Wednesday, December 30, 2009

ထီလက်မှတ်ပျောက်သူ၏ ကံ

ထိန်ငူကျေးရွာမှ ကိုနေမင်းဆိုလျှင် မသိသူ ခပ်ရှားရှားပင်၊ ကြက်တိုက် ၀ါသနာပါသူ၊ မိဘကို မရိုမသေ ရိုင်းစိုင်းစွာ ဆက်ဆံတတ်သူ၊ တဇွတ်ထိုး လုပ်တတ်သူဟူ၍ အားလုံးက သိနေကြသည်။ အကိုဖြစ်သူ ကိုနေလင်းမှာ အခြားရွာမှ အမျိုးသမီးတဦးနှင့် အိမ်ထောင်ကျပြီး ယောက္ခမအိမ်သို့ လိုက်နေရသဖြင့် အငယ် ကိုနေမင်းမှာ မိဘတို့နှင့် အတူ လုပ်ကိုင်စားသောက်လျက် ရှိသည်။

အကြီးဖြစ်သူ ကိုနေလင်းက လိမ္မာသလောက် ကိုနေမင်းက ဆန့်ကျင်ဘက်ဖြစ်သည်။ မိဘတို့မှာ တနေ့မှ စိတ်မချမ်းသာရ။ နေ့ရှိသရွေ့ မိဘတို့နှင့် စကားများသည်။ ရင့်သီးသော စကားလုံးများဖြင့် မိဘတို့ကို ဆက်ဆံသည်။ မကြာမီ ကိုနေမင်းတယောက် မြို့ပေါ်မှ စန်းစန်းမော်-ဆိုသော အမျိုးသမီးတဦးနှင့် အိမ်ထောင်ကျသည်။ မြို့မှာမွေး မြို့မှာကြီးပြင်းခဲ့သော စန်းစန်းမော်တယောက်အဖို့ လယ်ယာလုပ်ငန်း၌ မကျွမ်း၊ ကိုနေမင်းကလည်း လက်ကြောတင်းအောင် အလုပ်မလုပ်။

အချိန်ကြာလာသောအခါ ကိုနေမင်း-မစန်းစန်းမော်တို့မှာ သားသုံးယောက် သမီး-တယောက် ထွန်းကား လာသည်။ မိသားစု စားဝတ်နေရေးက တမျိုး၊ သားသမီးတို့၏ ကျောင်းစရိတ်က တမျိုးနှင့် အကုန်အကျတွေ များလာခဲ့သည်။ စီးပွားရေးမှာလည်း မတိုးတက်သည့်အပြင် သိသိသာသာ ကျဆင်းလာသည်။ ဘာပဲလုပ်လုပ် အဆင်မပြေ၊ ၀မ်းစာပင် ပြည့်မီအောင် မထားနိုင်ခဲ့သည့် ကိုနေမင်းသည် အကိုဖြစ်သူ ကိုနေလင်းထံမှ ငွေကြေး အကူအညီ တောင်းခဲ့ရသည်။ ထိုငွေများကိုလည်း ပြန်မဆပ်နိုင်ခဲ့၍ အကိုဖြစ်သူနဲ့ စကားများခဲ့သည်။

နောက်ဆုံးတွင် ကိုနေမင်းသည် မိဘတို့ပိုင်သော အိမ်ကြီးကို ရောင်းသည်။ လယ်မြေအားလုံးကိုလည်း ရောင်းပြီး မြို့သို့ပြောင်းသွားသည်။ သက်ရှိထင်ရှား မိဘနှစ်ပါးကို အိမ်လေးတလုံး ဆောက်ပေးပြီး တောမှာပင် ဖြစ်သလို ထားခဲ့သည်။
မြို့ပေါ်၌လည်း ကိုနေမင်းမှာ စီးပွားရေးမတက်သည့်ပြင် ဆိုးသည်ထက် ဆိုးလာသည်။ ရွာ၌ ထားခဲ့သော မိဘတို့ကိုလည်း လှည့်မကြည်ခဲ့။ မကြာမီ မိခင်ဖြစ်သူ ဒေါ်သိန်းကြည် ကွယ်လွန်လေသည်။

ဖခင်ဦးချစ်ထွန်းမှာ တယောက်တည်းမို့ မြို့မှာ ကိုနေမင်းနှင့်အတူ လိုက်နေခဲ့ရသည်။ သို့သော် ကိုနေမင်းမှာ ဆိုးမြဲတိုင်းပင်။ ဖခင်ကို ရှိသည်ဟူ၍ ပင် မထင်၊ စားရင်းထဲမထည့်၊ သူကျွေးတာ စား၊ သူပြောတာ နားထောင် ရသည်။ စိတ်ထဲမထင်လျှင် မထင်သလို ရန်လုပ်တတ်သည်။ ဖခင်ဦးချစ်ထွန်းကလည်း သည်းခံ၍ နေလာခဲ့သော်လည်း ကြာသော် သည်းမခံနိုင်တော့။ တကြိမ် နှစ်ကြိမ် ဖြေဖျောက်၍ ရနိုင်သော်လည်း ကြိမ်ဖန်များလာသောအခါ လှုပ်ပါများသည့် ကျောက်ရုပ်ပမာ ယိမ်းယိုင်လာခဲ့ရသည်။

တနေ့တွင်မူ မိုက်ရိုင်းလှသည့် ကိုနေမင်းက ဖခင်ကို အိမ်ပေါ်မှ နှင်ချလေသည်။ ဖခင်ဦးချစ်ထွန်းသည် သား၏အိမ်ပေါ်မှဆင်းကာ စိတ်မကောင်းခြင်းများစွာဖြင့် မိမိဇာတိ တောရွာကလေးသို့ ပြန်လာခဲ့လေသည်။ မိမိရွာတွင် ရဟန်းဘောင်ဝင်မည်ဟု စိတ်ကူးမိခဲ့သော်လည်း ရဟန်းမ၀တ်ဖြစ်ခဲ့။ သားငယ် ကိုနေမင်း၏ လူမှုရေးပျက်ကွက်မှုများကြောင့် သားကြီးကိုနေလင်းအိမ်သို့ မသွားရဲခဲ့သည်မှာလည်း သနားစရာကောင်း လှသည်။ ငယ်စဉ်က ဖခင်၏အရိပ်ကို သားများက ခိုလှုံခဲ့သော်လည်း သားများ၏အရိပ်ကိုမူ ဖခင်အား ခိုလှုံခွင့်မပေးခဲ့ပေ။ ရွာ၌ နှစ်ညတာအိပ်ခဲ့ပြီး လေးမျက်နှာမြို့နယ်ရှိ ရွာကလေးတရွာ၌ နေသော တူမဖြစ်သူ အိမ်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။

ရထားပေါ်မှဆင်းကာ တူမဖြစ်သူအိမ်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့သည်။ နွေရာဦမို့ ပူပြင်းလှသည့် နေရောင်အောက်တွင် အသက် ၇၀-ကျော် ဦးချစ်ထွန်းမှာ ဒယီးဒယိုင် ဖြစ်နေသည်။ အတန်ငယ်ကြာအောင် လမ်းလျှောက်သွားပြီးမှ တူမဖြစ်သူအိမ်သို့ ရောက်လာခဲ့သည်။
သို့သော် သူရောက်သွားသော တူမအိမ်သည် သူနောက်ဆုံး ခေါင်းချရမည့် နေရဖြစ်သည်ကိုမူ သူမသိခဲ့။ အိမ်သို့ရောက်ပြီး ၂-နာရီခန့်တွင် မူးတယ် မူးတယ်-ဆိုပြီး လဲကျသွားသည်။ အသက်ထွက်သည်အထိ သတိမရတော့။ လူ့ဘ၀တွင် တခါတော့ သေရမည်ဆိုသော်လည်း စိတ်ညစ်စရာ စိတ်ရှုပ်စရာတွေ များပြားလှသည့်အချိန်တွင် ကွယ်လွန်ခဲ့သော ဦးချစ်ထွန်း၏ သေခြင်းသည် အဓိပ္ပါယ်မရှိ ဖြစ်ခဲ့လေပြီ။

ဦးချစ်ထွန်း ကွယ်လွန်ပြီး ၅-ရက်မြောက်နေ့တွင် ဖြစ်သည်။ ကိုနေမင်းထိုးထားသော ထီလက်မှတ်က ငါးသောင်းဆု ပေါက်ကြောင်း ထီဆိုင်က လာပြောလေသည်။ သို့သော် ထီလက်မှတ်မှာ ရှာမတွေ့ခဲ့။ ထီလက်မှတ်ကို ဖခင်၏ အင်္ကျီအိတ်ထဲ ထည့်ထားမိခဲ့သည်။ ဖခင်ကို အိမ်ပေါ်မှနှင်ချ၍ ဆင်းသွားသောအခါ ထိုထီလက်မှတ်လည်း ပါသွားခဲ့သည်။ ဖခင်ကတော့ အမှတ်မထားမိခဲ့။ ဘယ်နေရာတွင် ကျပျောက်ခဲ့သည် မသိတော့ပေ။ ဖခင်လည်း သေဆုံးခဲ့ပြီမို့ ငါးသောင်းဆုပေါက်သော ထီလက်မှတ်ကလေးမှာ လုံးဝပျောက်ဆုံးခဲ့လေပြီ။

ကိုနေမင်းတယောက် အခုမှ ဖခင်ကို သတိရလာသည်။ ဖခင်ကို မဆင်မခြင် ပြောခဲ့ ပြုမူခဲ့သည့် မိမိကိုယ်မိမိ ယူကျုံးမရ ဖြစ်လာသည်။ ဖခင်ကို ပြစ်မှားမိခဲ့သော ကာယကံ ၀စီကံ မနောကံမှုတွေကို တောင်းပန်ဖို့ သတိရခဲ့သော်လည်း နောက်ကျခဲ့လေပြီ။ အကယ်၍များ ရှိနေခဲ့လျှင်လည်း သားရေ-ငါးသောင်းတန် ထီလက်မှတ်ပျောက်တာဟာ မင်းတို့လို သားဆိုး သားမိုက်တွေအတွက် အသေးစားပြစ်ဒဏ်တခုပဲ။ နောင်တမလွန်မှာလဲ ဒီထက်ကြီးမားတဲ့ ပြစ်ဒဏ်တွေကို မင်းခံရဦးမယ်ဆိုတာ မမေ့နဲ့-ဟုများ သတိပေးမည်လား မသိပေ။

(လွမ်းကျော်ကျော်-ဟင်္သာတ)
(မြတ်မင်္ဂလာ ၂၀၀၃-ခု ဇန်န၀ါရီ)

အသည်းရောင် အသားဝါ နှင့် အံ့ဖွယ် မြန်မာ့ဆေးစွမ်းကောင်း

ကျွန်တော်၏ ယခုဆောင်းပါးသည် ဘာသာရေးဆောင်းပါး မဟုတ်ပါ။ သို့ရာတွင် မြတ်မင်္ဂလာစာစောင်မှာ နယ်ရောမြို့ပါ ပျံ့နှံ့ရောက်ရှိသဖြင့် လူအများသိစေရန် ဇီဝိတဒါနအဖြစ် တင်ပြအပ်ပါသည်။

ကျွန်တော်သည် အမှတ် ၃၊ ဓာတ်မြေသြဇာစက်ရုံ စီမံကိန်း (ကျော်စွာ) တွင် တာဝန်ထမ်းဆောင်စဉ် ၁၉၈၃-ခုနှစ်တွင် အသည်းရောင်အသားဝါ ရောဂါ ခံစားရရှိသဖြင့် ရန်ကုန်သို့ သွားရောက်ကုသရပါသည်။ သို့ဖြင့် အသည်းရောင်အသားဝါ ကုရန် ခွင့်တလယူခဲ့ပါသည်။ ရန်ကုန်သို့ရောက်လျှင် အသည်းအထူးကု ဆရာဝန်ကြီး တဦး၏ ဆေးခန်းတွင် သွားရောက်ပြသပါသည်။ ဆရာဝန်ကြီးက စမ်းသပ်ပြီး လိုအပ်သောသောက်ဆေး များလည်း ပေးပါသည်။ ဆေးသွင်းရန် လိုသဖြင့် ဆရာဝန်ကြီးက ဆေးများပေးပြီး မိမိအိမ်တွင် ကျွမ်းကျင်သော ဆရာမကို ငှါး၍ ဆေးသွင်းရပါသည်။ ထမင်းမစားရပါ။ အချိုရည်များသာ သောက်ခွင့်ပြုပါသည်။ အလေးအပင် မ,မရန်လည်း ပြောပါသည်။

ကျွန်တော်သည် ဆရာဝန်ကြီး ချိန်းဆိုသော နေ့များတွင် ဆေးခန်းသို့ သွားရောက်ပြသရပါသည်။ ဆေးရုံတော့မတက်ပါ။ အသည်းဆရာဝန်ကြီး၏ ဆေးခန်းတွင် ပြသပြီး ဆရာဝန်ကြီး ခိုင်းသည့်အတိုင်း လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ တလခွဲအချိန် ကြာသွားခဲ့သည်။ သို့သော်လည်း ကောင်းကောင်းမပျောက်ပါ။ ဆီးလည်း ၀ါတုန်း၊ မျက်စိလည်း ၀ါတုန်းပဲ ရှိနေပါသည်။ အနည်းငယ် နေထိုင်ရတာ သက်သာတာကလွဲ၍ ဘာမှအကြောင်းမထူးပါ။

ကျွန်တော်လည်း ဆရာဝန်ကြီးအား ခွင့်တလယူခဲ့ကြောင်း ယခု တလခွဲ ရောက်လာပြီဖြစ်သည့်အတွက် နယ်သို့ပြန်ရတော့မည့်အကြောင်းနှင့် လိုအပ်သည့် ဆေးများပေးပါရန် တောင်းပန်သည်။ ဆရာဝန်ကြီးက ဆေးများ ဆက်စားရန် ပေးလိုက်ပါသည်။ ကျွန်တော်လည်း ရန်ကုန်မှ သင်္ဘောနှင့် ပြန်လာပါသည်။ သရက်မြို့ ဆိပ်ကမ်းရောက်လျှင် ဆင်း၍ အိမ်သို့သွားပါသည်။ ကားဖြင့် ပြန်ပါက ကားဆောင့်သည့်ဒဏ်မခံနိုင်၍ သင်္ဘောနှင့်ပြန်လာခြင်း ဖြစ်သည်။

ကျွန်တော် ရန်ကုန်မှ ပြန်ရောက်ကြောင်းနှင့် ကျွန်တော့ရောဂါမှာ အသည်းရောင်အသားဝါရောဂါ ဖြစ်ကြောင်း၊ ၄င်းရောဂါ မပျောက်သေးကြောင်း တယောက်ကတယောက်သို့ ပြောရင်းနှင့် မကွေးမြို့မှ ကျွန်တော့သူငယ်ချင်း ကိုခင်မောင်သောင်းဆီ ထိုသတင်းရောက်သွားသည်။ ချက်ချင်းပင် ကိုခင်မောင်သောင်း ကျွန်တော့ဆီ ရောက်လာပါသည်။
မင်း ရန်ကုန် ဆေးသွားကုတယ်ဆိုတာတော့ ငါကြားတယ်ကွ။ အသည်းရောင် အသားဝါ မဟုတ်ဘူးမှတ်လို့ ငါ မလာတာ။ အခုလဲ မကွေးက မိတ်ဆွေတွေက မင်း အသည်းရောင် အသာဝါကုပြီး ပြန်လာတာ မပျောက်သေးဘူးဆိုတာ ကြားတာနဲ့ ငါလာတာပဲ။ အသည်းရောင် အသားဝါ ပျောက်ဆေးက လွယ်လွယ်လေး ပါကွာ၊ မင်း တခါစားရုံနဲ့ ချက်ချင်းပျောက်ရမယ်။

ထန်းသီးကို အညှာနားက လှီးလိုက်ရင် တွင်း ၃-တွင်း၊ သို့မဟုတ် ၂-တွင်း တွေ့ရမယ်။ အဲဒီတွင်းလေးတွေကို လက်ညှိုးနဲ့ထိုးလိုက်ရင် အရည်တွေ အပေါ်ကို ထောင်ပန်းလာတာတွေ့ရမယ်။ အဲဒီလို အရည်ရှိတဲ့ ထန်းသီးကို မင်းလက်ညှိုးနဲ့ထိုး၊ ပါးစပ်ကို လက်ညှိုးနားမှာ ကပ်ပြီး အရည်စုပ်ပါ။ တထိုင်တည်းနဲ့ အ၀စုပ်ပါ။ အဲဒီလို စုပ်ပြီး ၀တာနဲ့ အိပ်ပစ်လိုက်ကွာ။ တရေးနိုးတော့ မင်းရဲ့ဆီးကြောကြီးတင်းပြီး ဆီးသွားချင်လာလိမ့်မယ်။ ဒီအခါ ဆီးသွားလိုက်ပါ။ အဲဒီဆီးဟာ မ၀ါတော့ဘူး။ ဖြူဖွေးနေတာ တွေ့ရလိမ့်မယ်။ ထမင်းလဲ တအားစားချင်လာ လိမ့်မယ်။ အဲဒါ တခါသောက်ရုံနဲ့ တခါတည်း ပျောက်သွားတာဖြစ်တယ်။ အဲဒါ ငါ့ကိုယ်တွေ့ပဲ-ဟု ပြောသွားပါသည်။

သို့ဖြင့် ကျွန်တော်လည်း ထန်းသီးရအောင်ရှာပြီး တ၀စုပ်လိုက်ပါသည်။ ထန်းသီး ၉-လုံး ကုန်သွားပါသည်။ ပြီးတော့ အိပ်ပစ်လိုက်ပါသည်။ ကျွန်တော် အိပ်ရာကနိုးတော့ သူပြောသလိုပင် ဆီးကြောကြီး တင်းနေသဖြင့် အိမ်သာကို အပြေးသွားရသည်။ အိမ်သာထဲရောက်၍ ကျွန်တော်ဆီးတွေ သွားချလိုက်သောအခါ ဆီးတွေသည် ဖြူဖွေးနေပြီး ဆီးကလဲ အကြာကြီး သွားနေသည်ကို တွေ့ရပါသည်။ အိမ်သာဆင်းတော့ မျက်လုံးကို မှန်နဲ့ကြည့်သောအခါ မျက်လုံးကလည်း ဖြူဖွေးနေတာ တွေ့ရပါသည်။ ပါးစပ်ကလည်း အစာ အလွန်စားချင်လာ ပါသည်။ ကျွန်တော် ထမင်းကို ချက်ချင်းစားပစ်လိုက်ပါသည်။ အလေးအပင်ကိုလည်း ကျွန်တော် ခါတိုင်းလို မ,နိုင်လာပါသည်။

ကိုခင်မောင်သောင်းက မပြန်မီ ပြောသွားပါသေးသည်။ ငါလဲ ငါ့သူငယ်ချင်းကို ငါ အသည်းရောင် အသားဝါ ဖြစ်တုန်းက လုပ်ခဲ့တာ ငါ့ကိုယ်တွေ့ ပြောပြတာပဲ။ ငါ့တုန်းကလဲ ထန်းသီးအရည်ကို အ၀စုပ်၊ တခါတည်း စုပ်တာနဲ့ ပျောက်လို့ မင်းကို လာပြောတာ၊ ငါ့တုန်းကတော့ မြန်မာ့ဆေးဆရာ တယောက်က ကုပေးတာပဲ။

အဲဒီ မြန်မာဆေးဆရာက ပြောတယ်၊ မင်း ထန်းတက်တဲ့မိသားစု ဖိနပ်လဲ မပါဘူး၊ ဦးထုပ်လဲ မပါဘူးကွာ၊ ယောက်ျားက ထန်းပင်ပေါ်တက်၊ ထန်းလှီးမြူအိုးချပေး၊ မိန်းမနဲ့ ကလေးတွေက အောက်က နေပူထဲမှာ မြူအိုးကောက်၊ နေ့လယ်ကျ ထန်းလျက်ချက်ရတယ်ကွာ၊ ဆီးရောဂါတို့ အသည်းရောင် အသားဝါ ရောဂါတို့ သူတို့ဖြစ်စရာကောင်းတာပေါ့၊ ဘာလို့ မဖြစ်လဲဆိုတော့ ထန်းရေတွေ သောက်ကြ၊ ထန်းဦးအရည်တွေ စုပ်ကြဆိုတော့ သူတို့မိသားစု ဘာမှ မဖြစ်ဘူးတဲ့ကွ။ ထန်းရည်တို့ ထန်းသီးအရည်တို့ဟာ ဆေးတွေပဲ။ မင်းတို့သိတဲ့ မိတ်ဆွေတွေ၊ အသည်းရောင် အသားဝါ ခံစားနေရတဲ့ ဝေဒနာရှင်တွေကို ပြောပြပါ။ သူတို့လဲ သက်သက်သာသာနဲ့ ပျောက်တော့ မိသားစုတွေ စိတ်ချမ်းသာရတာပေါ့-ဟု မြန်မာဆေးဆရာက ပြောပြကြောင်း ပြောပါသည်။ မြန်မာဆေးဆရာကို ဆေးနည်းပေးတဲ့အတွက် သူက ဆေးဖိုးပေးသည်ကိုလည်း တပြားမှ လက်မခံကြောင်း ပြောပြသည်။

ဤသို့ဖြင့် ကျွန်တော် မန္တလေးမှာ တာဝန်ကျနေတုန်း ၁၉၉၀-ပြည့်နှစ်တွင် မန္တလေးမှ သာယာဝတီသို့ ရာထူးတက်ပြီး ပြောင်းဖို့အမိန့်စာ ရရှိခဲ့ပါသည်။ နောက်လက်ခံမည့်သူကို ကျွန်တော်က ၇-ရက်အတွင်း လွှဲပြောင်းပေးရမည်ဖြစ်၍ မြေပြင် လက်ကျန်ပစ္စည်းတွေကို စစ်ဆေးရပါသည်။ အချို့ပစ္စည်းတွေကို ချိန်တွယ်ရပါသည်။ ထိုအချိန်က ကျွန်တော့်လမ်းဗိုလ်မှာ ကိုဘိုစိန် ဖြစ်ပါသည်။ ကိုဘိုစိန်အောက်တွင် အငယ်တန်း အင်ဂျင်နီယာတယောက် ရှိပါသည်။

ကျွန်တော်သည် နံနက် ၇-နာရီဆိုလျှင် ကိုဘိုစိန်ရှိရာသို့ ရောက်ရှိသွားပြီး ပစ္စည်းများကို ချိန်တွယ်ကြ၊ ရေတွက်ကြနဲ့ စာရေးတွေရော ကိုဘိုစိန်တို့ပါ အလုပ်ရှုပ်နေကြပါသည်။ ဤသို့ စစ်ဆေးရေတွက်နေစဉ်တွင် အငယ်တန်း အင်ဂျင်နီယာကလေးသည် ပစ္စည်းများ မ,ရန် ရှောင်ဖယ် ရှောင်ဖယ် လုပ်နေသဖြင့် ကိုဘိုစိန်က အငယ်တန်းအင်ဂျင်နီယာလေးအား ဆူပူကြိမ်းမောင်းပါသည်။

ထိုအခါ အငယ်တန်းအင်ဂျင်နီယာကလေးက ကျွန်တော် အသည်းရောင် အသားဝါဖြစ်လို့ ဆရာဝန်ဆီမှာ ၂-ရက်ရှိပြီ ဆေးထိုးနေရတယ်။ ဆရာဝန်က အသီးအနှံနဲ့ အချိုရည်သာ သောက်ပါတဲ့။ အလေးအပင် မ,မပါနဲ့လို့ မှာကြားထားလို့ပါ-ဟူ၍ ပြောကာ သူ့မျက်စိကို ပြပါသည်။ ဟုတ်ပါသည်။ မျက်စိတခုလုံး ၀ါထိန်နေတာ တွေ့ကြရပါသည်။

ကိုဘိုစိန်၊ ဒါဟာ အသည်းရောင် အသားဝါ ဟုတ်တယ်။ ကုဖို့ရာလဲ လွယ်လွယ်လေးပါ။ အခုအချိန်မှာ ထန်းသီးပေါ်နေပြီ။ ထန်းသီအရည်စုပ်ကို တထိုင်တည်းနဲ့ အ၀ကျွေးလိုက်ပါဗျာ။ အဲဒီ ထန်းသီးအရည် သောက်ပြီးတာနဲ့ ဆီးဝါတာရော၊ မျက်စိဝါတာပါ ချက်ချင်းပျောက်သွားမယ်။ ထမင်းလဲ တန်းစားလို့ရတယ်။ အလေးအပင်လဲ မ,လို့ရပါမယ်။ ဒါကျွန်တော့်ကိုယ်တွေ့ပဲ။ ခင်ဗျားတပည့်အတွက် ထန်းသီးရအောင် ရှာပြီး အမြန်ကျွေးပါ-ဟု ပြောခဲ့ပါသည်။

နောက်တနေ့ မနက် ၇-နာရီတွင် ကျွန်တော် ကိုဘိုစိန် အလုပ်လုပ်သောနေရာသို့ ရောက်ရှိပါသည်။ အငယ်တန်း အင်ဂျင်နီယာကလေးသည် သံခွေများကို မ,ပြီးရွှေ့ပြောင်းနေသည်ကို တွေ့ရသည်။ ဟေ့-မောင်ရင်၊ မင်းက အသည်းရောင် အသားဝါရှိတဲ့သူ မ,မနဲ့-ဟု ပြောလိုက်သည်။ အငယ်တန်း အင်ဂျင်နီယာကလေးက မနေ့ညက ပုသိမ်ကြီးဘက်က အလုပ်သမားတွေ လိုက်ပို့ရင်းနဲ့ လမ်းဘေးမှာ မန္တလေးကိုပို့မဲ့ ထန်းသီးခိုင်တွေ တွေ့တာနဲ့ ဆရာဝယ်လာပါတယ်။ ညတွင်းချင်းပဲ ကျွန်တော် ထန်းသီးရည်တွေ အ၀စုပ်လိုက်တယ်။ စုပ်ပြီးအိပ်လိုက်တယ်။ တရေးနိုးတော့ ဆီးကြောကြီးတင်းနေလို့ ဆီးသွားတယ်။ ဆီးကဖြူဖွေးပြီး တော်တော်နဲ့ မပြီးတော့ဘူး။ ဆီးဖြူသလို မျက်စိလဲ ဖြူသွားတယ်။ ထမင်းလဲ စားလိုက်တယ်။ အခု ကျွန်တော် အလေးအပင်လဲ မ,နိုင်ပြီ-ဟု ၀မ်းသာအားရ ပြောပြ၏။

အသည်းရောင် အသားဝါ ခံစားနေရသူများကို ကိုယ်ချင်းစာနာပြီး ကျွန်တော်၏ လက်တွေ့အကျိုးထူး ခံစားရပုံ များကို တင်ပြရခြင်း ဖြစ်ပါသည်။ အချို့ကလည်း ကျွန်တော်ပြောသည်ကို လက်တွေ့တော့ လုပ်မကြည့်ဘဲနဲ့ မယုံကြပါ။ ဘာပဲဖြစ်ဖြစ် မသိသူကျော်သွား သိသူဖော်စားကြရန်သာ ဖြစ်ပါသည်။ ကျွန်တော်ကတော့ ဇီဝိတဒါနအဖြစ် တင်ပြခြင်း ဖြစ်ပါသည်။

(ဦးတင်ရွှေ-ACE-ဆောက်လုပ်ရေး)
( မြတ်မင်္ဂလာ ၂၀၀၃-ခု ဇန်န၀ါရီ )

ရဟန်းစားရသော ဆွမ်းတနပ်

ကဿပလိုဏ်ဂူသည်ကား လူသွားလူလာ မရှိ၊ ပကတိ အေးချမ်းတိတ်ဆိတ်လှ၏။ ဤနေရာသည် ဆွမ်းခံရွာနှင့်လည်း မဝေးကွာလွန်း၊ ရပ်သံရွာသံများ ကြားရလောက်အောင်လည်း မနီးလွန်း၊ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းလေ့ရှိကြသော ယောဂီရဟန်းတို့အတွက် အဘက်ဘက်က အဆင်ပြေလှသော နေရာကလေးဖြစ်၏။

ဤလိုဏ်ဂူ၌ အရှင်အယျမိတ္တ သီတင်းသုံးလာခဲ့သည်မှာ တော်တော်ကြီး ကြာလာခဲ့ပါပြီ။ အချိန်တွေ ကြာလာခဲ့သည်နှင့်အမျှ သူ၏ဘာဝနာလုပ်ငန်းကလည်း အရှိန်အဟုန် ကောင်းနေခဲ့ပါပြီ။
တခုသောနံနက်ခင်း၌ အရှင်အယျမိတ္တသည် သင်္ကန်းကိုရုံပြီးလျှင် အနားပတ်သီးကို အနားပတ်ကွင်းမှာ သွတ်သွင်းကာ သပိတ်အိတ်ဖြင့် သပိတ်ကို လွယ်လျက် ကဿပလိုဏ်ဂူမှ ထွက်ခွာလာခဲ့၏။

ဆွမ်းခံရွာတခုလုံးသည် အရှင်မြတ်၏ ဆွမ်းဒကာ ဆွမ်းအမများ ဖြစ်ကြသော်လည်း ရွာဦးရွာထိပ်က အမေကြီးမှာမူ သူများထက် ထူးခြား၏။ အယျမိတ္တအရှင်မြတ်ကို သားအရင်းကဲ့သို့ ချစ်ခင်ကြည်ညို၏။ သူ၏ သမီးဖြစ်သူကလည်း တအူတုံဆင်း အကိုရင်းကဲ့သို့ သဘောထား၏။

သူတို့သားအမိမှာ လက်လုပ်လက်စား ဆင်းရဲသားများဖြစ်ကြသော်လည်း သားဖြစ်သူ၊ အကိုဖြစ်သူ အရှင်မြတ်အတွက်ကား စားကောင်းသောက်ကောင်း အမွန်အမြတ်တို့ကို ဂရုတစိုက် ရှာဖွေစုဆောင်း၍ ပြုစုလုပ်ကျွေးလာခဲ့ကြပေသည်။

ထိုနေ့နံနက်တုန်းကလည်း အရှင်အယျမိတ္တသည် သူတို့သားအမိ အိမ်ရှေ့ခြံစည်းရိုးအကွယ်သို့ရောက်လာ၏။ ဆွမ်းခံအိမ်ရှေ့သို့ ရောက်လာပြီဖြစ်၍ သပိတ်အိတ်ထဲမှ သပိတ်ကို ထုတ်ယူ၏။ ထိုခဏအတွင်းမှာ အိမ်ထဲက သားအမိတို့ အသံကို ကြားလိုက်သဖြင့် ခြေစုံရပ်၍ နားစွင့်ထားလိုက်မိ၏။

တောအလုပ်သို့ သွားခါနီးဖြစ်သော အမေကြီးသည် သမီးကို မှာကြားနေ၏။ နေ့စဉ်နေ့တိုင်း ပြုလုပ်နေကျဝတ် နိစ္စဘတ်ကောင်းမှုတခု လစ်ဟင်းသွားမည်စိုးသဖြင့် ကြောင့်ကြောင့်ကြကြ ဖြစ်နေဟန်ရှိ၏။

သမီးရေ-အိမ်အတွင်းခန်းထဲက အိုးထဲမှာ ဆန်ကောင်းသန့်သန့်လေးရှိတယ်နော်၊ ကြောင်အိမ်ထဲမှာ ထောပတ်လဲရှိသေးတယ်။ နွားနို့သည်လာလို့လဲ ၀ယ်ထားသေးတယ်။ ကြောင်အိမ်အောက်ထပ်မှာလဲ တင်လဲအိုးရှိတယ်။ အဲဒါတွေနဲ့ အချိန်မီအောင် ချက်ထားနော်၊ သမီးချက်လို့ကျက်တဲ့အချိန်နဲ့ သမီးအကိုကြီးလာတဲ့အချိန်နဲ့ အံကိုက်လောက်ပါရဲ့၊ သမီးအကိုကြီး ရောက်လာတဲ့အခါ နေ့တိုင်းလုပ်သလို ရိုရိုသေသေ လောင်းနော်၊ ကြားလား၊ အေး-လောင်းပြီးလို့ အကြွင်းအကျန်ရှိသေးရင်တော့ သမီးပဲ စားလိုက်တော့။

ကောင်းပါပြီ အမေ၊ သမီးလုပ်နေကျမို့ လုပ်တတ်ပါတယ်။ ဒါထက် အမေ-နေ့လယ်မှာ အလုပ်နားလို့ အမေ မောမောပန်းပန်းနဲ့ ပြန်လာတော့ကော ဘာစားမလဲ၊
ဟဲ့ အဲဒီအတွက်တော့ ဘာကြောင့်ကြနေစရာလိုသေးလဲ။ အခုတော့ အလုပ်သွားဖို့ မနက်စာကလဲ ညကကျန်တဲ့ ထမင်းကြမ်းကို ပုန်းရည်ကြီးနဲ့ နယ်စားလို့ ၀မ်းပြည့်နေပြီပဲ။ နေ့လယ်စာအတွက်လဲ ကျိုနေကျ ဆန်ကွဲ လက်တဆုပ် လောက်ကို ထမနဲ ကျိုထားလိုက်ပေါ့၊ အဲ ဆန်နည်းလို့ ကျဲနေမှာဆိုရင်တော့ ဟင်းရွက်လေးတွေ ခူးခပ်လိုက်ပေါ့။ ဒီတော့ ထမနဲဖြုန်းစပ် ဖြစ်သွားရော။

အသံအားလံုးကို အရွင္အယ်မိတၱ ၾကားလိုက္ရ၏။ သောတဒွါရဖြင့် ကြားလိုက်ရသော စကားသံတို့သည် သောတဒွါရမှာပင် လမ်းဆုံးမသွားကြဘဲ ဟဒယနှလုံးအိမ်ထိအောင် ရိုက်ခတ်လာကြ၏။

ကြည့်စမ်း အယျမိတ္တ၊ မင်းကိုမင်း သုံးသပ်ကြည့်စမ်း၊ မင်းဒကာမကြီးကတော့ ညကကျန်တဲ့ ထမင်းကြမ်းကို ပုန်းရည်ကြီးဆမ်းပြီး စားလိုက်ရသတဲ့။ အမောတကောနဲ့ တောကပြန်လာတော့လဲ ဖြုန်းစပ်ထမနဲသာ သောက်ရဦးမတဲ့။ သူတို့သားအမိနှစ်ယောက်က မသေရုံတမည် စားနေကြပြီး မင်းအတွက်ကျတော့ ဖွယ်ဖွယ်ရာရာ လုပ်ထားလိုက်တာ။ ဒါတွေ ဒါတွေ လုပ်ထားတာက မင်းဆီက လယ်မြေလိုချင်လို့လဲ မဟုတ်ဘူး။ မြေကွက်လိုချင်လို့လဲ မဟုတ်ဘူး။ အစားအစာ လိုချင်လို့လဲ မဟုတ်ဘူး။ အ၀တ်အဆင် လိုချင်လို့လဲ မဟုတ်ဘူး။ တကယ်တော့ သူလိုချင်တာက လူချမ်းသာ နတ်ချမ်းသာတွင် မကဘူး။ နိဗ္ဗာန်ချမ်းသာအထိ မျှော်ကိုးပြီး ပြုစုနေကြတာ။ ဒီချမ်းသာတွေကို မင်း ပေးနိုင်ပါ့မလား။ ပေးနိုင်တဲ့အစွမ်းသတ္တိ မင်းမှာရှိနေပြီလား။ လောလောဆယ် မပေးနိုင်သေးဘူး။ မင့်စိတ်သန္တာန်မှာ ရာဂတွေ ဒေါသတွေ မောဟတွေ မကင်းစင်သေးသမျှ မင်း ဒီဆွမ်းကို အလှူမခံထိုက်ဘူး။ မင်း မစားသင့်ဘူး။

ဤသို့ ကိုယ့်ကိုယ်ကို ဆုံးမပြီးလျှင် အရှင်အယျမိတ္တသည် ထုတ်ယူထားသည့် သပိတ်ကို သပိတ်အိတ်ထဲ ပြန်သွင်းလိုက်၏။ သွတ်သွက်းထားသော အနားပတ်သီးကို အနားပတ်ကွင်းထဲက ဖြုတ်ပစ်လိုက်၏။ ထိုနေရာမှပင် နောက်ကြောင်းပြန်လှည့်ကာ ကဿပလိုဏ်ဂူသို့ ပြန်လာခဲ့၏။ သပိတ်ကို ညောင်စောင်းအောက်မှာ ချထားလိုက်၏။ အပေါ်ရုံသင်္ကန်းကို ၀ါးလုံးတန်းမှာ ဖြန့်လှန်းထားလိုက်၏။ ထို့နောက်-အရဟတ္တဖိုလ်ကို မရမချင်း ငါ ဒီလိုဏ်ဂူထဲက မထွက်တော့ဘူး-ဟု စိတ်နှလုံးကို တုံးတုံးချ ဆုံးဖြတ်ချက်ချကာ ခိုင်ခိုင်မာမာ အဓိဋ္ဌာန်ပြု၍ ကမ္မဋ္ဌာန်းစီးဖြန်း၏။

အရှင်အယျမိတ္တသည်ကား ကာလကြာမြင့်စွာ မမေ့မလျော့ နေလာခဲ့၏။ တရားလက်ကိုင် ခိုင်မြဲပြီးသော ရဟန်းတပါးဖြစ်၏။ ဤအနေတွင် ဆွမ်းအမကြီးများအပေါ် ပြန်လည်၍ ကျေးဇူးတုံ့ပြန်လိုသော သမ္မာဆန္ဒဖြင့် ၀ီရိယသမ္ဗောဇ္ဈင်ကို ထက်သန်သည်ထက် ထက်သန်လာအောင် အဓိဋ္ဌာန်ပြု၍ ကမ္မဋ္ဌာန်းစီးဖြန်းလိုက်လေရာ ဆွမ်းစားချိန် မလွန်သေးသည့် အချိန်မှာပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေသည်။

ထို့နောက် အရှင်အယျမိတ္တသည် လိုဏ်ဂူတံခါးကို ဖွင့်ကြည့်ပြီးလျှင် ဆွမ်းခံချိန်မလွန်သေးကြောင်း သိရသဖြင့် သင်္ကန်းကိုရုံကာ သပိတ်ကိုလွယ်လျက် နောက်တကြိမ် ဆွမ်းခံဝင်၏။ အိမ်မှာကျန်ရစ်သည့် သမီးကလည်း အသင့်ချက်ပြုတ်ပြင်ဆင်ထားသည့် ဖွယ်ဖွယ်ရာရာ စားကောင်းသောက်ဖွယ်တို့ကို အကိုကြီး၏ သပိတ်မှာ ရိုသေလေးမြတ်စွာ လောင်းလှူ၏။ လောင်းလှူရင်းလည်း သူ့အကိုကြီး၏ တမူထားခြားနေသည့် အသွင်အပြင်ကို သတိထား၍ ဖူးမြင်နေမိ၏။ အရှင်အယျမိတ္တသည် ခါတိုင်းနေ့များအတိုင်းပင်-ချမ်းသာစေ၊ ကျန်းမာစေ-ဟု တိုတို တုတ်တုတ် ဆုပေးကာ ကဿပလိုဏ်ဂူသို့ ပြန်ကြွလာခဲ့၏။

နေ့လယ်ခင်းမှာ-အလုပ်နား၍ အမေကြီး တောက ပြန်ရောက်ရောက်ချင်း-
ဘယ်နှဲလဲ သမီး၊ သမီးအကိုကြီးကို ဆွမ်းလောင်းလိုက်ရရဲ့လား-ဟု မေးလေရာ
လောင်းလိုက်ရပါတယ် အမေ၊ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ထားတာတွေ တပါးစာ လုံလောက်အောင် လောင်းလိုက်ရပါတယ်။

ကောင်းပါလေရဲ့ အေ၊ ဒါနဲ့ ညဉ်းအကိုးကြီးရဲ့ မျက်နှာသွင်ပြင်ကော သတိပြုမိလိုက်ရဲ့လား၊
ပြုလိုက်မိတာပေါ့ အမေရယ်၊ အမေ့သားကြီး မျက်နှာကလေ ဘယ်တုန်းကနဲ့မှ မတူဘူး။ အသွေးရော အသားရော တကယ့်ကို ကြည်နေတာပဲ။ မျက်နှာတခုလုံးလဲ သိပ်ပွင့်လန်းနေတာပဲ။ အညှာက ကြွေကျထားတဲ့ ထန်းသီးမှည့်လိုပါပဲ အမေရယ်၊ သိပ်ပြီးတော့ ကြည်ညိုစရာ ကောင်းနေတာပဲ။

ဟုတ်ပြီ သမီး၊ ဟုတ်ပြီ။ သမီးရဲ့ အကိုကြီးဟာ ဒီကနေ့ ရဟန်းကိစ္စ ပြီးသွားပြီ။ သူဟာ သာသနာ့ဘောင်မှာ ရာသက်ပန် ပျော်သွားပြီး ဘယ်တော့မှ လူထွက်လာတော့မှာ မဟုတ်ဘူး။ ဤသို့ ရဟန်းမြတ်၏ မယ်တော်ကြီးက ၀မ်းမြောက်ဝမ်းသား မှတ်ချက်ချလိုက်လေသည်။

( ဆွမ်းဒကာ ဆွမ်းအမတို့အား ကျေးဇူးဆပ်ခြင်း )
ဤ၀တ္ထုခေါင်းစဉ်ကို ဖတ်လိုက်ရသည်နှင့် တပြိုင်နက် ဆရာကြီး ဦးသုခ၏ ရုပ်သံဇာတ်လမ်းကို ပြေး၍ သတိရမိကြပါလိမ့်မည်။ မှန်ပါသည်။ ဤ၀တ္ထုသည် ထိုရုပ်သံဇာတ်လမ်းထဲက အရန်ဝတ္ထုတပုဒ်ပင် ဖြစ်နေသဖြင့် ထိုခေါင်းစဉ်အတိုင်း အမှတ်တရ ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။

ဒီဃနိကာယ် မဟာသတိပဋ္ဌာနသုတ် ဓမ္မာနုပဿနာအခန်းထဲက ဗောဇ္ဈင်္ဂပဗ္ဗကို ဖွင့်ပြရာတွင် ၀ီရိယသမ္ဗောဇ္ဈင်ကို ဖြစ်ပေါ်စေနိုင်သော အကြောင်းတရား ၁၁-ပါးထဲက ပိဏ္ဍပါတာပစာယနတာ ဟူသော အကြောင်းတရားကို ထင်ထင်ရှားရှား သိမြင်နိုင်အောင် ဤပုံဝတ္ထုဖြင့် ဥပမာပြုထားခြင်း ဖြစ်ပါသည်။

( ၀ီရိယသမ္ဗောဇ္ဈင်ကို ဖြစ်ပေါ်စေနိုင်သည့် အကြောင်းတရား ၁၁-ပါးမှာ )
(၁) အပါယဘယ ပစ္စဝေက္ခဏတာ-အပါယ်ဘေးကို ဆင်ခြင်ခြင်း။
(၂) အာနိသံသ ဒဿာဝိတာ-၀ီရိယသမ္ဗောဇ္ဈင်၏ အကျိုးတရားကို ရှုမြင်ခြင်း။
(၃) ဂမန၀ီထိ ပစ္စဝေက္ခဏတာ-ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ မဟာသာဝကကြီးတို့၏ သွားရာလမ်းကြောင်းကြီးပါကလား- ဟု ဆင်ခြင်ခြင်း။
(၄) ပိဏ္ဍပါတာ ပစာယနတာ-ဆွမ်းကို အတုံ့ပြန်၍ ပူဇော်ခြင်း၊ ဆွမ်းဒကာ ဆွမ်းအမတို့ကို တုံ့ပြန်၍ ကျေးဇူးဆပ်ခြင်း။
(၅) ဒါယဇ္ဇမဟတ္တ ပစ္စဝေက္ခဏတာ-မြင့်မြတ်သည့် အမွေခံဖြစ်နေသည်ကို ဆင်ခြင်ခြင်း။
(၆) သတ္ထုမဟတ္တ ပစ္စဝေက္ခဏတာ-ဆရာဖြစ်သော မြတ်စွာဘုရား၏ မြင့်မြတ်သည့်ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို ဆင်ခြင်ခြင်း။
(၇) ဇာတိမဟတ္တ ပစ္စဝေက္ခဏတာ-အမျိုးဇာတ်မြင့်မြတ်နေသည်ကို ဆင်ခြင်ခြင်း။
(၈) သဗြဟ္မစာရီမဟတ္တ ပစ္စဝေက္ခဏတာ-မိမိသီတင်းသုံးဖော်တို့၏ မြင့်မြတ်သည့်ဂုဏ်ကျေးဇူးတော်တို့ကို
ဆင်ခြင်ခြင်း။
(၉) ကုသီတပုဂ္ဂလ ပရိဝဇ္ဇနတာ-ပျင်းရိသောပုဂ္ဂိုလ်ကို ကြဉ်ရှောင်ခြင်း။
(၁၀) အာရဒ္ဓပုဂ္ဂလ ပရိသေ၀နတာ-၀ီရိယထက်သန်သည့်ပုဂ္ဂိုလ်ကို မှီဝဲဆည်းကပ်ခြင်း
(၁၁) တဒဓိမုတ္တတာ-ထိုဝီရိယသမ္ဗောဇ္ဈင်၌ စွဲစွဲမြဲမြဲ သက်ဝင်တည်နေခြင်းတို့ ဖြစ်ပေသည်။

ထိုအကြောင်းအရာ ၁၁-ပါးထဲက ပိဏ္ဍပါတ ပစာယနတာ-ဟူသော အကြောင်းတရားကို ဖွင့်ပြရာတွင် သာသနာ့ဝန်ထမ်း ရဟန်းတပါးအနေနှင့် မိမိကိုယ်ကို ဆုံးမတိုက်တွန်းသင့်ပုံကို ပြဆိုထား၏။
အို-ရဟန်း၊ သင့်ကို ဒကာ ဒကာမများက ဆွမ်းဘောဇဉ်စသည်တို့ဖြင့် ပြုစုလုပ်ကျွေး၍ နေကြကုန်၏။ ထိုသူတို့သည်ကား သင်၏ အဆွေအမျိုးများလည်း မဟုတ်ကြကုန်။ သင့်ကို အမှီပြုပြီး အသက်မွေးကြရန် ပြုစုလုပ်ကျွေးနေကြခြင်းလည်း မဟုတ်ကုန်။ စင်စစ်မှာမူ မိမိတို့ ပြုလုပ်ကြသည့် ကုသိုလ်ကောင်းမှု၏ အကျိုးတရားကိုသာ မျှော်ကိုးကာ ပစ္စည်းလေးပါးဖြင့် ထောက်ပံ့နေကြကုန်၏။

ဘုရားရှင်ကိုယ်တော်တိုင်ကလည်း ဤရဟန်းသည် ပစ္စည်းလေးပါးတို့ကို သုံးဆောင်ပြီးလျှင် ကိုယ်ခန္ဓာ ကြံ့ခိုင်ကာ ပျော်ပျော်ကြီးနေကြကုန်လတံ့-ဟု ရည်ရွယ်၍ ပစ္စည်းလေးပါးတို့ကို ခွင့်ပြုတော်မူခဲ့သည် မဟုတ်ပေ။ အမှန်မှာမူ ဤရဟန်းတို့သည် ဤပစ္စည်းလေးပါးတို့ကို သုံးဆောင်ကြပြီးလျှင် ချမ်းချမ်းသာသာ ကျန်းကျန်းမာမာဖြင့် ရဟန်းတရား ကြိုးစားနိုင်ကြပေလိမ့်မည်။ သံသရာဝဋ်မှ လွတ်မြောက်နိုင်ကြပေ လိမ့်မည်-ဟု ရည်ရွယ်၍ ခွင့်ပြုတော်မူခဲ့၏။

ထို့ကြောင့် သင်ကိုယ်တိုင်က ပျင်းပျင်းရိရိ ဖြစ်နေပါလျှင် အဘယ်မှာ ဆွမ်းဒါယကာတို့ကို ကျေးဇူးတုံ့ပြန်၍ ပေးဆပ်နိုင်ပါတော့မည်နည်း။ ကြိုးကြိုးစားစား အားထုတ်ပွားများနိုင်မှသာလျှင် ကျေးဇူးဆပ်နိုင်ပေလိမ့်မည်။
ဤသို့ ဆင်ခြင်သုံးသပ်ကာ ပိဏ္ဍပါတ ပစာယနအကြောင်းတရားကြောင့် ၀ီရိယသမ္ဗောဇ္ဈင် ဖြစ်ပေါ်လာပုံကို အထက်ပါပုံဝတ္ထုဖြင့် အဋ္ဌကထာဆရာကြီးက ဥပမာပြု၍ ဖွင့်ပြထားပေသည်။

( ၀ဏ္ဏသီရိ )
( မြတ်မင်္ဂလာ ၂၀၀၃-ဇန်န၀ါရီ)

Wednesday, December 23, 2009

ဘာသာရေး ပြဿနာ ( ၉၇ )

( ဘဒ္ဒန္တတိလောကသာရ ဖြေသည် )

(မေး) (မြန်မာလူမျိုး ရဟန္တာ)
အရှင်ဘုရား မြတ်စွာဘုရား၏ လက်ဝဲလက်ယာ ရဟန္တာသာဝကတို့တွင် မြန်မာလူမျိုး ရဟန္တာ ရှိ-မရှိ နှင့် မြန်မာလူမျိုး ရဟန္တာ ဘယ်မျှရှိကြောင်း သိလိုပါသည်။ ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား။
(မသန်းသန်းစိုး-အထက်မင်းလှမြို့)

(ဖြေ)
ဘုရားလက်ထက်က မြန်မာနိုင်ငံကို သုနာပရန္တတိုင်းဟုခေါ်သည်။ သုနာပရန္တတိုင်း ၀ါဏိဇ္ဇဂါမမှ မဟာပုဏ္ဏ၊ စူဠပုဏ္ဏ ကုန်သည်ညီနောင်တို့ မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားရာမှ သာဝတ္ထိမြို့တော်သို့ ရောက်၍ မြတ်စွာဘုရား တရားကို နာရသည်။ မဟာပုဏ္ဏ ရဟန်းပြုကာ မကြာမီ ရဟန္တာဖြစ်သွားကြောင်း၊ ထို့နောက် အရှင်ပုဏ္ဏ ပင့်၍ မြတ်စွာဘုရား သုနာပရန္တတိုင်းသို့ ကြွရောက်တော်မူကာ ခြေတော်ရာနှစ်ဆူ ပူဇော်ရန် ချထားတော်မူခဲ့ကြောင်း၊ စန္ဒကူးကျောင်းတော်ရာ၌ သီတင်းသုံးတော်မူခဲ့ကြောင်း စက်တော်ရာသမိုင်းတွင် အထင်အရှား ပါရှိခဲ့ပါသည်။ ထိုအရှင်ပုဏ္ဏသည် ဘုရားလက်ထက်က မြန်မာပြည်သား ရဟန္တာဖြစ်ခဲ့ပါသည်။ ထို့နောက် ရာဇ၀င် အဆက်ဆက်တွင် မြန်မာရဟန္တာပုဂ္ဂိုလ်များ များစွာ ထင်ရှားခဲ့ပါသည်။
********************************************************************************

(မေ) (ဗြဟ္မာဟူသည်)
အရှင်ဘုရား နတ်ပြည်မှာ နတ်သား နတ်သမီးဟူ၍ နတ်ယောက်ျား နတ်မိန်းမ ရှိသလို ဗြဟ္မာ့ပြည်မှာ ဗြဟ္မာသား ဗြဟ္မာသမီးဟူ၍ ရှိပါသလား၊ ယောက်ျား မိန်းမ ဗြဟ္မာများကို မည်သို့ခေါ်ပါသလဲ၊ ဖြေကြားတော်မူပါဘုရား။
(မိမိမော်-ကသာ)

(ဖြေ)
ဘာဝဒွယံ ပန ဗဟလကာမရာဂူပနိဿယတ္တာ ဗြဟ္မာနဉ္စ တဒဘာဝတော တတ္ထ န ပ၀တ္တတိ-ဤသို့ ဋီကာကျော်မိန့်ရကားဣတ္ထိလိင် ပုလ္လိင်ဟူ၍ မရှိပေ။ လိင်နှစ်ပါး မရှိသော် နပုန်းပဏ္ဍုက်ဟူ၍ ဆိုအပ်သလော ဟူငြားအံ့၊ ကာမရာဂ၌ တပ်မက်ခြင်းကင်းသော ဘာဝနာအဟုန်ကြောင့်သာလျှင် ဘာဝရုပ်အစုံတို့ ကင်းကွာရသည်။ သို့ဖြစ်ရကား လူ့ရွာ၌ အကုသိုလ်ကံကြောင့် ဖြစ်သော အဟိတ်ပဋိသန္ဓေနေသော ပဏ္ဍုက်ကဲ့သို့ မဟုတ်၊ ပုဂ္ဂိုလ်၏ သဏ္ဌာန်မူကား ယောက်ျားမြတ်တို့၏ အသွင်ဖြင့်သာ ဖြစ်၏။ ထို့ကြောင့် နပုန်းပဏ္ဍုက် ဟူ၍လည်း မဆိုအပ် (ဗြဟ္မာပြည်၌ ကျား-မ မရှိ) ဟူပေ။ (စွယ်စုံကျော်ထင်)
********************************************************************************

(မေး) (ဘုရားလက်ထက်က စုန်းကဝေ)
အရှင်ဘုရား-
ဗုဒ္ဓဘုရား-ပွင့်ငြားခါတွင်
စုန်းကဝေများ-ထင်ရှားရှိလျှင်
လူကိုပြုစား-တရားမဲ့အင်
သေခါကျ-ဘ၀ဘယ်သို့ပင်။
(သင်းသင်း-မန္တလေး)

(ဖြေ)
ဗုဒ္ဓဘုရား-ပွင့်ငြားခါသော်
စုန်းကဝေများ-ထင်ရှားသနော်
ရဟန်းတော်အား-ပြုစားခေါ်ဝေါ်
နောက်ဘ၀-ရောက်ရ ကံအားလျော်။

ဝိနည်းမဟာဝါ (၀ိ-၁-၂၉၉) တွင် ရဟန်းတပါးအား ဃရဒိန္နကာဗာဓ-ခေါ် စုန်းမက ချစ်ခင်၍ ဆေးပေးသည်ကို စားမိသဖြင့် (စုန်းပြုစားခံရသဖြင့်) မြတ်စွာဘုရားက သီတာလောဠိ (ထွန်သွားတွင်ကပ်ကျန်နေသော မြေကြီးခဲ) ကို ဖျော်၍ သောက်စေရကြောင်း ပါရှိသည်။ စုန်းများသေ၍ မည်သည့်ဘ၀ရောက်ကြောင်း အထူးမပါ။ လူကိုသေစေသဖြင့် အပါယ်ကျရန် သေချာပါသည်။
********************************************************************************

(မေး) (ဘုရားလက်ထက်က သိမ်)
အရှင်ဘုရား၊ သာသနာတော်တွင် သိမ်သည် အရေးကြီးဆုံး ဖြစ်ပါသည်။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က သိမ်သမုတ်ခဲ့ပါသလား၊ ပိဋကတ်တော်တွင် သိမ်သမုတ်ခဲ့ကြောင်း မထင်ရှားပါ။ ထိုအကြောင်းကို ပါဠိ အထောက် အကိုးပြ၍ ဖြေကြားပေးစေလိုပါသည်ဘုရား။
(သောမာလင်္ကာရ-မန်း)

(ဖြေ)
ဘုရားလက်ထက်က ရဟန်းတော်များကို ဉတ္တစတုတ္ထကမ္မ၀ါစာဖြင့် ရဟန်းခံရသည့်အချိန်မှစ၍ သိမ်ရှိရာပါသည်။ ဘုရားလက်ထက်တော်၌ ဂိဇ္ဈကုဋ်တောင်ခြေရင်းသိမ်၊ မဒ္ဒကုစ္ဆိ မိဂဒါဝုန်သိမ်တို့သည် လက်ဦးသိမ်များ ဖြစ်ကြောင်း ဆိုပါသည်။ သံဃာတော်တို့သည် တခုးသောအရပ်၌ အညီအညွတ် သံဃာတို့ ဥပုသ်ပြုရမည်ဟု ပညတ်တော်မူပြီး အဘယ်သို့သောအကြောင်းဖြင့် ဧကာဝါသ ဖြစ်ရသနည်း-ဟု အကြံဖြစ်ကြသည်။

ထို့နောက် ဘုရားရှင်အား လျှောက်ထားရာတွင်မှ အနုဇာနာမိ ဘိက္ခဝေ သီမံ သမ္မနိတုံ-စသည်ဖြင့် ပညတ်တော်မူ၍ ဖော်ပြပါသိမ်များ ဖြစ်ပေါ်လာလေသည်။ ထို့နောက် ဘဂ၀တော ဓရမာနကာလေ ရာဇဂဟနဂရေ အဋ္ဌာရသ မဟာဝိဟာရာဧကသီမာဝ ဓမ္မသေနာပတိ ကာရိပုတ္တထေရေန သမ္မတာ-ရာဇဂြိုဟ်ပြည် တဆယ့်ရှစ်ကျောင်းတို့ကို ခြုံငုံ၍ အရှင်သာရိပုတ္တရာ သိမ်သမုတ်ခဲ့သည်ဟု ပါရှိလေသည်။
********************************************************************************

(မေး) ( ထဘီမှ နေရာထိုင်အခင်း)
အရှင်ဘုရား၊ ယခုခေတ်တွင် ကွယ်လွန်၍သွားသော အမျိုးသမီးတို့၏ ထဘီကို နေရာထိုင်အခင်းချုပ်၍ လှူရာ ရဟန်းတော်များ သုံးဆောင်ကြပါသည်။ လှူသူ၊ သုံးသူတို့ အကျိုးအပြစ် မည်သို့ရှိပါမည်နည်း၊ ဖြေကြားတော်မူပါဘုရား။
(မစောမြ-မြ၀တီ)

(ဖြေ)
ကွယ်လွန်သူ၏ ထဘီကို ထဘီအတိုင်း မဟုတ်ဘဲ ဖြတ်၍ နေရာထိုင်အခင်း၊ အချို့ အိပ်ရာခင်း၊ ခေါင်းအုံး၊ စသည်ချုပ်၍ လှူကြသည်။ ထဘီမဟုတ်တော့၊ စွန့်ပစ်အ၀တ် ဖြစ်နေ၍ ရဟန်းတော်တို့ သုံးဆောင်နိုင်ကြပါသည်။

ပံ့သကူကောက်၍ သင်္ကန်းချုပ်ရာ၌လည်း ထဘီစသည်မရွေး ကောက်ယူချုပ်နိုင်ပါသည်။
သဗ္ဗံ လဗ္ဘတိစ္ဆိန္နစီဝရော-စသည်ဖြင့် ခုဒ္ဒသိက္ခာ၌ ဆိုသဖြင့် သင်္ကန်းကို ခိုးသူလုယက်သွား၍ သင်္ကန်းမရှိသော ရဟန်းသည် ရသမျှအ၀တ် မိန်းမထဘီမှစ၍ ၀တ်ရုံခြင်းငှါ အပ်သည်ဟုပင် အဆိုရှိပေသည်။ လှူသူရော သုံးသူပါ အပြစ်မရှိဟု မှတ်သားသင့်ပါသည်။
********************************************************************************

(မေး) (၀ဋ်ကြွေး)
အရှင်ဘုရား၊ မိဘများက သားသမီးများကို ကျွေးမွေးစောင့်ရှောက်ရခြင်း၊ အလုပ်သမားက အလုပ်ရှင်ထံ အလုပ်လုပ်နေရခြင်း၊ ဦးလေး အဒေါ်များက တူ-တူမများကို ထိန်းသိမ်းစောင့်ရှောက်ရခြင်း စသည်တို့သည် တဦးနှင့်တဦး ၀ဋ်ကြွေးရှိ၍ ပေးဆပ်လုပ်ကိုင်နေရခြင်း ဖြစ်သည်ဆိုသည်မှာ မှန်ပါသလား ဖြေကြားပေးတော်မူပါ။
(အေးနု-လှိုင်မြို့နယ် ရန်ကုန်)

(ဖြေ)
မိဘများက သားသမီးများကို ကျွေးမွေးစောင့်ရှောက်ရခြင်း စသည်များသည် မကင်းနိုင်သော လောက၀တ္တရားများ ဖြစ်ကြပါသည်။ လူ့လောက၌နေလျှင် သားသမီး၊ ဆွေမျိုး၊ တပည့်၊ အလုပ်သမား စသည်များနှင့် မကင်းနိုင်ပါ။ ဆိုရာဝတ္တရားများကို ဆောင်ရွက်ကြရမည်သာ ဖြစ်ပါသည်။

မြတ်စွာဘုရားကလည်း သိင်္ဂါလသုတ်တွင် ထိုသို့ မိဘ သားသမီး၊ ဆရာ တပည့်၊ အရှင်သခင် အလုပ်သမား၊ လင် မယား ဆိုင်ရာဝတ္တရားများကို ကျေပြွန်အောင်လုပ်ဆောင်ကြရန် ဟောတော်မူထားပါသည်။ ထို့ကြောင့် ၀ဋ်ကြွေးမဟုတ် ၀တ္တရားဟု နားလည်ထားပြီး ကျေပြွန်စွာ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ကုသိုလ်တရားများပင် ပွားများနိုင်မည် ဖြစ်ပါသည်။

( မြတ်မင်္ဂလာ ၂၀၀၃-ခု ဇန်န၀ါရီလ)

အိမ်တွင်း လေထု ညစ်ညမ်းမှု

မီးဖိုချောင်မှ ထွက်သော မီးခိုးနှင့် အိမ်တွင်း၌ လူတို့ပြုလုပ်၍ထွက်လာသော အခိုးအငွေ့တို့သည် ဆင်းရဲသည့်နိုင်ငံတို့တွင် လူတို့အား တိတ်တခိုး အသက်အန္တရာယ် ပြုနေသည့် အကြောင်းရင်းတခု ဖြစ်ကြောင်း၊ အိမ်တွင်းလေထု ညစ်ညမ်းမှုကြောင့် တနှစ်လျှင် လူပေါင်း ၁ ဒသမ ၆-သန်းသည် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

ကျေးလက် တောရွာများတွင် လူများ နေ့စဉ် ရှူရှိုက်နေရသည့် အိမ်တွင်းမှ ထွက်လာသည့် အခိုးအငွေ့များ၏ ပမာဏသည် စီးကရက်နှစ်ဘူးခန့် သောက်ခြင်းမှ ရရှိနိုင်သော မီးခိုးပမာဏနှင့် ညီမျှကြောင်း ၂၀၀၄-ခုနှစ် အောက်တိုဘာလ ၁၅-ရက်နေ့က ပြုလုပ်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ကမ္ဘာ့ကျေးလက် အမျိုးသမီးများနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

(ရေဒွန် ဓာတ်ငွေ့)
အဆောက်အဦး ဆောက်လုပ်ရာတွင် အုတ်များကို မီးဖုတ် အပူပေးရသည် ဖြစ်ရာ ရေဒွန် (radon) ဓာတ်ငွေ့ ထွက်နေသည်။ ဆောက်လုပ်သည့်မြေကြီးသည် ယူရေနီယံ မိုင်းတွင်း၊ ဖော့စဖိတ် မိုင်းတွင်းများမှ စွန့်ပစ် ပစ္စည်းများနှင့် ရောနှောနေပါက ရေဒွန်ဓာတ်ငွေ့ ခွက်လာနိုင်သည်။

ရေဒွန် ဓာတ်ငွေ့သည် အဆုတ်ကင်ဆာဖြစ်ပွားမှုနှင့် ဆက်စပ်လျက် ရှိသည်။ အဆုတ်ကင်ဆာ လူနာများ၏ ခြောက်ရာခိုင်နှုန်းမှ ၁၅- ရာခိုင်နှုန်းသည် ရေဒွန်ဓာတ်ငွေ့ကြောင့် ဖြစ်ပွားရကြောင်း ကုသသမဂ္ဂ ကျန်းမာရေး အေဂျင်စီ (united Nation Health Agency) ၏ ပြောကြားချက်အရ သိရသည်။

(ဖော်မယ်လ်ဒီဟိုက် ဓာတ်ငွေ့)
အီလက်ထရွန်နစ် စနစ်သုံး လေအေးပေးစက်များ၊ အိမ်သုတ်ဆေးများ၊ နံရံကပ် စက္ကူ (wall paper) တို့တွင် ဖော်မယ်လ်ဒီဟိုက် (formaldehyde) ဓာတ်ငွေ့အမှုန်များ ထွက်စေတတ်သည်။ အထပ်သားများတွင် သုံးသည့် ကော်ကြောင့်လည်း ဖော်မယ်လ်ဒီဟိုက် ဓာတ်ငွေ့ထွက်တတ်သည်။ အသစ်စက်စက် ကြိတ်သားဖြင့် ပြုလုပ်ထားသော ပရိဘောဂများတွင် ထုတ်လုပ်ပြီး ခြောက်လမှ တနှစ်ခန့် အထိ ယင်းဓာတ်ငွေ့များ ထွက်နိုင်သည်။

ဖော်မယ်လ်ဒီဟိုက် ဓာတ်ငွေ့ကို ရှူရှိုက်မိလျှင် ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ အကြောတက်ခြင်း၊ ဗိုက်နာခြင်းတို့ကို ခံစားရနိုင်သည်။ ယင်းဓာတ်ငွေ့ကို ကြာရှည်ရှူရှိုက်မိပါက အသည်းကို ထိခိုက်နိုင်သည်။

(နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ်)
ဓာတ်ငွေ့သုံး မီးဖိုများမှ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထွက်တတ်သည်။ ယင်းဓာတ်ငွေ့ကြောင့် ရင်ကျပ်ပန်းနာ ရောဂါကို ဖြစ်စေနိုင်သည်။ အထူးသဖြင့် ကလေးများတွင် ရင်ကျပ် ပန်းနာ ရောဂါကိုတွေ့ရပြီး လူကြီးများသည်လည်း နှာစေးခြင်း၊ အသက်ရှူ မ၀ခြင်းတို့ ပိုမို ဖြစ်ပွားကြောင်း လေ့လာတွေ့ရှိရသည်။

(တော်လူရင်း ၊ ဇိုင်လင်း ဓာတ်ငွေ့များ)
လေအေးပေးစက်များ၊ နံရံကပ် စက္ကူများ၊ အိမ်သုတ်ဆေးများမှ ဇိုင်လင်း (xylene) နှင့် တော်လူရင်း (toluene) ဓာတ်ငွေ့အမှုန်များ ထွက်လာနိုင်သည်။ ယင်းတို့မှာ အဆုတ်ကင်ဆာ ဖြစ်စေတတ်သည့် ဓာတ်ငွေ့များ ဖြစ်ကြသည်။

(အန္တရာယ်ရှိ အခြား ဓာတ်ငွေ့များ)
ရေခဲသေတ္တာမှ ဖရီယွန် ဓာတ်ငွေ့၊ မိတ္တူကူးစက်မှ ကာဗွန်ဓာတ်ပါသည့် တုံနာအမှုန့်၊ အိမ်ရှိ ကော်ဇော၊ ဆိုဖာတို့မှ အငွေ့ပြန်လွယ်သော ဓာတုပစ္စည်းများ။ ရေမွှေး၊ လေသန့်ဘူး၊ ပရုတ်လုံး၊ အရောင်တင်ဆီတို့မှလည်း ဟိုက်ဒြို့ကာဗွန်၊ အယ်လ်ကိုဟော၊ ကီတုန်း၊ အောလ်ဒီဟိုက် စသည့် ဓာတ်ငွေ့များ ထွက်တတ်သည်။ ယင်းဓာတ်ငွေ့များမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ဓာတ်ငွေ့များ ဖြစ်ကြသည်။

( ကျောက်ဂွမ်းမျှင်များ)
ကြမ်းခင်း ကျောက်ပြား၊ အင်္ဂတေ စသည်တို့ ဟောင်းနွမ်းလာလျှင် အက်စ်ဘက်စ်တော့စ် (asbestos) ခေါ် ကျောက်ဂွမ်းမျှင်များ ထွက်လာတတ်သည်။ ယင်းတို့ကို ရှူရှိုက်မိလျှင် အဆုတ်သို့ ရောက်ပြီး အဆုတ်ကင်ဆာကို ဖြစ်စေနိုင်သည်။

(မီးခိုးငွေ့များ)
မီးဖိုဆောင်တွင် မီးမွှေးရာမှ ရှူရှိုက်နေရသည့် မီးခိုးများမှာ အန္တရာယ်ရှိသည်။ ဆေးလိပ်သောက်ရာမှ ထွက်လာသည့် မီးခိုးငွေ့ကို ရှူရှိုက်ရသူသည် ဆေးလိပ်သောက်သူ ခံစားရမည့် အန္တရာယ်နှင့် ထပ်တူ အန္တရာယ်ရှိနိုင်သည်။ ခြင်ဆေးခွေများ ထွန်းရာတွင် နေ့စဉ် ရှူရှိုက်နေရသည့်ဓာတ်ငွေ့များ ရှိနေသည်။ အထူးသဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် စသည့် ဓာတ်ငွေ့တို့မှာ အသက်ရှူ လမ်းကြောင်းသို့ ရောက်ရှိပြီး ကျန်းမာရေးကို ထိခိုက်စေသည်။ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ မျက်စိ၊ နှာခေါင်း၊ လည်ချောင်းနာခြင်းတို့ကို ဖြစ်စေနိုင်သည်။

(အိမ်တွင်း စီးပွားရေး လုပ်ငန်းများ)
အိမ်တွင်း ဘက်ထရီအိုး လုပ်ငန်းများ လုပ်ကြသကဲ့သို့ ပန်းတိမ်လုပ်ငန်းများကိုလည်း လုပ်ကြသည်။ အိမ်တွင်း ဘက်ထရီအိုး လုပ်ငန်း လုပ်သည့်အခါ ကလေးငယ်များ ခဲဆိပ်သင့်မှု ဖြစ်တတ်သည်ကို တွေ့ဖူးသည်။ ကလေးငယ်များ အထူးသဖြင့် အသက် လေးနှစ်အောက် ကလေးများတွင် တက်ခြင်း၊ ခန္ဓာကိုယ် ဖွံ့ဖြိုးမှု နှေးခြင်း၊ အကြားအာရုံ ချို့တဲ့ခြင်း၊ ဉာဏ်ထိုင်းခြင်း၊ ဂနာမငြိမ်ခြင်း စသည့်ဝေဒနာများကို ခံစားရလေ့ရှိသည်။ ပန်းတိမ်လုပ်ငန်းမှ ထွက်သော ပြဒါးငွေ့သည်လည်း အလားတူ အန္တရာယ် ကြီးမားသည်။

( ကာကွယ်ရေး)
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို လျော့နည်းစေရန် ဆောင်ရွက်ရာတွင် ရေဒွန်ဓာတ်ငွေ့ ထုတ်လုပ်သုံးစွဲမှုများကို လျှော့ချရန် စီမံချက် ချမှတ်၍ ဆောင်ရွက်နေသည်။

အိမ်တွင်းရှိ ဓာတ်ငွေ့များ ၊ အမှုန်များကို စုတ်ယူနိုင်မည့် ကာဗွန်တမျိုးကို ဂျပန်နိုင်ငံမှ စတင်ထုတ်လုပ် သုံးစွဲခဲ့သည်။ ယင်းတို့ကို အဆောက်အဦ နံရံ၊ အိမ်ကြမ်းခင်း အောက်တို့တွင် ထည့်ပြီး သုံးစွဲသည်။

အိမ်တွင်း မီးခိုးငွေ့များ ကင်းစင်စေပြီး ချက်ပြုတ်ရန် မီးမွှေးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ခြင်ဆေးခွေ ထွန်းခြင်း စသည့် အရာရာတွင် မီးခိုးငွေ့များအား တိုက်ရိုက်ရှူရှိုက်မိခြင်းမှ အတတ်နိုင်ဆုံး ကင်းဝေးစေရန် ဂရုပြု လုပ်ဆောင်သွားကြရမည် ဖြစ်ပါသည်။

( ဒေါက်တာ အောင်သန်း)
( အပျိုစင်-၂၀၀၆ ဒီဇင်္ဘာ)

ကျန်းမာရေးအသိ အကျိုးရှိ

Fast Food တွေက အကြော်အလှော်တွေ များတယ်၊ အစားများရင် ၀လာတတ်တယ်။
ကျန်းမာရေးအတွက် ခပ်သွက်သွက် လမ်းလျှောက်ရမယ်တဲ့။
ဘီပိုး ရှိ-မရှိ သွေးစစ်ပြီး ကာကွယ်ဆေး ထိုးရမယ်။
ကျန်းမာရေးဆိုင်ရာ မဂ္ဂဇင်းများ၊ ဂျာနယ်များကို ဖတ်ရှုကြပြီ ပြောဆိုကြသော စကားများ ဖြစ်ပါလိမ့်မည်။

ယခုအခါ ကျန်းမာရေးမဂ္ဂဇင်း ခြောက်အုပ်း ဂျာနယ်လေးအုပ်ကို တွေ့ရပြီး မဂ္ဂဇင်းတိုင်းလိုလို၌ ကျန်းမာရေး ဆောင်ပါးများ ပါရှိသည်ကို တွေ့ရသည်။
မိတ်ဆွေတဦးက မဂ္ဂဇင်းဂျာနယ်တွေကိုဖတ်မှ ကျမ်းမာရေးအသိ ရမည်ဆိုလျှင် အသိရှိသူဦးရေ များနိုင်မည်မဟုတ်ဟု ဆိုသည်။
ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲများ ဆိုလျှင် ပို၍ အလှမ်းဝေးသည်ဟု သူက ဆက်ပြောသည်။

ကျန်းမာရေး အသိပညာပေးခြင်းသည် ယခင်က ပိုစတာ လက်ကမ်းစာရွက် ဖြန့်ဝေခြင်း၊ ဟောပြောခြင်းတို့ကိုသာ အဓိက ထားခဲ့သော်လည်း ယခုအခါ အိုင်တီ နည်းပညာ တိုးတက်ထွန်းကား လာသည်နှင့်အညီ ပြောင်းလဲခဲ့သည်။


အသိပညာပေးရသည့် အချက်များအပေါ် မူတည်၍လည်း ပြောင်းလဲခဲ့သည်။ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ယခင်က အစားအသောက် ရောင်းချသူများကိုသာ အဓိကထား၍ သင်တန်းပေးခြင်း၊ ကြီးကြပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ ယခုအခါ consumer education ခေါ် စားသုံးသူများအား အသိပညာ ပေးခြင်းကို လုပ်ဆောင်လာခဲ့သည်။

ကျန်းမာရေးနှင့်မညီညွတ်သည့် စားသောက်ဆိုင်တွင် မစားသောက်လျှင် ရောင်းသူက သူ့အမှားကို ရှာဖွေပြုပြင်လိမ့်မည်ဖြစ်သည်။
ဆီဝေ့နေပြီး မကြာခဏ လှဲလယ်ခြင်း မရှိသည့်ရေတွင် ဆေးကြောသည့် ပန်းကန်များဖြင့် မုန့်ဟင်းခါး ထည့်ပေးနေသည်ကို ဂရုမပြုမိဘဲ စားသုံးသည့် မြင်ကွင်းကို မကြာခဏ တွေ့ရလေ့ရှိသည်။

ယင်းမုန့်ဟင်းခါးရောင်းသူသည် မသန့်ရှင်းသောရေကြောင့် ရောဂါဖြစ်နိုင်ကြောင်း မသိ၍လည်း ဖြစ်နိုင်သည်။ သိလျက်နှင့် အလွယ်တကူ လုပ်သည်လည်း ဖြစ်နိုင်သည်။ အသိမရှိပါက မည်သူက သူ့အား အသိပညာ ပေးသင့်သည်ကို စဉ်းစားရန် လိုအပ်မည်ဖြစ်သည်။

ကျန်းမာရေးဌာနမှ တာဝန်ရှိသူတို့က ယင်းတို့ကို နေ့စဉ်ထိတွေ့ပြောဆိုမှု ရှိချင်မှ ရှိနိုင်ပေမည်။ စားသုံးသူတို့ကသာ နေ့စဉ် တွေ့ဆုံသူများဖြစ်သဖြင့် အသိပညာပေး ပြောကြားသင့်သည်။ ကိုယ်တိုင် ရောဂါ မရစေရန် ကာကွယ်ရာလည်း ရောက်သည်။ စာအုပ်ဖတ်ရှုခြင်းမှသာ ကျန်းမာရေးအသိ ရနိုင်သည်မဟုတ်ဘဲ ကျန်းမာရေးဝန်ထမ်းများနဲ့ တွေ့ဆုံခြင်း၊ မိတ်ဆွေများနဲ့ တွေ့ဆုံခြင်းတို့မှတဆင့်လည်း ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို ရရှိနိုင်သည်။

ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ ကျန်းမာရေး ပညာပေး အစီအစဉ်များကို ထုတ်လွှင့်လျက်ရှိသည်။ သိရှိရသည့် ကျန်းမာရေးသုတတို့ကို မှတ်သားပြီး လိုက်နာလုပ်ဆောင်ရန်သာ ဖြစ်သည်။ အခြေအနေပေါ် မူတည်၍ ရှိပြီးသော အသိဖြင့် ဆောင်ရွက်ရမည် ဖြစ်သည်။

တခါက မိတ်ဆွေတဦးမှာ မီးလောင်ခံရရာ သူ့တူမက စောင်ကိုရေဆွတ်၍ ပတ်ပေးခဲ့သဖြင့် သက်သာရာ ရခဲ့သည်။
ငှက်ဖျားကူးစက်မှု ရှိနိုင်သည့် နေရာသို့ သွားရောက်ရသူအား ကာကွယ်ဆေး သောက်ရန် သတိပေးခြင်းကြောင့် ရောဂါ ကာကွယ်မှု ရရှိခဲ့သည်။
ဂေါက်ရောဂါ စတင်ဖြစ်ပွားနေသူ တဦးမှာ အစားမဆင်ခြင်ဘဲ စားသောက်ခဲ့သည်။ ကညွတ်၊ ကလီစာ၊ မျှစ် စသည်တို့ကို စားခဲ့မိရာမှ ရောဂါ ပိုဆိုးခဲ့သည်။ သူ့အနေဖြင့် မတည့်သော အစာများ ရှိမှန်းလည်း မသိ၊ မေးလည်း မမေးမိသဖြင့် ဝေဒနာ ခံစားခဲ့ရသည်။

အသည်းရောင် အသားဝါ ဘီရောဂါ ကာကွယ်ဆေးကို ကလေးမွေးပြီး ၁၂-နာရီအတွင်း ထိုးသင့်ကြောင်း သိထားသူတို့က ရင်သွေးငယ်ကို ကာကွယ်ဆေး မပျက်မကွက် ထိုးပေးသည်။ ကျန်းမာရေးဆိုင်ရာ တကိုယ်ရေ သန့်ရှင်းမှု လုပ်ဆောင်ရေးအတွက် ကျောင်းသုံးစာအုပ်များတွင် အသိပညာပေး ဖော်ပြထားသည်။ ကျောင်းသူ ကျောင်းသားတို့အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်သော အလေ့အကျင့် ရှိရမည် ဖြစ်သည်။

အေးဒီးစ် ခေါ် ခြင်ကျားသည် အိမ်ရှိ စည်၊ ကန်၊ စဥ့်အိုးတို့တွင် ပေါက်ပွား၍ သွေးလွန်တုပ်ကွေး ရောဂါကို ကူးစက်ဖြစ်ပွားစေသည်။ ယင်း ခြင်ပေါက်ပွားသည့်နေရာများတွင် ဖုံးအုပ်ခြင်း၊ ရေ လှဲလယ်ခြင်း စသည်တို့ကို ပြုလုပ်ရန် လိုအပ်သည်။ လွယ်ကူသော လုပ်ဆောင်မှု ဖြစ်သော်လည်း လက်တွေ့တွင် လုပ်ဆောင်လေ့ မရှိသည်ကို တွေ့ရသည်။ အသိရှိသော်လည်း လက်တွေ့မပါလျှင် အကျိုးမရှိချေ။

ယခုအခါ ကွမ်းစားသူ များလာသည်။ ကွမ်းစားသူတို့က ကွမ်းကြောင့် ရသည့် ရောဂါများအကြောင်းကို မသိဘဲ ရှိနေတတ်သည်။ ခံတွင်းကင်ဆာ ဖြစ်နိုင်ကြောင်း သိရလျှင် သူတို့ ကွမ်းစားဦးမည်လား မသိချေ။ ဖြစ်ကာမှ ဖြစ်ရော၊ ယခုဖြစ်သည် မဟုတ်၍ ကွမ်းကို မဖြတ်နိုင်ဟု သဘောထားသူများပြားသည်။

ကျန်းမာရေးအသိတို့ကို မည်သည့်အချိန်တွင် မဆို အသုံးပြုနိုင်သည်။ မိတ်ဆွေ၊ သူငယ်ချင်းတို့အား ကူညီနိုင်သည်။ ထပ်ဆင့် အသိပေးနိုင်သည်။ ပညာရပ်အသွင်ဖြင့် လေ့လာမှတ်သားခြင်းက အခက်အခဲ မရှိသော်လည်း နိစ္စဓူဝ တွေ့ကြုံမှုများ၊ လုပ်ဆောင်မှုများအပေါ် မူတည်ပြီး ကျန်းမာရေး အတွက် ဆက်စပ်ဂရုပြု လုပ်ဆောင်ခြင်းက အကျိုးရှိစေနိုင်မည် ဖြစ်ပါသည်။

အစာမကိုင်တွယ်မီ လက်ကို ဆပ်ပြာဖြင့် ဆေးကြောခြင်း၊ အိမ်သာမှ အဆင်းတွင်လည်း ဆေးကြောခြင်း၊ နှာချေလျှင် နှာခေါင်းကို အုပ်ထားခြင်း၊ မိမိတွင် ရှိသည့် ရောဂါနှင့် မတည့်သော အစားအသောက်တို့ကို ရှောင်ကြဉ်ခြင်း စသည်တို့မှာ ကျန်းမာရေးအတွက် နေ့စဉ်လုပ်ဆောင်မှုအချို့ ဖြစ်သည်။

ကျန်းမာရေး အသိဖြင့် ကျန်းမာရေးနှင့် ညီညွတ်နိုင်ကြမည် ဖြစ်ပါသည်။

(ဒေါက်တာ အောင်သန်း)
( အပျိုစင်-၂၀၀၅-ဇွန်လ)

Tuesday, December 22, 2009

နေပူထဲ သွားလာ ဆင်ခြင်စရာ

ဆောင်းရာသီရောက်သော်လည်း နေ့ပူ ညချမ်းမို့ နေ့လယ်ပိုင်းတွင် နေပူဒဏ်ကိုခံရမြဲ ဖြစ်သည်။ ဆောင်းရာသီမှ အပူဒဏ်သည် နွေရာသီသို့ ဆက်သွားပြီး အပူဒဏ်ကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ ပူပြင်းသည့် အချိန်တွင် ပတ်ဝန်းကျင် အပူချိန်သည် ၁၀၂-ဒီဂရီ ဖာရင်ဟိုက်မှ ၁၀၇-ဒီဂရီ ဖာရင်စိုက်အထိ မြင့်တက်လာနိုင် သည်။

လူ့ခန္ဓာကိုယ်၏ သာမန် အပူချိန်မှာ ၉၈.၆ ဒီဂရီ ဖာရင်ဟိုက် ဖြစ်သည်။ ခန္ဓာကို အပူချိန် ၁၀၆-ဒီဂရီ ဖာရင်ဟိုက်ရှိလျှင် ကြာရှည်ပါက ဦးနှောက်ကို ထိခိုက်နိုင်သည်။ အပူချိန် ၁၀၉.၆ ဒီဂရီ ဖာ၇င်ဟိုက်ရှိလျှင် သေဆုံးနိုင်သည်။ လူ့ခန္ဓာကိုယ်တွင် အပူထိန်းချုပ်မှု စနစ် ရှိရာ ခန္ဓာကိုယ်အတွင်း အပူချိန် မျှတစေရန် ဆောင်ရွက်ပေးသည်။ ပြင်ပပတ်ဝန်းကျင် အပူချိန်မြင့်တက်လာသော်လည်း ခန္ဓာကိုယ် အပူချိန် မမြင့်တက်စေရန် ထိန်းချုပ်ပေးသည်။

( အပူဒဏ် ပိုမို ခံစားရသူများ)
ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ဖျားနာသူများ၊ အင်အားချည့်နဲ့သူများ၊ ခန္ဓာကို ခုခံအား လျော့နည်း သူများ၊ နာတာရှည် ရောဂါ တမျိုးမျိုးကို ခံစားနေရသူများသည် အပူဒဏ်ကြောင့် အခြေအနေ ပိုမို ဆိုးရွား နိုင်သည်။
ဝလွန်းသူများ၊ အရက်သောက်ထားသူများသည် အပူဒဏ်ကို ပိုမိုခံစားရသည်။
နှလုံးရောဂါ၊ သွေးတိုးရောဂါ လူနာများသည် အပူဒဏ်ကြောင့် ရောဂါထ၍ လေဖြတ်သည်အထိ ဖြစ်နိုင်သည်။

( နေရောင်ခြည်)
အပူဒဏ်ဟု ဆိုရာတွင် နေရောင်ခြည်နှင့် ထိတွေ့ခြင်းမှ ခံစားရမှု ဖြစ်သည်။ ခန္ဓာကိုယ်အပေါ် နေရောင်ခြည်၏ အကျိုးသက်ရောက်မှုသည် နေရောင်ခြည်နှင့် ထိတွေ့မှု အချိန်ကာလအပေါ် မူတည်၍ ကွာခြားသည်။
နေရောင်ခြည်တွင် ခရမ်းလွန်ရောင်ခြည် (ultravioletrays) နှင့် အနီအောက် ရောင်ခြည် (infra red rays) နှစ်ခုအကြားတွင် ရှိသည့် ရောင်ခြည်များ ပါရှိသည်။ ခရမ်းလွန်ရောင်ခြည်သည် လူတို့ကို ပိုမို အန္တရာယ် ဖြစ်စေသည်။

(အပူဒဏ်နှင့် အရေပြား)
နေရောင်ခြည်ရှိ ခရန်းလွန်ရောင်ခြည်ကြောင့် အရေပြားကို အရောင်ရင့်စေသည်။ အသားအရေကို ညိုစေသည်။
နေရောင်ခြည်အောက်တွင် ကြာရှည်စွာ နေထိုင်ပါက ခရမ်းလွန်ရောင်ခြည်သည် အရေပြားကို နီရဲစေပြီး နာကျင်စေနိုင်သည်။ အရေပြား ကင်ဆာအထိပင် ဖြစ်စေနိုင်သည်။

(အပူဒဏ်နှင့် မျက်စိ)
ခန္ဓာကိုယ်ပေါ်သို့ နေရောင်ခြည် ကျရာက်ပါက မျက်စိထဲသို့လည်း ခရမ်းလွန်ရောင်ခြည်များ ၀င်ရောက်ပြီး မျက်စိရောဂါများကို ဖြစ်စေနိုင်သည်။ အများဆုံး တွေ့ကြုံရသည့် မျက်စိရောဂါမှာ မျက်သားတက်ခြင်း ဖြစ်သည်။ မျက်ကြည်လွှာပေါ်သို့ မျက်သားတက်ရာမှ သူငယ်အိမ်ကို ဖုံးအုပ်သွားပြီး မျက်စိကွယ်နိုင်သည်။

ထို့အပြင် မျက်ကြည်လွှာ အပေါ်ယံ နေပူလောင်ခြင်း (photo keratitis) လည်း ဖြစ်နိုင်သည်။ ပင်လယ်ကမ်းခြေ၌ နေပူဆာလှုံသူများ၊ ပင်လယ်ပြင်တွင် အလုပ် လုပ်သူများ၌ ဖြစ်တတ်သည်။ မျက်စိနာခြင်း၊ ကျိန်းခြင်း၊ မျက်ရည်ကျခြင်းတို့ကို ခံစားရသည်။

ခရမ်းလွန်ရောင်ခြည်နှင့် မျက်စိတိမ် ရောဂါ ဖြစ်ပွားမှု ဆက်စပ်ခြင်းရှိသည်ကို လေ့လာတွေ့ရှိထားသည်။ နေကာမျက်မှန်တပ်ခြင်းဖြင့် မျက်စိထိခိုက်မှုမှ ကာကွယ်နိုင်သည်။

(အပူဒဏ် ရောဂါများ)
အပူဒဏ်ကြောင့် အပူရှပ်ခြင်း (heat stress)
အပူဒဏ်ကြောင့် နွမ်းနယ်ခြင်း (heat exhaustion)
အပူဒဏ်ကြောင့် မေ့မြောခြင်း (heat stroke) တို့ ဖြစ်ပွားနိုင်သည်။

အပူရှပ်ခြင်းဖြစ်လျှင် ချွေးထွက်တတ်သည်။ ရေငတ်ခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်းတို့ ဖြစ်နိုင်သည်။ အပူဒဏ်ကြောင့် နွမ်းနယ်ခြင်းဖြစ်လျှင် ချွေးစေးများထွက်ပြီး ခန္ဓာကိုယ်မှာ အေးစက်နေသည်။ ကြွက်တက်တတ်သည်။ မောပန်းနွမ်းနယ်၍ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ပျို့အန်ခြင်းတို့ ဖြစ်နိုင်သည်။ အသက်ရှူကျပ်လာပြီး သတိလစ်သွားနိုင်သည်။

အပူလွန်ကဲသည့်အခါ အပူချိန် ၁၀၄-ဒီဂရီ ဖာရင်စဟိုက်အထက်ရှိပြီး ခေါင်းမူးခြင်း၊ ဂနာမငြိမ် ဖြစ်ခြင်း၊ ကယောင်ကတမ်း ပြောခြင်း၊ အကြောဆွဲခြင်းတို့ဖြစ်၍ အပူချိန် မြင့်သထက်မြင့်လာပြီး သတိလစ် မေ့မြောသွားနိုင်သည်။

(နေပူဒဏ်နှင့် အ၀တ်အစား)
နွေရာသီတွင် အနက်ရောင် အနီရောင် စသည့် ရင့်သောအရောင်ရှိသည့် အ၀တ်များကို မ၀တ်သင့်ချေ။ ရင့်သည့်အရောင်များသည် အပူကို ပိုမိုစုတ်ယူနိုင်သဖြင့် အပူဒဏ်ကို ပိုမို ခံစားရနိုင်သည်။

အရောင်ဖျော့သည် အ၀တ် သို့မဟုတ်-အဖြူရောင်အ၀တ်များသည် အလင်းရောင်ပြန်နိုင်၍ ၀တ်ဆင်သင့်သည်။ ပွသော ချည်ထည်အ၀တ်များသည် အသင့်လျော်ဆုံး ဖြစ်သည်။ အ၀တ်ပါးပါးသည် အပူရှိန် ရောင်ပြန်ဟပ်မှုကိုပါ ကာကွယ်ပေးသည်။

(အမိုး အကာ သယ်ယူစရာ)
နေပူထဲသို့သွားလျှင် ထီး၊ ဦးထုပ်၊ ခမောက်၊ တခုခုကို ဆောင်း၍ သွားသင့်သည်။ သို့မှသာ နေရောင်ခြည်ရှိ ခရမ်းလွန်ရောင်ခြည်နှင့် အရေပြား တိုက်ရိုက် ထိတွေ့မှုအား ကာကွယ်နိုင်မည် ဖြစ်သည်။

(နေပူထဲ ရှောင်စရာ)
နေပူထဲတွင် ရေချိုးခြင်း၊ ရေကူးခြင်းများကို ပူပြင်းသောအချိန်၌ မပြုသင့်ချေ၊ နေပူထဲမှ ပြန်လာပြီး ချက်ချင်း ရေချိုးခြင်းကိုလည်း ရှောင်ကြဉ်သင့်သည်။ အရိပ်တွင် နားပြီးမှသာ ရေချိုးသင့်သည်။

ကလေးများသည် နေပူထဲတွင် ကစားတတ်ရာ လူကြီးများကလည်း ဂရုမပြုမိဘဲ ရှိတတ်သည်။ နေပူထဲတွင် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်သင့်ချေ။

(အပူဒဏ် ကုသရေး)
ချွေးထွက်များလျှင် ရေကိုမကြာခဏ သောက်ပေးရမည် ဖြစ်သည်။ ရေနှင့် ဆားဓာတ်တို့ ဆုံးရှုံးမှုကို ပြန်လည်ဖြည့်းတင်းပေးရန် ရေ-သို့မဟုတ် ရေနွေးကြမ်းတွင် ဆား အနည်းငယ်ထည့်၍ သောက်နိုင်သည်။ ဓာတ်ဆားထုပ် ရှိလျှင်လည်း ဖျော်သောက်နိုင်သည်။ ထို့အပြင် သစ်သီးဖျော်ရည်များကိုလည်း သောက်နိုင်သည်။

မိတ်ဖု ယားနာဖုများ ထွက်လျှင် ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါး လိမ်းခြင်းတို့ကို ပြုလုပ်ရသည်။ နာရီပိုင်းအတွင်း ကိုယ်အလွန်ပူပြီး အရေပြားနီမြန်းခြင်း၊ ကယောင်ကတမ်း ပြောခြင်းတို့ဖြစ်လျှင် ဆေးရုံဆေးခန်းသို့ပြ၍ ကုသမှုကို ခံယူသင့်ပါသည်။

(ဒေါက်တာ အောင်သန်း)
( အပျိုစင်-၂၀၀၇-ဇန်န၀ါရီ)

ယနေ့ခေတ် ရင်သားကင်ဆာ ကုသနည်းများနှင့် အလားအလာ

ယနေ့ခေတ် ရင်သားကင်ဆာ ကုသနည်းများအနက် intra-operative radiotherapy (Targit) ခေါ် နည်းသစ်တမျိုး ပေါ်ထွန်းလာ၏။ ယင်းကို ရှင်းပါအံ့။ ယခင်ကဆိုလျှင် ခွဲစိတ်ဆရာဝန်က ကင်ဆာဖြစ်နေသော ရင်သားကို ဖယ်ရှားရုံတွင်မက သူမ၏ ရင်ဘတ်မှ ကြွက်သားများ၊ လင့်ဖ်အကျိတ်များ ၊ အချို့ အဆီနှင့် အရေပြားများကိုလည်း လှီးထုတ်ဖယ်ရှားပစ်လေ့ ရှိခဲ့ပါသည်။ ယင်းသို့ ခွဲစိတ်မှုမျိုးက သူမ၏ ရင်ဘတ်အား အကျည်းတန် အရုပ်ဆိုးစေခဲ့သည်မှာတော့ အမှန်ပင်။

ယနေ့ Targit ကုသနည်းမှာ စောစောပိုင်း ဖြစ်လေ့ရှိသော ရင်သား ကင်ဆာများ၏ ၉၀-ရာခိုင်နှုန်းသည် ယခင်မူက ကင်ဆာအကျိတ်ရှိရာ နေရာမှပင် ပြန်ဖြစ်လေ့ရှိသည်ဟူသော အယူအဆအပေါ် မူတည်၍ ထားခြင်း ဖြစ်၏။ ထို့ကြောင့် ကုသမှုကို ယင်းတနေရာတည်း အပေါ်၌သာ စူးစိုက်ထားလိုက်၏။ Targit တွင် ခွဲစိတ်ဆရာဝန်က ရင်သားအကျိတ် (tumour) အား သပ်သပ်ရပ်ရပ် ဖြတ်ထုတ်လိုက်ပြီးနောက် ထိုနေရာသို့ ထိပ်ဖျားတွင် သေးငယ်သော သတ္ထုအလုံးငယ်ပါဝင်သော အတံငယ်ဖြင့် ရင်သားတစ်သျှူးအတွင်းကို ဖြတ်၍ ထိုးသွင်းကာ ရေဒီယိုလှိုင်း (radio waves) များအား ကင်ဆာဖြစ်သော နေရာသို့ တိုက်ရိုက် သက်ရောက် စေသောနည်း ဖြစ်ပါသည်။ ထိုသတ္ထုအတံငယ် (probe) ၏ နေရာကို ဆရာဝန်က ကျေနပ်ပြီဆိုသည်နှင့် အီလက်ထရွန် ဂျင်နရေတာ (electron generator) အား ခလုတ်ဖွင့်ရန် ဆရာဝန်က အချက်ပြလိုက်၏။ ထိုအတံငယ်၏ ထိပ်မှ အလွန်ပျော့ပျောင်းသော ဓာတ်မှန်ရောင်ခြည် (spft-Xrays) များက ထွက်ပေါ်၍ လာပေသည်။ ၂၅-မိနစ်ခန့်အကြာ ဓာတ်ရောင်ခြည်ပေးပြီးသောအခါ ထိုအတံငယ်ကို ဆွဲထုတ်လိုက်၏။ ထို့နောက် ခွဲစိတ်ထားသော ဒဏ်ရာငယ်အား ခွဲစိတ်ကုသမှု အဖွဲ့က ပြန်ချုပ်လိုက်တော့၏။ ယင်းကုသနည်းသစ်မှာ ကင်ဆာ အကျိတ်အား ဖယ်ရှားနိုင်ရုံမျှမက ရက်သတ္တအပတ်ပေါင်းများစွာ ဓာတ်ရောင်ခြည် ကုသမှု (radiotherapy) ခံယူရသော ဒုက္ခမှလည်း ကင်းဝေးစေပါသည်။

နိုင်ငံတကာ ကင်ဆာသုတေသနအဖွဲ့ကြီး၏ ၂၀၀၂-ခုနှစ် အစီရင်ခံစာအရ အရှေ့တောင်အာရှဒေသ တခုတည်းမှာပင် ရင်သားကင်ဆာအသစ် ဖြစ်ပွားသူပေါင်း ၅၈.၄၉၅ ရှိပြီး ၂၆.၈၁၈ သေဆုံးခဲ့သည်ဟု သိရပါသည်။ သို့သော် ကင်ဆာရောဂါ ကျွမ်းကျင်သူများက အသစ်ပေါ်ထွန်းလာပြီး ထိရောက်သော ကုသမှုများကြောင့် အနာဂတ်တွင် အခြေအနေများ ပိုမိုကောင်းမွန်လာမည်ဟု ယူဆကြပါသည်။ ကသမှုစရိတ်လည်း လျော့ကျ၍လာကာ သေဆုံးမှုနှုန်း လျော့နည်းသွားပြီး ရှင်သန်မှုနှုန်း ပိုမိုလာမည်ဟု မျှော်လင့်ကြပါသည်။

ဆောင်းပါး၏အစတွင်ဖော်ပြခဲ့သော Targit ကုသနည်းသစ်ကို အာရှတိုက်သား ရောဂါရှင်များ အကျိုးခံစား ကြရတော့မည်မှာ မလွဲပေ။ ယခု နှစ်ကုန်ပိုင်းတွင် ဘန်ကောက်မြို့၌ Targit ကုသမှုဖြင့် ကုသနိုင်တော့မည် ဖြစ်ပြီး ဂျပန်နှင့် မလေးရှား ကျန်းမာရေးဌာနများမှလည်း ယင်းနည်းကို အသုံးချရန် စဉ်းစားနေကြပြီ ဖြစ်ပါသည်။ ယူကေနိုင်ငံမှ ဦးဆောင်၍ ရှစ်နှစ်အတွင်း တကမ္ဘာလုံးတွင် ရင်သားကင်ဆာ လူနာပေါင်း ၆၀၀-ကျော်ကို Targit ကုသနည်းသစ်ဖြင့် စမ်းသပ် ကုသခဲ့ပြီး ဖြစ်ပါသည်။

ယခင်ကဆိုလျှင် ခွဲစိတ်အထူးကု ဆရာဝန် (surgeon) က ရောဂါအကျိတ်ကို ခွဲစိတ်ထုတ်ရုံတင်မကပဲ လူနာ၏ ချိုင်းတ၀ိုက်မှ လင့်ဖ် အဖု (lymph nodes) ၁၀-ခုမှ အခု ၂၀ ခန့်ကိုလည်း ထုတ်ပစ်လေ့ရှိ၏။ ယင်း လင့်ဖ်အဖုများကို ဓာတ်ခွဲခန်းသို့ ပို့၍ စစ်ဆေးကြည့်တတ်၏။ အကယ်၍ ကင်ဆာ ဆဲလ်များကို တွေ့ရှိပါက ကင်ဆာဆေး (chemotherapy) များ သွင်း၍ တကိုယ်လုံးအား ကုသလေ့ရှိ၏။ ယင်းခွဲစိတ်ကုသနည်းမှာ ယင်းနေရာ တ၀ိုက်ရှိ သွေးကြောငယ်များကို ပျက်စီးစေပြီး ဓာတ်ရောင်ခြည် (radiation) ကုသမှုပေးခဲ့လျှင်လည်း ပိုမို၍ အန္တရာယ် ဖြစ်စေနိုင်ပါသည်။ ယင်းကုသမှုကြောင့် လင့်ဖ်အရည်များ စီးဆင်းမှုမရှိတော့ဘဲ ထုံလာခြင်း၊ ရောင်ရမ်းလာခြင်း၊ နာကျင်မှုများ ဖြစ်ပေါ်စေကာ ရောဂါပိုးမွှားများ ကပ်ညှိပြီး လူနာအား မသန်မစွမ်းဘ၀သို့ ရောက်သွားစေနိုင် ပါသည်။

ယနေ့ခေတ် ခွဲစိတ်ကုသမှုတွင်မူ lumpectomy ခေါ် ကင်ဆာအကျိတ်ကို ထုတ်ပစ်လိုက်ပြီးနောက် ယင်းအကျိတ်နှင့် အနီးစပ်ဆုံး လင့်ဖ်အကျိတ်တခု (ယင်းအကျိတ်ကို sentinel ilmph node ဟု ခေါ်၏။) နှင့် ချိုင်းတ၀ိုက်မှ လင့်ဖ်အကျိတ် နှစ်ခုကိုသာ ခွဲစိတ် ထုတ်ယူတော့၏။ ယင်းကုသမှုကို sentinel node biopsy ဟုခေါ်ပါသည်။ ရင်သားကင်ဆာ လူနားများအတွက် ပိုမို ညင်သာသော ခွဲစိတ်ကုသမှု တရပ်ဖြစ်ပေသည်။

ရင်သားတခုအတွင်းတွင် ကင်ဆာအကျိတ် ရှိရုံဖြင့် လူတယောက်အား မသေစေနိုင်ပါ။ ကင်ဆာအကျိတ်မှ ကင်ဆာဆဲလ်များ ကျွတ်ထွက်လွတ်မြောက်လာကာ ခန္ဓာကိုယ်၏အခြား နေရာများသို့ ပျံ့နှံ့ရောက်ရှိသွားမှသာ လူနာအား အသက်အန္တရာယ် ဖြစ်စေနိုင်ပါသည်။ ယင်းလွတ်မြောက်နိုင်သော နည်းလမ်း တခုမှာ lympy system ဖြစ်၏။ ယင်း system မှာ လင့်ဖ်အရည်များ ပါဝင်သော လမ်းကြောင်း(highway) ကြီး ဖြစ်ပြီး ခုခံမှုစနစ် ဆဲလ်များ ၊ အောက်စီဂျင် ဆဲလ်များ၏ စွန့်ပစ်ပစ္စည်း အာဟာရဓာတ်များ အားလုံး ယင်းလင့်ဖ် အရည်များက သယ်ဆောင်ပေး၏။ ထို့အပြင် ယင်းလင့်ဖ်အကျိတ် (lymph nodes) များက ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များကို တားဆီးပေးကာ သွေးဖြူဥများက ယင်းတို့ကို သတ်နိုင်အောင် ကူညီပေး၏။ ထို့ကြောင့် လူတယောက်တွင် ရောဂါပိုး ကူးစက်ခံရပြီဆိုပါက လင့်ဖ်အကျိတ်များ ကြီးထွားရောင်ရမ်းလာပါသည်။ ထိုလင့်ဖ်အကျိတ်များက ကင်ဆာဆဲလ်များကိုလည်း တားဆီး စုဆောင်းပေး၏။ ထို့ကြောင့် ရင်သားကင်ဆာအား ခွဲစိတ်ကုသမှုတွင် နှစ်ပေါင်းများစွာမှသည် ယနေ့ခေတ်တိုင် လင့်ဖ်အကျိတ်များကို ထုတ်ပစ်ခြင်း (lymph node dissection) မှာ အဆင့်တခုအနေဖြင့် ပါဝင်မြဲဖြစ်ပေသည်။ ယနေ့ခေတ်တွင် sentinel node biopsy ကုသနည်းတွင် ကင်ဆာရောဂါဖြစ်နေသော နေရာနှင့် ပထမ အနီးစပ်ဆုံး sentine lymph node တခုအား ဖြတ်ထုတ်၍ biopsy လုပ်ကြည့်ခြင်းဖြင့် ကင်ဆာရောဂါ ပြန့်ပွားမှု ရှိ-မရှိ ချက်ချင်း သိနိုင်ပေသည်။ သို့သော် ယင်း biopsy နည်းမှာလည်း ကင်ဆာရောဂါမရှိဟု မှားယွင်းစွာ ပြသနိုင်ပြီး အထူးသဖြင့် ကျွမ်းကျင်မှုရှိပြီး အတွေ့အကြုံများသော ခွဲစိတ်ဆရာဝန်များ များစွာလိုအပ်သေးသည်ဟု သိရှိရပါသည်။

ယနေ့ခေတ် ရင်သားကင်ဆာကု ဆေးနှစ်မျိုး (ကင်ဆာအား အာဟာရ ဖြတ်တောက်နည်း)
ပထမတမျိုးမှာ tamoxifen ဖြစ်၏။ ရင်သားကင်ဆာ၏ ၆၀ ရာခိုင်နှုန်းမှာ အီစထရိုဂျင် ဟော်မုန်း၏ တွန်းအားပေးမှုကြောင့် ဟု ယူဆကြ၏။ tamoxifen က ဓာတုဗေဒနည်းအရ အီစထရိုဂျင် ဟော်မုန်းများ ရင်သားကင်ဆာဆဲလ်များ အပေါ် ငြိတွယ်မှုကို တားဆီးပေး၏။ tamoxifen ဆေးက ရင်သားကင်ဆာ ပြန်လည်ဖြစ်ပွားမှုအား ၄၀-ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်၏။ လွန်ခဲ့သော အနှစ် ၂၀ ခန့်က ဆိုလျှင် tamoxifen က ခန္ဓာကိုယ်အား ပျံ့နှံ့မှုရှိပြီး ရင်သားကင်ဆာရောဂါများအား ကုသရာ၌ အကောင်းဆုံးဖြစ်ခဲ့၏။

ဒုတိယဆေးအမျိုးအစားမှာ aromatase inhibitors ဖြစ်ပြီး letrozole ဆေး အပါအ၀င် ဖြစ်၏။ ရင်သားကင်ဆာ ရောဂါကုထုံး အတွက် တိုးတက်မှုတရပ် ဖြစ်၏။ အရိုမာတေ့စ် (aromatase) ခေါ် အင်ဇိုင်းက တက်စတိုရုံနှင့် ဆက်စပ်ဟော်မုန်းများအား အီစထရိုဂျင် အဖြစ်သို့ပြောင်းပေး၏။ ယင်းအင်ဇိုင်းအား တားဆီး ပိတ်ဆို့လိုက် သည်နှင့် အီစထရိုဂျင် ထုတ်လုပ်မှုမှာ ရပ်ဆိုင်းသွားတော့၏။ အီစထရိုဂျင်ကို အမျိုးသမီးဟော်မုန်းဟု အများက နားလည်ထားကြသော်လည်း ယင်းဟော်မုန်းကပင် (anti-female) အမျိုးသမီး ဆန့်ကျင်ရေးဖြစ်ကာ ရင်သားကင်ဆာကို ဖြစ်ပေါ်စေခြင်းက တမျိုး ထူးဆန်း၍ နေပေသည်။

ထို့ကြောင့် ယနေ့ခေတ် ရင်သားကင်ဆာ ကုထုံးများ၏ ချဉ်းကပ်မှုတွင် ကင်ဆာဆဲလ်များ အီစထရိုဂျင် ဟော်မုန်းဓာတ်အား မရရှိတော့ဘဲ ရိက္ခာပြတ်တောက်ကာ သေပွဲဝင် ပျက်စီးကုန်ကြစေခြင်းပင် ဖြစ်၏။
ရင်သားကင်ဆာ လူနျားများတွင် တခါတရံ လူနာ၏ဥအိမ်များ (ovaries) ကို ထုတ်ပစ်ခြင်းဖြင့်လည်း အီစထရိုဂျင်ဟော်မုန်း ပမာဏကို လျှော့ချပစ်လေ့ရှိ၏။

နိုင်ငံတကာ ရင်သားကင်ဆာ လေ့လာရေးအုပ်စုတစုက ရင်သားကင်ဆာ ဖြစ်ပြီး ပြန်လည်နေကောင်းလာသော သွေးဆုံးပြီး အမျိုးသမီး ၈၀၁၀-ယောက်အား လေ့လာခဲ့ရာ letrozole ဆေးအား ငါးနှစ် သောက်သုံးခဲ့သူများမှာ tamoxifen ဆေး သောက်သုံးခဲ့သူများနှင့် နှိုင်းစာလျှင် ရင်သားကင်ဆာ ရောဂါ ပြန်လည်ဖြစ်ပွားမှုနှုန်း ၁၉-ရာခိုင်နှုန်းခန့်ပင် လျော့နည်းသွားကြောင်း တွေ့ရှိကြရ၏။

ယနေ့ခေတ်တွင်မူ aromatase inhibitors ဆေးများက tamoxifen ထက် အစွမ်းထက်ကြောင်း လက်ခံလာကြပြီဖြစ်၏။ သို့သော် ယင်းက ကုန်ကျစရိတ်နှင့် side-effects များကလည်း ရှိသေးပြီး လေ့လာရန် လိုအပ်နေပါသေးသည်။ letrozole အပြင် anastrozole (US) ဟုခေါ်သော နောက်ဆေးတမျိုး ပေါ်လာပြန်၏။ (ယင်းတို့ နှစ်ခုစလုံး မျိုးတူပင် ဖြစ်၏။) anastrozole က tamoxifen ထက် အရိုးကျိုးမှုနှင့် အရိုးပါးမှုများကို ပိုမို ဖြစ်စေသော်လည်း သားအိမ်ကင်ဆာနှင့် သွေးခဲမှုများ ဖြစ်ပေါ်မှုကို လျော့နည်းသွားစေသည်ဟု ဆိုပါသည်။

အမေရိကန် နိုင်ငံ၏ တရားဝင်စာရင်းဇယားအရ ရင်သားကင်ဆာ ရောဂါရှင်များ၏ အသက်ရှင်မှု ရာခိုင်နှုန်းမှာ ၉၇-ရာခိုင်နှုန်း အထိ တိုးတက်လာ၏။ (၁၉၄၀ ခုနှစ်က အသက်ရှင်မှု ၇၂-ရာခိုင်နှုန်းပဲ ရှိ၏။) အာရှ ကင်ဆာအထူးကု ဆရာဝန်များက အမေရိကန်နိုင်ငံ၏ တိုးတက်မှု ကိန်းဂဏန်းများကို မမီနိုင်သေးသော်လည်း ယနေ့ခေတ် ရင်သားကင်ဆာ ရောဂါအား စောစီးစွာ ရှာဖွေတွေ့ရှိနိုင်မှုနှင့် မျိုးဆက်သစ် ကုသမှုများက ကွာဟနေသော အသက်ရှင်သန်မှု ကိန်းဂဏန်းရာခိုင်နှုန်းအား မလွဲမသွေ တိုးတက်မှု ရှိစေလာနိုင်လိမ့်မည်ဟု ယုံကြည်လျက် ရှိကြပါကြောင်း။



(စစ်ဆေးခြင်း)
စောစောတွေ့လေ ကောင်းလေ-
နာကျင်မှုကင်းသော ကုသမှုက အမျိုးသမီးများအတွက် ဆွဲဆောင်မှုတရပ်ဖြစ်၏။ သို့သော် ရင်သားကင်ဆာ ရှိကြောင်း စောစောမသိခဲ့ပါက သိပ်အကျိုးမရှိလှပေ။ အသက် ၄၀-ကျော် အမျိုးသမီးးများအတွက် နှစ်စဉ် မင်မိုဂရပ်ဖီ (mammography) စမ်းသပ်မှုကို ပြုသင့်လှပေသည်။ ယင်းစမ်းသပ်မှုအား ပိုမို တိုးတက်ကောင်းမွန်ရန် သို့မဟုတ်-အခြား test တခုခုဖြင့် အစားထိုးရန် စသည်တို့ကိုလည်း သိပ္ပံပညာရှင်များ ကြံဆနေကြဆဲ ဖြစ်၏။

ပိုမိုတိကျ ပေါ်လွင်သော အရုပ်များ-
ဒစ်ဂျစ်တယ်လ် မင်မိုဂရပ်ဖီ (digital mammography) က X-rays ရောင်ခြည်ကို အသုံးပြု၍ ကင်ဆာရောဂါ၏ ပုံရိပ် (image) ကို ဖမ်းယူတတ်၏။ ရောင်ခြည်ကို လက်ခံသော digital receptors များ အထူးကောင်းမွန် ဖို့လည်း လိုသေး၏။ အမျိုးသား ကင်ဆာဌာနကြီးမှ ဓာတ်မှန် ပညာရှင် ဒင်နီယယ်လ်ဆူလီဗန်က ဒစ်ဂျစ်တယ် နည်းဖြင့် စမ်းသပ်ခြင်းက သာမန်ရိုးရိုး မင်မိုဂရပ်ဖီ စမ်းသပ်နည်းထက် ပုံရိပ်များ၏ အလင်းအမှောင် ပိုမိုသဲကွဲပြီး အဆင့်လိုက် ပုံဖော်နိုင်ကြောင်း ရှင်းပြခဲ့၏။ အမျိုးသမီး လူနာပေါင်း ၅၀.၀၀၀၏ စမ်းသပ်မှု ပုံရိပ်များကိုလေ့လာ နှိုင်းယှဉ်နေဆဲ ဖြစ်၏။

အခြားပုံရိပ် ဖော်စပ်နည်း နှစ်ခုမှာ MRI (magnetic resonance imaging) နှင့် အာထရာဆောင်း (ultrasound) တို့ ဖြစ်ကြ၏။ ယင်းစမ်းသပ်မှု နှစ်ခုလုံး လူသိများ၏။ ယင်းစမ်းသပ်မှု နှစ်ခု၏ အားသာချက်မှာ mammography က ရှာမတွေ့နိုင်သော ထူထဲသည့် ရင်သား တစ်သျှူးကို ဖောက်၍ ရင်သားကင်ဆာအကျိတ်ကို ရှာဖွေတွေ့ရှိနိုင်ခြင်း ဖြစ်၏။

ရင်သားဆဲလ် စမ်းသပ်မှု-
စမ်းသပ်မှုသုံးမျိုးရှိရာ ဆရာဝန်များက ရင်သားပြွန်များထဲမှ ဆဲလ်များကို ယူ၍ စမ်းသပ်ခြင်း ဖြစ်၏။ ယင်းပြွန် (ducts) များမှာ ရင်သားကင်ဆာ ဖြစ်ရန် တာစူနေသော ဆဲလ်များ သို့မဟုတ်-ကင်ဆာဆဲလ်များ ဟုတ်-မဟုတ်ကို စမ်းသပ်ကြည့်ခြင်းဖြစ်၏။ ယင်းစမ်းသပ်မှုက ကင်ဆာ ရှိ-မရှိ စောစောသိနိုင်သော်လည်း ဆရာဝန်က ဆံချည်မျှင်တမျှ သေးငယ်လှသော ကသီတာ ပြွန်လေးကို ရင်သားပြွန်များထဲသို့ ထိုးထဲ့ကာ စစ်ဆေးမည့် ဆဲလ်များကို စုဆောင်းယူရခြင်းက နည်းပညာအားဖြင့် လက်ဝင်လှသည်ဟု ဆိုရပေမည်။ အချို့က နို့သီးခေါင်းမှ အရည် (fluid) ကို စုတ်ယူပြီး စမ်းသပ်မှုများ ပြုလုပ်ခြင်းလည်း ရှိ၏။ ဒေါက်တာ ဆူလီဗန်က အလွန် ချောင်ကျသော ရင်သားပြွန်များမှ သံသယဖြစ်ဖွယ် ဆဲလ်များကို ရယူနိုင်ခြင်း မရှိဘဲ ရောဂါအား မှန်းဆရာ၌ လွဲသွားမည်ကို စိုးရိမ်မကင်း ရှိနေပေသည်။

တံတွေး နမူနာ-
သုတေသနပညာရှင်များက အမျိုးသမီးတဦး၏ တံတွေး သို့မဟုတ်-သွေးကို စစ်ခြင်းဖြင့် ရင်သားကင်ဆာ ရောဂါ ရှိ-မရှိကို သိရှိနိုင်ရန် ကြိုးစားဖော်ထုတ်လျက် ရှိကြပေသည်။ ယင်းချဉ်းကပ်နည်းမှာ အောက်ဖော်ပြပါ အခြေခံအချက်ဖြစ်သော ဆဲလ်များ အားလုံးက ဓာတုဒြပ်စင် (chemicals) များကို ထုတ်လွှင့်နေကြသည် ဆိုသော အချက်ပေါ်မူတည်၍ စဉ်းစားလာကြခြင်း ဖြစ်၏။ သာမန်ဆဲလ်များ မဟုတ်တော့သော ကင်ဆာဆဲလ်များကလည်း သာမန်နှင့်မတူ ကွဲပြားခြားနားသော ဓာတုဒြပ်စင်များကို ထုတ်လွင့်လာကြ၏။ ယင်းစမ်းသပ်မှုများ အတည်ဖြစ်လာရန် ၅-နှစ်မှ ၁၀-နှစ်ခန့်အထိ အချိန်ယူရဦးမည် ဖြစ်ပါသည်။

( ဒေါက်တာ ဇော်သန်း)
( အပျိုစင် ၂၀၀၆-နိုဝင်ဘာ)

အိပ်မပျော် ဝေဒနာ အဖြေရှာ

အမျိုးသမီးများသည် အမျိုးသားများထက် ပိုမို၍ အိပ်မပျော်သော ဝေဒနာကို ခံစားရသည်ဟု ဆိုကြသည်။ အိပ်မပျော်ခြင်းကြောင့် စိတ်တိုခြင်း၊ အားအင်ကုန်ခန်းခြင်း၊ စိတ်ကူးဉာဏ် နိမ့်ကျခြင်းတို့ကို ဖြစ်စေသည်။ ထို့အပြင် စိတ်ဓာတ်ကျစေနိုင်သည်။ နှလုံးရောဂါနှင့် အ၀လွန်ရောဂါတို့ကိုလည်း ဖြစ်စေနိုင်သည်။ သုတေသနပြုရာတွင် အိပ်မပျော်ခြင်းသည် ဆာလောင်မှုကို ထိန်းချုပ်သည့် ဟော်မုန်းများ ထုတ်လုပ်မှုကို တားဆီးကြောင်း တွေ့ရှိရသည်။

နောက်ဆုံး တွေ့ရှိချက်များက အအိပ်နည်းသော အမျိုးသမီးတို့သည် ပိုမို ၀ဖြိုးသည်ဟု ဆိုသည်။ အမျိုးသမီးများသည် ရာသီ စလာသည့် အသက်အရွယ်၊ ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးချိန်တို့တွင် အိပ်မပျော်သည့် ဝေဒနာကို အများဆုံး ခံစားရနိုင်သည်။

( ရာသီလာချိန် )
လေပွခြင်း၊ ကိုယ်လက် နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်းတို့သည် ညပိုင်း၌ အိပ်မပျော်မှုကို ဖြစ်စေတတ်သည်။ ရာသီလာချိန်တွင် ဟော်မုန်းဓာတ် ပြောင်းလဲခြင်းကြောင့် ခန္ဓာကိုယ်နှင့် အာရုံကြော စနစ်ကိုပါ ထိခိုက်စေရာမှတဆင့် အိပ်မပျော်ခြင်းကို ဖြစ်စေသည်။
ဝေဒနာများမှာ ရာသီလာချိန်၌ ခဏသာ ဖြစ်ပွားသည်။ အကိုက်အခဲပျောက်ဆေး တခုခုကိုသောက်ခြင်းဖြင့် သက်သာသည်။ အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်သည့် ကဖင်းဓာတ်ပါသော ကော်ဖီ၊ လက်ဖက်ရည်တို့ကို ရှောင်ကြဉ်ရမည် ဖြစ်သည်။
ရာသီလာပြီးနောက်ပိုင်းတွင် ဝေဒနာများ အလိုအလျောက် ပျောက်ကင်းကာ အိပ်မပျော်ခြင်းပါ ပျောက်ကင်းသွားသည်။

( ကိုယ်ဝန်ဆောင်ချိန် )
ကိုယ်ဝန်ဆောင်ချိန်တွင် ဆီး မကြာခဏ သွားခြင်း၊ နေ့လယ်ပိုင်းတွင် အိပ်ခြင်းတို့ ဦးစွာဖြစ်ပွား၍ နောက်ပိုင်းတွင် နွမ်းနယ်ခြင်း၊ ရင်ပူခြင်း၊ ကျောအောင့်ခြင်းတို့ ဖြစ်တတ်သည်။
အမျိုးသမီးဟော်မုန်း နှစ်မျိုးရှိရာ အီစထရိုဂျင်နှင့် ပရိုဂျက်စထရုန်းတို့ ဖြစ်ကြသည်။ သွေးထဲရှိ ပရိုဂျက်စထရုန်း မြင့်မားမှုကြောင့် အိပ်ချင်စိတ်ကို ဖြစ်စေသည်။ ၀မ်းတွင်းရှိ ကလေးငယ်က ခန္ဓာကိုယ်တွင်းရှိ အင်္ဂါများပေါ်သို့ ဖိထားခြင်းကြောင့် နွမ်းနယ်ခြင်း၊ ရင်ပူခြင်း စသည့် ဝေဒနာများ ဖြစ်လာရသည်။ အိပ်မပျော်ခြင်းကို ဖြစ်စေသည်။
နေ့လယ် စောစောပိုင်းတွင် ခဏတာ လဲလျောင်းအိပ်စက် အနားယူသင့်သည်။ ရင်ပူခြင်းမှ ကာကွယ်ရန် အပူအစပ် ပါသည့် အစားအစာများကို ရှောင်ကြဉ်ရမည် ဖြစ်သည်။

( သွေးဆုံးချိန် )
သွေးဆုံးချိန်တွင် အမျိုးသမီး အများအပြားသည် ညပိုင်းတွင် ချွေးထွက်ခြင်း၊ အသားအရေ ပူခြင်း၊ မျက်နှာနီမြန်းခြင်း၊ စသည့်ဝေဒနာတို့က အိပ်မပျော်ခြင်းကို ဖြစ်စေသည်။ နောက်ဆုံး တွေ့ရှိချက်များက ဦးနှောက်ထိခိုက်မှုသည် ပိုမို ရှုပ်ထွေးနိုင်သည်ဟု ဆိုသည်။
ကိုယ်ဝန်ဆောင်ချိန်တွင် အိပ်မပျော်ခြင်း အပါအ၀င် ဝေဒနာများ ဖြစ်ပွားရခြင်းသည် အီစထရိုဂျင်နှင့် ပရိုဂျက်စထရုန်း ဟော်မုန်းများ လျော့နည်းမှုကြောင့် ဖြစ်ရသည်။
ပန်ကာကို အသုံးပြုခြင်း သို့မဟုတ်-လေအေးစက်ရှိသည့် အခန်းတွင် နေခြင်းတို့က ပူလောင်မှုကို သက်သာစေသည်။ ဟော်မုန်း အစားထိုး ကုသခြင်းကို အများအားဖြင့် ပြုလုပ်ကြသည်။ ယင်းကုထုံးက သွေးကြောတွင်း သွေးခဲခြင်း သို့မဟုတ်-ကင်ဆာ အချို့ကို အခြေအနေ ပိုမိုဆိုးရွားစေခြင်းတို့ ဖြစ်စေနိုင်သည့် အန္တရာယ် ရှိသည်။

( စိတ်ဖိစီးမှု ရှိချိန် )
စိတ်ဖိစီးမှု (stress) ဖြစ်သည့်အခါ ခေါင်းကိုက်ခြင်း၊ နွမ်းနယ်ခြင်းတို့နှင့် အတူ အိပ်မပျော်ခြင်းပါ ဖြစ်နိုင်သည်။ ခံစားရသည့် စီးပွားရေး၊ အလုပ်အကိုင်၊ လူမှုရေး စသည့် ပြဿနာတို့ကြောင့် ဖြစ်လာရသည့် စိတ်ဖိစီးမှုကြောင့် အိပ်မပျော်လျှင် သာမန် အိပ်ပျော်စေသည့် နည်းလမ်းများ ဖြစ်သော စိတ်ကူးမှုမပြုခြင်း၊ စတင် အိပ်ချင်စိတ် ဖြစ်လာသည်နှင့် အိပ်ရာထဲ ၀င်အိပ်ခြင်း၊ မအိပ်မီ စာအနည်းငယ် ဖတ်ခြင်း၊ အိပ်ခါနီး လက်ဖက်ရည်၊ ကော်ဖီ၊ အစားအစာ စားသောက်မှုအား ရှောင်ကြဉ်ခြင်း စသည့် လုပ်ဆောင်မှုတို့ကို ပြုလုပ်ရမည်ဖြစ်သည်။ လေ့ကျင့်ခန်း ပြုလုပ်ရန်လည်း လိုအပ်သည်။
အိပ်ပျော်ဆေးများသည် ခေတ္တသာ သောက်သင့်သော ဆေးများဖြစ်သည်။ အက်တီဗင် (Ativan) ကဲ့သို့ ဆေးများသည် စိုးရိမ်သောက ပြေပျောက်ရန် သုံးသော်လည်း နေ့လယ်ပိုင်းတွင် အိပ်ချင်စိတ်ကို ဖြစ်စေသည်။

( စိတ်ရောဂါ )
စိတ်ရောဂါ ခံစားရသည့်အခါ၊ အထူးသဖြင့် စိတ်ကျရောဂါ (depression) ခံစားရသည့်အခါ အိပ်ရာမှ စောစီးစွာ နိုးခြင်း၊ နေ့လယ်တွင် အိပ်ချင်စိတ် များခြင်း၊ ညပိုင်းတွင် နုန်းခွေခြင်းနှင့် အိပ်မပျော်ခြင်းတို့ ဖြစ်သည်။
စိတ်ကျရောဂါဖြစ်သည့်အခါ ဦးနှောက်ရှိ ဓာတုပစ္စည်းများ ပြောင်းလဲမှု ဖြစ်ခြင်းကြောင့် အိပ်ပျော်မှုကို ထိခိုက်စေသည်။
စိတ်ကျရောဂါ ကုသဆေးများက ဝေဒနာကို သက်သာပျောက်ကင်းစေသည်။ စိတ်ကုထုံး (psychotherapy) သည်လည်း ထိရောက်မှုရှိသည်။

( စိုးရိမ် သောက )
စိုးရိမ်သောကဖြစ်လျှင် ညပိုင်းတွင် အိပ်မပျော်ခြင်း၊ အိပ်ရာမှ ရုတ်တရက် လန့်နိုးခြင်းတို့ ဖြစ်တတ်သည်။ စိုးရိမ်သောကကြောင့် ခန္ဓာကိုယ်အတွင်း ဓာတုပစ္စည်းများ ထွက်ရှိစေပြီး ယင်းတို့က အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်းတို့ကို မြန်စေသည်။ ကော်ဖီနှင့် လက်ဖက်ရည်တို့တွင်ပါရှိသည့် ကဖင်းဓာတ်ကြောင့်လည်း အိပ်မပျော်ဘဲ ဖြစ်စေသည်။
လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ သောကကို ဖြေဖျောက်ခြင်း၊ ကော်ဖီနှင့် လက်ဖက်ရည်ကို ရှောင်ကြဉ်ခြင်း၊ ဆရာဝန် ညွှန်ကြားချက်အရ ဆေးဝါးဖြင့် ကုသခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်သည်။

( အိပ်စဉ် ခေတ္တ အသက်ရှူ ရပ်ခြင်း )
အိပ်စဉ် ခေတ္တ အသက်ရှူရပ်ခြင်း(apnoea) ကို အမျိုးသားများတွင် အမျိုးသမီးများမှာထက် နှစ်ဆ ပိုမို တွေ့ရတတ်သည်။ အမျိုးသားများတွင် အသက်ရှူလမ်းကြောင်းရှိ တစ်သျှူးများ အပေါ် တက်စတိုစတီရုန်း (testosterone) ဟော်မုန်းက ထိခိုက်မှု ဖြစ်သောကြောင့် ဖြစ်ရသည်။
အိပ်စဉ် ခေတ္တ အသက်ရှူရပ်ခြင်းကို သွေးဆုံးပြီး အမျိုးသမီးများ၊ ၀သည့် အမျိုးသမီးငယ်များတွင် တွေ့ရသည်။ ကိုယ်ဝန်ဆောင် မိခင်တို့တွင်လည်း သန္ဓေသားက မိခင်၏ ရင်သား ကြွက်သား အကန့်ပေါ် တွန်းမှုကြောင့် ဖြစ်ရသည်။
ကိုယ်အလေးချိန် လျှော့ခြင်း၊ ဘေးဘက်သို့ စောင်းအိပ်ခြင်းတို့ဖြင့် သက်သာမှုကို ရနိုင်သည်။

( ခြေထောက် ညောင်းညာခြင်းနှင့် အိပ်ပျော်ခြင်း )
restless-legs syndrome ခေါ် ခြေထောက်တွင် တစုံတခု တွားသွားသကဲ့သို့ ခံစားရပြီး ခြေ-မသယ်ချင် ဖြစ်သည့် အခြေအနေကို အမျိုးသမီးများ ပိုမိုခံစားရသည်။
ခြေလက်-မသယ်ချင် ဖြစ်ရခြင်းမှာ သွေးထဲရှိ ဖယ်ရစ်တင် (ferritin) ခေါ် သံဓာတ် လျော့နည်းခြင်းကြောင့် ဖြစ်သည်။ ရာသီသွေး ဆင်းမှု များလျှင် ဖြစ်စေ၊ ကိုယ်ဝန်ဆောင်စဉ်တွင်ဖြစ်စေ သံဓာတ် ချို့တဲ့တတ်သည်။ ကြာရှည် သက်သတ်လွတ်စားသူတို့တွင်လည်း သံဓာတ် ချို့တဲ့နိုင်သည်။
သံဓာတ် ဖြည့်တင်းပေးခြင်းဖြင့် ကုသနိုင်သည်။ ရီကွစ်ပ် (Requip) ခေါ် ဆေးသစ်တမျိုးက ဦးနှောက်ရှိ ဒိုပါမင်း (dopamine) ခေါ် ဓာတ်တမျိုးကို လက်ခံသည့် ကလာပ်စည်းများအား လှုံ့ဆော်ပေးခြင်းဖြင့် ခြေညောင်းညာ၍ မလှုပ်ရှားချင်မှုကို သက်သာပျောက်ကင်းစေသည်။

( အမျိုးသားများနှင့် အိပ်မပျော်ခြင်း )
အမျိုးသားများတွင် ညပိုင်း၌ ဆီး မကြခဏ သွားခြင်းကြောင့် အိပ်မပျော်မှုကို ဖြစ်စေသည်။ သွေးချို ဆီးချိုရောဂါနှင့် ဆီးကျိတ်ရောင်ရောဂါတို့ကြောင့် ယင်းသို့ဖြစ်ပွါးရသည်။ ရောဂါကို စနစ်တကျ ရှာဖွေကုသရမည် ဖြစ်သည်။

( ဒေါက်တာ အောင်သန်း )
( အပျိုစင်-၂၀၀၆-နိုဝင်ဘာ )

Monday, December 21, 2009

သင်၏အသက်ကို ကယ်နိုင်သော စမ်းသပ်မှု ၅-မျိုး

ဆေးကုသမှုခံယူဖို့အတွက် ငွေကြေးသုံးစွဲရန်ကို မည်သူမဆို မဖြစ်မှ လုပ်ချင်ကြပေသည်။ သို့သော် တခါတရံ ငွေကုန်ရကျိုးနပ်တတ်ပါသည်။ ယနေ့ခေတ်တွင် ပေါ်ပေါက်လာသော စမ်းသပ်မှုအသစ်များက နှလုံးရောဂါနှင့် သေးငယ်လှသော ကင်ဆာအကျိတ်များ၏ မထင်မရှားဝိသေသများကို ရှာဖွေ ညွှန်ပြနိုင်စွမ်း ရှိကြလေသည်။ မျိုးရိုးဗီဇဆိုင်ရာ စမ်းသပ်မှု (genescan)များမှ မိမိနှင့် မတည့်သော ဆေးများ၏အမည်ကို သိရှိနိုင်၏။ လူတိုင်းအတွက်တော့ ယင်းစမ်းသပ်မှုများမှာ မလိုအပ်ပါ။ သို့သော် သင်၏ ကျန်းမာရေးရာဇ၀င်တွင် အန္တရာယ်ရှိနိုင်သော အချက်များ ရှိနေခဲ့ပါက ရှေ့တွင် ဖော်ပြပါ စမ်းသပ်မှုများကို ပြုလုပ်ခြင်းက သင်၏ အသက်ကိုပင် ကယ်ဆယ်နိုင်ပါသည်။


(နှလုံးရောဂါ-Heart Disease)
သွေးစစ်ခြင်း-Blood Panel.
မည်သူ့အတွက် အကျိုး ရှိမည်နည်း-
သင့်တွင် နှလုံးရောဂါ စောစောဖြစ်လေ့ရှိသော မိသားစုဝင် တဦးဦးရှိနေခဲ့ပါက နောက် ၁၀-နှစ်အကြာတွင် သင့်တွင်လည်း နှလုံးရောဂါဖြစ်ရန် ၁၀-ရာခိုင်နှုန်းမှ ၂၀-ရာခိုင်နှုန်းအထိ အခွင့်အလမ်း ရှိနေသည်ကို သတိပြုရပါမည်။

အဘယ့်ကြောင့်နည်း-
အာရှတလွှားတွင် အစားအသောက်နှင့် နေထိုင်မှုပုံစံများ (lifestyles) ပြောင်းလဲလာမှုကြောင့် နှလုံးရောဂါကြောင့် သေဆုံးရနှုန်းမှာ များစွာ မြင့်တက်၍ လာပါသည်။

မည်သည်ကို စစ်ဆေးမည်နည်း-
သွေးတွင်းမှ C-reactive protein ခါ် ပရိုတိန်းဓာတ် တမျိုးမျိုး မြင့်တက်နေမှု ရှိ-မရှိ၊ ထို့အပြင် ဟိုမိုဆစ်စတင်း (homocysteine) နှင့် Lp (a) lipoprotein စသည်တို့ မြင့်တက်နေမှု ရှိ-မရှိ၊ ထို့အပြင် ဆိုးသော ကိုလက်စထရော ခေါ် LDL ၏ ပမာဏ (LDL မှာ သေးငယ်ပြီး ထူထဲမှုရှိ၏) စသည်တို့၏ မြင့်တက်နေလျှင် နှလုံးရောဂါ ရရှိနိုင်၏။

စစ်ဆေး စမ်းသပ်မှုများက အပေါင်းလက္ခဏာ (posငtive) ပြနေလျှင် ဘာလုပ်မည်နည်း-
အကယ်၍ နှလုံးရောဂါ ရှိနေပြီဟု စစ်ဆေးမှုများက ပြသလျှင် စတေတင် (statins) ဆေးများက ကူညီနိုင်ပါလိမ့်မည်။ ဗိုက်တာမင်များကလည်း နှလုံးရောဂါ ဖြစ်နိုင်ခြေများအား လျော့နည်းစေနိုင်ပါသည်။ သင်၏ ဆရာဝန်က သင့်အား ကိုယ်ကာယ လေ့ကျင့်ခန်းများ မှန်မှန် ပြုလုပ်၍ ကျန်းမာရေးနှင့်ညီသော အစားအသောက်များ စားရန်၊ ဆိုးသော ကိုလက်စထရော LDL ၏ ပမာဏကို လျှော့ချရန် ရည်ရွယ်ချက်ဖြင့် တိုက်တွန်းပေလိမ့်မည်။


(သွေးကြောနံရံ ဖောင်းပွခြင်း-Aneurysm.)
ဝမ်းဗိုက်ပိုင်းဆိုင်ရာ အာလ်ထရာဆောင် ရိုက်ကူးခြင်း-Abdominal Ultrasound.
မည်သူ့အတွက် အကျိုးရှိမည်နည်း-
ယောက်ျားများတွင် အသက် ၆၀-ကျော်၊ ဆေးလိပ်သောက်ပါက အသက် ၅၀-ကျော်နှင့် မိသားစုဝင်အတွင်း ယင်းရောဂါရှိပါက အသက် ၄၀-ကျော်သူများ သုံးနှစ် သို့မဟုတ်-ငါးနှစ် တကြိမ် ၀မ်းဗိုက်ပိုင်းဆိုင်ရာ အာလ်ထရာဆောင်း စမ်းသပ်မှုကို ပြုလုပ်သင့်၏။

အဘယ့်ကြောင့်နည်း-
အေသြတာ သွေးကြောမကြီး၏ နံရံ ဖောင်းပွမှု (aortic aneurysms) များကို နှစ်ပေါင်းများစွာ ကြာမြင့်သည်တိုင် သတိမမူမိဘဲ ရှိတတ်ပြီး သွေးကြောနံရံ ပေါက်ထွက်မှု၏ ၈၀-ရာခိုင်နှုန်းမှာလည်း သေဆုံးကုန်ကြသည်သာ ဖြစ်၏။ ကုသမှုက သွေးကြောပေါက်ထွက်မှုကို ၉၈-ရာခိုင်နှုန်းသော ရောဂါရှင်များတွင် အကာအကွယ် ပေးနိုင်ပါသည်။

မည်သည်ကို စစ်ဆေးမည်နည်း-
လျင်မြန်၍ ခန္ဓာကိုယ်အတွင်းသို့ ဖောက်ထည့်ရန်မလိုသော အာလ်ထရာဆောင်း စမ်းသပ်မှုက သွေးလွှတ်ကြောနံရံများ ဖောင်းပွလာမှုကို တွေ့ရှိနိုင်ပါသည်။ ၀မ်းဗိုက်ပိုင်းတွင် ယင်းရောဂါမှာ အဖြစ်များပြီး သွေးလွှတ်ကြောနံရံ ပေါက်ထွက်သွားပါက ခန္ဓာကိုယ်အတွင်း သွေးယိုစီးမှု ဖြစ်ပေါ်ကာ သေစေနိုင်၏။

စစ်ဆေးစမ်းသပ်မှုများက အပေါင်းလက္ခဏာ (positive) ပြနေလျှင် ဘာလုပ်မည်နည်း-
သွေးကြောနံရံ ဖောင်းပွမှုမှာ ခွဲစိတ်ကုသမှု ခံယူနိုင်လောက်အောင် အရွယ်အစား ကြီးမားနေပြီဆိုလျှင် အာလ်ထရာဆောင်း စမ်းသပ်မှုတွင် သေချာပေါက် တွေ့ရှိနိုင်ပါသည်။ အာလ်ထရာဆောင်းကို ပြန်လုပ်ခြင်းအားဖြင့် သေးငယ်သော ရောဂါနေရာများကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါသည်။


(ဆေးမတည့်ခြင်း-(Drug sensitivity))
မျိုးရိုးဗီဇဆိုင်ရာ သွေးစစ်ဆေးမှု-Genetic blood test.
မည်သူ့အတွက် အကျိုးရှိမည်နည်း-
သင်ဆေးတမျိုးမျိုး သောက်၍ ဆေး၏ဘေးထွက် သက်ရောက်မှု (sideeffects) ကြောင့် နေထိုင်မကောင်းဖြစ်ကာ မိမိ၏ အလုပ်ကို အာရုံစိုက် မလုပ်နိုင် ဖြစ်လာပါက မိမိ၏ ဆရာဝန်နှင့် တိုင်ပင်၍ သွေးစစ်ဆေးကြည့်ရန် ဆောင်ရွက်ပါလေ။

အဘယ့်ကြောင့်နည်း-
ဆေးအားလုံးလိုလို၏ ထက်ဝက်ခန့် (နာကျင် သက်သာပျောက်ဆေး-painkillers-များနှင့်စိတ်ကျရောဂါကု ဆေးများ (antidepressants) မှာ CYP 450 ခေါ် မျိုးရိုးဗီဇ ပြုပြင်သည့် အင်ဇိုင်းများဖြင့် ထိတွေ့ဖော်စပ် ထားလေ့ရှိပါသည်။ သန်းပေါင်းများစွာသော လူများမှာ မိမိ သောက်သောဆေးကို မိမိအား အန္တရာယ် ဖြစ်စေနိုင်လောက်အောင် အဆိပ် (toxins) များ ထွက်ပေါ်လာအောင် ဖြစ်စေ၊ ဆေးများ၏ အာနိသင် လုံးဝမရှိတော့အောင် ဖြစ်စေ ပြောင်းလဲနိုင်သော သတ္တိများ ကိန်းအောင်းနေတတ်ကြပေသည်။

မည်သည်ကို စစ်ဆေးမည်နည်း-
လက်ချောင်းထိပ်မှ ဖောက်ယူသော သွေးကို စစ်ဆေးခြင်းဖြင့် မျိုးရိုးဗီဇအတွင်းရှိ DNA ဖြစ်စဉ် အဆင့်ဆင့်ကို စစ်ဆေးကြည့်ရှုခြင်းဖြင့် ပြောင်းလဲမှု ဖြစ်နေသော နေရာ (mutations) ကို အတိအကျ ဖော်ထုတ်နိုင်ပါသည်။

စစ်ဆေးစမ်းသပ်မှုများက အပေါင်းလက္ခဏာ (positive)ပြနေလျှင် ဘာလုပ်မည်နည်း-
သင်သောက်နေသော ဆေး၏ ပမာဏ (dose) ကို မြှင့်၍သော်၎င်း၊ လျှော့ချရန်သော်၎င်း သင်၏ ဆရာဝန်က ညွှန်ကြားပါလိမ့်မည်။ သို့မဟုတ်-အခြားဆေးတမျိုးမျိုးကို ပြောင်း၍ ပေးပါလိမ့်မည်။ လပေါင်းများစွာ ဆေးနှင့်သင် မတည့် ဖြစ်နေမှုအား သက်သာစေပါလိမ့်မည်။


(အဆုတ်ကင်ဆာ-Lung Cancer.)
ကွန်ပျူတာဖြင့် CT scan စမ်းသပ်မှု-Spiral computed tomography (CT) scan.
မည်သူ့အတွက် အကျိုးရှိမည်နည်း-
သင် ယခု ဆေးလိပ်သောက်နေပါသလား။ သို့မဟုတ်-ယခင်က ဆေးလိပ်သောက်ခဲ့ပါသလား။ ဤစမ်းသပ်မှုကို ပြုလုပ်သင့်ပါသည်။ စက်ရုံများတွင် အလုပ်လုပ်၍ ညစ်ညမ်းသော လေထုနှင့် အထိအတွေ့ရှိသူများ၊ သို့မဟုတ်-ဆေးလိပ်သောက်တတ်သူများနှင့် လက်ပွန်းတတီး နေလေ့ရှိသူများ ဆရာဝန်နှင့်တိုင်ပင်၍ ဤစမ်းသပ်မှုကို ပြုလုပ်သင့်-မသင့် ဆုံးဖြတ်ပါ။

အဘယ်ကြောင့်နည်း-
နေ့စဉ်နှင့်အမျှ ဆေးလိက်သောက်သူ ဦးရေမှာ နှစ်စဉ် ၈-ရာခိုင်နှုန်းမျှ တိုးပွားလာလျက် ရှိနေရာ အဆုတ်ကင်ဆာကြောင့် သေဆုံးမှုနှုန်း နောင်တွင် ပိုမိုလာဖွယ် ရှိပါသည်။ အဆုတ်ကင်ဆာဖြစ်ပြီဆိုလျှင် စောစောသိရလေ့ သိပ်မရှိပါ။ ရောဂါဖြစ်သူ ၁၅-ရာခိုင်နှုန်းခန့်သာ ငါးနှစ်ထက်ပို၍ အသက်ရှည်တတ်ကြ၏။

မည်သည်ကို စစ်ဆေးမည်နည်း-
CT ကွန်ပျူတာ စမ်းသပ်မှုမှာ လူနာက ခုတင်ပေါ်မှာ အိပ်နေရပြီး ကွန်ပျူတာစက် (scanner) အောက်မှာ ဖြတ်သွားရ၏။ ကွန်ပျူတာက အဆုတ်၏ ပုံရိပ်များကို သုံးဖက် (3D) မြင်နိုင်အောင် ဖန်တီးပေးပြီး တစ်စင်တီမီတာထက် ငယ်သော သေးငယ်လှသည့် ကင်ဆာ အကျိတ်ကိုပင် ရှာဖွေ တွေ့ရှနိုင်ပါသည်။ ယနေ့ ပုံမှန် အသုံးပြုနေသော ဓာတ်မှန် (standard X-rays) ထက် CT scan စမ်းသပ်မှုက ရောဂါအား ပိုမိုတိကျစွာ ရှာဖွေပေးနိုင်စွမ်း ရှိပါသည်။

စစ်ဆေးစမ်းသပ်မှုများက အပေါင်းလက္ခဏာ-positive ပြနေလျှင် ဘာလုပ်မည်နည်း-
ကင်ဆာကုသမှု လို-မလို ဆုံးဖြတ်ရန် နောက်ဆက်တွဲ စမ်းသပ်မှုများကို ပြုလုပ်ရပါမည်။ ကင်ဆာ ရောဂါကို စောစောသိလေ၊ အသက် ပိုရှည်လေ ဟူသော အချက်ကို အတည်ပြုနိုင်ရန်အတွက် CT scana စမ်းသပ်မှုများကို လေ့လာမှု ပြုလုပ်ဆဲ ဖြစ်ပါသည်။


(သားဥအိမ်ကင်ဆာ-ovarian cancer)
အာလ်ထရာဆောင်း၊ သွေးစစ်ဆေးမှုနှင့် ခန္ဓာကိုယ် အောက်ပိုင်း စမ်းသပ်မှု-Ultrasound, CA 125 blood test and pelvic exam.
မည်သူ့အတွက် အကျိုးရှိမည်နည်း-
သားအိမ်ဥ ကင်ဆာ သို့မဟုတ်-သားမြတ်ကင်ဆာ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ဖြစ်ပွားနေသော ဆွေမျိုးများ ရှိသည့် မည်သည့်အမျိုးသမီးမဆို သို့မဟုတ်- သးမြတ်ကင်ဆာ နှစ်ဖက်စလုံးမှာ ဖြစ်သူ၊ သို့မဟုတ်-မိမိ၏ မိသားစုအတွင်း အူမကြီးကင်ဆာ (colon cancer) ရှိနေခဲ့ပါလျှင် အထက်ဖော်ပြပါ စမ်းသပ်မှုများ ပြုလုပ်သင့်၏။

အဘယ်ကြောင့်နည်း-
ရောဂါလက္ခဏာမှာ မှန်းဆရခက်တတ်သည်။ (ဥပမာ-၀မ်းဗိုက်မအီမသာ ဖြစ်ခြင်း၊ ကိုယ်အလေးချိန် တိုးလာခြင်း၊ ခါးနာခြင်း၊ ခြေကုန်လက်ပန်းကျ မောပန်းခြင်း) ရောဂါ မရင့်မီ ရောဂါကို ရှာဖွေတွေ့ရှိရန် ခက်ခဲတတ်ပြီး တွေ့ပြီဆိုလျှင်လည်း နောက်ကျကာ သေဆုံးတတ်၏။

မည်သည်ကို စစ်ဆေးမည်နည်း-
သားဥအိမ် (ovaries) များတွင် ဖြစ်စေ၊ အနီးတွင် ဖြစ်စေ၊ အကျိတ်အခဲ (masses) များ ရှိ-မရှိကို အမျိုးသမီး၏ ယောနိမှ တဆင့် အာလ်ထရာဆောင်း ကိရိယာကို ဖြတ်၍ စစ်ဆေးမှုကို transvaginl ultrasound scans ဟုခေါ်၏။

သွေးစစ်ဆေးမှုမှ CA-125 ၏ ပမာဏကို စစ်ဆေးရန် ဖြစ်သည်။ သားဥအိမ် ကင်ဆာ ရှိသူ အမျိုးသမီးအားလုံး၏ ထက်ဝက်ခန့်တွင် ယင်း CA-125 မြင့်တက်နေတတ်၏။ ယင်းကို tumourmarker ဟု ခေါ်ကြ၏။

စစ်ဆေးစမ်းသပ်မှုများက အပေါင်းလက္ခဏာ-positive ပြနေလျှင် ဘာလုပ်မည်နည်း-
CA- 125 ကို ဆရာဝန်များက သေချာအောင် ပြန်စစ်ပြီးနောက် ကင်ဆာအကျိတ်အား ခွဲစိတ်ကုသရန် (surgery) ဖြစ်သည်။ ကင်ဆာရောဂါ ပျံ့သွားပြီးနောက် နောက်ကျမှ ခွဲစိတ်ကုသမှု ပြုလုပ်လျှင် ပိုမို၍ ခက်ခဲတတ်ပါသည်။

(ဒေါက်တာ ဇော်သန်း)
( အပျိုးစင် ၂၀၀၅-မတ်လ)

အဖြစ်များသော အဆစ်ရောင် ရောဂါများ

(ဂေါက်-Gout)
အမျိုးသားများတွင် ဖြစ်ပွားသော ဒူလာရောဂါကို ဂေါက်ဟု ဆိုကြသည်။ ဂေါက်ရောဂါသည် အမျိုးသားများတွင်သာမက အမျိုးသမီးများတွင်လည်း ဖြစ်ပွားနိုင်သည်။
ဂေါက်ရောဂါဟူသည် လူလတ်ပိုင်းအရွယ်တွင် အများဆုံး ဖြစ်ပွားသည်။
ဂေါက်ဖြစ်ပွားရခြင်း၏ အကြောင်းရင်းမှာ သွေးထဲတွင် ယူရစ် အက်ဆစ် (Uric Acid) များသောကြောင့် ဖြစ်သည်။ ယူရစ် အက်ဆစ် ဆိုသည်မှာ ပရိုတင်းတမျိုးဖြစ်သော ပြူရင်း (purine) မှတဆင့် ဖြစ်ပေါ်လာသည့် အက်ဆစ်ဓာတ်ဖြစ်သည်။

ပုံမှန်အားဖြင့် ယူရစ် အက်ဆစ်သည် သွေး ၁၀၀-မီလီမီတာတွင် အမျိုးသားများ၌ ၂.၂ မှ ၇.၅ မီလီဂရမ် အတွင်းနှင့် အမျိုးသမီးများ၌ ၂.၁ မှ ၆.၄ မီလီဂရမ်အတွင်း ရှိသည်။ ပုံမှန်ထက် ပိုများသော ယူရစ် အက်ဆစ် တို့သည် ခန္ဓာကိုယ်ရှိ အဆစ်များသို့ ရောက်ရှိစုပုံပြီး အဆစ်ရောင်၍ နာကျင်ကိုက်ခဲခြင်း၊ အဖု (tophi) ထွက်ခြင်းတို့ ဖြစ်သည်။

ဂေါက်ဖြစ်ပွားသည့်အခါ အများအားဖြင့် ခြေမတွင် ဖြစ်ပွားသည်။ ခြေဆစ်၊ လက်ဆစ်၊ တံတောင်ဆစ်၊ ဒူးဆစ်၊ တင်ပါးဆုံနှင့် ပုခုံးဆစ်တို့တွင်လည်း ဖြစ်နိုင်သည်။ သွေးထဲတွင် ကိုလက်စထရော များသူ၊ အရက် အသောက် များသူ၊ ၀သူ၊ သောကများသူတို့သည် ဂေါက်ရောဂါရနိုင်သည့် အခွင့်အလမ်း ပိုမိုများသည်။

ဂေါက်ရောဂါ ရှိ-မရှိ သိနိုင်ရန် သွေးထဲရှိ ယူရစ် အက်ဆစ် ပမာဏကို တိုင်းတာကြည့်ရန် လိုအပ်ပါသည်။
ကုသရာတွင် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း စနစ်တကျ ကုသရမည်ဖြစ်သည်။ အဆစ်ရောင်သည့်အခါ သောက်ရသော ဆေးနှင့် အဆစ်ရောင်ရမ်းခြင်း မရှိသည့်အခါ ရောဂါကို ထိန်းသည့်အနေဖြင့် သောက်ရသည့် ဆေးမှာ မတူညီကြချေ။ ဆေးပတ် လည်အောင် သောက်ရမည် ဖြစ်သည်။ ကြာရှည် ဆေးသောက်ရသည့်အခါ ပျက်ကွက်မှု မရှိစေရန်လည်း ဂရုပြုရမည် ဖြစ်သည်။

ဂေါက်ရောဂါ ကာကွယ်ရန် လုပ်ဆောင်ရာတွင် ၀သူတို့သည် ကိုယ်အလေးချိန် လျှော့ချရန် လိုအပ်သည်။ အရက်အလွန်အကျွံ သောက်ခြင်းကိုလည်း ရှောင်ကြဉ်ရမည် ဖြစ်သည်။ အဓိကအားဖြင့် အစားအသောက်ကို ဆင်ခြင်သင့်သည်။ အဆီဓာတ်နည်းသော အစားအစာများကို စားရမည် ဖြစ်သည်။ အသားဓာတ် (ပရိုတင်းဓာတ်) ပါသော အစားအသောက်များကို အသင့်အတင့် စားသင့်သည်။ အသားဓာတ်များသော အစားအသောက်တို့သည် ယူရစ် အက်ဆစ် ပမာဏကို မြင့်တက်စေနိုင်သည်။

ရှောင်သင့်သော အစားအသောက်များမှာ ကလီဇာ၊ အသည်း၊ ကျောက်ကပ်၊ ငါးသေတ္တာ၊ မျှစ်၊ ပုန်းရည်ကြီး၊ ပဲပင်ပေါက်၊ ကညွတ်တို့ ဖြစ်သည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတို့ကို စားသုံးနိုင်သည်။

( ရူမာတွိုက် အဆစ်ရောင် ရောဂါ-Rheumatoid Arthritis)
ရူမာတွိုက် အဆစ်ရောင် ရောဂါသည် နာတာရှည်ရောဂါ ဖြစ်သည်။ အဆစ်များရောင်၍ နာကျင်ကိုက်ခဲမှု ဖြစ်သည်။ ရောဂါဖြစ်ပွားမှု အကြောင်းရင်းကို မသိရချေ။ ရူမာတွိုက် အဆစ်ရောင် ရောဂါသည် အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားသည်။ အမျိုးသမီးနှင့် အမျိုးသား ဖြစ်ပွားမှု အချိုးသည် ၃.၁ ဖြစ်သည်။ အသက် ၃၅-နှစ်မှ ၄၅ အတွင်း အများဆုံး ဖြစ်ပွားသည်။

အများအားဖြင့် လက်ချောင်း၊ လက်ကောက်ဝတ် အဆစ်များ ရောင်ပြီး ပခုံး၊ တံတောင်ဆစ်၊ တင်ပါးဆုံ၊ ဒူး၊ ခြေကျင်းဝတ် အဆစ်များလည်း ရောင်သည်။ နံနက်ပိုင်းတွင် အဆစ်များ တောင့်တင်းလေ့ရှိသည်။ အနည်းဆုံး တနာရီကြာသည်။ အဆစ်သုံးခု သို့မဟုတ်-သုံးခုထက် ပိုရောင်တတ်သည်။ အရေပြားအောက်တွင် အကျိတ် ထွက်တတ်သည်။ ရောဂါရှာဖွေရန် သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း တို့ကို ပြုလုပ်သည်။ ဓာတ်မှန်တွင် အရိုးစားနေခြင်းကို တွေ့နိုင်သည်။

ကုသရာတွင် လေ့ကျင့်ခန်း physiotherapy ပြုလုပ်ခြင်း၊ အဆစ်ကို အနားပေးခြင်း၊ အကိုက်အခဲပျောက် ဆေးများ သောက်ခြင်းတို့ဖြင့် ကုသသည်။ ဆေးကို စနစ်တကျ သောက်ရန် လိုအပ်သည်။ မိမိသဘောဖြင့် အကိုက်အခဲပျောက်ဆေးများ ၀ယ်ယူသောက်ခြင်းကို ရှောင်ကြဉ်သင့်သည်။ အဆစ်ရောင်ခြင်း စဖြစ်ချိန်တွင် ကုသသင့်သည်။ ကုသမှု နောက်ကျလျှင် အဆစ်များ ကွေးကောက်ခြင်း ဖြစ်နိုင်သည်။

( လေးဖက်နာ ရောဂါ-Rheumatic Fever)
လေးဖက်နာ ရောဂါသည် Group A Hameolytic streptococcus ခေါ် ဗက်တီးရီးယားပိုးကြောင့် ဖြစ်ပွားသည်။ အသက် ၅-နှစ်မှ ၁၅-နှစ်အတွင်း အဖြစ်အများဆုံး ဖြစ်သည်။ အသက် ၅၀-အထိလည်း ဖြစ်နိုင်သည်။ လူနေ ထူထပ်သည့်နေရာ၊ လေကောင်းလေသန့် မ၀င်နိုင်သည့် နေရာတို့တွင် အများဆုံး ဖြစ်တတ်သည်။ လေးဖက်နာရောဂါ မဖြစ်မီ တပတ်မှ သုံးပတ်အတွင်း လည်ချောင်းနာခြင်းကို ခံစားရသည်။ ဖျားပြီး အဆစ်များရောင်၍ ကိုက်ခဲသည်။ အဆစ် တခုမှတခုသို့ ပြောင်းပြီး ကိုက်ခဲသည်။ ဒူးဆစ်ကဲ့သို့ အဆစ်ကြီးများ ရောင်၍ ကိုက်ခဲလေ့ရှိသည်။ အဆစ်တခုတွင် ရက်အနည်းငယ်သာ ဝေဒနာကို ခံစားရသည်။

အကျိတ်များထွက်တတ်သည်။ ခြေထောက်တွင် အဖု Crytrema notogum များ ထွက်တတ်သည်။ Chorea ခေါ် ကိုယ်လက်လှုပ်ရှားနေမှုကို ခံစားရသည်။ လေးဖက်နာရောဂါသည် မကြာခဏ ဖြစ်ပွားပြီး နှလုံးကို ၀င်ရောက်ပြီး နှလုံးရောဂါကို ဖြစ်စေသည်။ နှလုံးရောင်ခြင်းကို လူနာ ၄၀-ရာခိုင်နှုန်းတွင် တွေ့ရှိရသည်။ နှလုံး အဆို့ရှင်များကို အမာရွတ် ဖြစ်စေသည်။ ထို့အပြင် နှလုံးကြွက်သားများ ရောင်ခြင်း၊ နှလုံးအပေါက်ကျဉ်းခြင်း သို့မဟုတ်-ကျယ်ခြင်းတို့ကို ဖြစ်စေနိုင်သည်။

လေးဖက်နာ ရောဂါကို ရှာဖွေရန် ရင်ဘတ်ကို ဓာတ်မှန်ရိုက်ခြင်း၊ အီးစီဂျီ ရိုက်ခြင်း၊ သွေးထဲရှိ Aso titre စစ်ဆေးခြင်းတို့ကို ပြုလုပ်သင့်သည်။ သွေးရှိ Aso titre သည် ၂၀၀-ထက်များလျှင် လေးဖက်နာရောဂါရှိကြောင်း သိနိုင်သည်။ လေးဖက်နာ ရောဂါရှိကြောင်း သိရှိရသည်နှင့်တပြိုင်နက် ကုသမှုကို ခံယူရမည်ဖြစ်သည်။ ပင်နီစလင် ဆေးပြား သောက်ခြင်း သို့မဟုတ်-ပင်နီစလင်ဆေး ထိုးခြင်းကို ပြုလုပ်ရမည်။ တလတကြိမ် ဆေးထိုးရန် လိုအပ်ပြီး အနည်းဆုံး ၅-နှစ်ကြာ ကုသမှုကို ခံယူရမည်ဖြစ်သည်။ နှလုံးကို ထိခိုက်ခဲ့လျှင်မူ ၁၀-နှစ်ကြာအထိ ကြည်ရှည်စွာ ကုသရမည်ဖြစ်သည်။ ယခုအခါ အသက် ၃၀-နှစ်အထိ ကုသရန် လိုအပ်ကြောင်း အကြံပြုထားမှု ရှိသည်။

နှလုံးအဆို့ရှင် ပျက်စီးလျှင် ဆေးဝါးဖြင့် ကုသပြီး သက်သာနိုင်သော်လည်း နှလုံးအဆို့ရှင် ပိတ်ခြင်းအတွက် အဆို့ရှင် လဲခြင်း၊ အဆို့ရှင် ပြင်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

( Osteoarthritis)
အများဆုံး ဖြစ်လေ့ရှိသော အဆစ်ရောင်ရောဂါ ဖြစ်သည်။ အရိုးခြင်း ထိဆက်နေသည့် အဆစ်များမှ ထိပ်အုပ်သဖွယ်ဖြစ်သည့် အရိုးနုများ တဖြည်းဖြည်း ပျက်စီးယိုယွင်းလာသဖြင့် အဆစ်များရောင်ရမ်း တောင့်တင်းကာ နာကျင်ပြီး ဒူး၊ ခါး၊ တင်ပါးဆုံ၊ လက်ကောက်ဝတ်၊ လက်ချောင်း စသည့် လှုပ်ရှားမှုအများဆုံး အဆစ်တို့တွင် ဖြစ်လေ့ရှိသည်။

အသက်ကြီးသူများတွင် ဖြစ်ပွားမှုအများဆုံး ဖြစ်သည်။ လူရွယ်ပိုင်းတွင်လည်း ဖြစ်တတ်သည်။ ၄၅-နှစ်ကျော်လျှင် ပိုဖြစ်နိုင်သည်။ အမျိုးသားများတွင် ပိုမို ဖြစ်ပွားသည်။ ၀သူတို့တွင် ကိုယ်အလေးချိန် ပိမှုကြောင့် ဒူးဆစ်တွင် ဖြစ်ပွားလေ့ရှိသည်။
ဒူးဆစ် သို့မဟုတ်-တင်ပါးဆုံတို့တွင် ထိခိုက်ဒဏ်ရာ ရဖူးလျှင် ပိုဖြစ်နိုင်သည်။
အလုပ်အကိုင်ကြောင့်ဖြစ်စေ၊ အကြိမ်များစွာ အသုံးပြုရသော အဆစ်များတွင် ပိုဖြစ်သည်။
မွေးရာပါ အရိုးနု ချို့ယွင်းသူ၊ အဆစ် အံဝင်ခွင်ကျ ပုံမှန် မရှိသူတို့တွင် ပိုမို အဖြစ်များသည်။
လေးဖက်နာ ရောဂါတွင် အရိုးနုများ၏ ပုံမှန်ဖွဲ့စည်းမှုနှင့် လုပ်ဆောင်ချက် ပြောင်းလဲမှုကြောင့် အဆစ်များ ထိခိုက်ပြီး ရောင်ရမ်းသည်။

အဆစ်များ၏ အရိုးနုများ ထိခိုက်ခြင်းဖြင့် စတင်ဖြစ်ပွားသည်။ အရိုးနု ပျက်စီးလျှင် ခန္ဓာကိုယ်မှ အရိုးနုအစားထိုး တည်ဆောက်ပေးသည်။ သို့သော်-အရိုးနု ပျက်စီးမှုများလျှင် အတွင်းအရိုးထိ ပျက်စီးပြီး အရိုးနု အစား အရိုးသစ် ဖြစ်လာသည်။ ယင်းအရိုးသစ်သည် အဆစ်များ လှုပ်ရှားမှုကို မပြေပြစ် မချောမွေ့စေနိုင်သဖြင့် အဆစ်နာခြင်း၊ အရိုး အတက်ထွက်ခြင်းတို့ ဖြစ်သည်။

ကုသရာတွင် Glucosamine, Chondroitin စသည့် ဆေးများဖြင့် ကုသသည်။ ယင်းတို့သည် အရိုးနုများကို ပြန်လည်ဖြစ်ထွန်းစေသည်။ ဆေးကို နှစ်ပတ်ခန့် သောက်ရသည်။

(ဒေါက်တာ အောင်သန်း)
(၂၀၀၅- မတ် အပျိုစင်)

Sunday, December 20, 2009

ဘုရားရှင်နှင့် နီးပါသလား

( တရားကိုမြင်ရင် ငါဘုရားကို မြင်တယ်)
လူနာတဦးဟာ ဆရာဝန်ထံ ဆေးကုသမှုခံယူရာ အဲဒီလူနာဟာ အဲဒီဆရာဝန်ရဲ့ ဆေးကုသမှုကြောင့် ရောဂါပျောက်သွားတယ်။ အဲဒီလူနာဟာ ရောဂါပျောက်သွားလို့ အဲဒီဆရာဝန်ရဲ့ ဆေးနဲ့ ဆရာဝန်အပေါ် ယုံကြည်အားကိုးသွားတယ်။ ဆရာဝန်ရဲ့ အစွမ်းအစကို ကိုယ်တွေ့သဘောပေါက် နားလည်သွားတယ်။

အဲဒီလိုပါပဲ ဘုရားရှင်ရဲ့ တရားစွမ်းအား တရားသတ္တိကို သိရှိလာရတဲ့အခါ အဲဒီတရားကို ဟောပြခဲ့တဲ့ ဘုရားရှင်ရဲ့ အစွမ်းအစ သတ္တိကိုလဲ သိမြင်လာတော့တာပါပဲ။ ရိုးရိုးပကတိ မျက်စိနှစ်လုံးနှင့် မြင်ရတာတော့ မဟုတ်ပါဘူး။ ဉာဏ်မျက်စိနှင့် မြင်ရတာ ဖြစ်ပါတယ်။ တရားကိုမြင်ရင် ဘုရားကို မြင်တယ်ဆိုတာ ဒါကို ဆိုလိုတာ ဖြစ်ပါတယ်။

(ဘုရားရှင်နှင့် နီးသူ ဝေးသူ)
လူတယောက်ဟာ သူတပါးပစ္စည်းကို အပိုင်စီးလိုစိတ် များတယ်။
ကာမဂုဏ်အာရုံတွေအပေါ် တပ်မက်မှု ပြင်းထန်တယ်။
သူတပါး သေကျေပျက်စီးလိုစိတ် ရှိတယ်။
မကောင်းတဲ့ စိတ်အကြံရှိတယ်။
သတိကင်းတယ်။
ပညာမဲ့တယ်။
သမာဓိမရှိဘူး။
စိတ်ပျံ့လွင့်တယ်။
ဣနြေ္ဒ မတည်ငြိမ်ဘူး။
အဲဒီလူဟာ ဘုရားရှင်ရဲ့ သင်္ကန်းစွန်းကို ကိုင်ကာ ဘုရားနောက်က လိုက်နေပေမယ့် ဘုရားရှင်နဲ့ ဝေးတယ်။
ဘုရားရှင်ကလဲ အဲဒီလူနဲ့ ဝေးတယ်။
အကြောင်းကတော့ အဲဒီလူဟာ တရားကို မသိမြင်တဲ့အတွက် ဘုရားရှင်ကို မသိမြင်လို့ပါပဲ။

လူတယောက်ကတော့ သူတပါးပစ္စည်းကို အပိုင်စီးလိုစိတ် မရှိ။
ကာမဂုဏ် အာရုံတွေအပေါ် ပြင်းထန်တဲ့ တပ်မက်မှု မရှိ။
သူတပါး သေကျေပျက်စီးစေလိုစိတ် မရှိ။
မကောင်းတဲ့ စိတ်အကြံ မရှိ။
သတိ၊ သမာဓိ၊ ပညာ ရှိတယ်။
စိတ်တည်ငြိမ်တယ်။
ဣနြေ္ဒစောင့်စည်းတယ်။
အဲဒီလူဟာ ဘုရားရှင်နဲ့ ယူဇနာ တရာဝေးကွာတဲ့အရပ်မှာ နေစေဦးတော့ ဘုရားရှင်နဲ့ နီးတယ်။
ဘုရားရှင်ကလဲ သူနဲ့နီးတယ်။
အကြောင်းကတော့ အဲဒီလူဟာ တရားကို သိမြင်တဲ့အတွက် ဘုရားရှင်ကို သိမြင်လို့ပါပဲ။

ဤစကားတော်အရ ဘုရားအဆုံးအမဖြစ်သည့် သီလ သမာဓိ ပညာ အကျင့်ကို ကျင့်နိုင်သူသည် ဘုရားနှင့်နီးသူ ဖြစ်ပါ၏။ မကျင့်နိုင်သူသည် ဘုရားနှင့်ဝေးသူ ဖြစ်ပါ၏။ ဗုဒ္ဓသာသနာ ထွန်းကားရာ မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာဝင် မိဘတွေမှ မွေးဖွားလာကြပြီး ဘုရားစေတီတော်တို့အနီးတွင် သွားလာလှုပ်ရှား နေထိုင်နေကြသော်လည်း သီလ သမာဓိ ပညာ ဟူသော ဘုရားအဆုံးအမတို့ကို မကျင့်သုံးနိုင်ကြသေးလျှင် ဘုရားရှင်နဲ့ ဝေးလျက်ပင် ရှိနေကြပါသေး၏။ ဘုရားရှင်ကလည်း ထိုသူနဲ့ ဝေးလျက်ပင် ရှိနေပါ၏။

စာရှုသူသည် ဘုရားရှင်နဲ့ ဝေးနေသူလော၊ နီးနေသူလော။
ဝေးနေသေးလျှင် နီးအောင်ကြိုးစားရပါမည်။

( သာမဏေကျော် )

Saturday, December 19, 2009

မြတ်ဗုဒ္ဓအား ကိုးကွယ်ဆည်းကပ်နည်း

မြတ်စွာဘုရားသည်
(၁) ပုံတော် မြတ်ဘုရား (၂) ဂုဏ်တော် မြတ်ဘုရား ဟူ၍ နှစ်မျိုးနှစ်စား ရှိလေသည်။
ထိုနှစ်မျိုးကို ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင်များ သိရှိလိုက်နာ မှတ်သားစေရန် ရေးသားဖော်ပြအပ်ပါသည်။

၁။ ပုံတော်မြတ်စွာဘုရားဟူသည် သက်တော်ထင်ရှား မြတ်စွာဘုရားကို ထုလုပ်ထားသော ဆင်းတုတော်ကို ခေါ်ဆိုလေသည်။ ထိုဆင်းတုတော် ပုံတော်တို့ကို ဗုဒ္ဓဘာသာနွယ်ဖွား သူတော်စင်များတို့သည် ကိုးကွယ်ဆည်းကပ်ကြသည်။ ကိုးကွယ်ဆည်းကပ်သူတိုင်းကိုလည်း အကျိုးပေးသည်။

ပုံတော်တို့သည်-
(က) မတ်တတ်ရပ်တော်မူပုံ။ (ခ) ထိုင်နေတော်မူပုံ။ (ဂ) လျောင်းတော်မူပုံ ဟူ၍ သုံးမျိုးသုံးစား ရှိလေသည်။
ထိုသုံးမျိုးကို ဥဒ္ဒိဿက စေတီသုံးမျိုးဟု ခေါ်ဆိုလေသည်။

မတ်တတ်ရပ်တော်မူပုံသည်လည်း-
(၁) ဗျာဒိတ်ပေးတော်မူပုံ (၂) ဒေသစာရီ ကြွချီပုံ (၃) နာဠာဂီရိဆင်ကို အောင်မြင်တော်မူပုံ
(၄) မတ်တတ်ရပ်တော်ဖြင့် အလှူခံတော်မူပုံ (၅) ရှောင်တခင် ကြွရောက်သတိပေးခြင်း၊ သြ၀ါဒပေးခြင်း ပြုလုပ်တော်မူပုံ စသည်ဖြင့် အမျိုးမျိုး တွေ့ရလေသည်။

ထိုင်နေတော်မူပုံသည်လည်း-
(၁) ဈာနမုဒြာခေါ် သမာပတ်ဝင်စားပုံ၊ (စက္ခုနြေ္ဒချထား၍ ၀ဲဘက်လက်ဝါးပေါ် ယာလက်ဝါးတင်၍ တရားထိုင်သည့်ဟန်)
(၂) ဓမ္မစကြာပုံ (၀ဲဘက် လက်ခလယ်ကို ယာဘက်လက်ညှိုးဖြင့် ထောက်ပြသည့်ဟန်)
(၃) ဘူမိဖဿ (ယာဘက်လက်ကို မြေကြီးထိစေလျက် ၀ဲဘက် လက်ခလယ်ကို တင်ပလ္လင်ခွေပေါ်မှာ ပက်လက်လှန်ထားသည့်ဟန်)
စသည်ဖြင့် အမျိုးမျိုး တွေ့ရလေသည်။

မြတ်စွာဘုရားသည် အရှေ့အရပ်သို့ မျက်နှာမူ၍သာ ထိုင်တော်မူလေသည်။ ဗောဓိပင်နှင့် ရွှေပလ္လင်ဝယ် ဘုရားဖြစ်တော်မူချိန်မှာပင် အရှေ့ဘက်သို့ မျက်နှာမူကာ ထိုင်နေတော်မူသည်။

လျောင်းတော်မူသည်မှာ-
ခြင်္သေ့မင်းကဲ့သို့ ယာဘက်ကို စောင်းလျက် လဲလျောင်း ကျိန်းစက်လေ့ရှိသည်။ ယာဘက်ခြေတော်ပေါ်၌ ၀ဲဘက်ခြေတော်ကို အနည်းငယ်လွန်၍ ထား၏။ ခြေဖ၀ါးနှစ်ခု တညီတည်း ထားလျှင် ဒူးဆစ်တော်အချင်းချင်း၊ ဖမျက်တော်အချင်းချင်း ထိခိုက်နေ၍ နာကျင်ခြင်း ဖြစ်တတ်သည်။

အထက်ဖော်ပြပါ ဥဒ္ဒိဿက စေတီများကို ထုလုပ်ကိုးကွယ်ကြရာတွင်-
(က) ကြွချီတော်မူပုံ (ခ) ရပ်တော်မူပုံ (ဂ) ထိုင်နေတော်မူပုံနှင့် (ဃ) လျောင်းတော်မူပုံ စသော ဘုရားရှင်၏ ပုံတော်များကို အများဆုံး ဖူးတွေ့နိုင်ပေသည်။ ထိုပုံတော်များကို ဖူးတွေ့ကြရသည့်အခါ မိမိ၏ စိတ်အစဉ်တွင် မည်ကဲ့သို့ ထားရှိပြီး ဖူးမြော်ကြည်ညိုရမည်ကို ရေးသားတင်ပြရသော် အောက်ပါအတိုင်း ဖြစ်ပါသည်။

ကြွချီတော်မူပုံ-
နောက်တော်ပါ သံဃာတော်များ၏ ရှေ့တော်က စက်လက္ခဏာတို့ဖြင့် တင့်တယ်သော ခြေတော်အစုံကို ကြွချီလျက် ထိုထိုဤဤ ဒေသစာရီ လှည့်လည်တော်မူသည့်အခါတွင်လည်း ဝေနေယျသတ္တ၀ါတို့၏ အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူ၏။ ယခုအခါ ကြွသွားတော်မူပုံကို ထုလုပ်ထားသော ရုပ်ပုံ ရုပ်ပွးတော်၊ ဆင်းတုတော်များကို ဖူးတွေ့ရသည်ရှိသော် ရုပ်ပွားတော်လောက်သာ စိတ်မထားဘဲ (မိမိအိမ်၌ မိဘဘိုးဘွား တို့၏ ဓာတ်ပုံကိုမြင်ရလျှင် ဓာတ်ပုံလောက်တွင်သာမက အသက်ရှင်တုန်းအခါက မိဘဘိုးဘွားကိုပါ တခါတည်း သတိရလျက် ပြောဆိုဆုံးမပုံတွေကိုပါ ထင်ယောင်၊ မြင်ယောင်ဖြစ်လာသကဲ့သို့) သက်တော်ထင်ရှား မြတ်စွာဘုရား၏ ကြွသွားတော်မူပုံကိုပါ ထင်ယောင်၊ မြင်ယောင် ဖြစ်လာစေလျက် နှစ်သက်ကြည်နူးစွာ ဖူးမြော်ကြည်ညိုကြရပါမည်။

ရပ်တော်မူပုံ-
ဗုဒ္ဓမြတ်စွာဘုရားသည် ကြွသွားတော်မမူဘဲ ရွှေတောင်ကြီးအလား ရပ်တန့်တော်မူ၏။ ရပ်တော်မူလျက် ဝေနေယျသတ္တ၀ါတို့၏ အကျိုးစီးပွားကို သယ်ပိုးရွက်ဆောင်တော်မူ၏။ ထို့ကြောင့် ရပ်တော်မူနေပုံကို ထုလုပ်ထားသော ရုပ်ပွားတော် ဆင်းတုတော်များကို ဖူးတွေ့ရသည်ရှိသော် သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တော်မြတ်သည် ရပ်တော်မူလျက် မိမိအား ဆုံးမတော်မူနေပုံကို ထင်ယောင် မြင်ယောင် ဖြစ်လာအောင် ရိုသေစွာ ဖူးမြော်ကြည်ညိုကြရပါမည်။

ထိုင်နေတော်မူပုံ-
သက်တော်ထင်ရှား ဘုရားရှင်သည် ပရိသတ်အလယ်တွင် ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးလျက် တင်ပလ္လင်ဖွဲ့ခွေ ထိုနေတော်မူလျက် တရားဟောပြောကာ သတ္တ၀ါအများ၏ အကျိုးကို ဆောင်ရွက်တော် မူခဲ့ပါသည်။ ထို့ကြောင့် တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေတော်မူပုံကို ထုလုပ်အပ်သော ရုပ်ပုံ ရုပ်ပွားတော်၊ ဆင်းတုတော်များကို ဖူးမြော်ရသည်ရှိသော် ရုပ်ပွားတော်လောက်တွင်သာ စိတ်မထားဘဲ သက်တော်ထင်ရှား မြတ်စွာဘုရား၏ အနီးထံပါးဝယ် တရားဓမ္မသြ၀ါဒတော်များ လိုက်နာကြားနာနေကြရ သကဲ့သို့ ထင်မြင်လာအောင် ဖူးမြော်ကြရပါမည်။

လျောင်းတော်မူပုံ-
မြတ်စွာဘုရားသခင်သည် ညဥ့်အခါ ဂန္ဓကုဋီတိုက်တော်ဝယ် ရံဖန်ရံခါ လျောင်းတော်မူလျက် နတ်ဗြဟ္မာများ၏ လျှောက်ထားလာသမျှသော အမေးပုစ္ဆာမှန်သမျှတို့ကို ဖြေရှင်းဟောပြတော်မူ၍ သတ္တ၀ါတို့၏ အကျိုးကို ဆောင်တော်မူပါသည်။ ထို့ကြောင့် ယခုအခါ ရွှေသာလျောင်း-ဟုခေါ်ဆိုအပ်သော လျောင်းတော်မူပုံကို ဖူးတွေ့ရသည်ရှိသော် သက်တော်ထင်ရှား မြတ်စွာဘုရားသည် အမေးပုစ္ဆာများကို ဖြေရှင်းဟောပြောနေပုံကို ထင်မြင်လာအောင် ဖူးမြော်ကြည်ညိုကြရန် ဖြစ်ပါသည်။

ဤသို့ ပုံတော်အမျိုးမျိုးကို ကိုးကွယ်ဆည်းကပ် ပူဇော်ခြင်းသည် ကုသိုလ်အကျိုးထူးကို ဖြစ်စေပါသည်။ သို့သော် ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ၀က္ကလိရဟန်းကဲ့သို့ လိုတော့ မဖြစ်စေချင်ပါ။ ၀က္ကလိရဟန်းသည် ဘုရားရှင်၏ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို မကြည်ညိုဘဲ ပုံတော်ကိုသာ ကြည်ညိုနေ၍ ကုသိုလ်ထုး မရဘဲ-တုစ္ဆ ၀က္ကလိ (အချည်းနှီးသော ၀က္ကလိ) ဟု ဘုရားရှင်၏ ကဲ့ရဲ့ခြင်း ခံခဲ့ရသည်။

ဂုဏ်တော်မြတ်ဘုရား-
ဂုဏ်တော်မြတ်ဘုရား ဟူသည် အပိုင်းအခြားမရှိသော ဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ခေါ်ဆိုလေသည်။ ထိုဂုဏ်တော်တို့သည်-
(၁) အရဟံဂုဏ်တော်
(၂) သမ္မာသမ္ဗုဒ္ဓဂုဏ်တော်
(၃) ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်
(၄) သုဂတဂုဏ်တော်
(၅) လောက၀ိဒူဂုဏ်တော်
(၆) အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော်
(၇) သတ္ထာဒေ၀မနုဿာနဂုဏ်တော်
(၈) ဗုဒ္ဓဂုဏ်တော်
(၉) ဘဂ၀ါဂုဏ်တော် အားဖြင့် ဂုဏ်တော် ၉-ပါးရှိလေသည်။

ထိုဂုဏ်တော် ၉-ပါး၏ ဖွင့်ဆိုချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) အရဟံ-ကိလေသာကင်း၍ ပူဇော်အထူးကို ခံထိုက်သော မြတ်စွာဘုရား။
(၂) သမ္မာသမ္ဗုဒ္ဓေါ-သစ္စာလေးပါးတရားကို ဆရာမရှိ ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။
(၃) ၀ိဇ္ဇာစရဏသမ္ပန္နော-အသိနှင့်အကျင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
(၄) သုဂတော-ကောင်းသောစကားကိုသာ ပြောဆိုတော်မူတတ်သော မြတ်စွာဘုရား။
(၅) လောက၀ိဒူ-လောကသုံးပါးကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။
(၆) အနုတ္တရောပုရိသဒမ္မသာရထိ-ဆုံးမထိုက်သူတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။
(၇) သတ္ထာဒေ၀မနုဿာနံ-လူ နတ် ဗြဟ္မာ သတ္တ၀ါတို့၏ ဆရာတဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
(၈) ဗုဒ္ဓေါ-သစ္စာလေးပါးကို မိမိကိုယ်တော်တိုင်လည်းသိ၊ သူတပါးတို့ကိုလည်း သိအောင် ဟောပြတော်မူသော မြတ်စွာဘုရား။
(၉) ဘဂ၀ါ-ဘုန်းတော်ခြောက်ပါး ဂုဏ်တော်တွေအနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား-ဟူ၍ ဘုရားရှင်၏ ဂုဏ်တော်တို့ကို ချီးမွမ်းပူဇော်ကြရမည် ဖြစ်သည်။

ထိုသို့ပူဇော်ခြင်းသည်လည်း-
(၁) အာမိသပူဇာ (၂) ဓမ္မပူဇာအားဖြင့် နှစ်မျိုးရှိလေသည်။

အာမိသပူဇာဖြင့် ပူဇော်ပုံမှာ-
ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး အသုံးအဆောင်များအား ပူဇော်ရာ၌ အရဟံ-ဂုဏ်တော်ရှင် မြတ်စွာဘုရား၏ စိတ်တော်အစဉ်၌ ကိလေသာအညစ်အကြေး အနောက်အကျုတို့မှ ကင်းသဖြင့် သန့်ရှင်းကြည်လင်လျက် ရှိပုံ။ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှု ဟူသမျှတို့ကို ကိုယ်ဖြင့် ပြုတော်မမူ၊ နှုတ်ဖြင့် ပြောတော်မမူ၊ စိတ်ဖြင့် ကြံစည်တော် မမူပုံနှင့် အတုမရှိသော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ကုံလုံပြည့်ဝ၍ ပူဇော်မှုကို အထူးခံထိုက်ပုံစသော ဂုဏ်ရည်တို့ကို ယုံကြည်စွာ မှန်းမျှော်၍ လက်အုပ်ချီမိုး ရှိခိုးလျက် ပန်း-ရေချမ်း-ဆွမ်း-ဆီမီး အသီးသီးတို့ကို ကပ်လှူပူဇော်ရပါမည်။ (သရဏဂုံ သီလ ခံယူဆောက်တည်၍ လှူဒါန်းခဲ့လျှင်ကား အာမိသပူဇာ၊ ဓမ္မပူဇာ နှစ်မျိုးလုံးပင် ဖြစ်နိုင်ပါသည်။)

ဓမ္မပူဇာဖြင့် ပူဇော်ပုံမှာ-
ဓမ္မပူဇာ-တရားဖြင့် ပူဇော်ရာ၌ မိမိတို့၏ စိတ်အစဉ်ကို ကိလေသာအညစ်အကြေး အနောက်အကျူတို့မှ ကင်းစင်နိုင်သမျှ ကင်းစင်နိုင်အောင် ဆေးလျှော်သုတ်သင်၍ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုဟူသမျှတို့ကို ကိုယ်ဖြင့် ပြုတော်မမူ၊ နှုတ်ဖြင့် ပြောတော်မမူ၊ စိတ်ဖြင့် ကြံစည်တော်မမူပုံနှင့် အတုမရှိသော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ကုံလုံပြည့်ဝ၍ ပူဇော်မှုကို အထူးခံထိုက်ပုံ စသော ဂုဏ်ရည်တို့ကို ယုံကြည်စွာ မှန်းမျှော်၍ လက်အုပ်ချီမိုး ရှိခိုးလျက် ဂုဏ်တော် ၉-ပါးကို အာရုံပြု ရွတ်ဆို၍ ပူဇော်ရပါမည်။

ပုံတော်ကို ပုံတော်အတိုင်း မထားဘဲ ဂုဏ်တော်ဖြင့် ထုံမွှမ်း၍ ပူဇော်လျှင် အန္တရာယ်ကင်းခြင်း၊ စီးပွားလာဘ်လာဘ တိုးတက်ခြင်း စသော အကျိုးထူးတရားများကို ရရှိပေလိမ့်မည်။ သက်တော်ထင်ရှား မြတ်စွာဘုရားကို စိတ်ထဲ၌ ထင်မြင်လာအောင် မှန်းဆသူသည် ဘုရားရှင်ကို ကြည်ညိုလေးစားသူ ဖြစ်ပေရကား ဘုရားရှင်၏ ကိုယ်စား ရုပ်ပွားဆင်းတုတော်နှင့် စေတီတော်များအနီး၌ မလေးမစား မနေ၀ံ့တော့ပေ။

သို့ရာတွင် လောက၌ ပုဂ္ဂိုလ်တဦးတယောက်အပေါ်တွင် ထိုသူ၏ဂုဏ်ထူးကို မသိခင်က ကြည်ညိုပြီးနောက် ထိုသူ၏ ဂုဏ်ထူးကို သိရပြန်သောအခါ အတိုင်းထက်အလွန် ပိုမိုကြည်ညိုလေးစား အားထားကိုးကွယ်လိုသော စိတ်များ ဖြစ်ပေါ်လာသကဲ့သို့ ထို့အတူ အထက်က ဖော်ပြခဲ့သော မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးကိုပင် မိမိဉာဏ်မီသမျှ သိရှိကြလျှင် မိမိ၏ သဒ္ဓါပညာတို့သည် ရှေးကထက် သာလွန်တိုးပွားကြရမည် ဖြစ်ပေသည်။

ကျွန်တော် အပါအ၀င် စာရှုသူတို့သည် ဘ၀များစွာ သံသရာဝယ် ကျင်လည်ခဲ့ရသော်လည်း မိမိတို့စိတ်ထဲ၌ ဤကဲ့သို့ ဘုရားရှင်ဟူသော အာရုံမျိုးကို ရယူနိုင်ဖို့ရာ လွန်စွာခဲယဉ်းပါသည်။ ယခုအခါ ကံကောင်းလှသဖြင့် ဘုရားရှင်၏ အကြောင်းအရာနှင့် ဂုဏ်တော်များကို ကြားသိရပေသည်။ ထို့ကြောင့် အေးအေးဆေးဆေး မိမိတို့အိမ်၌ ဘုရားရှင်ကို အာရုံပြုရင်း ရွတ်ဖတ်ရှိခိုးကြဖို့ရာ မကျဉ်းမကျယ် အနက်သဘောကို နှုတ်တက်ဆောင်ထားပြီး မိမိ၏ မျက်စိကိုမှိတ်၍ ဖြစ်သော အာရုံ၌ထင်မြင်လာသော ဘုရားရှင်၏ ပုံတော်အတွင်း၌ အထက်ကပြဆိုခဲ့ပြီးသော ဂုဏ်တော်များကိုသွင်း၍ သန့်ရှင်းစင်ကြယ်သော သီလကို ဆောက်တည်ကာ အာရုံပြုကိုးကွယ်ဆည်းကပ်နိုင်ကြစေရန် ရေးသားဖော်ပြအပ်ပါသည်။

ဘုရားရှင်သည် သက်တော် ၂၉-နှစ်အရွယ်တော်၌ တောထွက်တော်မူ၍ ၃၅-နှစ်အရွယ်တွင် ဘုရားဖြစ်တော်မူပြီးလျှင် သက်တော် ၈၀-အပြည့်မှာ ပရိနိဗ္ဗာန်စံဝင်တော်မူသည်။ ဘုရားအဖြစ် ၀ါတော် ၄၅-၀ါမျှသာ သီတင်းသုံးတော်မူရသည်။ ထို ၄၅-၀ါမျှဖြင့် ကာလမကြာရကား နောင်အခါ ဗုဒ္ဓသာသနာကို ယုံကြည်သူတို့ ကိုးကွယ်ဆည်းကပ်နိုင်ကြဖို့ရာ အမွေအနှစ်ပေးခဲ့သည့် အနေအားဖြင့် ရှင်တော်မြတ်၏ အရိုးဓာတ်တော်များကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် အဓိဋ္ဌာန်တော်မူခဲ့ပါသည်။

အသက်ရှည်သော ဘုရားရှင်၏ အရိုးဓာတ်တော်ကား အစိတ်စိတ်အမြွှာမြွှာ မဖြစ်ဘဲ တလုံးတခဲတည်း တည်ရစ်တော်မူပါသည်။ ထို့ကြောင့် ဘုရားရှင်၏ ဓာတ်တော်များကို ဌာပနာထားသော စေတီပုထိုးတော်၊ ရုပ်ပွားတော်များကို ဖူးဇော်ရသောအခါ၌ ဓာတ်တော်၊ စေတီတော် ရုပ်ပွားတော်လောက်တွင်သာ စိတ်မထားဘဲ သက်တော်ထင်ရှား မြတ်ဘုရားကို ထင်မြင်အောင် ဖူးမြော်ကြရန် ဖြစ်သည်။

အချုပ်ဆိုသော် ပုံတော်မြတ်ဘုရား၏ ပုံတော်အတွင်း၌ ဂုဏ်တော်မြတ်ဘုရား၏ ဂုဏ်တော်တို့ကို သွင်းယူပူဇော်လျက် တိဟိတ်ဥက္ကဋ္ဌ ကုသလ (ဉာဏ်နှင့်ယှဉ်၍ရအပ်သော ကုသိုလ်ထူး) ကို ရရှိမည်မှာ မုချဧကန် စင်စစ်အမှန်ပင် ဖြစ်ပေသည်။

( သန်းဝင်းရှိန်)
( မြတ်မင်္ဂလာ ၂၀၀၃-ခု ဇန်န၀ါရီလ)

အကျည်းတန်သူ၏ မွန်မြတ်သော အလှ

ပုဂံကုန်းကျေးရွာသို့ ရောက်ရန် တောင်တွင်းကြီးဘူတာ၏ အနောက်တောင်ဘက် ဗိမာန်ရပ်ကွက်ကို ဖြတ်ကျော်၍ သွားရသည်။ သွားစဉ် ညခရီးဖြစ်နေ၍ လမ်းအနေအထား မည်သို့ရှိသည်ကို မသိခဲ့ရ။ အပြန်ခရီးမှာ နေ့ခရီးဖြစ်သည်။ ပုဂံကုန်းကျေးရွာမှ ဦးဉာဏ်ရှိန်တို့က လှည်းဖြင့် ကျွန်မကို လိုက်ပို့သည်။ တောင်တွင်းကြီးမှ ပုဂံကုန်းကျေးရွာသို့ ၂-မိုင်ခန့်ဝေးသည်။ ချောင်းငယ်တခုကိုလည်း ဖြတ်ကျော်ရသေးသည်။

ချောင်းကို ဖြတ်ကျော်လာပြီးသောအခါ မြေသားလမ်းကို သွားရသည်။ ထိုမြေသားလမ်းမှာ မိုးကောင်းသည် နှစ်များတွင် ရွှံ့ဗွက်ရေအိုင်များရှိနေသည်။ သွားလာရန် အခက်အခဲတွေ့ရသော လမ်းဖြစ်သည်။ ထိုနေရာတွင် အကျည်းတန်သူ၏ အလှတရား (သို့မဟုတ်) ကိုယ်မသန့်သူ (အနာကြီးရောဂါရှိသူ) ၏ လုပ်အားဒါနကို ဦးဉာဏ်ရှိန် ပြောပြချက်အရ သိရှိခံစားခဲ့ရသည်။

ထိုအနာကြီးရောဂါရှိသူက မိုးရာဦ၌ လူများ အသွားအလာခက်ခဲမည့်နေရာကို လမ်းပြုပြင်ပေးထားသည်။ မြေကြီးကို ခက်ခဲပင်ပန်းစွာ တူးပြီး သေချာကျနစွာ ပြုလုပ်ထားသည်။ လမ်းအကျယ် ၂-ပေခွဲခန့် အမြင့် ၃-ပေခွဲခန့် ရှိမည်။ အရှည်မှာလည်း အတော်ရှည်သည်။ တရွာလုံး လုပ်အားဖြင့်ပင် တနေကုန်နှင့် မပြီးစီးနိုင်ချေ။

၎င်းအနေအထားများကို တဦးတည်းပြုလုပ်သူမှာ အံ့သြချီးကျူးဖွယ်ရာ၊ သာဓုအခါခါ ခေါ်စရာ ကောင်းလောက် ပါပေသည်။ ဒီလမ်းကို လုပ်တဲ့သူက ကိုယ်မသန့်ဘူး။ သာမန် မဟုတ်ဘူး။ ခြေလက်အတိုတွေနဲ့ အခြေအနေ အတော်ဆိုးတယ်။ အဲဒီအနေအထားမှာကိုပဲ သူက တောင်းမစားဘူး။ ဒီလမ်းကိုပြုပြင်တယ်။ မောင်းထောင်ခွက်တလုံး ချထားတယ်။ ဈေးသွားဈေးပြန် ခရီးသွားတွေက သဒ္ဓါသရွေ့ စွန့်ကြဲခဲ့တာကိုပဲ ယူတယ်။ သူ့မိခင်အိုကို လုပ်ကျွေးနေတယ်။ ပေါက်ပြား၊ ခြင်းတောင်းအပြင် မြေကြီးကိုရိုက်ဖို့ လက်ရိုက်ပျဉ်ပြား ပါသေးတယ်။

ဒီလမ်းတွင် ဘယ်ဟုတ်မလဲ၊ ငါးရာ့ငါးဆယ် ကွက်သစ်ကနေ ရွှေမင်ရွာ သွားတဲ့လမ်းကိုလဲ သူပဲ လုပ်တာ။ တယောက်တည်းပဲ။ အံ့သြဖို့ကောင်းတာ။ တပေါင်း တန်ခူးရာသီကနေ စလုပ်တယ်။ ရာသီပြင်းနေတာလဲ နောက်မတွန့်ဘူး။ တနေကုန် လုပ်နေတာပဲ။ တနှစ်လုံးပဲ ပြောပါတော့။ သူ့ဘ၀ကို နောင်ဒီလိုဘ၀မျိုး မရောက်အောင် ကုသိုလ်ယူ ဆောင်ရွက်နေတာထင်တယ်-ဟု ဦးဉာဏ်ရှိန်က ပြောပြပါသည်။

သူ၏အမည်မှာ ကိုမျိုးဝင်း၊ အသက် ၄၀-ခန့်၊ ဗိမာန်ရပ်ကွက် အစွန်အဖျားတွင် နေထိုင်ကြောင်း သိခဲ့ရသည်။ ကိုမျိုးဝင်းသည် ကံကြမ္မာအရ ဖြစ်လာသည့် ဘ၀ဆိုးကို သံသရာမလည်စေလိုသည့် ဆန္ဒများ ရှိနေပုံရသည်။ မသန်စွမ်းသည်ကို အကြောင်းပြ၍ ရေစုန်မျှောလိုက်လျှင် ရသော်လည်း ထိုအကြောင်းတရားများကို ဆန့်ကျင်၍ မည်သူတဦးတယောက်၏ တိုက်တွန်းချက်၊ ကူညီမှုကို ရယူခြင်းမပြု၊ မိမိ၏ ဘ၀ပေး အသိစိတ်ဓာတ်ဖြင့် အကျည်းတန်ဘ၀ဖြင့် မွန်မြတ်သော အလှတရားကို ဖန်တီးဆောင်ရွက်နေသူဖြစ်ကြောင်း စာရေးသူ မှတ်ချက်ချမိသည်။

( နွယ်-ပညာရေး)
( မြတ်မင်္ဂလာ ၂၀၀၃-ခု ဇန်န၀ါရီလ)

သူမိုက် ဟူသည်

လောက၌ သူမိုက်သည် အထူးရှောင်ရှားသင့်သော သူမျိုးဖြစ်သည်။ ထို့ကြောင့်လည်း ၃၈-ဖြာ မင်္ဂလာ တရားတော်တွင် သူမိုက်နှင့် မပေါင်းသင်းအပ်ကြောင်း တရားကို ထိပ်ဆုံးမှ ဖော်ပြထားပေသည်။ သူမိုက်ကို ပေါင်းသင်းမိပါက ကျန်မင်္ဂလာတရားတော်များကို ဖောက်ဖျက် ကျူးလွန်မိကြပေမည်။

ဗုဒ္ဓဘုရားရှင် လက်ထက်တော်က ဗိမ္ဗိသာရမင်းကြီး၏ သားတော် အဇာတသတ်သည် မူလက အပြစ်ကင်းမဲ့သော မင်းပျိုလွင်ကလေး ဖြစ်သည်။ သူမိုက်တည်းဟူသော ဒေ၀ဒတ်နှင့် ပေါင်းသင်းမိသဖြင့် အဖကို သတ်ခဲ့သည်။ နောင်အခါ နောင်တရ၍ ဗုဒ္ဓဘုရားရှင်ကို ဆည်းကပ်ကိုးကွယ်ခွင့် ရခဲ့သော်လည်း အဖကိုသတ်သော အပြစ်ကြီးမှ မလွတ်။ လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်း ကျရောက်ခံစားနေရသည်မှာ ယနေ့တိုင် ဖြစ်သည်။ သူမိုက်နှင့် ပေါင်းသင်းခြင်း၏ ဆိုးကျိုးပင်တည်း။

မြန်မာ့သမိုင်းတွင်လည်း တပင်ရွှေထီးမင်းသည် သူရသတ္တိနှင့် အထူးပြည့်စုံ၍ လက်ရုံးရည်ရော နှလုံးရည်ပါ ထူးချွန်သူဖြစ်သည်။ သို့ရာတွင် သင်္ဘောပျက်၍ ရောက်ရှိလာသော ဗရင်ဂျီကုလား လူမိုက်နှင့် ပေါင်းသင်းမိ သဖြင့် ပျက်စီးခဲ့ရသည်။ အရက်သေစာများ သောက်စားမူးယစ်ကာ တိုင်းရေး ပြည်ရေးတို့ကို ကောင်းစွာ မစီမံနိုင်တော့။ နောက်ဆုံးတွင် ရန်သူတို့၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ သက်တော် ၃၄-နှစ်တွင် လွန်တော်မူခဲ့ရာ လွန်စွာနှမြောဖွယ် ကောင်းလှသည်။ ဤတပင်ရွှေထီးမင်းသည် သူမိုက်နှင့်ပေါင်းသင်းခြင်း၏ ဆိုးကျိုးကို ခံစားသွားခဲ့ရပေသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် သူမိုက်ကိုဝေးစွာ ရှောင်ကြဉ်ကြရမည်။ ဤသို့ ရှောင်ကြဉ်ကြရာ၌ သူမိုက်ဟူသည် မည်သို့သော လူမျိုး ဖြစ်သည်ကို သိရှိနားလည်ထားသင့်ပေသည်။
ဗုဒ္ဓဘုရားရှင်က-
မကောင်းသောအကြံကို ကြံခြင်း၊ မကောင်းသော စကားကို ပြောဆိုခြင်း၊ မကောင်းသော အမှုကို ပြုခြင်းတို့သည် သူမိုက်တို့၏ လက္ခဏာသုံးပါးဖြစ်ကြောင်း ဟောတော်မူထားသည်။

ထို့ပြင် သူမိုက်တို့သည် မိမိ၏အပြစ်ကို အပြစ်ဟု မမြင်။ အပြစ်ကို အပြစ်ဟု မြင်သော်လည်း တရားနှင့်အညီ ကုစားခြင်း မပြု။ သူတပါးက မိမိအပြစ်ကို ၀န်ခံပြောကြားလျှင်လည်း တရားနှင့်အညီ လက်ခံခြင်း မပြုတတ်-ဟူ၍လည်း ဟောတော်မူထားသည်။ ထိုမျှမက သူမိုက်သည် အကုသိုလ်တို့ကို ကာယကံ၊ ၀စီကံ၊ မနောကံ တို့ဖြင့်လည်း ပြုကျင့်လေ့ရှိသည်ဟူ၍ ဟောတော်မူထားသည်။

ဤဟောကြားချက်တို့ကို အင်္ဂုတ္တရနိကာယ် လက္ခဏသုတ်၌ တွေ့ရှိနိုင်ပါသည်။ ထို့ကြောင့် ကျွန်ူပ်တို့သည် သူမိုက်တို့၏ လက္ခဏာ၊ သူမိုက်တို့၏ သဘောသဘာဝ၊ သူမိုက်တို့၏ အပြုအမူ စသည်တို့ကို အကဲခတ် လေ့လာကာ သူမိုက်တို့ကို ဝေးစွာ ရှောင်ကြဉ်သင့်ကြပေသည်။

သြ၀ါဒ

၁။ စိတ်ဓာတ် လုပ်ရပ်၊ နှစ်ရပ်ပေါ်သာ၊ ယုတ် မြတ်ဟာ၊ တည်တာ အမှန်ဖြစ်။
၂။ စိတ်ဓာတ် လုပ်ရပ်၊ မြင့်မြတ်ဖြူစင်၊ သူတော်စင်၊ ယုတ်လျှင် သူယုတ်မာ။

ဘဒ္ဒန္တတိလောကသာရ
ရန်ကုန် အင်းစိန် ရွာမပရိယတ္တိ စာသင်တိုက် တိုက်အုပ်ဆရာတော်။

ကံကောင်းကြပါစေ

ဒေါင်-ဒေါင်-ဒေါင်
ဘိုးဘွားအမွေဖြစ်သော နာရီအိုကြီးသည် မထိုးချင် ထိုးချင်ဖြင့် ၈-ချက်ပြည့်အောင် ထိုးသွားရှာသည်။
ည ၈-နာရီ ရှိပြီ။
သားတို့ အခန်းထဲ သွားနေကြတော့။
မေမေ-ညီလေးက ဗိုက်ဆာတယ် တဲ့။
အေး အေး-ခဏနေရင် မင်းတို့ဖေဖေ ပြန်လာတော့မှာ။ သူစားပြီးရင် သားတို့ကို ကျွေးမယ်နော် သား။
ကဲ သွားကြတော့။ မင်းတို့ ဖေဖေ ပြန်လာတော့မှာ။

ဖေဖေ-ဟူသောအသံ ကြားသည်နှင့် သားငယ်၏မျက်လုံးများ ၀ိုင်းစက်သွားသည်။ နောက်ထပ်ဘာမျှ မပြောတော့။ အမေကို တချက် ကြည့်ပြီး တယောက်လက် တယောက်ဆွဲကာ ဘေးခန်းထဲသို့ ၀င်သွားကြသည်။ သူတို့ဖေဖေကား မူးလာလျှင် ဘီလူးတကောင်လို သွေးဆိုးသဖြင့် ကလေးများ ကြောက်ရွံ့နေကြသည်။

မသန်းရင်သည် သက်ပြင်းတချက်ချပြီး လေးကန်သော ခြေလှမ်းများဖြင့် အိမ်ရှေ့သို့ ထွက်လာခဲ့သည်။ အိမ်ရှေ့တံခါးမကြီး အနီးသို့ရောက်လျှင် ချထားသော ထိုင်ခုံငယ်တွင် ငုတ်တုတ်ထိုင်ပြီး တွေးမိတွေးရာ တွေးနေမိသည်။

မည်မျှကြာသွားသည် မသိ။ ဒိုင်း ဒိုင်း-ဟု တံခါးကို ပြင်းထန်စွာကန်လိုက်သံကြားမှ ကမန်းကတန်း ထ၍ တံခါးချက်ကို ဖြုတ်ပေးလိုက်သည်။ တံခါးပွင့်သည်နှင့် လက်တဖက်က ရင်ဘတ်ကို ဆောင့်တွန်းလာသည်။ အမှတ်တမဲ့ဖြစ်၍ ရုပ်ပျက်ဆင်းပျက် လဲကျသွားရ၏။

ဘယ်လင်ငယ်အကြောင်း တွေးနေလို့ ဒီလောက်ခေါ်နေတာ မကြားရတာလဲ။
အရက်ရှိန်ကြောင့် နီမြန်းနေသော ခင်ပွန်းသည်၏ မျက်နှာကြီးကို မသန်းရင်က တချက်မော့ကြည့်လိုက်သည်။ ဘာမှတော့ ပြန်မပြောဖြစ်။ ခင်ပွန်းသည်၏ လက်ဆွဲအိတ်ကို လှမ်းယူပြီး ယိမ်းယိုင်နေသော သူ့ခန္ဓာကိုယ်ကြီးကို ထိန်းမလျက် နောက်ခန်းသို့ ခေါ်ခဲ့သည်။ ထမင်းစား စားပွဲတွင် ထိုင်ပြီး နေသားကျမှ-

ထမင်းစားမှာလား-ဟု မေးလိုက်သည်။
ဟေ့-ငါက ထမင်းမစားလို့ ချေးစားရမှာလားကွ။
အပြောမှားလိုက်မိပြန်ပြီ၊ ရှိစေတော့။ လက်မပါခဲ့သည်ကိုပင် ကျေးဇူးတင်ရသေး၏။

အသင့်ခူးခပ်ထားသော ထမင်းနှင့် ဟင်းကို ကြောင်အိမ်ထဲမှထုတ်၍ သူ့ရှေ့စားပွဲပေါ်တွင် ချပေးလိုက်သည်။ ကြောင်အိမ်တံခါးပိတ်လိုက်နှင့် မုန်တိုင်း-စလေသည်။
ဒါပဲလား။
ဟုတ် ဟုတ်ကဲ့။
ဟေ့ ဒီမှာ၊ ဒီ ငါးလေး သုံးကောင်နဲ့ ချဉ်ရည်တခွက်ကို ငါက ဘယ်နှယ်လုပ် စားရမှာလဲကွ။ မင်းတို့ကျတော့ စိတ်တိုင်းကျ ပါးဖြဲနားဖြဲစားပြီး ငါ့ကျမှ ဒါလေးပဲ ချန်ထားရသလား။ ဟင် ခွေးမ။
မဟုတ်ဘူး ကိုအုန်းမြင့်။ ကျွန်မ မဆိုထားနဲ့၊ ကလေးတွေတောင်။
ဒုန်း-ခွမ်း။

စကားပင် မဆုံးလိုက်။ စားပွဲကို လှန်ချပစ်လိုက်သောကြောင့် ထမင်းရော ဟင်းများပါ ပြန့်ကျဲသွားသည်။ မသန်းရင်သည် ပြန့်ကျဲနေသော ထမင်းဟင်းများကို တလှည့်၊ ခင်ပွန်းသည်ကို တလှည့် ကြည့်ရင်း မှင်တက်မိသလို ဖြစ်သွားသည်။

ထိုစဉ် ခင်ပွန်းသည်၏ လက်ချောင်းများက လည်ပင်းကို လာညှစ်သည်။ မရုန်းမိ။ နားထဲတွင် အသံစီစီများ ကြားရပြီး ငါးမိနစ်မျှ သတိလစ်သလို ဖြစ်သွားသည်။ သတိရလာသောအခါ ခင်ပွန်းသည် မရှိတော့။ အိပ်ခန်းသို့သွားပြီး ခန်းဆီးကို လှပ်ကြည့်ရာ မှောက်ခုံကြီး အိပ်ပျော်နေသည်ကို တွေ့ရ၏။

မသန်းရင်သည် အသာအယာ ပြန်ဆုတ်လာပြီး သားတို့ကို ခေါ်ကာ ကြမ်းပေါ်မှ ထမင်းများကို ကျုံး၍ ပန်းကန်ထဲ ထည့်လိုက်သည်။ စွန့်ပစ်၍မဖြစ်။ ယနေ့ ညနေပိုင်း ကြံဖန်၍ ရသောဆန်မှာ ဤမျှသာ ဖြစ်သည်။ ခင်ပွန်းသည်ကို အရက်ဖျက်ကတည်းက အဘက်ဘက်မှ ကျပ်တည်းလာခဲ့သည်မှာ သားကြီးတသက် နီးနီးရှိပြီ။

မိမိမှာ သားတို့စား၍ ကျန်မှသာ စားတော့မည်ဟု တွေးပြီး ဖြူဖပ်ဖြူရော် ရေနွေးကြမ်းကို တခွက်ပြီးတခွက် သောက်နေမိသည်။ ထိုစဉ် အခန်းဝမှ မိုးခြိမ်းသံကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသော ခင်ပွန်းသည်၏ အသံကို ကြားလိုက်ရသည်။ ငါးကြော်ကို လှမ်းကောက်နေသော သားငယ်၏ လက်သည် လမ်းတ၀က်တင် ပြုတ်ကျသွား၏။

ခွေးကောင်လေး၊ ဒီလောက်တောင် ငတ်ရသလား-ဟုပြောပြောဆို သားငယ်ကို အင်္ကျီကျောမှ စုကိုင်၍ နံရံဘက် ဆွဲပစ်လိုက်သည်။ သားငယ်၏ ပါးစပ်ထဲမှ ပလုပ်ပလောင်းစားထားသော ထမင်းများ ဖွေးခနဲထွက်ကျသွား သည်ကို ကောင်းစွာမြင်လိုက်ရ၏။ လျှပ်ပြက်သလို မြန်ဆန်လွန်းလှ၍ မတားမြစ်လိုက်နိုင်။ သားငယ်မှာ အင့်-ခနဲ အသံတချက်သာ ထွက်နိုင်ပြီး နံရံချေရင်းတွင် ခွေခွေကလေး ဖြစ်နေရှာသည်။

ညီလေး၊
သားကြီးက အော်ဟစ်၍ ညီလေးကို ပြေးထူမည်ကြံသည်။ ညီထံ မရောက်လိုက်။ လမ်းခုလတ်တွင် ဘောလုံးတလုံးလို အကန်ခံလိုက်ရသောကြောင့် ရေအိုးစင်နားသို့ ထွေးခနဲ လဲကျသွားသည်။
မသန်းရင်သည် အော်ဟစ်တားဆီးရန်လည်း သတိမရ။ ထ,ရန်လည်း မကြိုးစားမိ။ အားအင်တို့သည် ဘယ်ရောက်ကုန်ပြီမသိ။ ၀ဲဘက်ရင်ညွှန့်မှ ချွန်ထက်စူးရှလှသော ဝေဒနာတခုသည် ရုတ်ချည်းတက်လာပြီး အမိုက်အတိ ဖြစ်သွားသည်။

နောက်လေးငါးရက်ခန့် ကြာသွားသည်။
ဒေါင်-
ည ၇-နာရီခွဲ။ နာရီထိုးသံ ပေါ်ထွက်လာသည်။
ကိုအုန်းမြင့်သည် အိမ်တံခါးခေါက်ရန် လက်ကိုမြှောက်လိုက်သည်။
ကိုကိုလေး ၈-နာရီထိုးပြီလား။
နောက်ဖေးလှေကားနှင့် ကပ်နေသော အခန်းတွင်းမှ ငိုမဲ့မဲ့အသံနှင့် မေးနေသော သားငယ်၏ အသံကို ကြားရသည်။ လက်ကိုရုပ်ပြီး နားထောင်နေလိုက်သည်။ သည်နေ့သည်ကား ရုံးက ဌာနမှူးကြီး၏ နောက်ဆုံးသတိပေးချက်အရ အရက်မသောက်ဖြစ်။ အကြားအမြင်နှင့် အသိစိတ်တို့သည် ကြည်ကြည်လင်လင်ရှိနေ၏။

မထိုးသေးဘူး ညီလေး၊ ခုနစ်နာရီခွဲပဲ ရှိသေးတယ်။ ဘာဖြစ်လို့လဲ။ သားကြီး၏ အသံ။
ဖေဖေ ပြန်လာတော့မှာလား။ သား ကြောက်တယ်ဗျ၊ ဟီး။ သားငယ်၏ တုန်ယင်စွာ ပြောပြီး ငိုချလိုက်သံ။
တိတ်ပါ ညီလေးရာ၊ ဖေဖေ ပြန်လာမှ ထမင်းစားရမှာ မဟုတ်လား၊ ညီလေး ဆာတယ်ဆို။
တော်ပြီ မစားချင်တော့ဘူး။ သား ကြောက်တယ်။ ကိုလေး သား ကြောက်တယ်။ အီး ဟီးဟီး။
သားတို့ တိတ်ကြတော့ မင်းတို့အဖေ ပြန်လာတော့မယ်။ မသန်းရင်၏ အသံ။

ငိုရှိုက်နေသော သားငယ်၏အသံသည် ပါးစပ်ကိုပိတ်လိုက်သလို တိခနဲ ရပ်သွားသည်။
ဆောင်းည၏ တိတ်ဆိတ်မှုသည် အေးစက်စက်နိုင်လှ၏။ ကိုအုန်းမြင့်၏ ရင်၌ကား ပူလောင်နေသည်။
နိမ့်တုံ မြင့်တုံ ပြင်းစွာလှုပ်ရှားနေသော သူ၏ရင်အုံထက်သို့ ပူနွေးသောမျက်ရည်တို့သည် ဒလဟော စီးကျလာသည်။ လက်နှစ်ဖက်ကို မြှောက်လျက် အိမ်ထရံတို့ကို ပုတ်ပြီး သားတို့ရယ်-ဟု အထပ်ထပ် မြည်တမ်းနေမိလေသည်။

အိမ်တံခါး ပွင့်သွား၏။
ကိုအုန်းမြင့်သည် ဇနီး မသန်းရင်ကို ရှောင်၍ ဘေးခန်းထဲသို့ ၀င်သွားသည်။
မသန်းရင် တယောက် နောက်က ပြေးလိုက်လာသည်။
ကိုအုန်းမြင့်-ရှင် ရှင် ဘာလုပ်ပြန်မလို့လဲ။
ကိုအုန်းမြင့် မဖြေနိုင်။

သူသည် အခန်းထောင့်မှောင်ရိပ်တွင် တဦးကို တဦးဖက်၍ ကုပ်နေကြသော ကလေးနှစ်ယောက်အနီးတွင် ဒူးထောက်၍ ထိုင်ချလိုက်သည်။ ကလေးနှစ်ယောက်မှာ ပို၍ ထောင့်ကျရာသို့ ဖင်ရွှေ့ဖင်ရွှေ့ဆုတ်သွားကြပြီး ပြူးကျယ်ဝိုင်းစက်နေသော မျက်လုံးနှစ်စုံဖြင့် သူ့ကို စိုက်ကြည့်နေကြသည်။ မည်မျှ ကြောက်ရွံ့နေကြသည် ကိုကား တဆတ်ဆတ်တုန်နေသော ကိုယ်ကလေးများကို ကြည့်ခြင်းအားဖြင့် သိနိုင်ပေသည်။

အငယ်လေးသည် သူ့အကို၏ လည်ပင်းကို ဖက်ရင်း တဖက်သို့ မျက်နှာလွှဲလျက် တအီးအီး ငိုချလိုက်သည်။
ကိုလေး၊ သား ကြောက်တယ်ဗျ။ အီး သား ကြောက်တယ် အီး ဟီး။ ဖေဖေ အနော် ကြောက်ပါပြီ။ နောက်ကို ထမင်း မစားတော့ပါဘူးဗျ။ ဟီးဟီးဟီး။

ကိုအုန်းမြင့်၏ ကြေကွဲမှုမှာ အထွတ်အထိပ်သို့ ရောက်သွားလေပြီ။
သား သားလေး။
ကလေးနှစ်ယောက်စလုံးကို ပွေ့ပိုက်၍ ပါးချင်းအပ်ထားလိုက်မိသည်။
မျက်ရည်တို့သည် ပေါင်းစပ်၍ ငိုကြွေးကြလေပြီ။ အခန်းအတွင်း၌ ငိုလည်း မငို၊ ရယ်လည်း မရယ်၊ တွေတွေကြီး ရပ်နေမိသူက မသန်းရင် ဖြစ်၏။ သားအဖ သုံးယောက်ကို စိုက်ကြည့်နေသော သူမ၏ မျက်လုံးများမှာ မျက်ရည်တွေ ပြည့်လျှမ်းနေသည်။ အရက်ဘေးက လွတ်မြောက်ပြီး လူစိတ်ပြန်ဝင်နေသော ခင်ပွန်းသည်၏ ဖြစ်ရပ်ကို မြင်တွေ့ရာမှ ၀မ်းသာလုံးဆို့ကာ ရှိုက်ကြီးတငင် ငိုကြွေးမိလေတော့သည်။

ရင်သွေးငယ်တိုင်း ကံကောင်းကြပါစေ။

( ဦးကသာ-လောကမှန်ကူ)

( ၁၇ ) အပြစ်မရှိသော ကောင်းမှုကို ပြုခြင်း

အပြစ်မရှိသော ကောင်းမှုကို ပြုခြင်းသည် မင်္ဂလာတပါးဖြစ်သည်။
တနည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြေင်းတရပ် ဖြစ်သည်။
(အပြစ်မရှိသော ကောင်းမှုများကား ဥပုသ်စောင့်ခြင်း၊ ဝေယျာဝစ္စပြုခြင်း၊ အများအရိပ်နားခိုနိုင်ရန် သစ်ပင်စိုက်ခြင်း၊ အများသုံးရန် ဥယျာဉ်တည်ခြင်း၊ တံတားဆောက်ခြင်း၊ လမ်းပြင်ခြင်း၊ ရေတွင်းရေကန်တူးခြင်း စသည့် ကောင်းမှုအလုပ်များး ဖြစ်ကြောင်း သပြေကန်ပရိတ်ကြီး နိဿယသစ်၌ ဖော်ပြထားသည်။)

တခါသော် မဂဓတိုင်း ရာဇဂြိုဟ်ပြည် မစလရွာ၌ မာဃအမည်ရှိသော လုလင်တယောက်ရှိသည်။ သူသည် ငါးပါးသီလမြဲသည်။ အလှူဒါနတို့၌ မွေ့လျော်သည်။ သူ့တွင် စိတ်တူကိုယ်မျှ ရှိကြသော အဖော်လုလင် သုံးကျိပ်သုံးယောက်တို့ ရှိသည်။

သူတို့သည် မာဃလုလင်နှင့် စုပေါင်း၍ ကောင်းမှုကုသိုလ်များကို လုပ်ဆောင်ကြသည်။ စုပေါင်း၍ လူသွားလမ်းတို့ကို ဖောက်လုပ်ကြသည်။ လှည်းလမ်းတို့ကို ပြုပြင်ကြသည်။ တံတားခင်းကြသည်။ ရေတွင်း ရေကန်များ တူးကြသည်။ ဇရပ်ဆောက်ကြသည်။ အလှူပေးကြသည်။ သီလဆောက်တည်ကြသည်။ သူတို့ကျေးဇူးကြောင့် ရွာသားတို့ ကောင်းကျိုးချမ်းသာ ရကြသည်။ သီလစောင့်လာကြသည်။

ရှေးအခါက မစလရွာသည် ငြိမ်းချမ်းသာယာခြင်း မရှိ။ ရွာသားတို့သည် သောက်စားမူးယစ်ကာ မကောင်းမှုများကို ပြုကြသဖြင့် ရာဇ၀တ်မှု ထူပြောလှသည်။ ထိုအခါ မစလရွာစားမှာ အမှုစီရင်ရသဖြင့် လာဘ်သပ်ပကာများစွာ ရရှိသည်။ ယခုအခါတွင်မူ မာဃလုလင်နှင့် အဖော်များ၏ ဆောင်ရွက်မှုတို့ကြောင့် ရွာမှာငြိမ်းချမ်းသာယာနေသည်။ ရာဇ၀တ်မှု ကင်းဝေးနေသည်။ ရွာစားမှာ အမှုမစီရင်ရ။ လာဘ်သပ်ပကာ ဆုတ်ယုတ်လေတော့သည်။

ဤတွင် ယုတ်မာသောရွာစားသည် မာဃလုလင်တို့ ပျက်စီးရန် ကြံရွယ်သည်။ သူသည် မင်းထံ ချဉ်းကပ်ပြီးလျှင် မာဃလုလင်နှင့် အဖော်သုံးကျိပ်သုံးယောက်တို့သည် ရွာကို ဖျက်ဆီးလျက်ရှိကြပါသည်ဟူ၍ လျှောက်တင်သည်။
မင်းလည်း မိုက်မဲသဖြင့် မာဃလုလင်တို့ကို စစ်ဆေးခြင်းမရှိ။ သင်းတို့ကို ဆင်ဖြင့်နင်း၍ သတ်စေ-ဟူ၍ အမိန့်ချမှတ်လိုက်သည်။

မင်းချင်းတို့သည် မာဃလုလင်နှင့် အဖော်တို့ကို ဖမ်း၍ ဆင်ဖြင့် နင်းသတ်မည်ပြုကြသည်။ ဆင်ဖြင့် နင်းအံ့ဆဲဆဲ၌ မာဃလုလင်က အဖော်တို့အား -အဆွေတို့ မကြောက်ကြလင့်၊ ဒေါသလည်း မထွက်ကြနဲ့။ မင်း-ရွာစား-ဆင်နှင့် တကွ မင်းချင်းတို့အား မေတ္တာထားကြ။ မေတ္တာပို့ကြ၊ ငါတို့ပြုခဲ့သော ကောင်းမှုကုသိုလ်နှင့် သီလကို ဆင်ခြင်ကြ၊ သစ္စာဆိုကြ-ဟူ၍ မှာကြား၏။ အဖော်တို့ကလည်း လိုက်နာကျင့်ဆောင်ကြ၏။

ဤတွင် ဆင်ကို အကြိမ်ကြိမ် နင်းစေသော်လည်း ဆင်သည် မနင်းဝံ့။ အနီးသို့ရောက်သောအခါ အော်၍သာ ပြေးလေသည်။ မင်းကြီးလည်း အဖြစ်မှန်ကို သိရှိသွားသည်။ မာဃလုလင်တို့ကို ရန်မပြုတော့။ ကုန်းချောသူ ရွာစားကိုသာ ရာထူးကချ၍ ပြစ်ဒဏ်ပေးသည်။ မာဃလုလင်တို့အား ဆင်ကိုလည်း ပေးသည်။ မာဃအား ရွာစားခန့်ထားလိုက်သည်။ ရပ်ရွာအကျိုး ရွာသားအကျိုးကို ဆက်လက်ဆောင်ရွက်စေသည်။

ဤကောင်းမှုများကြောင့် သက်တမ်းစေ့၍ ကွယ်လွန်သောအခါ မာဃလုလင်သည် တာဝတိံသာနတ်ပြည်၌ သိကြားမင်း ဖြစ်လာသည်။ အပေါင်းအဖော်တို့သည်လည်း နတ်သားများ ဖြစ်လာကြလေသည်။
ကျမ်းကိုး။ ။ ၅၅၀-ကုလာဝကဇာတ်။ ဓမ္မပဒ အပ္ပမာဒ၀ဂ်။ မဃ၀တ္ထု။

(မင်းယုဝေ)
(မြတ်မင်္ဂလာ ၂၀၀၂-ခု ဒီဇင်္ဘာလ)

ကုသိုလ်ကောင်းမှု ကောင်းကျိုးပြု

မြန်မာနိုင်ငံ၌ ကုသိုလ်ကောင်းမှုရှင်များ အများအပြား ရှိကြသည်။ ယင်းတို့အနက် တနင်္သာရီတိုင်း မြိတ်မြို့ အမှတ် ၁၂-မင်္ဂလာလမ်း အလယ်ကျွန်းနယ်မြေနေ ဦးအော်-ဒေါ်မေမေသန်းတို့ ဇနီးမောင်နှံလည်း ပါဝင်သည်။ ဦးအော်သည် ၁၉၃၈-ခုနှစ် နိုဝင်ဘာလ ၂၄-ရက်နေ့တွင် မွေးဖွားသည်။ သူသည် ကုန်သည်လုပ်ငန်းဖြင့် အသက်မွေးခဲ့သည်။ တဖက်ကလည်း နိုင်ငံအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ဦးအော်သည် နိုင်ငံအကျိုးဆောင်ရွက်ရာတွင် ဗဟိုအဆင့်၊ တိုင်းအဆင့်၊ မြို့နယ်အဆင့် လုပ်ငန်းများတွင် ပါဝင်ခဲ့သည်။ နိုင်ငံတော်အစိုးရ၏ လူမှုထူးချွန်ဆု (တတိယအဆင့်) ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြင့်ခံခဲ့ရသူ ဖြစ်သည်။ သူသည် မိမိကို တာဝန်တခုပေးအပ်လာလျှင် ထိုတာဝန်ကို ရိုးသားမှန်ကန်တိကျစွာ ဆောင်ရွက်တတ်သူတဦး ဖြစ်သည်။ သာသနာရေး ဘာသာရေးများကို အလွန်ကြည်ညိုလေးစားသည်။

ဦးအော်-ဒေါ်မေမေသန်း မိသားစုသည် မြိတ်မြို့ပြည်သူ့ဆေးရုံကြီးအတွက် ငွေကျပ် ၂၅-သိန်းတန် လူနာတင် မော်တော်ယာဉ် တစီးကိုလည်း လှူဒါန်းခဲ့သည်။ မြိတ်တောင်နယ် နတ်မော်ဘုန်းတော်ကြီသင် မူလတန်းကျောင်း တည်ဆောက်ရာတွင်လည်း ပါဝင်ခဲ့သည်။ ကန်ဖျားနယ်မြေရှိ ကေလာသရာမ သီလရှင်စာသင်တိုက်ကိုလည်း ငွေကျပ် သိန်း ၂၀-ကျော် အကုန်ကျခံပြီး မိမိကိုယ်တိုင် ဦးစီးလျက် ဆောက်လုပ်လှူဒါန်းခဲ့သည်။ သူသည် အမှတ် (၁) အထက်တန်းကျောင်း အကျိုးတော်ဆောင်အဖွဲ့တွင် နာယကအဖြစ် ပါဝင်၍ ငွေများလည်း လှူဒါန်းခဲ့ပါသည်။

ဦးအော်-ဒေါ်မေမေသန်း မိသားစုသည် မြိတ်မြို့ တောင်သာယာဘိုးဘွားရိပ်သာတွင် ၁၉၉၈၀-ခုနှစ်၌ အဘိုး အဘွားများ စိတ်နှလုံးအေးချမ်းစွာဖြင့် ဘာဝနာတရား ပွားများအားထုတ်နိုင်ရန် စေတီတဆူကိုလည်း တည်ထား၍ လှူဒါန်းခဲ့သည်။ ထိုစေတီတော်မှာ အလျားအနံပတ်လည် ၂၉-ပေအကျယ် ဉာဏ်တော် ၃၀-ပေ အမြင့်ရှိသည်။ ပုညကုသလစေတီတော်ဟု အမည်တွင်သည်။ ထိုစေတီတော်သာ မက အရန်စေတီငယ်လေးဆူ ကိုလည်း တည်ဆောက်လှူဒါန်းသည်။ စုစုပေါင်း ငွေကျပ် ၅၅-သိန်း ကုန်ကျသည်။

ဤကုသိုလ်ကောင်းမှုတို့ အကျိုးကြောင့် ဖြစ်မည်ဟုထင်သည်။ မြိတ်မြို့တွင် လွန်ခဲ့သည့် ၂၀၀၁-ခုနှစ်က ဒုတိယအကြိမ် မီးကြီးလောင်ကျွမ်းခဲ့သည်။ ယင်းမီးကြီးသည် အလယ်ကျွန်းနယ်မှ စတင်လောင်ခဲ့ရာ မြိတ်တောင်နယ်မြေ၊ နောက်လယ်နယ်မြေရှိ ရပ်ကွက်များပါ မီးလောင်ခံရသည်။

အလယ်ကျွန်းနယ်မြေမှ စတင်လောင်ကျွမ်းလာသည့် ထိုမီးကြီးသည် ဦးအော်-ဒေါ်မေမေသန်း မိသားစု နေထိုင်ကြသည့်နေအိမ်သို့ ရောက်သောအခါ ရပ်တံ့သွားသည်။ ဦးအော်-ဒေါ်မေမေသန်းတို့ အိမ်မှာ မီးလောင်မခံရဘဲ အနောက်ဘက်ဝဲယာရှိ နေအိမ်များသာ မီးလောင်ကျွမ်းခဲ့သည်။ ဦးအော်-ဒေါ်မေမေသန်းတို့ မိသားစု နေအိမ်တလုံးတည်းသာ ကျန်ပေသည်။

ဤဖြစ်ရပ်မှာ ဦးအော်-ဒေါ်မေမေသန်းတို့ မိသားစု၏ ကုသိုလ်ကောင်းမှုအကျိုးပင် ဖြစ်မည်ဟု ယုံကြည်ယူဆပေသည်။

(တောသားလေး-ကျော်သင်း)
( မြတ်မင်္ဂလာ ၂၀၀၂-ခု ဒီဇင်္ဘာလ)

ကိုယ့်ကိုယ်ကို ကြည့်

အခြားသူတို့၏ ချို့ယွင်းချက်၊ ဟာကွက်ကို၎င်း၊
ဘာလုပ်သည် ဘာမလုပ်သည်ကို၎င်း ကြည်ရှုမနေသင့်။
မိမိ ဘာကိုလုပ်သည်-ဘာကို မလုပ်ရသေးဟူသော အချက်ကိုသာ ကြည်ရှုဆင်ခြင်သင့်၏။

(ဓမ္မပဒ-ပုပ္ဖ၀ဂ်)

မိမိကိုယ်ကို ရှေးဦးစွာ ဆုံးမ

အခြားသူကို ဆုံးမသလို မိမိကိုယ်ကိုလည်း ဆုံးမရာ၏။
ကိုယ်တိုင်က ယဉ်ကျေးပြီးမှ အခြားသူကို ဆုံးမရာ၏။
အမှန်ကား မိမိကိုယ်ကိုသာ ဆုံးမရခက်၏။

( ဓမ္မပဒ-အတ္တ၀ဂ် )

ဒုက္ခသစ္စာ နှင့် မိုးပျံတိုက်ကြီး ( ၂ )

( ယခင်လမှ အဆက် )

မိတ်ဆွေများခင်ဗျား-ဤသံသရာကို သရုပ်ဖော်သည့်အနေနှင့် ထွက်ပေါက်မရှိသော အထပ်ပေါင်း ၃၁-ထပ်ရှိသော မိုးပျံတိုက်ကြီးကို သတိပြု တွေးကြည့်စမ်းပါ။ ထွက်ပေါက်မရှိသော ၃၁-ထပ်ရှိသော မိုးပျံတိုက်ကြီးသည် ၃၁-ဘုံနှင့် တူနေပါသည်။ လောကလူသားအားလုံးသည် ဤမိုးပျံတိုက်ကြီးတွင် နေထိုင်သည်နှင့် တူပါသည်။

ပကတိမိုးပျံတိုက်ကြီးသို့ ၀င်ရောက်လာသော လူတယောက်သည် ခလုတ်တခုကို နှိပ်လိုက်လျှင် သူသွားလိုရာ အထပ်သို့သာ သွားနိုင်ပါသည်။ ထို့အတူ ၃၁-ဘုံထဲက သတ္တ၀ါတို့သည် သူတို့ပြုသော ကောင်းမှု မကောင်းမှု ဟူသော ကံတရား၏ စေစားချက်ကြောင့် ဘုံအမျိုးမျိုးသို့ သွားကြရပါသည်။ ဆိုလိုသည်မှာ သူတို့သေဆုံးချိန်တွင် သူတို့၏ ကုသိုလ်ကံ အကုသိုလ်ကံ ညွှန်ပြရာ သက်ဆိုင်ရာဘုံသို့ သွားကြရပါသည်။ ဤနည်းအားဖြင့် လူပုဂ္ဂိုလ်တဦးသည် သူ့တွင်ကောင်းမှုကုသိုလ်ကံပါလျှင် သူသေဆုံးချိန်၌ သူနေထိုင်ရာ ပဉ္စမမြောက် လူ့ဘုံကိုစွန့်၍ အထက်ဘုံသို့ သွားရပါသည်။ မကောင်းမှုအကုသိုလ်ကံပါလာလျှင် အောက်ဘုံသို့ သွားရပါသည်။ စင်စစ်မှာ အသစ်ဖြစ်လာသောဘ၀နှင့် လိုက်လျောညီထွေဖြစ်အောင် သူ့ပုံကို ပြောင်းရခြင်းသာ ဖြစ်ပါသည်။

ဥပမာ-နတ်ဆိုလျှင် နတ်လောကတွင် နတ်နှင့်တူအောင်၊ ခွေးဆိုလျှင် တိရစ္ဆာန်လောကတွင် ခွေးနှင့်တူအောင် ရှိရသည့်သဘောပင် ဖြစ်ပါသည်။ ၃၁-ထပ်မျှရှိသော မိုးပျံတိုက်ကြီးတွင် သို့မဟုတ်-၃၁-ဘုံတွင် နေထိုင်ကြသူ များသည် ထွက်ပေါက်မရှိသည့်အတွက် တထပ်မှတထပ်သို့၊ သို့မဟုတ်-တဘုံကနေ အခြားတဘုံသို့သာ သွားနိုင်ရုံ ရှိပါသည်။

မိတ်ဆွေများခင်ဗျား-ဤသို့ဆိုပါသော် အကျဉ်းထောင်သဖွယ် ဖြစ်နေသော ဤမိုးပျံတိုက်ကြီးတွင် သင်တို့တတွေ ဘယ်လောက်ကြာကြာ နေချင်ကြမလဲ။ လိုတာကို ရနိုင်ပါသည်။ စားချင်ရာကို စားနိုင်ပါသည်။ ခံစားချင်ရာကို ခံစားနိုင်ပါသည်။ သို့သော် မိုးပျံတိုက်ကြီးတွင် သင်တို့ကို အကျဉ်းချထားပါကလားဟု သိလျှင် သင်တို့တတွေ ဤစည်းစိမ်များကို ဘယ်လောက်ကြာကြာ ခံစားနိုင်ကြမလဲ။ ဘ၀ဟူသည် သေခြင်းတွင် ဆုံးသည်ဟူသော စကားကို အမှတ်ရပါ။ လူတိုင်းလူတိုင်းသည် လွတ်လပ်မှုကိုလိုချင်ကြပါသည်။ သွားလိုရာ သွားနိုင်သော လွတ်လပ်မှုပင် ဖြစ်သည်။ အကျဉ်းထောင်ထဲတွင် မည်သူမျှ မနေချင်ကြပါ။ ထို့ကြောင့် သံသရာမှာ အကျဉ်းကျပြီး လောကီပျော်မွေ့စရာများနှင့် နေထိုင်ရသည်ကိုပင် ဒုက္ခဆင်းရဲကြီး ဖြစ်သည်ဟု ဆိုပါသည်။

မိတ်ဆွေများခင်ဗျား-ဤအချက်သည် ဒုက္ခ၏ တကယ့်သဘော ဖြစ်ပါသည်။ ဇာတိသည် ဒုက္ခ၊ ဇရာသည် ဒုက္ခ၊ မရဏသည် ဒုက္ခ၊ စသည်ဖြင့် ဖော်ပြသော ဖော်ပြချက် အဆိုမျိုးမဟုတ်။ သစ္စာလေးပါးတရားကို နားမလည်ကြလျှင် ထွင်းဖောက်၍ မသိကြလျှင် ငြီးငွေ့ဖွယ်ရာ ကောင်းသော ဤဇာတိသံသရာကြီးတွင် ကျွန်ုပ်တို့တတွေ ကြာရှည်စွာ လည်ကြရဦးမည်ကို ဗုဒ္ဓက သိခဲ့ပါသည်။ ထို့ကြောင့် ဓမ္မစကြာတွင် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဟူသော သစ္စာလေးပါးကို ရှေးဦးအစ ဟောခဲ့ခြင်း ဖြစ်ပါသည်။

(၁) ဒုက္ခသစ္စာ-ဇာတိသည် ဒုက္ခဆင်းရဲဖြင်း ဖြစ်သည်။ ဇရာသည် ဒုက္ခသစ္စာ ဆင်းရဲခြင်းဖြစ်သည်။ ဗျာဓိသည် ဒုက္ခဆင်းရဲခြင်း ဖြစ်သည်။ မရဏသည် ဒုက္ခဆင်းရဲခြင်း ဖြစ်သည်။ ၀မ်းနည်းခြင်း၊ ပူဆွေးခြင်း၊ နာကျင်ခြင်း၊ ပူပန်ခြင်း၊ ဆုံးရှုံးခြင်းတို့သည် ဒုက္ခဆင်းရဲခြင်း ဖြစ်သည်။ လိုတာမရခြင်းသည် ဒုက္ခဆင်းရဲခြင်း ဖြစ်သည်။ အကျဉ်းအားဖြင့် ခန္ဓာငါးပါးသည် ဒုက္ခဆင်းရဲခြင်း ဖြစ်သည်။

(၂) သမုဒယသစ္စာ-(ဒုက္ခ၏မူလ)
ယင်းသည် ဇာတိပဋိသန္ဓေနေ တဖန်လည်ရခြင်းကို တောင့်တလိုလားမှု ဖြစ်သည်။ ယင်းဇာတိ ပဋိသန္ဓေနှင့်အတူ ကာမသုခ၊ ရာဂတရားတို့ လိုက်ပါလာကြသည်။ နှစ်သက်မှုကို ဟိုမှာရှာလိုက်၊ သည်မှာရှာလိုက် ဖြစ်လာသည်။ အမည်နာမပေးရလျှင် ကာမတဏှာ၊ ဘ၀တဏှာ၊ ၀ိဘ၀တဏှာတို့ ဖြစ်ပါသည်။

(၃) နိရောဓသစ္စာ-(ဒုက္ခချုပ်ငြိမ်းခြင်း)
ကာမတဏှာ စသည်တို့ ချုပ်ငြိမ်းခြင်း။ ယင်းတို့ကို စွန့်ပယ်ခြင်း၊ ဖြတ်တောက်ခြင်းတို့ ဖြစ်ပါသည်။

(၄) မဂ္ဂသစ္စာ-(ဒုက္ခကို ချုပ်ငြိမ်းစေသော လမ်းစဉ်)
ယင်းသည် မဂ္ဂင်ရှစ်ပါး ဖြစ်ပါသည်။ အမည်အားဖြင့်-
သမ္မာဒိဋ္ဌိ-(ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သောအားဖြင့်)
သမ္မာသင်္ကပ္ပ-(ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော အကြံအစည်)
သမ္မာဝါစာ-(ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော ပြောဆိုမှု)
သမ္မာကမ္မန္တ-(ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော ပြုလုပ်မှု)
သမ္မာအာဇီဝ-(ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော အသက်မွေးမှု)
သမ္မာဝါယာမ-(ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော အားထုတ်မှု)
သမ္မာသတိ-(ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော မမေ့လျှော့မှု)
သမ္မာသမာဓိ-(ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော စိတ်တည်ကြည်မှု) တို့ ဖြစ်ပါသည်။

ထို့ကြောင့် ဒုက္ခကို ဗုဒ္ဓသုံးသပ်ပုံမှာ ရောဂါတခုကို ကုသပေးပုံနှင့် တူပါသည်။
ဒုက္ခသည် ရောဂါနှင့်တူသည်။
ဒုက္ခ၏ အစမူလသည် ရောဂါဖြစ်ခြင်းအကြောင်းနှင့် တူသည်။
ဒုက္ခကို ချုပ်ငြိမ်းစေခြင်းသည် ရောဂါကို ချုပ်ငြိမ်းစေခြင်းနှင့်တူသည်။
ဒုက္ခကို ချုပ်ငြိမ်းစေသော လမ်းစဉ်သည် ရောဂါပျောက်သောဆေးနှင့် တူသည်။

ဒုက္ခသစ္စာတွင် ဖော်ပြသော ခန္ဓငါးပါးမှာ ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-၀ိညာဏတို့ ဖြစ်ပါသည်။ ရုပ်နာမ်တို့ကို ငါးခုစုထားခြင်း ဖြစ်ပါသည်။ ရုပ်အမျိုးမျိုးဆိုသည်မှာ ပစ္စုပ္ပန်ဖြစ်စေ၊ အနာဂတ်ဖြစ်စေ၊ မိမိပိုင်ဖြစ်စေ၊ သူတပါးပိုင် ဖြစ်စေ၊ ကြမ်းသည်ဖြစ်စေ၊ နူးညံ့သည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ၊ နီးသည်ဖြစ်စေ ယင်းတို့အားလုံး ရုပ်ခန္ဓာ (ရုပ်အစု) ဟု ခေါ်သည်။

ဝေဒနာအမျိုးမျိုး၊ သညာအမျိုးမျိုး၊ သင်္ခါရအမျိုးမျိုး၊ ၀ိညာဏအမျိုးမျိုး ယင်းတို့အားလုံးကို ကိုယ်ခန္ဓာ (နာမ်အစု) ဟုခေါ်ပါသည်။ ဤနည်းအားဖြင့် ဒုက္ခသည် ခန္ဓာငါးပါးတို့ ပါဝင်ဖွဲ့စည်းထားသော ဘ၀ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ဆက်စပ်နေပါသည်။ ဗုဒ္ဓက တရားဦးတွင် မဂ္ဂင်ရှစ်ပါးကို ဆန္ဒရာဂတည်းဟူသော ကိလေသာနှင့်ယှဉ်သော ချမ်းသာကို အဖန်တလဲလဲ ခံစားခြင်း (ကာမသုခလ္လိကာနုယောဂ) နှင့် မိမိကိုယ်၏ ပင်ပန်းခြင်းကို အဖန်တလဲလဲ ဖြစ်စေခြင်း (အတ္တကိလမထာနုယောဂ) ဟူသော အစွန်းတရားနှစ်ပါးကို ရှောင်သော အလယ်အလတ်လမ်း ဖြစ်သည်ဟု ဖော်ပြထားပါသည်။

ကာမသုခလ္လိကာနုယောဂဟူသော ကိလေသာကာမကို ခံစားသော ဘ၀သည် နိမ့်ကျသည်။ ညစ်ညမ်းသည်။ ရိုင်းသည်။ ယုတ်ညံ့သည်။ အကျိုးမဲ့သည်။ အတ္တကိလမထာနုယောဂဟူသော မိမိကိုယ်ကို ပင်ပန်းစေခြင်းသည် နာကျင်ပင်ပန်းသည်။ ယုတ်ညံ့သည်။ အကျိုးမဲ့သည်။ ဤအစွန်းတရားနှစ်ပါးကို ရှောင်ခြင်းအားဖြင့် ဗုဒ္ဓသည် အလယ်အလတ်လမ်းစဉ်ကို ရရှိပါသည်။ ယင်းအလယ်အလတ်လမ်းစဉ်ကြောင့် အမြင်၊ စိတ်ငြိမ်းမှုကို ဖြစ်စေသော ပညာ၊ ထို့ထက်မြင့်မားသောပညာ၊ ဗောဓိဉာဏ် နိဗ္ဗာန်ကို ရရှိပါသည်။ ဤအလယ်အလတ်လမ်းစဉ်သည် ငြီးငွေ့ဖွယ်ရာကောင်းသော ဇာတိသံသရာကြီးမှ လွတ်မြောက်ရာ မဂ္ဂင်ရှစ်ပါးပင် ဖြစ်ပါသည်။

မဂ္ဂင်ရှစ်ပါးကို သီလ သမာဓိ ပညာ-ဟူ၍ ခေါင်းသုံးခု ခွဲနိုင်ပါသည်။
သမ္မာဒိဋ္ဌိ နှင့် သမ္မာသင်္ကပ္ပ-ကို ပညာဟူ၍၄င်း။
သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝတို့ကို သီလ ဟူ၍၄င်း။
သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ တို့ကို သမာဓိ ဟူ၍၄င်း ခွဲထားပါသည်။

သမ္မာဒိဋ္ဌိကို ပထမနေရာ၌ ထားရခြင်းမှာ ယင်းသည် လက်တွေ့ ဗုဒ္ဓဘာသာတွင် အရေးကြီးသောကြောင့် ဖြစ်ပါသည်။
သီလ သမာဓိ ပညာ တို့သည် အရှင်ဗုဒ္ဓဃောသ၏ ၀ိသုဒ္ဓိမဂ်ကျမ်းတွင် ခွဲပြထားသော အပိုင်းသုံးပိုင်း ဖြစ်ပါသည်။ ဤအပိုင်းသုံးပိုင်းကို ၀ိနည်းပိဋက၊ သုတ္တန်ပိဋက၊ အဘိဓမ္မာပိဋက ဟူသော ပိဋကသုံးပုံတွင် တွေ့နိုင်ပါသည်။ မည်သည့် လူ့အဖွဲ့အစည်းမျှ ဤအပိုင်းသုံးပိုင်းနှင့် ကင်း၍ ကြာရှည်မတည်တံ့နိုင်ပါ။ စင်စစ် မဂ္ဂင်ရှစ်ပါးသည် ဗုဒ္ဓ၏ဒေသနာတော် အလုံးစုံကို အကျဉ်းဆုံးပုံစံဖြင့် အစောဆုံး ဖော်ပြထားသော ဖော်ပြချက်ပင် ဖြစ်ပါသည်။

ယခုလောက်ဆိုလျှင် ဗုဒ္ဓကို ဘ၀နှင့်ပတ်သက်၍ အဆိုးမြင်ဝါဒသမားသက်သက်မဟုတ်ဘဲ ဒုက္ခမှ လွတ်မြောက်ရာလမ်းကို ပြခဲ့သော မဟာကရုဏာရှင်အဖြစ် တွေးမိကြပါလိမ့်မည်ဟု ယုံကြည်ပါသည်။ သင်တန်းသားတို့သည် ကောင်းကောင်းကြီး သဘောတွေ့သွားကြပါသည်။ နောက်ခြောက်လအကြာတွင် ဘဲလွိုက်ကောလိပ်ကျောင်းသားတို့အား ယင်းတရားတော်ကို မိုးပျံတိုက်ကြီး ဥပမာဖြင့်ပင် ထပ်မံပို့ချပြန်သော အခါ တုံ့ပြန်မှုမှာ ပို၍ကောင်းလာပါသည်။ ပရိသတ်ထဲမှာ များစွာသော ပုဂ္ဂိုလ်တို့သည် ကျွန်ုပ်ပို့ချချက် ပြီးဆုံးသောအခါ ၀မ်းမြောက်ဝမ်းသာ ချီးကျူးကြပါသည်။

သင်တန်းရှိ ကျောင်းသားများအားဖြစ်စေ၊ သီးသန့်ဆွေးနွေးကြသော ပုဂ္ဂိုလ်များအားဖြစ်စေ၊ ဗုဒ္ဓဘာသာအကြောင်းကို ချီကာဂို၌ ကျွန်ုပ်ဟောပြောရတိုင်း ဤဥပမာကို သုံးခဲ့ရပါသည်။ တကြိမ်သောအခါတွင် လွန်စွာဝမ်းမြောက်နှစ်ခြိုက်ခဲ့ရပါသည်။ အဘယ့်ကြောင့်ဆိုသော်-ကျွန်တော်တို့လည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်ချင်ကြပါသည်-ဟု ပရိသတ်ထဲမှထ၍ ဆန္ဒပြုကြသောကြောင့် ဖြစ်ပါသည်။

(ဦးဖေမောင်တင်)
(မြတ်မင်္ဂလာ ၂၀၀၂-ခု ဒီဇင်္ဘာလ)