီရာတည်ရာ ရခြင်း။
၉။ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လယ်ယာ၊ စပါး တိုးပွားခြင်း။
၁၀။ ရန်သူ မထိပါးနိုင်ခြင်း

( တေမိယဇာတ် )

ပိဏ္ဍပါတ်ဆွမ်း

၂၀၀၁-ခုနှစ်စာရင်းအရ မြန်မာနိုင်ငံတွင် လက်ရှိသာသနာပြုလျက်ရှိသော ရဟန်းတော်ပေါင်းမှာ တသိန်းခုနစ်သောင်းကျော် ရှိသည်။ အတိအကျဆိုရလျှင် ရဟန်းတော်ပေါင်း ၁၇၀၁၆၅-ပါးရှိသည်။ ထိုရဟန်းတော်များသည် ဘုန်းတော်ကြီးကျောင်း ၅၁၈၁၄-ကျောင်းတွင်း သီတင်းသုံးလျက် ရှိကြသည်။

ထိုရဟန်းတော်များ၏ အဓိကလိုအပ်ချက်မှာ ဆွမ်းပင်ဖြစ်သည်။ ဆွမ်းမရှိပါက မရပ်တည်နိုင်။ သာသနာပြုရေးမှာလည်း ဆုတ်ယုတ်သွားမည်သာ ဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်သူ ဒကာ ဒကာမ များကလည်း စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ဆွမ်းကို လှူဒါန်းကြသည်။

ဆွမ်းလှူရာ၌ ပိဏ္ဍပါတ်ဆွမ်းလောင်းခြင်းသည် အဓိကအခန်းက ပါဝင်သည်။ ပိဏ္ဍပါတ်ဆွမ်းဟူသည် နေ့စဉ်ဆွမ်းခံသော ရဟန်းအား လောင်းလှူသည့်ဆွမ်းပင် ဖြစ်သည်။ မြန်မာပြည်သူ ဗုဒ္ဓဘာသာဝင်တို့သည် မိမိတို့ရပ်ရွာ၊ ရပ်ကွက်၊ မြို့နယ်အတွင်း သီတင်းသုံးကြသော သံဃာတော်တို့ကို ဂန္ထဓူရ ၀ိပဿနာဓူရ နှစ်မျိုးကို ကောင်းစွာအားထုတ်နိုင်စေရန် ရည်သန်၍ ပိဏ္ဍပါတ်ဆွမ်းလောင်းအသင်းများ ဖွဲ့စည်းကြသည်။ ထိုဆွမ်းလောင်း အသင်းများတွင် လူငယ် လူလတ် လူကြီးတို့ စုပေါင်းပါဝင်ကြသည်။ အလှူငွေကောက်ခံ၍သော်၎င်း၊ မိမိကိုယ်တိုင် ထည့်ဝင် လှူဒါန်း၍သော်၎င်း အလှူငွေရှာဖွေကာ ဆွမ်းလောင်းလှူကြသည်။

အချို့အဖွဲ့များမှာ နေ့စဉ်နေ့တိုင်း ရက်မပျက် လောင်းလှူကြသည်။ အချို့အဖွဲ့များမှာ တနင်္ဂနွေ တနင်္လာ စသည်ဖြင့် မိမိတို့ တတ်နိုင်ရာ ရက်ကိုရွေး၍ တနင်္ဂနွေဆွမ်းလောင်းအသင်း၊ တနင်္လာဆွမ်းလောင်းအသင်း စသည်ဖြင့် အမည်တပ်ကာ လောင်းလှူကြသည်။ အချို့အဖွဲ့များမှာ ၀ါတွင်းကာလ ဥပုသ်နေ့တိုင်း လောင်းလှူကြ သည်။ အချို့အဖွဲ့များသည် ၀ါတွင်းကာလ၌ တ၀ါတွင်းလုံးဖြစ်စေ၊ တပတ်ဖြစ်စေ တရက်ဖြစ်စေ လောင်းလှူကြ သည်။

ဤပိဏ္ဍပါတ်ဆွမ်းလောင်းခြင်းကြောင့် သံဃာတော်များ ဆွမ်းကိစ္စကို လွယ်လွယ်နှင့် အဆင်ပြေကြသည်။ မိမိနှစ်သက်ရာ ပရိယတ္တိစာပေများကို ကောင်းစွာသင်ယူနိုင်ကြသည်။ မိမိအားသန်ရာ တရားဘာဝနာတို့ကို ကောင်းစွာ အားထုတ်နိုင်ကြသည်။ အလွန်ပင် အကျိုးကြီးသော အကျိုးထူးသော ကောင်းမှုကြီးဖြစ်သည်။

စင်စစ် ပိဏ္ဍပါတ်ဆွမ်းလောင်းခြင်းသည် မြန်မာပြည်သူတို့၏ မွန်မြတ်သော စေတနာကို ဖော်ပြသကဲ့သို့ ရှိသည်။ ထို့အပြင် စုပေါင်းလုပ်ကိုင်တတ်မှု၊ ချစ်ကြည်မှု၊ ညီညွတ်မှုတို့ကိုလည်း ဖြစ်စေသည်။ ထို့ကြောင့် ခေတ်အဆက်ဆက် မြန်မာဘိုးဘွားတို့သည် ပိဏ္ဍပါတ်ဆွမ်းလောင်းခြင်းအမှုကို ကောင်းမြတ်သော ရိုးရာယဉ်ကျေးမှုတရပ်အဖြစ် ဆောင်ရွက်လာခဲ့ကြသည်။ ယခုခေတ် မြန်မာတို့ကလည်း ဘိုးဘွားယဉ်ကျေးမှု အမွေအနှစ်ကိုထိန်းသိမ်းစောင့်ရှောက်၍ မြတ်သော ပိဏ္ဍပါတ်ဆွမ်းလောင်းခြင်းအမှုကို ဆက်လက်ဆောင်ရွက် နေကြပေသည်။ အလွန်ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ ကောင်းမှုကြီးဖြစ်၍ ကျွန်ုပ်တို့ လှိုက်လှဲစွာ သာဓုခေါ်မိ ပါသည်။

သြ၀ါဒ

၁။ ကုသိုလ်တရားကို တဆင့်ထက်တဆင့် မြင့်၍မြင့်၍ ပွားများနိုင်သောနည်းသည် ဤဘုရားသာသနာ၌သာ ရှိသည်။
၂။ ဤသာသနာတော်မြတ်ကြီး ကြာရှည်စွာ တည်တံ့နေခြင်းသည် နတ်လူတို့ အကျိုးစီးပွား တိုးပွား၍ ချမ်းသာများရန် ဖြစ်သည်။
၃။ ထို့ကြောင့် သာသနာတော်မြတ်ကြီး အရှည်ခံ့၍ တည်တံ့အောင်၊ သန့်ရှင်းပြန့်ပွားအောင် လုပ်ဆောင်ကြိုးပမ်းဖို့ လိုအပ်လှပါသည်။

( ကချင်ပြည်နယ်၊ ရွှေကူမြို့ မြို့မကျောင်း ဆရာတော် ဘဒ္ဒန္တဇ၀န မဟာထေရ်)

( ၇ ) အကြားအမြင်များခြင်း

အကြားအမြင်များခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။ ကြီးပွားခြင်း၏ အကြောင်းတရပ် ဖြစ်သည်။
တရံရောအခါ ကုသ၀တီပြည်၌ မဟာသမ္မတမင်း စိုးစံသည်။ ထိုမင်းလက်ထက်တွင် ပုဏ္ဏား ၇-ယောက်တို့သည် အဆွေခင်ပွန်း ဖွဲ့ကြပြီးလျှင် အမြို့မြို့အရွာရွာသို့ လှည့်လည်ကြသည်။ ဗေဒင်လက္ခဏာဟော၍ စီးပွားရှာကြသည်။ ရသောငွေတို့ကို စုဆောင်းထားကြရာ အသပြာငါးရာ စုဆောင်းမိသည်။ အသပြာ ၇၀၀-ပြည့်မှ ခွဲဝေယူကြရန် သဘောတူကြသည်။ ရရှိထားသော အသပြာငါးရာကို သူဆင်းရဲမတယောက်ထံ၌ အပ်နှံထားသည်။

သူဆင်းရဲမအား ဤအသပြာငါးရာကို အသင်-ကောင်းစွာ သိမ်းဆည်းထားပါ။ ငါတို့ ၇-ယောက် စုံစုံညီညီ လာရောက်တောင်းမှ ပေးပါ။ ၇-ယောက်မပြည့်ဘဲ လာတောင်းလျှင် မပေးပါနဲ့-ဟူ၍ မှာကြားထားသည်။
ထို့နောက် ပုဏ္ဏား ၇-ယောက် အတူထွက်ခွာသွားကြသည်။ သူဆင်းရဲမ၏ အိမ်နှင့် မနီးမဝေး လှမ်း၍ ခေါ်သံကြားလောက်သော အရပ်ရှိ ချောင်းတခုတွင် ပုဏ္ဏားတို့ ဘာသာဘာဝ ဦးခေါင်းဆေးမင်္ဂလာပြုရန် ပြင်ဆင်ကြသည်။

တရော်ကင်ပွန်း မပါသဖြင့် အတူပါလာသော ပုဏ္ဏားငယ်တယောက်အား သူဆင်းရဲမထံ သွား၍ တရော်ကင်ပွန်း တောင်းရန် စေလိုက်သည်။
ပုဏ္ဏားငယ်သည် ရိုးဖြောင့်သူ မဟုတ်။ သူဆင်းရဲမထံ ရောက်သောအခါ တရော်ကင်ပွန်းကိုသာမက အသပြာ ငါးရာကိုပါ တောင်းလေသည်။

သူဆင်းရဲမကလည်း ၇-ယောက်မပြည့်သဖြင့် မပေးပေ။ ပုဏ္ဏားငယ်က ကျွန်ုပ်ကို မယုံသော် ကျန်ပုဏ္ဏားကြီး တို့အား အော်ဟစ်၍မေးလော့-ဟု ပရိယာယ်ဖြင့်ဆိုသည်။ သူဆင်းရဲမကလည်း အရှင်ပုဏ္ဏားကြီးတို့ အပ်ခဲ့သော ဥစ္စာကို ပေးလိုက်ရမည်လော-ဟုအော်ဟစ်၍ မေးသည်။ ပုဏ္ဏား ၆-ယောက်တို့ကလည်း တရော်ကင်ပွန်းကို မေးသည်ထင်၍ ပေးလိုက်ပါ-ဟု အော်ဟစ်၍ ဆိုကြသည်။ သူဆင်းရဲမလည်း အသပြာငါးရာကို ပေးလိုက် လေသည်။

ပုဏ္ဏားငယ်သည် အသပြာငါးရာကို တနေရာ၌ ၀ှက်ထားသည်။ တရော်ကင်ပွန်းကိုသာ ပုဏ္ဏားကြီးတို့ကို ပေးသည်။ အားလုံးခေါင်းဆေးမင်္ဂလာပြုပြီးကြသော် ခရီးဆက်၍ သွားကြသည်။ ညရောက်သောအခါ ပုဏ္ဏားငယ်သည် ၀ှက်ထားခဲ့သော အသပြာငါးရာကို ယူ၍ ထွက်ပြေးသွားလေသည်။

နံနက်သို့ရောက်သောအခါတွင်မှ ပုဏ္ဏားကြီးတို့သည် ပုဏ္ဏားငယ်၏အကြံကို သိရှိကြလေသည်။ ပုဏ္ဏားကြီးတို့သည် သူဆင်းရဲမထံသွား၍ ငါတို့ ၇-ယောက် အစုံအညီ လာရောက်တောင်းမှ အသပြာကိုပေးပါဟု ဆိုခဲ့သည်။ ယခု ပုဏ္ဏားငယ်တယောက်တည်းကို ဘာကြောင့်ပေးရသနည်း-ဟု ပြစ်တင်ပြောဆိုသည်။

သူဆင်းရဲမက ကျွန်မ အော်ဟစ်၍ မေးပါသေးသည်။ အရှင်ပုဏ္ဏားကြီးတို့အားလုံးက ပေးလိုက်ပါဆို၍ ပေးလိုက်ရသည်။ ကျွန်မ၌ တာဝန်မရှိပါ-ဟူ၍ ပြန်ပြောသည်။
ပုဏ္ဏားကြီးတို့ မကျေနပ်ကြသဖြင့် ဘုရင်ထံသွား၍ တိုင်ကြားကြသည်။ ဘုရင်လည်း သူဆင်းရဲမကို ခေါ်ယူစစ်ဆေးသည်။ ဘုရင်က သူဆင်းရဲမမှာ အပြစ်ရှိသည်ဆိုကာ အသပြာငါးရာကို ပေးလျော်စေသည်။

သူဆင်းရဲမက-ကျွန်တော်မျိုးမမှာ ဆင်းရဲသူ မုဆိုးမ ဖြစ်ပါသည်။ လူမမည် သမီးကလေးတယောက်ကိုသာ အဖော်ပြု၍ နေရပါသည်။ အလျော်ပေးရန် ငွေမရှိပါ-ဟူ၍ လျှောက်ထားသည်။ ဤတွင် ဘုရင်က-ဥစ္စာကို မပေးနိုင်လျှင် သင်ကိုယ်တိုင် ပုဏ္ဏားကြီးတို့ထံတွင် တလှည့်စီ ကျွန်ခံစေ-ဟူ၍ စီရင်လိုက်လေသည်။

ဤစီရင်ချက်အတိုင်း သူဆင်းရဲမသည် ပုဏ္ဏားကြီး ၆-ယောက်ထံတွင် လ၀က်စီ အလှည့်ကျ ကျွန်ခံရရှာသည်။ ထိုစဉ် လူမမည် သမီးကလေးသည် ကြီးပြင်းလာသည်။ သမီးကလေးသည် ထူးခြားလိမ္မာသည်။ သူသည် စာပေကျမ်းဂန်များကို သင်ယူသည်။ လေ့လာဖတ်ရှုမှတ်သားသည်။ လူကြီးသူမတို့၏ အဆုံးအမကိုလည်း ကောင်းစွာ နာယူမှတ်သားသည်။ အကြားအမြင်များသူ ဖြစ်လာသည်။ သို့ဖြင့် ၁၈-နှစ်အရွယ်သို့ ရောက်လျှင် မိခင်၏ အဖြစ်ကို မကျေနပ်နိုင်ပါ။ ကျွန်မခံသင့်ပါ-ဟု ဆို၍ မိခင်ကိုခေါ်ကာ ဘုရင်ထံသွားသည်။

ဘုရင်အား အမျိုးသမီးငယ်က-ကျွန်တော်မ၏ မိခင် ကျွန်ခံရသည့်ကိစ္စ မကျေနပ်နိုင်ပါ။ အရှင့်ရှေ့တော်ဝယ် ပုဏ္ဏားတို့နှင့် တရားဆိုလိုပါသေးသည်-ဟုလျှောက်၏။ ဘုရင်လည်း ခွင့်ပြုကာ ပုဏ္ဏား ၆-ယောက်ကို ခေါ်ပေးသည်။ ပုဏ္ဏား ၆-ယောက်တို့ ရောက်လာသော် အမျိုးသမီးငယ်က ဘုရင့်ထံမှ ငွေအသပြာငါးရာ ခေတ္တချေးယူသည်။ ထို့နောက် အသပြာငါးရာထုပ်ကိုကိုင်လျက် ပုဏ္ဏားတို့အား အရေးဆိုသည်။ အသပြာငါးရာကို ပေးအပ်လျှင် ကျွန်ုပ်မိခင်အား ကျွန်အဖြစ်က လွှတ်မည်လော-ဟု မေးသည်။ ပုဏ္ဏားတို့ကလည်း လွှတ်ပါမည်-ဟု ၀န်ခံကြသည်။

ထိုအခါ အမျိုးသမီးငယ်က-ယခု အသပြာငွေ ရပါပြီ။ ကျွန်မ ပေးဆပ်ပါတော့မည်။ အပ်နှံရင်း ပုဏ္ဏား ၇-ယောက်ပြည့်အောင် ခေါ်ပါဦး-ဟုဆိုသည်။ ပုဏ္ဏား ၆-ယောက်တို့မှာ ၇-ယောက်မပြည့်။ အသပြာငွေကို လက်မခံနိုင်။ အသပြာငွေခိုးသွားသော ပုဏ္ဏားငယ် မည်သည့်အရပ်သို့ ထွက်ပြေးသည်ကိုလည်း မသိကြ။ မည်သို့မျှ မတတ်နိုင်အောင် ဖြစ်ကြရသည်။

ထိုအခါ မှူးမတ်တို့သည် အမျိုးသမီးငယ်၏ ဉာဏ်ပညာကို ချီးကျူးမဆုံး ရှိကြသည်။ ပုဏ္ဏား ၆-ယောက်တို့ပင် မနေသာ ချီးကျူးသမှု ပြုကြရသည်။
ဘုရင်ကလည်း-ငါ စီရင်အပ်သော တရားကား ယွင်းမှားပေစွ။ ယနေ့မှစ၍ သူဆင်းရဲမကို ကျွန်အဖြစ်မှ လွှတ်စေ။ ငါတရားမှားသည့်အတွက်ကြောင့် အမျိုးသမီးငယ် ချေးငှားသော အသပြာ ငါးရာကို လျော်ကြေးအဖြစ် အပြီးအပိုင် ယူစေ-ဟူ၍ ပြောင်းလွှဲ စီရင်လိုက်လေသည်။

ထို့နောက် ဘုရင်သည် အမျိုးသမီးငယ်၏ အကြားအမြင်များမှု၊ ဉာဏ်ပညာရှိမှုကို လေးစားမြတ်နိုးသဖြင့် အမျိုးသမီးငယ်ကို မိဖုရား မြှောက်လိုက်လေသည်။ ပြည်ထဲရေးကို တိုင်ပင်နှီးနှောခြင်း ပြုလေသည်။
အကိုး။ ။ ဓမ္မဂန် ဖတ်စာနှင့် ပုရာဏ်ကျမ်း
(ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး)

( မင်းယုဝေ)

အစွမ်းထက်သော ဂါထာတော်များ

(နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ)
အရဟတော-အရဟတ္တမဂ်ဉာဏ်ဖြင့် ဗုဒ္ဓဂုဏ်အင် စုံလင်ခဲ့ရာ ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ အလှူတော်မှန် အပူဇော်ကို ခံတော်မူထိုက်သော။
သမ္မာသမ္ဗုဒ္ဓဿ-အမှန်အတိုင်းသာ ဆရာမပြ သဘာဝဖြင့် ဓမ္မအဖုံဖုံတရားစုံကို အကုန်အစင် သိမြင်တော်မူပြီးထသော။
တဿ ဘဂ၀တော-ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံပေငြား ထိုမြတ်စွာဘုရားအား။
နမော-ကာယ ၀စီ မနောချီလျက် သုံးလီဒွါရ ပမာဏဖြင့် ကြည်စွသဒ္ဓါ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။

ဤနမော တဿ အစချီသော ဘုရားရှိခိုးသည် ဗုဒ္ဓဘာသာဝင် သူတော်စင်အဆက်ဆက်တို့ ရွတ်ဆိုရှိခိုး ခဲ့ကြသည်။ ကျမ်းစာရေးသူတို့သည် ကျမ်းဦးအစ၌ ဤ-နမော တဿ-ဖြင့် ပမာဏ အစချီလေ့ ရှိကြသည်။ ဤဘုရားရှင်လက်ထက်တွင်သာမက ရှေးရှေးသော ဘုရားရှင်တို့ လက်ထက်ကပင် ပေါ်ပေါက်နေခဲ့သော ဘုရားရှိခိုးလက်ဟောင်း ဖြစ်သည်။

( ၉၂-ကမ္ဘာမှ ဘုရားရှိခိုး)
လွန်ခဲ့သော ၉၂-ကမ္ဘာ၌ ဖုဿဘုရားရှင် ပွင့်တော်မူရာ ဖုဿဘုရားရှင်၏ ဖခမည်းတော် မဟိန္ဒမင်းကြီးသည် မြတ်စွာဘုရားရှင်ကို လွန်စွာကြည်ညိုလှသဖြင့် နမော တဿ-ဘုရားရှိခိုးကို သုံးကြိမ်ရွတ်ဆို ကျူးရင့်လျက် ဘုရားရှိခိုးလေ့ရှိခဲ့သည်။

(သိကြားမင်း၏ ဘုရားရှိခိုး)
မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်မြို့၏ အရှေ့ဘက် ဂိဇ္ဈဂုဋ်တောင်ခြေရှိ ဣန္ဒသာလလိုဏ်ဂူ၌ သီတင်းသုံး နေတော်မူစဉ် သိကြားမင်းသည် မိမိသိလိုသည့်အချက်များကို လာရောက်မေးလျှောက်၏။ ယင်းအမေးကို ပြန်လည်ဖြေကြားသည့် တရားတော်ကို သက္ကပဥှသုတ်ဟု ခေါ်၏။ သက္ကပဥှသုတ်ကို ဟောတော်မူရာ သိကြားမင်းသည် လွန်စွာနှစ်ထောင်းအားရ ကြည်ညိုလှသဖြင့် ဤ နမော တဿ အစချီသော ဘုရားရှိခိုးကို သုံးကြိမ်တိတိ ရွတ်ဆိုရှိခိုးလေသည်။

(ကောသလမင်းကြီး၏ ဘုရားရှိခိုး)
မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အချစ်ကြောင့် ဒုက္ခဆင်းရဲ ဖြစ်ရသည်ဟု မြတ်စွာဘုရားဟောကြားသည့် ဒေသနာတော်နှင့် စပ်လျဉ်း၍ ကောင်သလမင်းကြီး၏ နန်းတော်၌ အငြင်းပွားကြ၏။ ကောသလမင်းကြီးက အချစ်ကြောင့် ပျော်ရွှင်ချမ်းမြေ့ နှစ်သက်ဝမ်းမြောက်မှု ဖြစ်ရသည်ဟု ယူဆယုံကြည်နေ၏။

ထိုအခါ မလ္လိကာ မိဖုရားကြီးသည် နာဠိဇင်္ဂအမည်ရှိသော ပုဏ္ဏားအားစေလွှတ်၍ မေးမြန်းလျှောက်ထားစေ၏။ ထိုအခါ မြတ်စွာဘုရားက စိုးရိမ်ပူဆွေး ငိုကြွေးရခြင်း ဆင်းရဲဒုက္ခများသည် အချစ်ကြောင့် ဖြစ်ရသည်။ လင်မယားအချစ်ကြောင့် လင်သေ၊ မယားသေ ငိုကြွေးရ၏။ သားသမီးအချစ်ကြောင့် သားသမီးသေသည့်အခါ ငိုကြွေးရ၏။ စသည်ဖြင့် ဟောကြားတော်မူ၏။ ပုဏ္ဏားသည် မလ္လိကာမိဖုရားကြီးအား ပြန်လည်လျှောက်ထား၏။ မလ္လိကာမိဖုရားသည် ကောသလမင်းကြီးအား သမီးတော်က ၀ဇီရီကို ချစ်ပါရဲ့လား-ဟုမေး၏။ အသက်တမျှ ချစ်ခင်ကြောင်း ဖြေကြား၏။ အကယ်၍ သမီးတော်ကလေး ၀ဇီရီသေဆုံးခဲ့ပါမူ အရှင်မင်းကြီးသည် စိုးရိမ်ပူဆွေး ငိုကြွေးမှု ပြု-မပြု မေးရာ ကောသလမင်းကြီးက စိုးရိမ်ပူဆွေး ငိုကြွေးရုံသာမက သေပင်သေသွားနိုင်သည်ဟု ဆို၏။

ဤသို့ဆိုပါက အချစ်ကြောင့် ဆင်းရဲဒုက္ခရောက်ရသည် ဟူသောအချက် မှန်မမှန် မေးလျှောက်၏။ မင်းကြီးသည် သဘောပေါက် နားလည်သွား၍ မိမိနှုတ်အာခံတွင်းကို ပလုတ်ကျင်း ဆေးကြောပြီး လက်ဝဲတဖက် ပခုံးထက်၌ ကိုယ်ရုံကိုတင်လျက် ဘုရားရှိရာဘက်သို့ မျက်နှာမူကာ လက်အုပ်ချီ၍-နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ-ဟု သုံးကြိမ် ရွတ်ဆိုဥဒါန်းကျူးရင့် ရှိခိုးလေသည်။

(အာရာမဒဏ္ဍပုဏ္ဏား၏ ရှိခိုးခြင်း)
အာရာမဒဏ္ဍပုဏ္ဏားကြီးသည် အရှင်မဟာကစ္စည်း ထေရ်အား ဤသို့လျှောက်၏။ အိမ်ရာတည်ထောင် လူ့ဘောင်၌ နေသူများသည် အချင်းချင်း အဘယ့်ကြောင့် ငြင်းခုံကြသနည်း။
အရှင်မဟာကစ္စည်းမထေရ်က အာရုံငါးပါး ကာမဂုဏ်တရားကြောင့် ငြင်းခုန်ကြရသည်-ဟု ဖြေဆို၏။ အိမ်ရာမထောင် ရဟန်းဘောင်၌ နေသူများအချင်းချင်း အဘယ့်ကြောင့် ငြင်းခုန်ကြရပါသနည်း-ဟုမေးပြန်ရာ ဒိဋ္ဌိအယူဝါဒကို အကြောင်းပြု၍ ငြင်းခုန်ကြရသည်-ဟုဖြေဆို၏။

ဤသို့ဆိုပါက ဤလောကတွင် ကာမဂုဏ်ငြိတွယ်မှု၊ ဒိဋ္ဌိအယူဝါဒ ငြိတွယ်မှုကင်းသူ ရှိပါသေးသလား-ဟု မေးလျှောက်ရာ အရှင်မဟာကစ္စည်း မထေရ်က အမှန်တကယ်ရှိသည်။ ထိုပုဂ္ဂိုလ်မှာ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်ရှိ သဗ္ဗညု ဘုရားရှင်ဖြစ်သည်-ဟု ဖြေဆို၏။ ထိုအခါ ပုဏ္ဏားကြီးသည် လွန်စွာကြည်ညို သဒ္ဓါပွား၍ နေရာမှထကာ အပေါ်ရုံကို လက်ကတော့တင်ပြီး လက်ယာဘက်ဒူးကို မြေကြီးပေါ်၌ ထောက်လျက်-နမော တဿ အစချီသော ဘုရားရှိခိုးကို သုံးကြိမ်ရွတ်ဆိုပြီး ရှိခိုးလေသည်။

( ဓနဉ္စာနီ ပုဏ္ဏေးမကြီး ရှိခိုးခြင်း)
ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူ၏။ ရာဇဂြိုဟ်မြို့တွင် ဘာရဒွါဇပုဏ္ဏားကြီးသည် ပုဏ္ဏားအယူဝါဒကို စွဲလမ်းယုံကြည်၏။ ယင်း၏ ဇနီးဖြစ်သူဓနဉ္စာနီပုဏ္ဏေးမသည် သောတာပန်အရိယာ ဖြစ်နေ၏။ ဓနဉ္စာနီသည် နမော တဿ-ဟူ၍၄င်း။ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ-ဟူ၍၄င်း အမြဲမပြတ် ရွတ်ဆိုလေ့ရှိသည်ကို ပုဏ္ဏားကြီးက လုံးဝမကြားချင်။ အထူးသဖြင့် အခြားပုဏ္ဏားများ ရှေ့မှောက်၌ မယားဖြစ်သူက နမော တဿ-ဟုဆိုလိုက်ပါက အထင်သေး ခံရမည်ကို ကြောက်၏။ တနေ့သောအခါ ဘာရဒွါဇသည် ပုဏ္ဏား ၅၀၀-ကို အိမ်သို့ပင့်ဖိတ် ကျွေးမွေး၏။ ဇနီးမယားဖြစ်သူအား နမော ဗုဒ္ဓဿ-မဆိုရန် တရက်ကြိုတင်၍ ချော့မော့ တောင်းပန်၏။ ဇနီးဖြစ်သူက နမော ဗုဒ္ဓဿ-ကို မဆိုရမနေနိုင်ဟု ပြန်ပြော၏။

ပုဏ္ဏားကြီး စိတ်ဆိုး မာန်ဆိုးဖြစ်ကာ အိမ်နံရံတွင် ချိတ်ဆွဲထားသော ဓားကြီးကို ကိုင်မိုးလျက် ဟေ့-ဓနဉ္စာနီ၊ ဒီမှာ ကြည့်စမ်း၊ နက်ဖြန် ငါ့ပုဏ္ဏားတွေ လာချိန်မှာ နင့်ခေါင်းတုံးကြီးကို ရှိခိုးရင် ဒီဓားနဲ့ ခြေဖျားက ခေါင်းထိအောင် နုတ်နုတ်ပါအောင် တောက်တောက်စင်းပစ်လိုက်မယ်-ဟု ကြိမ်းမောင်းလိုက်သည်။ ထိုအခါ ဓနဉ္စာနီက
သတ်လျင်သတ်လိုက်၊ နမော ဗုဒ္ဓဿ-လို့ မဆိုဘဲ မနေနိုင်-ဟု ခေါင်းမာစွာ ပြန်ပြောလိုက်သည်။ ဘာရဒွါဇပုဏ္ဏားကြီးသည် လက်လျှော့လိုက်ရတော့သည်။

နောက်တနေ့ ပုဏ္ဏား ၅၀၀-ကို ကျွေးမွေးနေစဉ် ဓနဉ္စာနီသည် ၀ိုင်းဝန်းကူညီ လုပ်ကိုင်ပေးနေ၏။ မိမိလင်ယောက်ျားအတွက် နို့ထမင်းခွက်ကို ယူလာစဉ် ဓနဉ္စာနီသည် ခလုတ်တိုက်ပြီး လဲသွားသည်။ နှုတ်မှအကျင့်ပါနေ၍ ရုတ်တရက် နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ-ဟုရွတ်ဆို၍ ဘုရားရှိခိုးလိုက်သည်။ ဗုဒ္ဓ-အသံ ကြားရသည်နှင့်တပြိုင်နက် ဧည့်သည်ပုဏ္ဏားများသည် စိတ်ဆိုးကာ ထပြန်သွားကြလေသည်။

ကောင်းမှုပြုသူနှင့် ထူးဆန်းသော မီးပုံးပျံကြီး

ရေစကြိုမြို့နယ် သဲပုံအနောက်ရွာတွင် ဦးငြိမ်း+ဒေါ်အေးကြိုင် ဟူသော တောင်သူကြီး ဇနီးမောင်နှံရှိသည်။ ဦးငြိမ်း+ဒေါ်အေးကြိုင် တို့သည် သဲပုံအနောက်ရွာ သာသနာ့မဏ္ဍိုင်ကျောင်းတိုက်တွင် များစွာသော ကောင်းမှုတို့ကို ပြုလုပ်ခဲ့သည်။

ထိုကောင်းမှုများကား ကျောင်းဟောင်းပြုပြင်သည်။ သုံးခန်းပတ်လည် အုတ်တိုက်၊ မီးဖိုတိုက်နှင့် ဇရပ် ကျောင်းတံတိုင်း၊ ဘုရားတံတိုင်းများ တည်ဆောက် လှူဒါန်းသည်။ ထို့အပြင် နှစ်စဉ် ၀ါဆိုသင်္ကန်းကပ်လှူခြင်း၊ ကထိန်သင်္ကန်း ၁၀-ကြိမ်ကပ်လှူခြင်း၊ ဥပုသ်နေ့တိုင်း ဆွမ်းပို့ခြင်းနှင့် လစဉ် လပတ် ဆွမ်းပို့ခြင်း အလှူများလည်း ပြုလုပ်ခဲ့သည်။

ဦးငြိမ်း+ဒေါ်အေးကြိုင်တို့သည် ဆွမ်းအလှူ ကုသိုလ်ပြုရာတွင် ဥပုသ်ဆွမ်းနှင့် လပတ်ဆွမ်းအပြင် တနှစ်အတွင်း အလျဉ်းသင့်သလို ဆွမ်းကပ်ဆွမ်းကျွေး အလှူလည်း ပြုလုပ်လေ့ရှိသည်။ ထို့ပြင် ကျောင်းတိုက်သို့ ရောက်ရှိလာသော အာဂန္တုက ဘုန်းကြီးများနှင့် လူဧည့်သည်မျးအတွက်လည်း ဦးငြိမ်း၏ အိမ်ကပင် တာဝန်ယူ ကျွေးမွေးလေ့ရှိသည်။ ကျောင်းတိုက်တွင် သုံးစရာထင်းကိုလည်း ဦးငြိမ်းကပင် အမြဲထာဝရ လှူဒါန်း၏။

ဦးငြိမ်၏ဇနီး ဒေါ်အေးကြိုင်သည် သံဃာတော်များအတွက် ဆွမ်းဝတ်အပြင် အိမ်၌ ရောက်ရှိလာသည့် ဧည့်သည်များကို ဧည့်ခံရာတွင် ဧည့်ဝတ်ကျေပွန်သူလည်းဖြစ်သည်။
ဤသို့သော ကောင်းမှုများပြုခြင်း၊ အလုပ်ကြိုးစားခြင်းတို့ကြောင့် ဦးငြိမ်းတို့ ဇနီးမောင်နှံသည် မရှိမရှားဘ၀မှ လှူရင်းတန်းရင်းဖြင့်ပင် ကြွယ်ဝချမ်းသာလာခဲ့သည်။ ယခုအချိန်မှာ ထန်း ၈-ရင်း၊ နွားနှစ်ရှဉ်းလုပ် မြေယာများဖြင့် ထင်ရှားသော တောင်သူကြီး ဇနီးမောင်နှံ ဖြစ်နေလေပြီ။

ဤကဲ့သို့ ဒါနကုသိုလ်ပြုခဲ့သော အလှူရှင် ဒါနရှင် တောင်သူဦးငြိမ်းသည် ၁၃၆၂-ခုနှစ် တန်ဆောင်မုန်းလဆန်း ၉-ရက်နေ့က လူတိုင်း မလွဲမသွေ သွားရသည့် မရဏလမ်းသို့ မြန်းရရှာလေပြီ။ တန်ဆောင်မုန်းလပြည့်နေ့တွင် ဦးငြိမ်းအတွက် ရက်လည်ဆွမ်းသွတ် တရားနာပွဲ ပြုလုပ်သည်။ နံနက်ပိုင်း တရားနာအပြီး လူကွဲချိန် (နံနက် ၈-နာရီမှ ၉-နာရီအချိန်) တွင် ထူးခြားသော ဖြစ်စဉ်တရပ် ပေါ်ပေါက်ခဲ့သည်။

ဦးငြိမ်းအတွက် ရက်လည်တရားမနာမီ ရက်ပိုင်းကပင် ဦးငြိမ်းအိမ်မှာ မီးပုံးပျံဟောင်းကြီးတခု ရှိခဲ့လေသည်။ ထိုမီးပုံးပျံဟောင်းကြီးတခုမှာ အိမ်ခန်းတခန်းစာမျှ ကြီးမား၏။ သို့သော် အပေါက်များဖြင့်ပြည့်နေသည်။ တယောက်ယောက်က ကောက်လာပြီး ဦးငြိမ်းအိမ်မှာ ပစ်ထားခြင်းဖြစ်သည်။ ထိုအချိန်တွင် ထိုမီးပုံးပျံ ဟောင်းကြီးသည် သူ့နဂိုတည်ရှာရာနေရာမှ မည်သူမှ မှိုင်းမသွင်း၊ မလွှတ်ရပါဘဲနှင့် အိမ်တံခါးပေါက်ဆီသို့ ၃-ကြိမ်မျှ အလိုလို ရွေ့ပြီးနောက် အထက်သို့ လူတရပ်စာမျှတက်သွားသည်။ ထို့နောက် လူတရပ်စာကနေ ကောင်းကင်သို့ အလိုအလျောက် ထိုးတက်သွားသည်။ ထိုအခါ ဦးငြိမ်းအိမ်က မီးပုံးပျံကြီးတက်သွားသတဲ့ -ဟူသော အသံများနှင့်အတူ မီးပုံးပျံကြီးသည် အထက်သို့ ဝေး၍ဝေး၍ တက်သွားလေတော့သည်။

သဲပုံတရွာလုံးက မီးပုံးပျံကြီး ကောင်းကင်သို့ တက်သွားသည့်ဖြစ်ရပ်ကို တအံ့တသြ ဖြစ်ကြသည်။ သူတို့တသက်တာတွင်လည်း မေ့နိုင်တော့မည် မဟုတ်ချေ။ ထိုမီးပုံးပျံကြီး တက်သွားခြင်းနှင့် ကောင်းမှုပြုသူ ဦးငြိမ်း ကွယ်လွန်ခြင်းသည် တစုံတရာ ဆက်စပ်မှု ရှိလိမ့်မည်ဟု စာရေးသူ ယူဆမိပါသည်။

( မောင်ထွန်းထွန်း-ချောင်းဦး)
( မြတ်မင်္ဂလာ ၂၀၀၂-ဧပြီလ )

ဘချစ်၏ မိုက်ပြစ်

ရွာထဲတွင် ဘချစ်ဆိုလျှင် မသိသူမရှိပေ။ ဘချစ်သည် အသက် ၁၉-နှစ်ခန့်သာရှိသော်လည်း ရွာထဲရှိ သာရေး နာရေး ကိစ္စများတွင် ပါဝင်ကူညီလေ့ရှိသည်။ သို့သော် သူ၏မကောင်းသောအကျင့်တခုမှာ ကူညီလုပ်ဆောင်ပေးပြီးလျှင် သူ့ကို အရက်တိုက်ခိုင်းခြင်းဖြစ်သည်။

ဘချစ်သည် ကျောင်းနေမပျော်၍ ပညာမသင်သော်လည်း လောင်းကစားတွင် အလိုလိုတော်ကာ ၀ါသနာကြီးလေသည်။ ဇယ်တောက်၊ ဖဲရိုက်၊ ကြက်တိုက်စသည့် လောင်းကစားဝိုင်းတို့တွင် ခေါင်းတလုံးသာအောင် လူလည်ကျ ကစားပြနိုင်သူဖြစ်သည်။ လောင်းကစားပွဲတိုင်းလည်း မကြာခဏရန်ဖြစ်လေ့ရှိသည်။

ဘချစ်သည် ဖဲရိုက်၊ ကြက်တိုက်ဖို့ငွေ မရှိသည့်အခါ မိမိအိမ်က ပိုက်ဆံကို ခိုးယူသည်။ အထူးသဖြင့် ကြေးကြီးကြီး လောင်းကစားဝိုင်းများတွင် ခိုးယူလာသည့် ငွေနှင့် မလောက်သည့်အခါ အိမ်တွင်းပစ္စည်းများကို ခိုးယူသည်။ တနေ့တွင် အသုဘအိမ်၌ ဖဲရိုက်ရန် ငွေမလောက်သဖြင့် မိမိအိမ်ရှိ ကက်ဆက်ကို ခိုးယူနေစဉ် ဖခင်ဖြစ်သူနှင့် တိုးလေသည်။ ဖခင်ဖြစ်သူက ထုံးစံအတိုင်း ဆူပူကြိမ်းမောင်းသည့်အခါ ဘချစ်က ခင်ဗျားကြီး-စကားမရှည်နဲ့၊ ကျုပ်ဘာသာကျုပ် ဘာပဲယူယူ ခင်ဗျားဝင်မရှုပ်နဲ့-စသည်ဖြင့် ရိုင်းပျစွာ ရင့်ရင့်သီးသီး စကားများဖြင့် ပြန်ပြောလေသည်။ သားအဖနှစ်ဦး စကားများပြီး ဖခင်ဖြစ်သူက တုတ်ဆွဲသည့်အခါ ဘချစ်က ဓားကို ဆွဲလေ၏။

လာ-ခင်ဗျားကြီး ရိုက်ရဲရင် ရိုက်၊ ဓားနဲ့ကို ခုတ်မယ်-ဟုဆိုကာ ငှက်ကြီးတောင်ဓား ကိုင်၍ အိမ်ပေါ်မှ ဆင်းသွားလေသည်။
ဘချစ်သည် အရက်ဆိုင်တွင် အရက်သောက်ကာ ဆိုင်ထဲရှိ လူတစုနှင့် စကားများ ရန်ဖြစ်ကြသည်။ ထို့နောက် ရိုက်ကြနှက်ကြရာ ဘချစ်အရိုက်ခံရပြီး မေ့သွားသည်။ အနီးအနားရှိလူများက ဘချစ်ကို ဆေးရုံသို့ပို့ပေးသည်။

နောက်တနေ့မနက်တွင် ဘချစ်ဆုံးသွားပြီဟူသော သတင်းက ရွာထဲတွင် ထွက်ပေါ်လာသည်။ အရက်သောက်လွန်း၍ အသည်းကျွမ်းနေသော ဘချစ်သည် အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ဖခင်ကို စော်ကားမှုကြောင့် အသက် ၁၉-နှစ်အရွယ်နှင့်ပင် ဆုံးပါးသွားခဲ့ရှာသည်။ နောက်ဆုံးတော့ ဘချစ်သည် သူ့မိုက်ပြစ်က သူ့ကို တန်ပြန်ပြုလိုက်ခြင်းပင်ဖြစ်သည်။

( နိုင်ဇော်လင်း)
(မြတ်မင်္ဂလာ ၂၀၀၂-ဧပြီလ)

Thursday, November 19, 2009

ကိုယ်သန့်သူနှင့် စိတ်သန့်သူ

တခါက အထက်အညာ မြို့ကလေးတမြို့တွင် အလွန်ဇီဇာကြောင်သော လူတဦးရှိသည်။ သူသည် အစားအသောက်စားရာ၌ သူတပါးနှင့် ဇွန်းပန်ကန် ခွက်ယောက်ချင်း ရောနှောပေါင်းစပ် မစားနိုင်ပါ။ ထို့ကြောင့် အများနှင့် ၀ိုင်းဖွဲ့ပြီး ဘယ်တော့မှ မစားပါ။ မလွှဲမရှောင်သာ၍ စားရလျှင် ထမင်းနှင့် ဟင်းများကို ပထမဦးစွာ အပြီးနှိုက်ယူထားလိုက်သည်။ သူတပါး နှိုက်ပြီးသား ထမင်းဟင်းကိုမူ နောက်ထပ် မနိုက်တော့ပါ။ ရှေးက လက်ရည်တပြင်တည်း စားကြပုံကို ပြောပြလျှင် အော့ကြီး အန်ကြီးဖြစ်၍ ရှောင်သွားတတ်သည်။

တခုသောနွေဦးပေါက်တွင် သူသည် မသွားဖူးသော ခရီးတခုကို သွားရသည်။ သူနှင့် ခရီးသွားမည့်အဖော်များ ရောက်ချိန်တန်လျက် ရောက်မလာသောကြောင့် တဦးတည်းထွက်ခွါလာခဲ့သည်။ သူသည် လမ်းခရီး အခြေအနေကို မသိသောကြောင့် ထမင်းကို အ၀စားခဲ့သည်။ အထုပ်ဖြင့်လည်း ထုပ်ယူလာခဲ့သည်။ ရေကိုလည်း ဘူးတောင်းနှင့် အပြည့်ထည့်ခဲ့သည်။ သို့သော် လမ်းမှာ အရိပ်အာဝါသနည်းသည့်အပြင် ရာသီဥတုကလည်း အလွန်ပူပြင်းလှသောကြောင့် ရေခဏခဏ သောက်ရသည်။ မကြာမီ ရေကုန်သွားလေသည်။

နေမွန်းတိမ်းသောအခါ ပို၍ ပူလာပြီး ချွေးကပိုထွက်လာသည်။ ရေအလွန်ဆာလာသည်။ နောက် ခရီးတတိုင် အတွင်း ရေမတွေ့လျှင် သေရချည်ရဲ့ဟုပင် ညည်းမိလေသည်။ သို့သော် ခရီးတတိုင် မသွားရပါ။ ကုန်းကလေး တခုကို ကျော်လိုက်လျှင် ဆီးပင်ကလေးများနှင့် ဇရပ်အိုတခုကို တွေ့ရသည်။ ဇရပ်၏ ရှေ့မျက်နှာစာတွင်လည်း ရေအိုးစင်ကလေးတခု ရှိ၏။ သူသည် အလွန်ဝမ်းသာသွားသည်။ ဇရပ်သို့ အပြေးတပိုင်းသွားပြီး ရေအိုးကို ဖွင့်ကြည့်လိုက်သည်။ ရေမှာ တ၀က်ကျော်ကျော် ရှိနေသည်။ တယ်ကံကောင်းပါလား-ဟု တကိုယ်တည်း ပြောပြီး ချိတ်ထားသော အိုးမှုတ်ခွက်ဖြင့် ရေတခွက် ခပ်လိုက်သည်။ သို့သော် ချက်ချင်းမသောက်ဘဲ စဉ်းစားနေလိုက် သေးသည်။

ဤရေမှုတ်သည် သူတကာ သောက်သုံးသော ရေမှုတ်ဖြစ်သည်။ ဘယ်လက်ဖြင့်ကိုင်သူက ညာနှုတ်ခမ်းမှ သောက်မည်။ ညာလက်ဖြင့်ကိုင်သူက ဘယ်နှုတ်ခမ်းဖြင့်သောက်မည်-စသည်ဖြင့် တောင်တောင်အီအီ တွေးတောစဉ်းစားသည်။ ထို့နောက် ဤဘက်ကတော့ မည်သူမှ သောက်မည်မဟုတ်-ဟု ယူဆကာ ရေမှုတ်ကို လက်ကိုင်တပ်ရာဘက်မှ သောက်ချလိုက်သည်။ ဤသို့ ရေနှစ်မှုတ် သုံးမှုတ်လောက် သောက်ပြီးမှ ကျေနပ်စွာဖြင့် ဇရပ်ပေါ် တက်နားလိုက်သည်။

သူရေသောက်နေစဉ် သူ့လှုပ်ရှားမှုကို စိုက်၍ကြည့်နေသော မျက်လုံးတစုံကိုမူ သူသတိမထားမိလိုက်ချေ။ ဇရပ်ပေါ်ထိုင်ပြီး ဟိုဟိုသည်သည် မျက်လုံးကစားလိုက်မှ မလှမ်းမကမ်း ဆီးပင်အောင်တွင် ထိုင်နေသော အနာကြီးရောဂါသည်တယောက်ကို မြင်လိုက်ရသည်။ ထိုလူမှာ ရောဂါကြောင့် ခြေ၊ လက်၊ နှာခေါင်းများပင် မပီပြင်တော့။ ဦးခေါင်းပတ်ပတ်လည် ဦးထုပ်ဆောင်းသည့် တ၀ိုက်တွင် အရေဖတ်များက လန်နေသေးသည်။ နဖူးနှင့် နှာခေါင်းကလည်း ချွေးတွေလား၊ ဘာတွေလဲ မသိ။ အဆက်မပြတ် စီးကျနေသဖြင့် ပုဆိုးဖြင့် ငုံ့ငုံ့ သုတ်နေရသည်။

ထိုရောဂါသည်သည် မျက်နှာကို ပုဆိုးဖြင့် တချက် ငုံ့သုတ်လိုက်ပြီး ဇရပ်ပေါ်က လူကို လှမ်းမေးလိုက်သည်။ ဒီမှာ ဇရပ်ပေါ်က လူကြီး ကျွန်တော်တခုလောက် မေးပါရစေ။ ထိုအခါ ဇရပ်ပေါ်ကလူက ရောဂါသည်ကြီး သူ့အနား လာမည်စိုး၍ ပျာပျာသလဲဖြင့် ပြောပါ ပြောပါ ကြားပါတယ်-ဟုဆိုသည်။
လူကြီးမင်း-စောစောက ရေသောက်တာ ရေမှုတ်လက်ကိုင်ဘက်က ဘာဖြစ်လို့ ကတ်သီးကတ်သတ် သောက်ရ တာပါလဲ ခင်ဗျား-ဟု ရောဂါသည်က မေး၏။

သြော်-ဒါလား ကျုပ်က ဘယ်အရာမဆို သန့်မှကြိုက်တာဗျ။ သူတကာ သောက်တဲ့ ခွက်နှုတ်ခမ်းကနေပြီး ကျုပ်ရေမသောက်နိုင်ဘူးလေ-ဟု ဆိုလျှင် ရောဂါသည်က သက်ပြင်းတချက်ချလိုက်သည်။ ကျွန်တော်
စိတ်မကောင်းပါဘူး၊ လူကြီးမင်းခင်ဗျား၊ ကျွန်တော်ဟာ အတိတ်ဘ၀က သူများအပေါ် မာန်မာနကြီး တခွဲသားနဲ့ မတူမတန် ဆက်ဆံခဲ့မိလို့ ထင်ပါရဲ့၊ အခု ဒီဘ၀မှာ အနာကြီးရောဂါသည် လာဖြစ်ရပါတယ်။ အဲဒီဝဋ်ကြွေးတွေကို ဒီဘ၀ ဒီမျှသာ ရှိစေတော့ဆိုပြီး လူမှန်းသိစအရွယ်ကတည်းက ငါးပါးပဉ္စသီ မြဲခဲ့ပါတယ်။ ဘယ်သူ့အပေါ်ပဲဖြစ်ဖြစ် စိတ်ကောင်းထားပါတယ်။ ကျွန်တော့ကို တိရစ္ဆာန်တကောင်လို ဆက်ဆံကြိမ်းမောင်းကြရင်တောင် ဘယ်လိုမှ စိတ်မရှိပါဘူး။ သူတို့နေရာမှာ ငါသာဆိုရင်လဲ ဒီလိုနေမှာပဲလို့ ကိုယ်ချင်းစာပြီး အများစိတ်အနှောက်အယှက် မဖြစ်အောင် သတိထား နေထိုင်ခဲ့ပါတယ်။ အခု အများအသုံးပြုတဲ့ ဇရပ်ပေါ်မှာတောင် တက်မနားဘဲ သစ်ပင်အောက်မှာ နေတာကိုသာ ကြည့်ပါ။

နောက်ပြီး မလွဲမရှောင်သာလို့ အများသောက်တဲ့ သောက်ရေအိုးမှာ ရေသောက်ရရင်လဲ အများကို ကိုယ်ချင်းစာပြီး အများသောက်တဲ့ခွက်ရဲ့ ဘယ်-ညာ နှုတ်ခမ်းတွေက မသောက်ပါဘူး။ ဘယ်သူမှမသောက်တဲ့ လက်ကိုင်ဘက်ကသာ ကတ်သီးကတ်သတ် သောက်ခဲ့ပါတယ်။ အခုတော့ လူကြီးမင်းကလဲ ကျွန်တော့လိုပဲ ကတ်သီးကတ်သတ် လက်ကိုင်ဘက်က သောက်တယ်ဆိုတော့ စိတ်မကောင်းဖြစ်လို့မေးမိတာပါ-ဟု နှာတရှုတ်ရှုတ်နှင့်ပြောသည်။ ဤတွင် ဇရပ်ပေါ်မှ လူဇီဇာကြောင်ကြီးမှာ မည်သို့မျှ အောင့်အည်းနိုင်စွမ်း မရှိတော့ပေ။ သောက်ပြီးသော ရေများသာမက စားပြီးသား အစာများပါ အကုန် အန်ချလေတော့သည်။

နောက် ငါးနှစ်မျှကြာသောအခါ အထက်ဖော်ပြပါ ဇရပ်အိုနေရာတွင် သစ်လွင်လှပသော ဆင်ဝင်စမုတ်နှင့် ဘုံအဆင့်ပါရှိသော ဇရပ်ကြီးတဆောင် မျက်လှည့်ပြလိုက်သလို ပေါ်ပေါက်လာသည်။ ထိုဇရပ်ကြီးသည် ကြီးကျယ်ခမ်းနားရုံမက ဆင်ဝင်စမုတ်၏ တဖက်တချက်တွင်လည်း သောက်ချင့်စဖွယ် ရေအိုးသုံးလုံးစီ ရှိသော ရေအိုးစင် လှလှကလေးများက နေရာယူထားသေးသည်။ ထို့ပြင် ဇရပ်၏တောင်ဘက် မလှမ်းမကမ်းတွင်လည်း ရေတွင်းကြီးတတွင်းက ရေငင်မောင်းတံနှင့် ပုံးနှင့် အသင့်ရှိနေပြန်သည်။ သောက်သုံးရုံမက ချိုး၍ပင် မကုန်နိုင်ချေ။

ထို့ကြောင့် အနှီဇရပ်ကြီးသည် ခရီးသွားတို့အတွက် အလွန်တရာ ကျေးဇူးများလှသော နားခိုစရာစခန်းကြီးတခု ဖြစ်နေပေသည်။ ထိုဇရပ်၌ နားခို၍ ခရီးဆက်ကြရသော လူအပေါင်းတို့သည် ဇရပ်တကာကောင်းမှုရှင်ကြီးကို မှန်းမျှော်၍ မေတ္တာပို့သကာ သာဓုအကြိမ်ကြိမ် ခေါ်သွားကြကုန်၏။

အများမြင်လောက်ရာ ဇရပ်တနေရာတွင် ရေးထိုးထားသော ကောင်းမှုရှင်အမည် ကမ္ပည်းစာတန်းကလည်း ထူးခြားလှသည်။ အညတြ လူသူတော်ကြီးကို ရည်စူး၍ ------မြို့နေ ဦးသန့်စင်+ဒေါ်မယ်အိုတို့၏ ကောင်းမှု-ဟူ၏။
ဦးသန့်စင်-ဟူသည်မှာ ဦးဇီဇာကြောင်ကြီးပင် ဖြစ်သတည်း။ သူသည် အနာကြီးရောဂါသည်၏ ပညာပေးခြင်းကို ခံလိုက်ရသည့်နေ့ကစပြီး အမြင်မှန် ရသွားသည်။ နောင်တတရားလည်း ရသွားသည်။ သူ၏ အများအပေါ် ရွံရှာတတ်သော ဇီဇာကြောင်မှု စိတ်ဆိုးကြီးကို အများနှင့် အဖန်တလဲလဲ ရောနှောစားသောက်ခြင်းအားဖြင့် နှိမ်နင်းပစ်လိုက်သည်။ ကြာလာသောအခါ ရွံရှာတတ်သောစိတ် အလျဉ်းမရှိတော့ရုံမက လူငယ်များနဲ့အတူ လက်ရည်တပြင်တည်းပင် စားပြလိုက်သေးသည်။ ဤသို့ နေ့ချင်း ညချင်း ပြောင်းလဲသွားသော သူ့ကို မြို့နေလူထုများက များစွာ အံ့သြကြလေသည်။ တကယ်တမ်းတွင် သူသည် ဇီဇာကြောင်တတ်သည်ကလွဲ၍ စိတ်ရင်းသဘော ဖြူစင်ကောင်းမွန်သူ ဖြစ်သောကြောင့် မကြာမီ အများ၏ ချစ်ခင်လေးစားမှုကို ခံရသည်။ မိတ်ဆွေရင်းချာများ ပေါများလာသည်။ စီးပွားမှာလည်း ဒီရေအလား တိုးတက်လာလေသည်။

ယခင်က သူသည် အလွန်ဇီဇာကြောင်သူဖြစ်သောကြောင့် အသက်လေးဆယ်ကျော်သည်အထိ အိမ်သူသက်ထားမရှိခဲ့ပေ။ အကျင့်ဆိုးကြီးကို ပြုပြင်လိုက်သည်မှစ၍ မြို့မေတ္တာကို ခံယူရရှိရုံမက ကွမ်းတောင်ကိုင် အချောအလှ မယ်အိ၏ မေတ္တာတုံ့ပြန်မှုကိုပါ ရရှိခဲ့လေသည်။ ဤကဲ့သို့ သူသည် ခြောက်ကပ်အထီးကျန်လှသော ဘ၀မှ စိုပြည်ချမ်းမြေ့ဖွယ် ကောင်းလှသော ဘ၀သို့ ရောက်ရှိခဲ့ပုံကို တွေ့မိလေတိုင်း သူ့ကို ပညာသားပါပါဖြင့် ဆုံးမပေးခဲ့သော ရောဂါသည်ကြီးကို သွား၍ သတိရမိလေသည်။ ထိုေ့ကြာင့် ကတညုတ-ကတဝေဒီ မင်္ဂလာတရားနှင့်အညီ ထိုကျေးဇူးရှင်ကြီး၏ ကျေးဇူးတရားကို အောက်မေ့သောအားဖြင့် သူနှင့်တွေ့ဆုံခဲ့ရာ ဇရပ်အိုကြီးနေရာတွင် ဇရပ်နှင့် ရေတွင်းများကို ဆောက်လုပ် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ထိုဇရပ်ကို လူသူတော်ဇရပ်ကြီးဟု အများက ခေါ်ကြလေသည်။ နောင်သော် လူသူတော်မှ မည်သို့မည်ပုံ ပြောင်းလဲသွားသည်မသိ။ ဖိုးသူတော်ဇရပ်ဟု ခေါ်ကြပြန်သည်။ ၄င်းဇရပ်အနီးမှ တောင်ကုန်းကိုကား ဇရပ်ကုန်းဟု ခေါ်ကြကုန်၏။ နောင်နှစ်ပေါင်း အတော်ကြာလာသောအခါ ဇရပ်ကြီးမရှိတော့ဘဲ ရေတွင်းကို ဗဟိုပြု၍ လူနေအိမ်ခြေများ ပေါ်ပေါက်လာလေသည်။ ထိုရွာ၏ အမည်သည်လည်း ဇရပ်ကုန်းရွာဟု တွင်လေသတည်း။

ထိုဇရပ်ကုန်းရွာ၏ အနောက်စူးစူး ကုန်းစောင်းကလေးတွင် အဝေးမှမြင်နိုင်သော ကျောက်ပုံစုစုကလေးမှာ ရှေ့ယခင်ကစ၍ ယနေ့တိုင်အောင် ရှိနေပါသေးသည်။ ထိုကျောက်ပုံကလေး၏ အောက်တည့်တည့်တွင် ကျေးဇူးရှင် လူသူတော်ကြီး ထာဝရအိပ်စက်အနားယူလျက် ရှိသည်ကို ဦးသန့်စင် သိမသွားပါချေ။

ထို့ထက်ပို၍ ဆိုရပါလျှင် ဦးသန့်စင်နှင့် တွေ့ဆုံခဲ့သော ထိုအချိန်က လူသူတော်ကြီးသည် သောက်ရေအိုးထဲမှ ရေကို သူ့ခွက်ထဲသို့ ထည့်ပေးပါရန် တောင်းပန်၍ ရမည့်သူကို မျှော်နေခဲ့ပါသည်။ ထိုစဉ် ဦးသန့်စင် ရောက်လာ၍ ရေသောက်ပုံကို မြင်ရသောအခါ ရေတောင်းရန် အစီအစဉ်ကို ဖျက်ပြီး ရေသောက်ပြီးလေဟန်ဖြင့် ဦးသန့်စင်ကို ဆုံးမခဲ့ခြင်းဖြစ်သည်။ တကယ်တမ်းတွင်မူ သူသည် မည်သည့်အခါမှ အများသောက်ရေအိုးတွင် ရေသောက်လေ့ မရှိပါ။ ထိုနေ့ကလည်း ရေမသောက်ဘဲ အငတ်ခံသွားခဲ့ပေသည်။

ထို့အပြင် သူသည် မိမိ၏ လက်ရှိဘ၀ခရီးကြီး နိဂုံးချုပ်ရတော့မည်ကို ရိပ်စားမိသောအခါ အနောက်ဘက် တောင်စောင်းသို့သွားပြီး ကျင်းကိုကိုယ်တိုင်တူးကာ ၀င်ရောက်အိပ်စက်ပြီး မိမိဇာတ်ကို မိမိဘာသာ သိမ်းခဲ့ ပါသည်။ နောက်တနေ့ နွားကျောင်းသူမကလေးများ ရောက်လာသောအခါ လေမှာ တလူလူလွင့်နေသော စွပ်ကျယ်အဖြူ မည်းညစ်ညစ်တွင် သွေးဖြင့် ရေးထားသည့် မြေဖို့ပေးခဲ့ကြပါ-ဟူသော စာကိုမြင်ကြရသည်။ မိန်းကလေးများက သနားကရုဏာသက်မိသောကြောင့် မြေဖို့ရုံသာမက အနီးအနားရှိ ကျောက်တုံးများကို ယူဆောင်စုပုံပြီး မှတ်တိုင်ကလေးတခုပါ စိုက်ထားပေးခဲ့ကြလေသည်။

ထိုအကြောင်းအရာများကိုလည်း ကွယ်လွန်သူ ဦးသန့်စင်တယောက် သိမသွားခဲ့ပါချေ။ အကယ်၍ သူသာ သိခဲ့မည်ဆိုပါလျှင်---

(ဦးကသာ-လောကမှန်ကူ)

ထေရ၀ါဒဗုဒ္ဓဘာသာ နှင့် မဟာယာနဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၁၇ )

( ယခင်လမှ အဆက် )

ဒီကနေ့ ဘုန်းကြီး သမ္မာဒိဋ္ဌိအကြောင်းကိုပဲ ဆက်ဟောပါ့မယ်။ ဗုဒ္ဓရှင်တော်ရဲ့ အပေါ်မှာ သဒ္ဓါတရားဖြစ်ပြီး ထိုသဒ္ဓါတရားကို အခြေခံပြီး ပေါ်ပေါက်လာတာကို သမ္မာဒိဋ္ဌိ။ သဒ္ဓါတရား အခြေခံအုတ်မြစ်ရှိတဲ့ သမ္မာဒိဋ္ဌိ။ အဲဒီ သဒ္ဓါက ဘယ်မှာရှိတဲ့ သဒ္ဓါလဲ။ ဗုဒ္ဓရှင်တော်ရဲ့ ကျေးဇူး ၂-ပါး
(၁) မကောင်းတာ တားတယ်။
(၂) ကောင်းရာ ညွှန်ကြားတယ်။
အသေးစိတ်တွေ ကိုယ့်ဟာကို ဆက်လေ့လာပါ။ အဲဒီလို ဆရာသမားအနေနဲ့ ရပ်တည်ပြီးတော့ လောကကြီးကို ဆုံးမတော်မူတဲ့ ဘုရားအပေါ်မှာ သဒ္ဓါရောက်ရင် အဲဒီသဒ္ဓါကို သမ္မာဒိဋ္ဌိလို့ ခေါ်တယ်။ အဲဒီသမ္မာဒိဋ္ဌိသည် သဒ္ဓါတရားကို အခြေခံတယ်။ ရတနတ္တယ သမ္မာဒိဋ္ဌိမှာ သဒ္ဓါဟာ ပဓာနဖြစ်တယ်။

ဝိပဿနာ သမ္မာဒိဋ္ဌိကျတော့ ပညာသည် ပဓာနဖြစ်သွားတယ်။ ဒါ ဘုရားနဲ့ ပတ်သက်လို့ ဒီအချက်တခုကို မှတ်သားထားပါ။ နောက် တရားတော်ပေါ့လေ။ တရားတော်ဆိုတဲ့ စကားလုံးအစား ဓမ္မ-လို့ပဲ သုံးကြပါစို့။ ပရိယတ္တိဆိုလဲ ဓမ္မပဲ။ ပဋိပတ္တိဆိုလဲ ဓမ္မပဲ။ ပဋိဝေဓဆိုလဲ ဓမ္မပါပဲ။ အဲဒီလို ဓမ္မ ၃-ခုရှိတယ်။ ဘယ်ဓမ္မမဆို ဗုဒ္ဓရှင်တော်ဘုရား ၄၅-နှစ်ပတ်လုံး ဟောခဲ့တဲ့ စကားတော်အားလုံးကို ဒီဓမ္မပုဒ်ထဲမှာ အကုန်ထည့်ထားတယ်။ သုတ်ရော ၀ိနည်းရော အဘိဓမ္မာရော အကုန်လုံး ဒီအထဲပါတယ်။ ဓမ္မံ သရဏံ ဂစ္ဆာမိ-ဆိုရင် သုတ္တန်တင် မဟုတ်ဘူးနော်။ ၀ိနည်း၊ အဘိဓမ္မာတွေပါ အကုန်လုံးပါတယ်။ အဲဒီဓမ္မကရော ဘာလုပ်ပေးသလဲ။ သတ္တ၀ါအပေါင်းတို့၏ ဘ၀ကန္တာရကို လွန်မြောက်စေနိုင်သော စွမ်းရည်သတ္တိရှိတယ်။

ကန္တာရဆိုတာ လူတိုင်းသိတယ်။ သဲသောင်ပြင်ပေါ့နော်။ နွေအခါ ရေမရှိတဲ့ အဲဒီသဲသောင်ပြင်ကို သွားတဲ့အခါ နွေခေါင်ခေါင် နေကလဲပူ အဲဒီနေက ပြန်ထွက်လာတဲ့ အပူလှိုင်းတွေကို အဝေးကကြည့်ရင် ရေလှိုင်းနဲ့ သိပ်တူတာပဲ။ ဒါကြောင့် ၃၁-ဘုံ အစုံအဆန်သွားတာဟာ သဲကန္တာရခရီးကို သွားသလိုပဲတဲ့။ အဲဒီလိုဖြစ်နေတဲ့ ကန္တာရကို ကျော်လွှားဖို့ ဆိုလို့ရှိရင် နဂါးကိုးကွယ်လို့မရဘူး။ သိကြားကိုးကွယ်လို့လဲမရဘူး။ ဓမ္မကို ကိုးကွယ်မှ ဒါတွေကို ကျော်လို့ရတယ်။ ဘ၀ခရီးကြမ်း ဘ၀အခက်အခဲ ဘ၀ရဲ့ပင်ပန်းမှုတွေကို ဘာနဲ့ကျော်လွှားမလဲဆိုရင် ဒီဓမ္မနဲ့သာ ကျော်လို့ရတယ်။ တရားမရှိတဲ့သူဟာ ဒါတွေကို မကျော်နိုင်ဘူး။ တရားမရှိတဲ့သူတွေ သို့မဟုတ်-အဲဒီတရားကို မချဉ်းကပ်လိုသော ပုဂ္ဂိုလ်တွေပေါ့လေ။

တမျိုးပြောရရင် သာသနာတော်ရဲ့ အပြင်ဘက်က အစွမ်းရှိတယ်လို့ ထင်ရတဲ့ လူတယောက်ယောက်၊ အရုပ်တမျိုးမျိုး၊ နတ်တမျိုးမျိုးနဲ့ ကျော်လွှားကြည့်မယ်လို့ ကြိုးစားကြည့်ပါ။ ကျော်လွှားနိုင်ရင် ခဏပဲဖြစ်မယ်။ ပြီးတော့ ကန္တာရထဲမှာ အဲဒီလူတွေ ပြန်ရောက်သွားလိမ့်မယ်။ ဓမ္မကတော့ ကျော်ပြီးရင် ကန္တာရထဲ ပြန်ရောက်စရာ မရှိဘူး။ အဲဒါကို ယုံကြည်ပြီးတော့ ကြည်ညိုပြီးနေရင် ဓမ္မက လူသားတွေအတွက် သရဏဖြစ်လာတယ်တဲ့။ ဘ၀အခက်အခဲကို ကျော်လွှားစေတတ်တဲ့အတွက်ကြောင့် နောက်တခုက သက်သာမှုကို ပေးနိုင်စွန်းရှိတဲ့အတွက်ကြောင့် ဓမ္မကသာ လူသားတွေအတွက် သရဏဖြစ်လာတယ်။

တခါတခါ ဆွေမျိုးတွေ ပျက်လို့၊ စီးပွားတွေပျက်လို့၊ ကျန်းမာရေးတွေ ပျက်လို့ အဲဒီလို ပျက်ကြရင်လဲပဲ ပင်ပန်းကြတယ်။ အဲဒီလို ပင်ပန်းလာကြတဲ့လူသားတွေ ဒီဓမ္မနဲ့ တွေ့လိုက်ရင် အပန်းတွေ ပြေသွားတယ်။ တကယ်ကျင့်ရင် တကယ်သိရင် ဒီလူသားတွေ အပန်းပြေစေတယ်။ လူ့လောကကြီးမှာ အပန်းပြေစေတာ တကယ်ပြေစေနိုင်စွမ်းရှိတာဟာ ဓမ္မဖြစ်တယ်။

ဒါမျိုးဖြစ်ရင် ကမ်းခြေကိုသွားပြီး အပန်းမဖြေနဲ့၊ ဓမ္မနဲ့ အပန်းဖြေရမယ်။ အဲဒါကြောင့်-ဓမ္မ-က
(၁) ဘ၀အခက်အခဲကိုလည်း လွန်မြောက်စေတယ်။
(၂) ဘ၀ရဲ့ ပင်ပန်းမှု မှန်သမျှကိုလည်း သက်သာစေတယ်။ အဲဒါကို ယုံကြည်ရင် ဓမ္မသည် ကိုးကွယ်ရာဖြစ်ပြီ။ ဒါကြောင့် ကိုးကွယ်စရာကို သရဏ-လို့ ခေါ်တယ်။ ပြီးတော့မှ ဂစ္ဆာမိ-လုပ်တာ။ ဘ၀အခက်အခဲတွေ ကျော်လွှားစေနိုင်တဲ့ အတွက်ကြောင့်၊ သက်သာရာကိုလဲ ပေးစွမ်းနိုင်တဲ့အတွက်ကြောင့် ဓမ္မော-ဓမ္မသည် သတ္တ၀ါတို့၏ သရဏမည်တယ်ရယ်လို့ ကောင်းစွာမသွေ မှတ်ထိုက်ပါပေကုန်သတည်း။

ဓမ္မပြီးသွားပြန်တော့ သံဃာပေါ့။ သံဃာတော်ကို အနည်းငယ်မျှ ပေးလှူကြတဲ့ ပုဂ္ဂိုလ်အပေါင်းတို့အား ကြီးကျယ်များမြောင်သော အကျိုးကျေးဇူးတွေကို ဖြစ်စေနိုင်စွမ်းရှိတဲ့အတွက်ကြောင့် သံဃာတော်များလဲပဲ သရဏံ-သရဏမည်တယ်ရယ်လို့ ကောင်းစွာမသွေ မှတ်ထိုက်ပါပေကုန်သတည်း။

ဒါကြောင့် သံဃာတော်များရဲ့ ဂုဏ်ရည်ကို ယုံကြည်ဖို့လိုတယ်။ သံဃာကို နည်းနည်းလေးပေးလှူတယ်။ ဒါပေမဲ့ ကိုယ့်ဘက်ပြန်ရတဲ့ အကျိုးကျတော့ အလွန်ကြီးကျယ်တယ်။ သံဃာ့ဂုဏ်ကို တိုက်ရိုက်အားဖြင့် ပြောရရင် အရိယာသံဃာဖြစ်တယ်။ အဆင့်မြင့်သံဃာဖြစ်တယ်။ ဥပမာ-အရှင်မဟာကဿပကို လှူလိုက်လို့၊ အရှင်သာရိပုတ္တရာကို လှူလိုက်လို့ နေ့ချင်း ညချင်း သူဌေးဖြစ်သွားတယ်ဆိုတဲ့ ထုံးတွေ အများကြီးရှိတယ်။ အဲဒါ အမြင့်ဆုံး ဥက္ကဋ္ဌနည်းကို ပြောတာ

ဒီကနေ့ မျက်မှောက်သမုတိသံဃာကျတော့ ဘယ်လိုကြည်ညိုရင် အကောင်းဆုံးလဲဆိုတော့ အခု သာသနာတော်ခရီးဟာ နှစ်ပေါင်း ၂၅၀၀-ကျော်ခဲ့ပြီ။ ဒါကြောင့် သာသနာဖြတ်သန်းလာခဲ့တဲ့ ခရီးတလျှောက်လုံးမှာ ဘုရားစကားတော်တွေကို မူရင်းအတိုင်း မပျောက်အောင်၊ မကွယ်အောင် ထိန်းသိမ်းလာခဲ့တာ သံဃာတော်တွေဖြစ်တယ်။ သံဃာတော်တွေထိန်းသိမ်းလို့ သံဃာတော်တွေ မထိန်းရင် တခြားထိန်းတဲ့ပုဂ္ဂိုလ် မရှိဘူး။ အသောကမင်းကြီး အာဏာစက်ထက်တာ မှန်တယ်။ နဂါး၊ ဂဠုန်ကို မှန်းပြီး ကြိမ်စကြာနဲ့ ရိုက်လိုက်ရင်လဲ ရေအောက် ၁၂-မိုင်က နဂါး၊ ဂဠုန် အကုန်ထွက်လာတယ်။ ဘာလိုချင်လဲ မင်းတရား ဒီလိုမေးရင် ပတ္တမြားလိုချင်တယ်ဆိုရင် ဆက်ရတယ်။ ကောင်းကင်ကို ကြိမ်စကြာနဲ့ ရိုက်လိုက်ရင် ကောင်းကင်ရှိ ၁၂-မိုင်အတွင်း ၁-ယူဇနာအတွင်းက နတ်တွေ မနေနိုင်ဘူး။ အနောတတ်အိုင်က ရေတွေ ဘာတွေလာဆက်ရတယ်။ အဲဒီလို အာဏာစက်ရှိတဲ့ မင်းတောင် ဒီအာဏာစက်နဲ့ ဒီပိဋကတ်ကို တည်စေသတည်းလို့ လုပ်လို့မရဘူး။ ဘာနဲ့ ထိန်းလာသလဲဆိုလို့ရှိရင် ဟောဒီဘုရားဟောတဲ့ ပိဋကတ် ၃-ပုံကို သင်ကြားပို့ချပြီး ထိန်းခဲ့တာ။ ဆရာစဉ်ဆက်၊ ဆရာ့နှုတ်ကနေ တပည့်၊ တပည့်က ဆရာပြန်ဖြစ်ပြီး နောက်နောင် တပည့်များကို ဆက်လက်ပို့ချ။ အဲဒီလို နှုတ်ဆင့်ကမ်းပြီး သယ်လာခဲ့လို့ ဒီသာသနာ ဒီအထိရောက်လာတာ။

အဲဒီမှာလဲ တဖက်က မှတ်စရာရှိသေးတယ်။ ဘာလဲဆိုတော့ တဖက်က ပရိယတ္တိဖြစ်တဲ့ ပိဋကတ် ၃-ပုံကို သင်ကြားကြ။ တဖက်က ပဋိပတ္တိကို ကျင့်ကြ။ အင်း-ကိုယ်တော်တို့ သင်ရုံသာ သင်နေတာပါ၊ ကျင့်လဲမကျင့်ကြပါဘူး-လို့ အဲဒီလိုများ ဟန်ချက်မညီတဲ့ အယူအဆမျိုးတွေရှိရင် ဖျောက်ပစ်ကြပါ။ ကဲ ကျင့်ကြံနိုင်မှ ဒီတရား-ဆိုရင်လဲ စာသင်တိုက်တွေ အကုန်ရပ်ပြီး မြန်မာတနိုင်ငံလုံးရှိ သံဃာ ၃-သိန်းကျော် ထိုင်ပြီး တရားကျင့်ကြည့်စမ်းပါ။ နောက် နှစ် ၁၀၀-လောက်ဆိုရင် ဒီသာသနာ ကွယ်သွားမှာ သေချာတယ်။ သင်ကြားပို့ချမှု မရှိရင် မဂ်တရား ဖိုလ်တရားကို မသိနိုင်သဖြင့် မဂ်ဖိုလ်လဲ မဆိုက်နိုင်ဘူး။ နောက်တော့ အကုန်လုံး ပျောက်ကုန်မယ်။

အဲဒီတော့ ပရိယတ္တိတွေကလဲ သာသနာတည်တံ့ရေးမှာ ပဓာန၊ အဲဒါကြောင့် အနည်းငယ်မျှလှူကြတဲ့ ပုဂ္ဂိုလ်တွေလို ကြီးကျယ်ချမ်းသာသော ကောင်းကျိုးများ ပေးနိုင်စွမ်းရှိတဲ့အတွက် သံဃာတော်များလဲ သရဏံ-သရဏမည်ပါပေ၏။

မကောင်းရာ တားပြီး ကောင်းရာညွှန်ကြားလို့ ဗုဒ္ဓရှင်တော်သည် တို့ရဲ့ ကိုးကွယ်ရာ သရဏ။
ဓမ္မသည် ဘ၀အခက်အခဲကို ကျော်လွှားစေနိုင်တယ်။ စိတ်ပင်ပန်းတဲ့အခါလဲ သက်သာမှုကို ရစေနိုင်တယ်။ အဲဒါကြောင့် ဒီဓမ္မလဲပဲ သရဏ။
သံဃာတော်များကိုလည်း နည်းနည်းလေးလှူ၊ များစွာသော ကောင်းကျိုးတွေ တို့တိုင်းပြည် တို့လူမျိုးကို ပေးနိုင်စွမ်းရှိတယ်။ ဒါကြောင့် သံဃာတော်လဲ သရဏ မည်တယ်။ အဲဒါကို ယုံပြီလား။ ယုံပြီဆိုရင် သဒ္ဓါရတယ်။ အဲဒီသဒ္ဓါတရားကို အခြေခံပြီးတော့ ရတနာ ၃-ပါးသည်သာလျှင် ကိုးကွယ်ရာဆိုရင် ဒီပုဂ္ဂိုလ် အယူမှန်သွားပြီ။ ဒါ ရတနတ္တယသမ္မာဒိဋ္ဌိရယ်လို့ ကောင်းစွာမသွေ မှတ်သားထိုက်ပါပေတော့သတည်း။

( သီတဂူဆရာတော် )

( မြတ်မင်္ဂလာ ၂၀၀၂-ဧပြီလ )

( ၆ ) မိမိကိုယ်ကို ကောင်းစွာ စောင့်ထိန်းခြင်း

မိမိကိုယ်ကို ကောင်းစွာစောင့်ထိန်းခြင်းသည် မင်္ဂလာတပါးဖြစ်သည်။
ရှေးသရောအခါ ဗာရာဏသီမင်းတပါးတွင် သားတထောင်ရှိသည်။ ထိုသားတထောင်ထဲမှ အငယ်ဆုံး မင်းသားသည် မိမိ မင်းမဖြစ်နိုင်ကြောင်း ဆင်ခြင်မိသည်။ နန်းတော်သို့ ဆွမ်းစားကြွလာသော ပစ္စေကဗုဒ္ဓါတို့က သင်-မင်းသား ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်သို့ ခုနစ်ရက်ဖြင့် အရောက်သွားနိုင်လျှင်မူ ထိုပြည်၌ မင်းဖြစ်လိမ့်မည်။ သို့ရာတွင် လမ်းခရီး၌ တောအုပ်တခုကို ဖြတ်သန်းသွားရမည်။ ထိုတောအုပ်၌ ဘီလူးမတို့ရှိသည်။ သူတို့က အာရုံငါးပါးဖြင့် ဖြားယောင်းဖျက်ဆီးကြလိမ့်မည်။ ထိုအာရုံငါးပါးနောက်သို့ မလိုက်ဘဲ မိမိစိတ်ကို စောင့်ထိန်းနိုင်လျှင် သင်-မင်းဖြစ်မည်။ ထိုသို့မဟုတ်က ဘီလူးစားခံရလိမ့်မည်-ဟူ၍ မိန့်တော်မူကြသည်။ မင်းသားလည်း အရှင်မြတ်တို့၏ သတိပေးချက်ကို နာယူကာ အဖော်ငါးဦးနှင့်အတူ တက္ကသိုလ်ပြည်သို့ ထွက်ခွါသွားသည်။

မကြာမီ တောအုပ်သို့ဝင်မိသည်။ ထိုတောအုပ်တွင် ဘီလူးမတို့သည် လူယေင်ဖန်ဆင်းလျက် အဖိုးတန် အ၀တ်တန်ဆာများ ၀တ်ဆင်ထားကြသည်။ သူတို့ကိုတွေ့သောအခါ အဖော်ငါးဦးအနက် တဦးသည် မိန်းမလှဟန် ဖန်ဆင်းထားသော ဘီလူးမ၏အဆင်းကို မတပ်မက်ဘဲမနေနိုင်။ စိတ်ကိုမထိန်းနိုင်။ နောက်ချန်နေရစ်သည်။ ဤတွင် ဘီလူးမက အဆင်းဖြင့် မြူဆွယ်ပြီးလျှင် ထိုသူကို စားလိုက်လေသည်။

ဤသို့ အဆင်းကို တပ်မက်သူအား စားပြီးနောက် ဘီလူးမတို့သည် တေးသံ၊ တူရိယာစသည့် အသံဖြင့် မြူဆွယ်ပြန်သည်။ မင်းသား၏ ကျန်အဖော်လေးယောက်အနက်မှ တဦးမှာ အသံကို တပ်မက်သူဖြစ်သည်။ ထိုသူသည် မထိန်းနိုင်၊ နောက်ချန်နေရစ်ပြန်သည်။ ဘီလူးမတို့က ထိုသူ၏ အကြိုက်ကိုဆောင်ပြီးနောက် စားပြန်လေသည်။
ထို့နောက် အနံ့၊ အရသာ၊ အတွေ့တို့ဖြင့် အမျိုးမျိုး မြူဆွယ်ကြပြန်သည်။ မင်းသား၏ ကျန်အဖော် သုံးယောက်မှာ မထိန်းနိုင်ကြ၊ တယောက်ပြီး တယောက် နေရစ်ခဲ့ရာမှ ဘီလူးမတို့၏ အစာ ဖြစ်သွားလေသည်။

နောက်ဆုံး၌ မင်းသားတဦးတည်းသာ ကျန်တော့သည်။ ဘီလူးမတယောက်က-ဤယောက်ျားသည် အလွန်သတိ ရှိသည်။ မိမိ၏ ကိုယ်စိတ်နှစ်ပါးကို ထိန်းနိုင်သည်။ သို့ရာတွင် ဤသူကို မရ-ရအောင် ဖြားယောင်းမည်။ ဤသူ့အသားကို စားပြီးမှ ပြန်တော့မည်-ဟူ၍ ကြံစည်သည်။ မိန်းမပျိုယောင်ဆောင်လျက် မင်းသားနောက်က ကပ်၍ လိုက်သွားသည်။

ခရီးလမ်းတွင် တွေ့သူများက မေးရာ ဘီလူးမက-ရှေးကသွားသော မင်းသားသည် မိမိခင်ပွန်းဖြစ်သည်ဟု လိမ်ညာပြောဆို၏။ မင်းသားကမူ သူ၏မယား မဟုတ်။ ဘီလူးမ ဖြစ်သည်ဟု ဆို၏။ ခရီးသွားအများစုသည် ဘီလူးမစကားကိုပင် အမှန်ထင်ကြ၏။

နောက်ဆုံးတွင် တက္ကသိုလ်ပြည်သို့ ရောက်သွားသည်။ မင်းသားသည် မြို့တံခါးအနီး ဇရပ်တခု၌ နားနေသည်။ ဘီလူးမက မင်းသား၏ ဘုန်းကံကြောင့် ဇရပ်အတွင်းသို့ မ၀င်နိုင်။ အလွန်လှပသော မိန်းမပျိုအသွင် ဖန်ဆင်းကာ ဇရပ်တံခါး၌ ရပ်နေသည်။

ထိုအခိုက် တက္ကသိုလ်ပြည့်ရှင် ဘုရင်ရောက်လာပြီး ထိုဘီလူးမကိုမြင်လျှင် နှစ်သက်သွားသည်။ မင်းသားက ရှင်းလင်းပြောပြသော်လည်း မနာယူ။ အရှင် ယောက်ျားမရှိသူဖြစ်သည်-ဆိုကာ ဘီလူးမကို သိမ်းပိုက်လိုက်သည်။ မိဖုရားကြီးအရာ၌ ထားလေသည်။

ထိုညမှာပင် ဘုရင်အိပ်ပျော်လျှင် ဘီလူးမသည် မိမိအဖော်တို့ထံသို့သွား၍ ဘီလူးတို့ကိုခေါ်လာခဲ့သည်။ သူသည် ဘုရင်ကို ကိုက်သတ်စားသည်။ ကျန်ဘီလူးတို့က နန်းတွင်းရှိ လူအားလုံးကို စားပစ်ကြသည်။ နံနက်မိုးသောက်သော် အရိုးများပြည့်နှက်နေသော နန်းတော်ကို လူတို့မြင်ကြရသည်။ ထိုအခါမှ မင်းသားကို လေးစားမြတ်နိုး ယုံကြည်သွားကြသည်။ ထိုယောက်ျားသည် သတိ-ပညာနှင့် ပြည့်စုံသည်။ မိမိကိုယ်ကို ကောင်းစွာထိန်းသိမ်းနိုင်သူ ဖြစ်သည်။ ထိုသူကို မင်းမြှောက်ရသော် ငါတို့တိုင်းပြည် ချမ်းသာ၍ စည်ပင် သာယာ ၀ပြောလိမ့်မည်-ဆိုကာ မင်းသားကို မင်းမြှောက်ကြလေသည်။ မင်းသားသည် မိမိကိုယ်ကို ကောင်းစွာ စောင့်ထိန်းခြင်းတည်းဟူသော မင်္ဂလာကို ကျင့်သုံးလိုက်နာသဖြင့် ဘုရင်အဖြစ်ကို ရရှိသွားလေသည်။
( အကိုး။ ။ ငါးရာ့ငါးဆယ် တေလပတ္တဇာတ် )

မင်းယုဝေ

Wednesday, November 18, 2009

လူပီသသူ

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် ငါးပါးသီလကို အထူးအလေးပြုကြပါ၏။ သာရေး နာရေးပွဲတို့၌ ဆရာတော် သံဃာတော်တို့ထံ ဆောက်တည်ကြပါသည်။ ရုပ်ပွားဆင်းတုတော် ရှေ့တွင်လည်း ဆောက်တည်ကြပါ၏။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် ပါဠိဘာသာကို အလေးပြုကြသဖြင့် ငါးပါးသီလကို ပါဠိဘာသာဖြင့်သာ ဆောက်တည်လေ့ များကြပါ၏။ တချို့လဲ မြန်မာလို သိမှု အားနည်းနေကြပါ၏။ မြန်မာလိုလည်း သိဖို့လိုအပ်ပါ၏။
သတ်မှုမှ ရှောင်ကြဉ်ခြင်း။
ခိုးမှုမှ ရှောင်ကြဉ်ခြင်း။
မိစ္ဆာစာရ ကာမမှုမှ ရှောင်ကြဉ်ခြင်း
လိမ်လည်ပြောဆိုခြင်းမှ ရှောင်ကြဉ်ြုခင်း။
မူးယစ်ဆေးဝါး သောက်ရှူခြင်းမှ ရှောင်ကြဉ်ခြင်းသည် ငါးပါးသီလဖြစ်ကြောင်း သိနေကြပါ၏။

ထိုငါးပါးသီလနှင့်စပ်၍ သိသင့်သောအချက်တို့ ရှိကြပါသေး၏။ ထိုအချက်တို့ကိုလည်း အသိနည်းနေကြပါသေး၏။ သိဖို့လိုအပ်သဖြင့် ဖော်ပြလိုက်ပါသည်။

(ပါဏာတိပါတ)
(၁) သတ္တ၀ါဖြစ်ခြင်း။
(၂) သတ္တ၀ါဟုသိခြင်း။
(၃) သတ်လိုစိတ်ရှိခြင်း။
(၄) သတ်ရန်အားထုတ်ခြင်း။
(၅) ထိုအားထုတ်မှုကြောင့် သေခြင်း။
ဤအင်္ဂါ ၅-ပါးနှင့် ပြည့်စုံမှသာ သတ်မှုကံ အထမြောက်၏။ (အပါယ်သို့ ရောက်စေနိုင်၏)

(အဒိန္နာဒါန)
(၁) သူတပါးဥစ္စာ ဖြစ်ခြင်း။
(၂) သူတပါးဥစ္စာဟု သိခြင်း။
(၃) ခိုးလိုစိတ် ရှိခြင်း။
(၄) ခိုးရန် အားထုတ်ခြင်း။
(၅) ခိုးခြင်း။
ဤအင်္ဂါ ၅-ပါး ပြည့်စုံမှ ခိုးမှုကံ အထမြောက်၏။

(ကာမေသုမိစ္ဆာစာရ)
(၁) မသွားလာထိုက်သော ပုဂ္ဂိုလ်ဖြစ်ခြင်း။
(၂) မှီဝဲလိုစိတ်ရှိခြင်း။
(၃) မှီဝဲရန် အားထုတ်ခြင်း။
(၄) မိမိအင်္ဂါဇာတ်ဖြင့် သူတပါးအင်္ဂါဇာတ်ထဲသို့ ထိုးသွင်းခြင်း။
ဤအင်္ဂါ ၄-ပါးနှင့် ပြည့်စုံမှသာ ကာမေသုမိစ္ဆာစာရကံ အထမြောက်၏။

(မုသာဝါဒ)
(၁) မဟုတ်မမှန်သည့် အကြောင်းအရာ ဖြစ်ခြင်း။
(၂) လိမ်ညာလိုစိတ် ရှိခြင်း။
(၃) လိမ်ညာရန် အားထုတ်ခြင်း။
(၄) သူတပါးက ထိုအကြောင်းအရာကို သိနားလည်ခြင်း (လိမ်သည့်အတိုင်း ယုံကြည်ခြင်း၊ ယုံကြည်ရုံမက အကျိုးစီပွားလည်း ပျက်ခြင်း)
ဤအင်္ဂါ ၄-ပါးပြည့်စုံမှ မုသာဝါဒကံ အထမြောက်၏။

( သုရာမေရယ )
(၁) သေရည်အရက်ဖြစ်ခြင်း။
(၂) သောက်လိုစိတ် ရှိခြင်း။
(၃) သောက်ရန် ကြိုးစားခြင်း။
(၄) သောက်မျိုးခြင်း။
ဤအင်္ဂါ ၄-ပါးပြည့်စုံမှ သုရာမေရယကံ အထမြောက်၏။

ငါးပါးသီလ၏ အင်္ဂါအချက်အလက်တို့ကို သိဖို့လိုအပ်သကဲ့သို့ ငါးပါးသီလလွန်ကျူးရာ၌ အပြစ် အပြစ်အကြီးအသေးတို့ကိုလည်း သိဖို့လိုအပ်ပါသည်။
(၁)။ ဂုဏ်ကင်းသည့်တိရစ္ဆာန်တို့တွင် သတ္တ၀ါငယ်လေးတို့ကို သတ်လျှင် အပြစ်ငယ်၏။
သတ္တ၀ါအကြီးတို့ကို သတ်လျှင် အပြစ်ကြီး၏။
အကြောင်းမှာ အားစိုက်ရမှုက ကြီးမားသောကြောင့် ဖြစ်ပါ၏။
အားစိုက်ရမှု တူမျှနေလျှင်ကား သတ္တ၀ါကြီးက အပြစ်ကြီး၏။

သီလစသည့် ဂုဏ်ရှိသူ လူစသည်တို့တွင် ဂုဏ်နည်းသူကိုသတ်လျှင် အပြစ်ငယ်၏။
ဂုဏ်ကြီးသူကိုသတ်လျှင် အပြစ်ကြီး၏။
ခန္ဓာကိုယ်နှင့် ဂုဏ်တို့က တူမျှနေလျှင် ကိလေသာနှင့် အားစိုက်မှုတို့ နူးညံ့က အပြစ်ငယ်၏။
ထက်မြက်ကြမ်းထမ်းက အပြစ်ကြီး၏။

(၂)။ သူတပါးဥစ္စာ အညံ့စားကို ခိုးလျှင် အပြစ်ငယ်၏။
အကောင်းစားကို ခိုးလျှင် အပြစ်ကြီး၏။
အကြောင်းမှာ ပစ္စည်းက ကောင်းသောကြောင့် ဖြစ်ပါ၏။
ပစ္စည်းက တူနေလျှင် သီလစသည့် ဂုဏ်ရှိသူတို့၏ ပစ္စည်းကို ခိုးက အပြစ်ကြီး၏။
ဂုဏ်မြင့်မြတ်သူတို့ကို ထောက်ဆ၍ ဂုဏ်နိမ့်သူတို့၏ ဥစ္စာကိုခိုးက အပြစ်ငယ်၏။

(၃) သီလစသည့် ဂုဏ်ကင်းသည့် မမှောက်မှားထိုက်သူတို့ကို ကာမမှောက်မှား ကျူးလွန်လျှင် အပြစ်ငယ်၏။
သီလစသည့် ဂုဏ်ရှိသူတို့ကို မှောက်မှားလျှင် အပြစ်ကြီး၏။

(၄) လိမ်ညာလိုက်သဖြင့် အကျိုးပျက်သွားရာ၌ အကျိုးပျက်မှုနည်းလျှင် အပြစ်ငယ်၏။
များလျှင် အပြစ်ကြီး၏။
တနည်းအားဖြင့် ပြရလျှင်-လူဝတ်ကြောင်တို့က ကိုယ့်ဥစ္စာကို မပေးလိုသဖြင့် မရှိဘူး-စသည်ဖြင့် ပြောလျှင် အပြစ်ငယ်၏။
သက်သေအဖြစ်ဖြင့် အကျိုးပျက်ပြားအောင် ပြောလျှင် အပြစ်ကြီး၏။
ရှင်ရဟန်းတို့က ဆီ ထောပတ် အနည်းငယ်လေးကိုမျှ ရသဖြင့် အပျော်သဘောဖြင့်-ဒီနေ့ ရွာမှာ ဆီက မြစ်လို စီးဆင်းနေပုံရတယ်-ဟု စကားအပိုအလွန် ပြောလျှင် အပြစ်ငယ်၏။
ကိုယ်မမြင်ရတာကို မြင်တယ် စသည်ဖြင့် ပြောလျှင် အပြစ်ကြီး၏။

(၅) သေရည်အရက်ကို တလက်ဖက်၏ တ၀က်လောက်ပဲသောက်လျှင် အပြစ်ငယ်၏။
တပြည်၏ တ၀က်လောက်သောက်လျှင် ထိုထက်အပြစ်ကြီး၏။
ကိုယ်ကို လှုပ်စေနိုင်လောက်အောင် အများကြီးသောက်ပြီး ရွာသူ ရွာသား သတ်ခြင်းစသည်ကို ပြုလုပ်လျှင် ပိုအပြစ်ကြီး၏။

သူ့အသက်သတ်မှုတို့တွင် ရဟန္တာကို သတ်မှု၊
သူ့ဥစ္စာကို ခိုးမှုတို့တွင် ရဟန္တာ၏ဥစ္စာကို ခိုးမှု။
ကာမကျူးလွန်မှုတို့တွင် ရဟန္တာမိန်းမကို ကျူးလွန်မှု။
ညာပြောမှုတို့တွင် ညာပြောပြီး သံဃာသင်းခွဲမှု၊
သေရည်အရက်သောက်မှုတို့တွင် ကိုယ်ကိုလှုပ်စေနိုင်လောက်အောင် အများကြီးသောက်ပြီး ရွာသူ ရွာသားတို့ကို သတ်မှု စသည်တို့သည် အပြစ်အကြီးဆုံးတို့ ဖြစ်ကြပါ၏။

ထိုငါးမျိုးထဲတွင်လည်း လိမ်ညာပြီး သံဃာသင်းခွဲမှုသည် အပြစ်အကြီးဆုံး ဖြစ်ပြန်ပါ၏။ မှန်၏။ ထိုသံဃာသင်းခွဲမှုကို ပြုမိလျှင် တကမ္ဘာပတ်လုံး ငရဲ၌ ခံရ၏။
ငါးပါးသီလနှင့် လူ၊ လူနှင့် ငါးပါးသီလသည် ထာဝရတွဲနေရပါမည်။
သို့မှသာ လူသည် လူပီသသူဖြစ်ပါမည်။
လူပီသမှသာ လူ့ဘ၀သည် တန်ဖိုးရှိသောဘ၀ ဖြစ်ပါမည်။
ငါးပါးသီလကို အသက်ပမာ ချစ်မြတ်နိုးသူတို့သည် ငါးပါးသီလနှင့် စပ်သော ဤအချက်အလက်တို့ကို သိထားသင့်ကြပေသည်။ ထို့ကြောင့် စာရေးသူက စာရှုသူတို့အား မျှဝေလိုက်ပါသည်။

( သာမဏေကျော် )

မကောင်းမှု

ညှစ်ပြီးစ နို့ရည်သည် ပြကတေ့သဘောမှ ရုတ်တရက် မပြောင်းလဲသကဲ့သို့
ပြုသစ်စဖြစ်သော မကောင်းမှုသည် ရုတ်တရက် အကျိုးမပေးသေး။
အကျိုးပေးသောအခါ ပြာဖုံးသော မီးခဲကဲ့သို့ သူမိုက်ကို လောင်ကျွမ်းစေလျက် အစဉ်လိုက်၏။

( ဓမ္မပဒ)

ဘာသာရေး ပြဿနာ ( ၉၂ )

( ဘဒ္ဒန္တ တိလောကသာရ ဖြေသည် )

(မေး) ( လယ်တီဆရာတော်နှင့် သင်္ဂါယနာ)
အရှင်ဘုရား သရက်အောင်မင်္ဂလာ အရှင်ပညာစက္က-က မြို့ရွှေမန်း ထက်တန်းစာသင်သည်၊ သင်္ဂါယနာတွင် ကထာရွတ်ပြန်လို့-ဟု လယ်တီဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ တေးထပ်တွင် ရေးသားပါသည်။ မည်သည့်သင်္ဂါယနာတွင် ရွတ်ပြန်ကြောင်း ဖြေကြားတော်မူပါဘုရား။
(မနန္ဒမာလာ-ဖောင်းပြင်)

(ဖြေ)
လယ်တီဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိကထာတွင် ဆရာတော်ဘုရားကြီး စာသင်သားဘ၀က မန္တလေးမြို့ စံကျောင်းတိုက်တွင် နေခဲ့ကြောင်း၊ မင်းတုန်းမင်းတရားကြီး၏ ပဉ္စမ သင်္ဂါယနာသဘင်တွင် ကထာဝတ္ထုကျမ်းကို ရွှေနန်းတော်အတွင်း၌ နှုတ်တက်ရွရွ ပြန်ဆိုခဲ့ကြောင်း ပါရှိပါသည်။
********************************************************************************

(မေး) ( ရဟန်းနှင့် သူနာပြု ဆရာမ)
အရှင်ဘုရား ရဟန်းတော်များ ဆေးရုံ ဆေးခန်းများသို့ တက်ရောက်ကုသရာ၌ ဆရာဝန်မ၊ သူနာပြုဆရာမများက သွေးစမ်းခြင်း၊ သွေးချိန်ခြင်း၊ ဆေးထိုးခြင်း စသည်ပြုရာ ၄င်းတို့နှင့် ရဟန်းတော်များ ထိတွေ့ကြမြဲဖြစ်ပါသည်။ ထိုကိစ္စ၌ ရဟန်းတော်များ အာပတ်သင့်-မသင့် အပြစ် ရှိ-မရှိ သံသယရှိပါသဖြင့် ဖြေရှင်းပေးတော် မူစေလိုပါသည်ဘုရား။
(တပည့်-ဃောသိတ-သံတွဲ ရခိုင်ပြည်နယ်)

(ဖြေ)
ဝန္ဒန၀တ္ထုသ္မိံ ဣတ္ထီပါဒေ သမ္ပဟိတွာ ၀န္ဒိတုကာမာ ၀ါရေတဗ္ဗာ၊ ပါဒါ ၀ါ ပဋိစ္ဆာဒေတဗ္ဗာ နိစ္စလေန ၀ါ ဘ၀ိတဗ္ဗံ၊ နိစ္စလဿဟိ စိတ္တေန သာဒိယတော အနာပတ္တိ။(၀ိဋ္ဌ ၁-၁၃၂)
ရှိခိုးသောဝတ္ထု၌ မာတုဂါမ တယောက်က ရဟန်း၏ ခြေကို ဆုပ်ကိုင်၍ ရှိခိုးသည်ကို တားမြစ်ရမည်။
ရဟန်းက ခြေကိုသော်လည်း ဖုံးထားရမည်။ ဆုပ်ကိုင်ထိတွေ့၍ ရှိခိုးနေလျှင် မတုန်မလှုပ် (မလှုပ်မရှားနေ၍) သော်လည်း နေရမည်။ (ထိုအခိုက်၌) သာယာမှုရှိသော်လည်း အာပတ်မသင့်ဟု အဋ္ဌကထာ ဖွင့်ဆိုထားသဖြင့် ခြေထောက်ကို ဆုပ်နယ်၍ ရှိခိုးနေသော မာတုဂါမလက်မှလွတ်ရန် ရုန်းကန်လှုပ်ရှားသော်လည်း လွတ်မြောက်ရန်သာ လုံ့လထုတ်ခြင်းဖြစ်၍ အပြစ်မရှိဟု ဆိုပေသည်။ ထိုအချက်ကို သတိပြု၍ ဆွမ်းခံရာ၌ သပိတ်ကပ်ခြင်း၊ ပေးလှူခြင်းတို့၌ လက်ချင်းထိသောအရာ ပရိသတ်ထဲ၌ အမှတ်မဲ့လက်ကို ဆန့်တန်းရာတို့၌ မာတုဂါမ၏ ကိုယ်အင်္ဂါကို ထိသောအရာ၊ မိန်းကလေးကို ယောက်ျားလေးမှတ်၍ ကိုင်မိသောအရာတို့၌လည်း ထိုနည်းအတူပင် ဖြစ်သည်။

ယခုခေတ် ဆေးရုံ၊ ဆေးခန်းတို့၌ အမျိုးသမီးဆရာဝန်မ၊ သူနာပြုဆရာမတို့ သွေးစမ်းခြင်း၊ ဆေးထိုးခြင်း စသည်တို့၌လည်း ရဟန်းက မလှုပ်မရှား ခံယူခြင်း၊ မလှုပ်မရှား ခံယူရာ၌ စိတ်က သာယာမှု ရှိသည့်တိုင်အောင် အပြစ်အာပတ် မရှိဟု မှတ်သားရပါသည်။ သာယာသောစိတ်ဖြင့် ကိုယ်လက်လှုပ်ရှားခြင်း၊ မိမိ (လူနာရဟန်း)က သွားရောက်ထိကိုင်ခြင်းမျိုးများ မပြုမိအောင် အထူးပင် သတိပြုသင့်ပါသည်။
********************************************************************************

(မေး) ( ဓားမအလှူ)
အရှင်ဘုရား တပည့်တော်တို့ အဒေါ်ရွာတွင် လူတဦးသည် ကထိန်ရောက်တိုင်း ပဒေသာပင်တွင် ဓားမတချောင်း လှူလေ့ရှိပါသည်။ ထိုသူကဲ့သို့ တပည့်တော်လည်း ဓားမလှူချင်ပါသည်။ ဓားမသည် လက်နက်ကိရိယာ ဖြစ်ပါသောကြောင့် သံဃာတော်တို့အား လှူဒါန်းပါလျှင် လှူဒါန်းသူတို့မှာ အပြစ်ရှိ-မရှိ သိချင်ပါသဖြင့် ဖြေကြားပေးတော်မူပါဘုရား။
(မောင်သန်းဇော်ဦး-ဒသမတန်း(၁) အ-ထ-က ၃၊ ရွှေပြည်သာ)

(ဖြေ)
သံဃာတော်တို့တွင် လဟုဘဏ်ပစ္စည်း၊ ဂရုဘဏ်ပစ္စည်း ဟု ၂-မျိုးရှိရာ ဓားမ၊ ပုဆိန်၊ ပေါက်ပြား၊ တူရွင်း စသည်တို့မှာ ဂရုဘဏ်ပစ္စည်း (ဂရုဘဏ္ဍ) လေးသောဥစ္စာ၊ အလေးပြုအပ်သည်ဖြစ်၍ မခွဲဝေအပ်သော ပစ္စည်းတို့သည်လည်း ဂရုဘဏ်ပစ္စည်း ဖြစ်ပါသည်။ ပုဂ္ဂိုလ်သုံး၊ ကိုယ်ပိုင်သုံးပစ္စည်းမျိုး မဟုတ်၊ ကျောင်းသုံးပစ္စည်းဖြစ်၍ ပုဂ္ဂိုလ်သုံး ထီး၊ ဖိနပ်၊ သင်္ကန်းစသည်တို့ထက်ပင် ပိုမိုလေးစားအပ်ပါသည်။

ထို့ကြောင့် ဓားမစသည်တို့ကို လှူဒါန်းခြင်းမှာ ဂရုဘဏ်ပစ္စည်းအလှူ ဖြစ်၍ ပိုမိုမွန်မြတ်ပါကြောင်း ဖြေကြားအပ်ပါသည်။
********************************************************************************

(မေး) ( ဂါထာကို ဥုံခံ၍ ရွတ်ခြင်း)
အရှင်ဘုရား တပည့်တော်သည် ဘုရားရှိခိုးပြီးတိုင်း ဂါထာတော်များကို ရွတ်ဖတ်လေ့ရှိပါသည်။ ရွတ်ဖတ်သည့်အခါတိုင်း စ ဓ ဗ ၀ ဂါထာကို ဥုံခံပြီး ရွတ်ဖတ်ပါသည်။ ဆရာကြီး ဓမ္မာစရိယ ဦးအေးနိုင် (ဘီအေ) ၏ ဆောင်းပါးတွင် ဥုံသြောင်းတို့ ပါဝင်သော ဂါထာများကို ထေရ၀ါဒ ဗုဒ္ဓဘာသာတိုင်း မရွတ်ဆိုကောင်း၊ ရွတ်ဆိုလျှင် ထေရ၀ါဒနှင့် ဆန့်ကျင်၏ဟု ဖတ်ရပါသည်။ တပည့်တော်အနေဖြင့် ဥုံခံ၍ ရွတ်ဖတ်သော စ ဓ ဗ ၀ ဂါထာကို ဆက်လက်၍ ရွတ်ဖတ်သင့်-မသင့် ဖြေကြားပေးပါဘုရား။
(ဦးမြင့်စိုး-မူပြ၊ တောင်ဘက်ကမ်း-မြစ်သားမြို့)

(ဖြေ)
စ ဓ ဗ ၀ ဂါထာမှာ ငါးမြီးတွင် စ၊ ဒေါင်းမြီးတွင် ဓ၊ ပုစွန်ကိုယ်တွင် ဗနှင့် ၀ံ၏ချက်တွင် ၀-ရှိသည်ဟု ကမ္ဘာဦးသတ္တ၀ါ ၄-မျိုးပါ အက္ခရာ ၄-လုံးကို
စ-စက္ခုမာစရ မာစိဏ္ဏော၊
ဓ-ဓမ္မညူ ဓမ္မသာမိကော၊
ဗ-ဗလူပေတော ဗလဒ္ဓရော၊
ဝ-၀ရဒေါ ဒေတု မေ ၀ရံ-ဟု
အက္ခရာ တလုံးတပါဒပြု၍ ရှေးဆရာများ ဂါထာဖွဲ့ဆိုကာ ဘုရားရှိခိုးဆုတောင်း ပြုလုပ်ထားခဲ့သည်။ ထေရ၀ါဒဆိုင်ရာ ဂါထာဖြစ်၍ ဥုံခံ၍ မရွတ်ဆိုရပါ။ ရွတ်ဆို၍ အပြစ်ရှိသည်ဟု မဆိုသာသော်လည်း ထေရ၀ါဒ ဗုဒ္ဓဘာသာပီပီ ဥုံမခံဘဲသာ ရွတ်ဆိုဆုတောင်းသင့်ပါကြောင်း ဖြေကြားအပ်ပါသည်။
********************************************************************************

(မေး) (ဘုရားပုံတော်နှင့် မကိုဋ်စလွယ်)
အရှင်ဘုရား တပည့်တော်တို့ ကိုးကွယ်နေတဲ့ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်တွေမှာ မကိုဋ်စလွယ်များ ဆင်ယင်ထားတာနဲ့ ပတ်သက်၍ မရှင်းတာကို မေးလျှောက်ပါရစေ၊ မကိုဋ်စလွယ်ဟာ ဘုရားဖြစ်ပြီးမှ ဆင်ယင်တာလား။ ဘုရားလောင်းဘ၀က ဆင်ယင်တာလား၊ တချို့က ဘုရားလောင်းဘ၀က ဆင်ယင်တာဖြစ်လို့ ရဟန်းတော်များ ရှိမခိုးထိုက်ဘူးလို့ ပြောကြပါတယ်။ မကိုဋ်စလွယ် ဆင်ယင်ရခြင်း အကြောင်းနှင့် ပေါ်ပေါက်လာခြင်းအကြောင်း မိန့်ကြားပေးတော်မူပါဘုရား။ အထောက်အထားရှိပါက ညွှန်ကြားပေးတော် မူပါဘုရား။
(ဦးမျိုးညွန့်-မိုးဗြဲမြို့)

(ဖြေ)
မကိုဋ်စလွယ် ဆင်ထားသော ရုပ်ပွားတော်များမှာ ဘုရားလောင်းဖြစ်ကြောင်း၊ ညောင်ချောင်းဆရာတော်၏ ဥတ္တမင်္ဂ ၀ိနိစ္ဆယမှာဆိုသည်။ ရှေးဆရာတော်များက မြတ်စွာဘုရား စကြ၀ဠာ တပါးသို့ကြွ၍ တရားဟောတော်မူရာ၌ ဘုရင်အသွင်၊ မင်းသားအသွင်ဖြင့် သွားကြောင်း တောင်ခွင် ဂုဠှတ္ထ၀ိနိစ္ဆယတွင် ဆိုသည်။
သို့သော် ထိုရုပ်ပွားတော်များမှာ ရခိုင်ပြည်မင်း အဆက်ဆက်တို့ ကိုးကွယ်ရာမှ ဆင်းသက်လာကြောင်း သိရသည်။ မန္တလေး မဟာမုနိကို ထောက်။
ရခိုင်ပြည်မင်းတို့သည် အိမ်ရှေ့မင်းအဖြစ်မှ မင်းအဖြစ် ဘိသိက်ခံရာတွင် ရုပ်ပွားတော်တဆူအား မင်းဝတ်တန်ဆာ မကိုဋ်စလွယ်ဆင်ယင်၍ ဦးထိပ်၌တင်ကာ မင်းကျင့်တရားနှင့်အညီ မင်းပြုပါမည်ဟု ကျိန်ဆိုအဓိဋ္ဌာန် ပြုကြရကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်တွင် ဤသို့ မင်းဝတ်တန်ဆာ မကိုဋ်စလွယ်ဆင် ဘုရားများကို ကိုးကွယ်စမှတ် ပြုလေ့ရှိကြောင်း၊ မဟာကျိန်ဘုရားဟု ခေါ်ဝေါ်ကြောင်း သိရပါသည်။
ဇင်းမယ် ပဏ္ဏာသလာ ဇမ္ဗုပတိ ချွတ်ခန်းအဆိုမှာ ထင်ရှားသော်လည်း ယုတ္တိကင်းမဲ့လွန်း၍ ပညာရှင်များ လက်မခံကြပါ။ ရခိုင်ပြည်မှလာသော မဟာကျိန်ဘုရားများ သမိုင်းကြောင်းမှာ ယုတ္တိလည်းရှိ မျက်မြင် ထင်ရှားလည်း ဖြစ်သဖြင့် ထိုအတိုင်း မှတ်သားထားစေလိုပါသည်။
*********************************************************************************

(မေး) ( ရှင်ဥပဂုတ္တ ရဟန္တာ)
အရှင်ဘုရား ထေရ၀ါဒ မြတ်ဗုဒ္ဓသာသနာ၌ တောင်သမုဒ္ဒရာ ကြေးပြာသာဒ်တွင်စံသည့် ရှင်ဥပဂုတ္တမထေရ် တကယ်ရှိ-မရှိ သိချင်ပါသည်။ အချို့သောစာစောင်မှာ ရှိသည်ဟု ဆိုသည်။ အချို့က မရှိဘူးဟုဆိုသည်။ ဘယ်ဟာက မှန်၍ ဘယ်ဟာက မှားသည်ဆိုတာ ရှင်းလင်းစွာ ဖြေကြားပေးတော်မူပါဘုရား။
(ခင်မောင်စိုး-ဂွမြို့)

(ဖြေ)
အရှင်ဥပဂုတ္တသည် သာသနာတော်နှစ် နှစ်ရာကျော်အချိန် အသောကမင်းလက်ထက်၌ ပေါ်ပေါက်ခဲ့ကြောင်း မာရ်နတ်ကို ဆုံးမနိုင်သည်အထိ တန်ခိုးကြီးမားကြောင်း စာရှိပါသည်။ အချို့က ယခုအထိပင် တောင်သမုဒ္ဒရာ၌ ရှိနေကြောင်း ယုံကြည်နေကြသည်။ သို့သော် အသက်တရာတမ်းဖြစ်သော ဤခေတ်တွင် အသက်နှစ်ရာအထိ ရှည်နိုင်သူ မရှိကြောင်း ဘုရားဟောရှိ၍ အရှင်ဥပဂုတ္တသည်လည်း ဤခေတ်အထိ သက်ရှိထင်ရှား မရှိနိုင်တော့ပါ။

သို့သော် မြတ်စွာဘုရား မရှိသော်လည်း မြတ်စွာဘုရား၏ တန်ခိုးတော်များ ထင်ရှားရှိနေသကဲ့သို့ အရှင်ဥပဂုတ္တမထေရ် ရဟန္တာမြတ် မရှိသော်လည်း ထိုရဟန္တာမြတ်အား ကိုးကွယ်ခြင်းဖြင့် အကျိုးထူးတရားများ ပွားများနိုင်ကြောင်း၊ ယုံမှားမရှိ သိသာထင်ရှားလှသဖြင့် ကိုးကွယ်ဆည်းကပ် လေးမြတ်ပူဇော်အပ်လှပါကြောင်း ဖြေကြားလိုက်ပါသည်။
*********************************************************************************

(မေး) (ကြယ်ကြွေခြင်းလော)
အရှင်ဘုရား ညအခါ ကောင်းကင်တွင် မီးရှူးလွတ်သကဲ့သို့ အလင်းတန်းများကို တွေ့ရသည်။ လူကြီးများက ကြယ်ကြွေသည်ဟု ခေါ်သည်။ သိပ္ပံစာအုပ်များတွင် ဥက္ကာပျံများဟုခေါ်သည်။ မည်သည်က မှန်ပါသလဲ။ လူကြီးများ၏အဆိုအရ ကြယ်ကြွေလျှင် မည်သို့ ဖြစ်တတ်ပါသလဲဘုရား။ အချို့ကလည်း နတ်များနတ်သက်ကြွေ၍ လူ့ပြည်သို့ ဆင်းသည်ဟု ဆိုကြသည်။ ဖြေရှင်းပေးပါဘုရား။
(မင်းစောထွန်း-ဖျာပုံမြို့)

(ဖြေ)
ကျယ်ဝန်းသော ကောင်းကင်ပြင်၌ လေဓာတ်တို့ ပြင်းထန်၍ အလင်းရောင်များဖြစ်ကာ အတုံးအခဲများ ကျရောက်သည်ကို အဝေးမှ နေရောင်ဖြင့် အလင်းတန်းများသဖွယ် မြင်ရခြင်းကို ဥပါပျံသည်ဟု ရှေးက ခေါ်ဆိုရေးသားကြသည်။ ဥက္ကာပျံသည်ဟုလည်း ဆို၏။ ၄င်းကို အတိတ်နိမိတ် အဖြစ် ယူသော် မကောင်းမွန်ရာ၌ အဓိပ္ပါယ်ဆိုကြသည်။ ဥပမာ-မင်းများ နတ်ရွာစံခြင်းမျိုး၌ ဥက္ကာကျခြင်းများ ဖြစ်ကြောင်း ရာဇ၀င်တို့မှာ ပါသည်။

အနိစ္စရောက်လိုသော် ဥပါလှည်းဘီးခန့် ကျ၏။(ဦးကုလား-ပ-၁၄၇)။ ပါဠိအဋ္ဌကထာများတွင်
ဧ၀ရူပေါ စန္ဒဂ္ဂါဟော ဘ၀ိဿတိ၊
ဧ၀ရူပေါ သူရိယဂ္ဂါဟော ဘ၀ိဿတိ၊
ဧ၀ရူပေါ နက္ခတ္တဂ္ဂါဟော ဘ၀ိဿတိ၊
ဧ၀ရူပေါ ဥဂ္ဂါပါတော ဘ၀ိဿတိ၊
ဧ၀ရူပေါ ဒိသာဍာဟော ဘ၀ိဿတိ ဣမေပဉ္စ မဟာဥပ္ပါတာ-(ဇာဋ္ဌ ၁-၃၉၆)ဟု ဥပါပျံခြင်း ငါးမျိုးရှိကြောင်း ဆိုသည်။
********************************************************************************

(မေး) (အက္ခရာနှင့် ဘာသာ)
အရှင်ဘုရား ဤစာစောင်တွင် ပိဋကတ်တော်ကို အရှင်မဟာဗုဒ္ဓဃောသသည် အိန္ဒိယတောင်ပိုင်း အက္ခရာဖြင့် မာဂဓဘာသာသို့ ပြန်ဆိုရေးသားသည်ဟု ဖြေကြားထားပါသည်။
(၁) အိန္ဒိယတောင်ပိုင်း အက္ခရာနှင့် မာဂဓဘာသာ မည်သို့ ဆက်စပ်ပါသလဲဘုရား။
မာဂဓ နှင့် ပါဠိတို့လဲ မည်သို့ ဆက်စပ်ပါသလဲဘုရား။
၎င်းပြင် ပုဂံခေတ်တွင် မွန်ဘာသာအက္ခရာရေး ပိဋကတ်တော်ကို မြန်မာအက္ခရာဖြင့် ဖလှယ်ခဲ့ကြောင်း ဖြေကြားခဲ့ပါသည်။

(၂) မြန်မာအက္ခရာနှင့် ဖလှယ်ခဲ့ပါလျှင် မြန်မာပြန်များ ဖြစ်မနေပါလားဘုရား။ ယနေ့ခေတ် ဆဋ္ဌမူပါဠိပိဋကတ်တော်မှာ မည်သည့်ခေတ်တွင် မည်သည့်ပုဂ္ဂိုလ်တို့က စတင်ပြုစုခဲ့ပါသလဲဘုရား။ တပည့်တော်များ ရှင်းလင်းသွားအောင် ဖြေကြားပေးတော်မူပါဘုရား။
(ဦးမြင့်ဆွေ-ဦးဉာဏ်ထွန်း-ဒေါ်တင်ရီ-သံဖြူဇရပ်မြို့)

(ဖြေ)
ပြဿနာရှင်များအနေဖြင့် အက္ခရာနှင့် ဘာသာကို ကွဲကွဲပြားပြား မှတ်သားဖို့ လိုပါသည်။
အက္ခရာသည် စာလုံးများဖြစ်၍ ဘာသာသည် နှုတ်ထွက်စကားသံ ဖြစ်ပါသည်။
မြတ်စွာဘုရား ဟောကြားတော်မူသော နှုတ်တော်ထွက် တရားစကားတော်မှာ မာဂဓတိုင်းသုံး စကားသံ မာဂဓဘာသာဖြစ်၍ ၄င်းကို ပိဋကတ်တော်၌ ပါဠိဘာသာဟု ဆိုပါသည်။

မြတ်စွာဘုရား၏ တရားစကားတော်များကို အိန္ဒိယတောင်ပိုင်း အက္ခရာဖြင့် အရေးပြုပါသည်။ ပါဠိဘာသာမှာ အက္ခရာအထူးမရှိ။ အိန္ဒိယ၊ သီရိလင်္ကာ၊ မြန်မာ၊ မွန်၊ မည်သည့်အက္ခရာဖြင့် ရေးရေး အသံထွက်မှန်ကန်စွာ ရပါသည်။ မြန်မာဘာသာကို အင်္ဂလိပ်အက္ခရာဖြင့် ရေး၍၄င်း အသံမှန်မရနိုင်ပါ။ ပါဠိဘာသာကား မည်သည့်အက္ခရာဖြင့်ရေးရေး အသံထွက် မှန်စွာရနိုင်ခြင်းမှာ ပါဠိဘာသာ၏ အံ့သြဖွယ်ဂုဏ်ထူး ၀ိသေသပင် ဖြစ်ပါသည်။
ပါဠိဘာသာကို မြန်မာအက္ခရာဖြင့် ဖလှယ်ခဲ့သဖြင့် မြန်မာပြန်များ မဖြစ်၊ မြန်မာပိဋကတ်တော်များသာ ဖြစ်လာပါသည်။ ယင်းမြန်မာအက္ခရာဖြင့် ပါဠိတော်များကို ခေတ်အဆက်ဆက် နိဿယ (ပါဠိတချက် မြန်မာတချက်) ပြန်ခဲ့သည့် ပါဠိတော်နိဿယများကို အမှီပြု၍ ဆဋ္ဌသင်္ဂါယနာခေတ်တွင် မြန်မာဘာသာသက်သက် မြန်မာပြန်များ ရိုက်နှိပ်ခဲ့ကြောင်း သိထားသင့်ပါသည်။
*********************************************************************************

(မေး) (စာအုပ်ကို ရှိခိုးခြင်း)
အရှင်ဘုရား
စာအုပ်ကို ဦးနှိမ်ကျိုးလို့ ရှိခိုးကြလူရှင်၊ ဓမ္မစေတီ ရည်ရွယ်ထား၊ ဖြစ်ပွားကုသိုလ်ရသည်ဟု စိတ်ကမှတ်ထင်။
စာအုပ်တိုင်း စေတီသွင်၊ ဦးတင်ကဘယ်သို့၊ ဓမ္မံ ပူဇေမိ၊ ရရှိနိုင် ခါမရွေးတယ် အရေးဘယ့်နှယ် မှတ်ရမယ် ဆုံးဖြတ်ပါလို့။
(ရှင်မာခွေး-မကွေး)

(ဖြေ)
မြတ်ဗုဒ္ဓါ ဟောဖော်ကြား၊ တရားမြတ် ပါဠိတော်။
ရိုက်နှိပ်ထား များပြားစာပေအုပ်တို့ကို
ဒူးတုပ်ကာ ဦးနှိမ်ချ များလှသူတော်။
ဓမ္မံ ပူဇေမိ အသိစေတနာနှင့် ၀န္ဒနာ ပဏာမကြောင့်
ကုသလ ရွှင်ပျော်ပျော် ပူဇော်သင့် လူတိုင်း။
တွေ့ကရာ စာအုပ်များကို ၀ပ်တွားလျှင် ကုသိုလ်မရပါဘု၊
ဓမ္မ မှန်-မမှန် တွေး၍ လေးမြတ်ညွတ်ကိုင်း။
*********************************************************************************

(မေး) ( အာဝါဟ ၀ိဝါဟ မင်္ဂလာ)
အရှင်ဘုရား ဤခေတ်တွင် မင်္ဂလာဆောင်သည်ကို အာဝါဟမင်္ဂလာ၊ ၀ိဝါဟမင်္ဂလာပြုသည်ဟု ခေါ်ဆိုကြပါသည်။ သတို့သားအိမ်တွင် မင်္ဂလာဆောင်ခြင်း၊ သတို့သမီးအိမ်တွင် မင်္ဂလာဆောင်ခြင်းတို့နှင့် ဟိုတယ် စသည်တို့၌ မင်္ဂလာဆောင်ခြင်းများရှိရာ မည်သည်ကို မည်သို့ခေါ်သည်ကို သိလိုပါသဖြင့် ဖြေကြားတော်မူပါဘုရား။
(ဒေါ်စုစု-မင်္ဂလာဒုံ)

(ဖြေ)
အာဝါဟ ၀ိဝါဟ ဆိုသည်မှာ မင်္ဂလာဆောင်ရာ ဌာနကို စွဲ၍ခေါ်သည် မဟုတ်ပါ။ တိုက်ရိုက်အဓိပ္ပါယ်မှာ အာဝါဟမင်္ဂလာ-သတို့သမီးကို သတို့သားထံသို့ ပို့ဆောင်သော မင်္ဂလာ။
ဝိ၀ါဟမင်္ဂလာ-သတို့သမီးထံသို့ သတို့သားက သွား၍ တောင်းယူသောမင်္ဂလာ ဟူ၍ ဖြစ်သည်။
ထို့ကြောင့် ဤခေတ် မင်္ဂလာဆောင်ခြင်းတို့၌ တိုက်ဆိုင်၍ သင့်လျော်သလို ယူဆနိုင်ကြောင်း ဖြေကြားအပ်ပါသည်။

( မြတ်မင်္ဂလာ ၂၀၀၂-ဧပြီလ)

မေတ္တာပို့သခြင်း

မေတ္တာပို့သခြင်းသည် ဒါနမှု ၊ သီလမှုတို့ထက် အကျိုးကြီးသည်။
(သမထလုပ်ငန်းဖြစ်၍ သမာဓိအား ကောင်းမှ မိမိဖြန့်ဖြူးပို့သသည့် မေတ္တာဓာတ်သည်
အစွမ်းထက်မည်၊ ထိရောက်မည်ကို သတိပြုပါ။
လက်နှိပ်ဓာတ်မီးပမာ ဓာတ်ခဲအား၊ မီးသီးအား ကောင်းသလောက် လင်းသည်၊
မှန်ဘီလူးကဲ့သို့ အားကောင်းသလောက် ဆွဲယူနိုင်သည်ဟုလည်း မှတ်ပါ။

( ဗုဒ္ဓဘာသာတရားတော် အခြေခံအဆင့်)

မိခင်ကျေးဇူး ပေးဆပ်သူ မျက်မမြင် ဦးတင်အောင်

မျက်မမြင်ဘ၀ဖြင့် မိခင်ကျေးဇူး ပေးဆပ်နေသူ တဦးကို မကြာမီက စာရေးသူ ဆုံတွေ့ခဲ့သည်။
သူ၏အမည်မှာ ဦးတင်အောင် ဖြစ်သည်။ အသက် ၆၀-နှစ်ရှိပြီ။ သူသည် ပုသိမ်မြို့ အိုးဘိုတန်း လန်းနေ ဦးသိန်းလှ ဒေါ်ရီတို့က မွေးဖွားသော သားသမီး ၅-ဦးအနက် အကြီးဆုံးသား ဖြစ်သည်။

ဦးတင်အောင်မှာ မွေးရာပါ မျက်စိမမြင်သူ ဖြစ်သည်။ မိဘများ၏ ကျွေးမွေးပြုစုကောင်းမှုကြောင့် ချမ်းမြေ့စွာ နေနိုင်ခဲ့၏။ ငယ်စဉ်က ဂီတ၀ါသနာပါသဖြင့် မယ်ဒလင်ဆရာကြိုင်ထံ မယ်ဒလင်တီးပညာ သင်ခဲ့သည်။ ဆရာ၏ အသင်အပြ ကောင်းမှုကြောင့် မြန်မာသီချင်းကြီးများကို ကျွမ်းကျင်စွာ တီးခတ်နိုင်ခဲ့၏။ ပွဲနေပွဲထိုင် ဧည့်ခံပွဲ များတွင် ဦးတင်အောင်၏ မယ်ဒလင် လက်စွမ်းက ထင်ပေါ်ကျော်ကြား၏။

ထို့ကြောင့်လည်း ညီငယ် ညီမငယ်များ၏ ညာသင်ကြားရေးတွင် ပင်ပန်းနေကြသော မိဘများကို တေးဂီတဖြင့် ၀င်ငွေရှာ၍ ကူညီပံ့ပိုးလို၏။ မိဘများက ခွင့်မပြုချေ။ မိဘများက ပုသိမ်မြို့ သန္တာရုံကျောင်းဆရာတော်ကြီး ဦးဝိမလဗုဒ္ဓိ ထံတွင် ဆည်းကပ်စေ၏။ ဆရာတော့်ထံတွင် ဘာသာတရားကို တစိုက်မတ်မတ် ကျင့်ကြံ အားထုတ်နိုင်ခဲ့၏။ ထိုအခါ ငယ်စဉ်က ၀ါသနာထုံခဲ့သော တေးဂီတကို လုံးဝစွန့်လွှတ်လိုက်သည်။

ထိုအချိန်၌ ဖခင်လည်း မရှိ၊ ညီ-ညီမတွေလည်း တက္ကသိုလ်မှ ဘွဲ့ရရှိကြ၍ လုပ်ငန်းတာဝန် ကိုယ်စီဖြင့် နယ်အသီးသီးသို့ ထွက်ခွါသွားကြသည်။ အိမ်တွင် အသက် ၈၀-ကျော် မိခင်ကြီးနှင့် ဦးတင်အောင်သာ ကျန်ရစ်ခဲ့၏။ ထိုတွင် ဦးတင်အောင်သည် မိခင်ကျေးဇူးကို ပေးဆပ်ရန် အခွင့်ရရှိခဲ့သည်။

ဤသို့ရရှိသဖြင့် ဦးတင်အောင်သည် ဆွဲခြင်းတလုံးတွင် မုန့်ပဲသရေစာများ ထည့်၍ အရပ်ထဲ၌ လှည့်လည် ရောင်းချ၏။ ကျောင်းသူ ကျောင်းသားလေးများက အားပေးကြ၏။ ကြင်နာသူများက အားပေးကြ၏။ ကလေးများကိုလည်း အခွင့်ရတိုင်း မိဘကျေးဇူးကို ပေးဆပ်တတ်ရန် သွန်သင်မှုပြု၏။ ဦးတင်အောင်ကို မိခင် လုပ်ကျွေးနေသူ၊ ဘုရားကျောင်းကန် ပြုပြင်နေသူ-ဟု သိရှိကြ၍ လေးစားရိုသေကြ၏။ ပေးကမ်းလှူဒါန်းကြ၏။

အဓိကအားဖြင့် ကိုယ့်စွမ်းကိုယ့်အားဖြင့် မိဘကျေးဇူးကို ပေးဆပ်နိုင်ခြင်းကို အထူးဂုဏ်ယူတတ်၏။ ဖခင်ကျေးဇူးကိုလည်း မမေ့၊ မိမိကို စေတနာသဒ္ဓါတရားဖြင့် လှူဒါန်းကြသူ စေတနာရှင်များအတွက်ကိုပါ ရည်စူး၍ ပုသိမ်မြို့ စက်တော်ရာ ဘုရားကြီးနှင့် တန့်တော်ဦး မတ်ရပ်ကိုယ်တော်ကြီးတွင် ရွှေသင်္ကန်းကပ်လှူ၍ လျှပ်စစ်မီးများ ပူဇော်သည်။ ထို့အပြင် ကျောင်းကန်စေတီပုထိုးများကိုလည်း ပြုပြင်လှူဒါန်း၍ အလှူဒါနအစုစုကို အမျှပေးဝေလေ့ရှိ၏။

မိဘဂုဏ်ကျေးဇူးကို ပေးဆပ်တတ်ကြသော သူများထဲတွင် မျက်မမြင် ဦးတင်အောင်သည် အတုယူဖွယ် ကောင်းလှပေသည်။

( ပုသိမ် လှကြည် )

မိတ်ကောင်း ဆွေကောင်း

ရောဂါနှိပ်စက်သောအခါ
ငတ်မွတ်ခေါင်းပါးသောအခါ
စည်းစိမ်ပျက်စီးသောအခါ
ရန်သူဖမ်းမိသောအခါ
မင်းအိမ်တံခါး (တရားရုံး) ၌ အမှုဆိုင်ရသောအခါ
ခန္ဓာဝန်ထုပ် အကောင်ပုပ်ကို မြှုပ်နှံပြာချ သုသာန်ကိစ္စ ကြုံသောအခါ
ဤအခါတို့၌ ရပ်တည်ကူညီသောသူသည် မိတ်ကောင်း ဆွေကောင်း မည်၏။

( လောကနီတိ )

ထေရ၀ါဒ

မြန်မာနိုင်ငံတွင် ထေရ၀ါဒ ရဟန်းတော်များမှာ ၂၀၀၁-ခုနှစ် စာရင်းအရ မြန်မာနိုင်ငံတွင် လက်ရှိသာသနာပြုလျက်ရှိသော ရဟန်းတော်ပေါင်းမှာ-၁၇၀၁၆၅-ပါး ရှိပေသည်။
ထိုရဟန်းတော်များ သီးတင်းသုံးလျက်ရှိသော ဘုန်းတော်ကြီးကျောင်းပေါင်းမှာ-၅၁၈၁၄-ကျောင်း ရှိသည်။

သာသနာ့နွယ်ဝင် သီလရှင်ပေါင်းမှာ-၂၆၂၃၂-ပါးဖြစ်ပြီး
သီလရှင်ကျောင်းပေါင်းမှာ ၂၆၉၉-ကျောင်းရှိသည်။

မြန်မာနိုင်ငံ သာသနာတော်တွင် ဂိုဏ်းအားဖြင့် သံဃာ့ဂိုဏ်းကြီး ၉-ဂိုဏ်းရှိသည်။ ၄င်းတို့မှာ-
(၁) သုဓမ္မာဂုဏ်း
(၂) ရွှေကျင်ဂိုဏ်း
(၃) ဓမ္မာနုဓမ္မ (မဟာဒွါရ) နိကာယဂိုဏ်း
(၄) ဓမ္မ၀ိနယာနုလောမ (မူလဒွါရ) နိကာယဂိုဏ်း
(၅) အနောက်ချောင်း ဒွါရဂိုဏ်း
(၆) ဝေဠုဝန်နိကာယဂိုဏ်း
(၇) စတုဘုမ္မိက မဟာသတိပဋ္ဌာန် (ငှက်တွင်း) ဂိုဏ်း
(၈) ဂဏ၀ိမုတ် (ကူးတို့) ဂိုဏ်း
(၉) ဓမ္မယုတ္တိနိကာယ (မဟာရင်) ဂိုဏ်းတို့ ဖြစ်သည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို အဖွဲ့ဝင် ဆရာတော်ကြီး ၄၇-ပါးဖြင့် ဖွဲ့စည်းထားသည်။
ထိုအဖွဲ့ဝင် ဆရာတော်များကို အဖွဲ့ခွဲ သုံးခု ခွဲထားသည်။
နွေ အဖွဲ့ခွဲ၊ မိုး အဖွဲ့ခွဲ၊ ဆောင်း အဖွဲ့ခွဲ တို့ဖြစ်သည်။
အဖွဲ့ခွဲတခုသည် ၄-လစီ သာသနာ့တာဝန်ကို ထမ်းဆောင်ရပေသည်။

( ဗဟုသုတဖြစ်ဖွယ် တင်ပြလိုက်ပါသည် )
မေတ္တာဖြင့်
မော်လူး

တိပိဋကဓရ သာသနာ့အာဇာနည် ပုဂ္ဂိုလ်ထူးများ

တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲကြီးကို မြန်မာနိုင်ငံတွင် ၁၉၄၉-ခုနှစ်မှစ၍ နှစ်စဉ်မပျက် ကျင်းပလာခဲ့သည်။ ယခုအခါ ၅၄-ကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲကြီးကိုပင် ကျင်းပပြီးစီးခဲ့ပေပြီ။

တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲကြီးမှာ ပိဋကတ်သုံးပုံကို အာဂုံပြန်နှင့် သဘောရေးဖြေ နှစ်မျိုးလုံး ပြန်ဆိုဖြေကြရသော စာမေးပွဲကြီးဖြစ်သည်။ အဆင့်အတန်း အမြင့်ဆုံးနှင့် အခက်ခဲဆုံးစာမေးပွဲကြီးလည်း ဖြစ်သည်။ ရက်ပေါင်း ၃၃-ရက်တိုင်တိုင် ဖြေဆိုရသဖြင့် စာမေးပွဲဖြေဆိုရက် အကြာမြင့်ဆုံးသော စာမေးပွဲကြီးလည်း ဖြစ်သည်။

တိပိဋကဓရ သာသနာ့အာဇာနည်ဘွဲ့ထူးကို ခံယူနိုင်ရန်-
(က) စာမျက်နှာ ၂၂၆၀-ရှိသော ၀ိနယပိဋကတ်ကို၎င်း။
(ခ) စာမျက်နှာ ၇၇၉-ရှိသော သုတ္တန္တပိဋကတ်ကို၎င်း။
(ဂ) စာမျက်နှာ ၄၉၈၇-ရှိသော အဘိဓမ္မပိဋကတ်ကို၎င်း။
စုစုပေါင်း စာမျက်နှာ ၈၀၂၆-ရှိသော ပိဋကတ်သုံးပုံကို ကောင်းမွန်စွာ အာဂုံပြန်ဆိုနိုင်ကြရသည်။

ထို့ပြင် ထိုပိဋကတ်သုံးပုံ ပါဠိတော်များ၏ သဘောသဘာဝ အနက်အဓိပ္ပါယ် အ၀၀တို့ကိုလည်း အဋ္ဌကထာ, ဋီကာ, အနု, မဓု, ယောဇနာ, ဂဏ္ဍိ-ဖွင့်ဆိုချက်များနှင့်အညီ အောင်မြင်စွာ ဖြေဆိုနိုင်ကြရသည်။ တိပိဋကဓရ ဘွဲ့ထူးကို ဆွတ်ခူးနိုင်ရန်မှာ အလွန်တရာ ခက်ခဲလှပေသည်။

ဤမျှခက်ခဲသော်လည်း ယနေ့အထိ တိပိဋကဓရ၊ တိပိဋကကောဝိဒ ဘွဲ့ထူးကို ဆွတ်ခူးရရှိတော်မူသော ရဟန်းမြတ် အားဇာနည်များမှာ ၉-ပါးအထိ ပေါ်ထွက်လာခဲ့ပြီဖြစ်ရာ သာသနာတော်အတွက် ၀မ်းမြောက်ဖွယ် အားတက်ဖွယ် ကောင်းလှပေသည်။ လှိုက်လှဲစွာလည်း ဦးခိုက်ပူဇော်မိပါသည်။

ဤသို့ သာသနာ့အာဇာနည် ပုဂ္ဂိုလ်ထူးများ ပေါ်ထွက်လာအောင် စာရင်းသွင်းဖြေဆိုကြသည့် သာသနာ့အာဇာနည် လောင်းလျာများကိုလည်း အထူးကျေးဇူးတင်မိပါသည်။ ချီးကျူးဂုဏ်ယူမိပါသည်။ ထို့ပြင် စီစဉ်အားပေးချီးမြှောက်လျက်ရှိတော်မူကြသော သာသနာ့ဦးသျှောင် မထေရ်မြတ်ကြီးများကိုလည်း ဦးခိုက်မိပါသည်။ ပြည်သူတို့၏ သဒ္ဓါစေတနာ ထက်သန်စွာ အားပေးပူဇော်မှုတို့ကိုလည်း သာဓုခေါ်မိပါသည်။


( ၂၀၀၂-ဧပြီလမှတ်တမ်း )

သြ၀ါဒ

၁။ တစုံတရာ အကြောင်းကိစ္စ ပြဿနာ ပေါ်လာခဲ့သော် သည်းခံ၍ ပြောဆိုဆောင်ရွက်ရမည်။
၂။ ဝေနေယျ သုခိတ ဒုက္ခိတ သတ္တ၀ါတို့အား ကျန်းမာ ချမ်းသာစေကြောင်း မေတ္တာစိတ် အမြဲရှိနေရမည်။
၃။ မိမိသူတပါး နှစ်ဦးသားတို့အား ဘက်စုံကြည့်၍ အကျိုးရှိရာရှိကြောင်းကို ဆောင်ရွက်ရမည်။
၎။ မိမိပြုလုပ်သော လုပ်ငန်းကိစ္စများ အောင်မြင်နိုင်ရန် တစိုက်မတ်မတ် အမြဲမပြတ် လုံ့လ၀ီရိယထား၍ လုပ်ကိုင်ရမည်။
၅။ ကျန်းမာချမ်းသာခြင်းကို ရနိုင်ရန် ဘုရားဂုဏ်တော်များကို တတ်နိုင်သလောက် ပွားများ အားထုတ်ရမည်။
၆။ ဘ၀ကောင်းကျိုး အမှန်တကယ် ပေးစွမ်းနိုင်သော တရားသည် ကုသိုလ်ကောင်းမှုသာ ဖြစ်သည်။ ထို့ကြောင့် ကုသိုလ်ကောင်းမှုကို နေ့စဉ် အားထုတ်ပြုလုပ်ကြရပေမည်။

( ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် သရက်တော်တိုက် နှစ်ကျိပ်ရှစ်ဆူကျောင်း ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဣန္ဒာစရိယ မဟာထေရ် )

Tuesday, November 17, 2009

ကိုယ်ချင်း စာနာတတ်ခဲ့ပြီ

ဦးအေးညိုသည် ဟိုက်-ခနဲဖြစ်သွားကာ လေပြင်းအဝှေ့တွင် ကျိုး၍ပါသွားသော ထီးရွက်နောက်သို့ လိုက်ကြည့်မိသည်။ လေကြမ်းက အရှိန်ပြင်းပြင်းနှင့် ဝှေ့ကာဝှေ့ကာ သယ်ဆောင်သွားမှုကြောင့် ထီးရွက်သည် ဦးအေးညိုရောက်နေသော ကွင်းလယ်ထဲမှ လမ်းသွယ်နှင့် တော်တော်ဝေးသည့် ကားလမ်းမပေါ်သို့ ရောက်သွားသည်။ ထိုစဉ် ထီးရွက်ကပွင့်လျက် အရှိန်ပြင်းပြင်းနှင့် မောင်းနှင်လာသော ကုန်ကားကြီးကပါ ဖြတ်ကြိတ်သွားပြန်သည်။ ဦးအေးညိုသည် လက်ထဲတွင် ကိုင်လျက်သား ကျန်ခဲ့သည့် ထီးရိုးကိုကြည့်ကာ စုတ်ပြတ်ကျိုးကြေသွားသော ထီးရွက်တို့ကို ကျောခိုင်းရန် နှမြောသလို ဖြစ်သွားမိသည်။ ဒီထီးက ဒီနေ့မှ ရလာခြင်းပင်။ ဒါပေမဲ့ ၀ယ်လာတာတော့ မဟုတ်ခဲ့ပါ။ ဒီထီးရလာပုံက-

ဦးအေးညိုသည် ပျံကျအလုပ်သမားတဦးပင်။ ဒီနေ့အဖို့ လုပ်ငန်းစောစီးစွာပြီးသဖြင့် ပြန်လာခဲ့သည်။ ဦးအေးညိုသည် ဒိုင်နာလိုင်းကား၏ နောက်ဘက် အပေါက်နားတွင် နေရာရလာခဲ့သည်။ မိမိနေထိုင်ရာရပ်ကွက်သည် မြို့သစ်တခု၏ အစွန်ဆုံးတွင် ဖြစ်သည်။ မိမိဆင်းမည့် မှတ်တိုင်နှင့် ၂-မှတ်တိုင်၊ ၃-မှတ်တိုင်ခန့်အလိုတွင် မှတ်တိုင်တခုမှ တက်လာသော မိန်းမငယ်ကလေး တဦးသည် ကားပေါ်တွင် ထီးတဖက်ကိုင်လျက် ဒယီးဒယိုင်ဖြင့် လဲပြိုလုလု ဖြစ်နေသည်။ ထို့ကြောင့် သူ့လက်မှထီးကို ကူကိုင်ပေးလိုက်သည်။

နောက်မှတ်တိုင်တခုအရောက်တွင် စက်ရုံမှ အလုပ်သမလေးများ ၀န်ထမ်းများ တက်လာသည်။ ထိုအခါ ထီးရှင်မိန်းကလေးသည် တရွေ့ရွေ့ ရွေ့ပြီး ဦးအေးညိုနဲ့ အတော်ကွာကာ မျက်ခြည်ပြတ်သွားလေသည်။
ထိုအချိန်တွင် ဦးအေးညိုသည် လက်ထဲမှ ထီးကိုငုံ့ကြည့်လျက် အိမ်မှ သားငယ် သမီးငယ်တို့၏ အဖြစ်ကို မြင်ယောင်မိသည်။ မိုးရေထဲတွင် ထီးမရှိမှုကြောင့် တနေရာရာကို သွားတိုင်း ဦးအေးညို၏ ပုဆိုးကို ခေါင်းမြီးခြုံပြီး ပြေးတတ်ကြသည်။ ရှိခဲ့ဖူးသော တချောင်းတည်းသော ထီးမှာလည်း မကောင်းတော့ပေ။ ကိုင်းကျိုးသည်က ကျိုး၊ ထီးလက်ကိုင်တို့လည်း မရှိနှင့် ဖြစ်နေသည်။ ယခုလက်ထဲတွင် ကိုင်ပေးထားသော ထီးလေးမှာ အဆင်အသွေး တော်တော်လှသည့် ၃-ဆစ်ချိုး ထီးကလေးဖြစ်သည်။

ထိုအချိန်တွင် ဦးအေးညို ဆင်းရန်မှတ်တိုင်သို့ ရောက်လာသည်။ ထီးပိုင်ရှင်ကလေးမကို လိုက်ရှာကြည့်မိသည်။ ကားတွင်း၌ လူတို့ ပြည့်ကျပ်နေသဖြင့် ထိုကလေးမကို မတွေ့ရပေ။ ဦးအေးညို ကားပေါ်ကဆင်းလာသည်နှင့် မိုးကလည်း ရွာချသည်။ မိမိအိမ်သည် မြို့သစ်တခု၏ အစွန်အဖျားရှိ မြစ်ကမ်းနားတွင် တည်ရှိသည်။ အိမ်သို့ရောက်ရန် မြေရိုင်းကွင်းများ လယ်ကွက်များကြားရှိ လမ်းသွယ်လေးပေါ်တွင် အတော်လျောက်ပြီးသွားမှ ရောက်နိုင်သည်။ အခုလို မိုးသည်းသော အခါများ၌ လမ်းက ဝေးလွန်းလှသည်ဟု ထင်ရမြဲပင်။ ခုတော့ ထီးကအဆင်သင့်မို့ ဖွင့်ဆောင်းကာ ခပ်လေးလေးပင် လျှောက်ခဲ့သည်။

မိုးက သည်းလွန်းသဖြင့် ထီးပိုင်ရှင် မိန်းကလေးတော့ မည်သို့ဖြစ်နေမည်မသိ-ဟု စိတ်ထဲကတွေးမိသည်။ ထိုစဉ် မမျှော်လင့်ဘဲ လေကပါ ကြမ်းလာသည်။ ကွင်းလယ်အရောက်တွင် လေကြမ်းသုတ်နှင်လိုက်မှုကြောင့် ထီးမှာ ထီးရွက်လန်ပြီး ထီးရိုးတဆစ်မှစ၍ ပြုတ်ကာ လေနှင့်အတူ ပါသွားသည်။ လွင့်ကာလွင့်ကာ ပါသွားပြီး ကားလမ်းစပ်အပေါ် အရောက်တွင်မတော့ ဘယ်လိုမှ ပြန်ရစရာလမ်းမရှိအောင် ဆုံးသွားတော့သည်။ ဟင်းခနဲ သက်ပြင်းချကာ အိမ်သို့ဆက်ပြန်ခဲ့သည်။

အိမ်တဲဝအရောက်တွင်မတော့ ဟိုက်-ခနဲ ဖြစ်သွားသည်။ အဖြစ်အပျက်ကိုကြည့်ကာ ပို၍ အံ့သြမှင်တက်မိနေသည်။ ဦးအေးညို၏ တဲကား အခြားတဲများ၏ အစွန်ဆုံးတွင် ဖြစ်သည်။ ထို့ကြောင့် တဲကလေးသည် စောစောကလေဒဏ်ကို အတော်ခံစားခဲ့ရပုံကို မြင်ရုံဖြင့် သိနိုင်သည်။

ဦးအေးညို၏ တဲခေါင်မိုးတခုလုံးမှာ လေဒဏ်ကြောင့် အထပ်လိုက်လန်ကာ မြေပေါ်သို့ ပြုတ်ကျနေသည်။ ပြုတ်ကျနေသော ခေါင်မိုးဖက်တန်းများကို ပြုပြင်၍ရအောင် ဇနီးနှင့် သမီးကြီးက အတင်း စုစည်း ပြင်ဆင်နေကြသည်။ သားငယ်နှင့် သမီးငယ်မှာ အိမ်တွင်းမှ ရှိစုမဲ့စုပစ္စည်းများကို ထောင့်အကွယ် တနေရာတွင် စုပုံပြီး ဖျာစုတ်များနှင့် ဖုံးအုပ်နေကြသည်။

အနီးအပါးမှ တဲအိမ်များမှာ ဦးအေးညို၏ တဲအိမ်လောက် မည်သည့်တဲအိမ်ကမျှ ဆိုးရွားခြင်း မရှိပေ။
တချို့ အနီးအပါးအိမ်များမှ လူများကလည်း ဦးအေးညိုတို့အိမ်ကို ကွက်ကြည့် ကွက်ကြည့်ဖြင့် လုပ်နေကြသည်။ ရှက်လည်းရှက်၊ စိတ်လည်းညစ်နှင့် ဘာကိုစလုပ်ရမည်ကို စဉ်းစားနေသည်။ ထိုစဉ် ထီးပျောက်သွားသည့် မိန်းကလေးမှာ ကားပေါ်ကဆင်းလျှင် မိုးရေထဲ မိန်းမသားတန်မဲ့ ထီးမရှိသူအဖြစ် လူအများကြား ရှက်ရွံ့ရရှာတော့မည်။ ထို့ပြင် ထီးပျောက်၍ စိတ်မကောင်း၊ စိတ်ညစ်နေမည့်ပုံကို မြင်ယောင်မိသည်။

ဦးအေးညို၏စိတ်တွင် သူတပါးပစ္စည်းကို မတော်လောဘဖြင့် စိတ်ရိုင်းတချက်ဝင်၍ အညှာတာ ကင်းစွာ ပြုမိခဲ့ခြင်းအပေါ် ယခု မိမိအိမ်၊ မိမိမိသားစုလိုက် ခံစားရသည့် အခက်အခဲဒုက္ခနှင့် ယှဉ်ကာ တွေးမိသွားသည်။ ထီးပိုင်ရှင် မိန်းကလေးအပေါ် ကိုယ်ချင်းစာနာ သနားစိတ်ဝင်ကာ မိမိပြုမူခဲ့သည့် လုပ်ရပ်ကို တသက်တာ အတွက် နောင်တရသွားလေတော့သည်။

( ဆူးပန်နီ )