Wednesday, January 6, 2010

အကျွတ်အလွတ် စုပေါင်းဒါနပြုပွဲ

ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ် ကျောင်းတိုက်ကြီး၏ ဘုံကထိန်သင်္ကန်း ကပ်လှူရန် အလှူခံထွက်စဉ် မိတ်ဆွေတဦးအိမ်သို့ ရောက်သွားပါသည်။ ကျွန်မတို့ကို ကထိန်သင်္ကန်းတစုံ လှူပြီး ဖိတ်စာလေးတစောင်လည်း ပေးပါသည်။
ဖတ်ကြည့်လိုက်ရာ ၂၃-နှစ်မြောက် အကျွတ်အလွတ် စုပေါင်းဒါနပြုပွဲ-ဟုတွေ့လိုက်ရပါသည်။ နေ့ရက် အချိန်တို့ကို ဖတ်ပြီး နေရာကို ဖတ်လိုက်ရာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ရေဝေးသုဿာန် ခန်းမဆောင်-ဟုတွေ့ရသဖြင့် အံ့သြသွားပါသည်။ နေအိမ်၊ ကျောင်းကန်၊ ဘုရားခန်းမ စသည်တွေ့နေကျ နေရာမျိုး မဟုတ်သဖြင့် အံ့သြရခြင်း ဖြစ်သည်။

သို့နှင့် စိတ်ဝင်တစား ဆက်ဖတ်ရာ ဖိတ်စာ၏တဖက်တွင်-
ကလျာဏနွယ်ဝင် သူတော်အပေါင်းတို့-
လူသားတိုင်း ရှည်လျားသော သံသရာခရီးတလျှောက်ဝယ် မိဟောင်း ဖဟောင်း ဆွေဟောင်း မျိုးဟောင်းတို့ ရှိခဲ့ကြစမြဲ ဖြစ်ပါသည်။
ယင်းမိဘဆွေမျိုးများအနက် အချို့သည် အကြောင်းအမျိုးအမျိုးကြောင့် မကျွတ်မလွတ်ဘဲ ဝေမာနိကပြိတ္တာ ဘုံတွင် ဒုက္ခဆိုးကို ခံစားနေရပြီး ကျန်ရှိနေပါက ရောက်ရှိခံစားနေရသော ဘ၀ဆိုးမှ ကျွတ်လွတ်ကြ စေရန်အတွက် ရည်စူးလှူဒါန်းဒါနပြု အမျှပေးဝေကြရန်မှာ သားသမီးတို့ ၀တ္တရား၊ ဆွေမျိုးတို့၏ တာဝန်တရပ် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ဆွေမျိုးတို့၏ ၀တ္တရားကို ဆောင်ရွက်သည့်အနေဖြင့် ၇-ရက်သားသမီးများ စုပေါင်း၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော အကျွတ်အလွတ် စုပေါင်းဒါနပြုပွဲကို ယခုနှစ် လတွင်လည်း ၂၃-နှစ်မြောက် ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် ရှင်တော်မြတ်ဘုရားအား အမှူးထား၍ သီလ သိက္ခာ ပညာနှင့် ပြည့်စုံတော်မူသော ဆရာတော် အရှင်သူမြတ်တို့အား ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ရေဝေးသုဿာန်ခန်းမသို့ ပင့်ဖိတ်၍ ဆွမ်း သင်္ကန်း အစရှိသော လှူဖွယ်ပစ္စည်း အစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်း၍ ဘ၀ဆွေမျိုး မကျွတ်မလွတ်သေးသော ဝေမာနိကပြိတ္တာများအား အမျှပေးဝေမည်ဖြစ်ပါသဖြင့် ကြွရောက်ကြည်ညိုကြပါရန်နှင့် ပါဝင်လှူဒါန်းကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
စေတနာရှင်များ

ဟု ဖော်ပြထားသည်ကို တွေ့ရပါသည်။ ဤဖိတ်စာမျိုးကို ကျွန်မဖတ်ရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်၍လည်း ထူးဆန်းနေပါသည်။ ကျွန်မတို့ ကိုးကွယ်သည့် ပဲခူးသာသနာ့မဏ္ဍိုင်ဆရာတော် ရေးသားသော ပေတ၀တ္ထု-ဘာသာပြန်ကျမ်းကိုလည်း ဖတ်ဖူးပါသည်။

ဖုဿဘုရာရှင်လက်ထက် ဇယသေနမင်းကြီး၏ သားတော်သုံးယောက်သည် ဘုရားအမှူးရှိသော သံဃာတော် များကို ၀ါတွင်းကာလပတ်လုံး ဥပုသ်ရက်ရှည်စောင့်၍ ပြုစုလုပ်ကျွေးခဲ့ကြသည်။ ဇနပုဒ်နေ အကျိုးဆောင်ချုပ် သည် တသောင်းကျော် လူများနှင့်အတူ ဘုရားအမှူးရှိသော သံဃာတော်များနှင့် မင်းသားများအတွက် စားသောက်နေထိုင်ရေးကို တာဝန်ယူဆောင်ရွက်ရသည်။ တချို့လူများသည် အလှူဒါနကို ဖျက်ဆီးကြသည့် အပြင် သံဃာတော်အတွက် မှန်းထားသည့် လှူဖွယ်ဝတ္ထုများကို နှိုက်၍ စားခဲ့ကြသည်။

ထိုသူများ သေလွန်သောအခါ စေတနာကောင်းနှင့် ပြုစုသူများးက နတ်ပြည်ရောက်ကြသည်။ မကောင်းမှုပြုခဲ့သူများက ငရဲကျကာ ကဿပဘုရားရှင်လက်ထက်တော်တွင် ပြိတ္တာများ ဖြစ်နေကြသည်။ ဆာလောင်လှသဖြင့် ဘုရားရှင်ထံ စားသောက်ရမည့် အခါကို မေးကြရာ-ဂေါတမဘုရားရှင်လက်ထက် သင်တို့၏ဆွေမျိုး ဗိမ္ဗိသာရမင်းကြီးက အလှူပေးပြီး အမျှဝေသောအခါ စားကြရလိမ့်မည်-ဟု ဘုရားရှင်က မိန့်ကြားတော်မူသဖြင့် စောင့်စားနေကြရသည်။

ဂေါတမဘုရားရှင်ပွင့်လာ၍ တနေ့ ဗိမ္ဗိသာရမင်းကြီး အလှူပေးသော်လည်း ပြိတ္တာများအား အမျှမဝေသဖြင့် မစားမသောက်ရသောကြောင့် ညအခါ မင်းကြီးအား ကြောက်လန့်ဖွယ်အသံများဖြင့် အော်ဟစ်ကာ သတိပေးကြသည်။ မင်းကြီးလည်း ကြောက်လန့်၍ ဘုရားရှင်အား လျှောက်ထားရာ-သင်၏ ဆွေမျိုး ပြိတ္တာများဖြစ်ကြောင်း မနေ့က အလှူပေးသော်လည်း အမျှမဝေသဖြင့် မစားကြရသောကြောင့် သတိပေးခြင်းဖြစ်ကြောင်း-ဘုရားရှင်က မိန့်သည်။

ထို့ကြောင့် မင်းကြီးက နောက်ထပ် ဘုရားအမှူးရှိသော သံဃာတော်များအား ဆွမ်းဘောဇဉ်ကပ်၍ အမျှဝေမှ ပြိတ္တာများ သာဓုခေါ်ရ၍ ပြိတ္တာဘ၀မှ လွတ်ပြီး နတ်သား နတ်သမီး ချမ်းသာများကို ခံစားကြရသဖြင့် မင်းကြီးအား မိမိတို့ ကိုယ်ကို ပြသကြသည်။ ဘုရားရှင်ကလည်း သေသူအတွက် ငို၍ အကျိုးမရှိ။ အလှူဒါနပြုပြီး အမျှဝေမှသာ ချမ်းသာနိုင်ကြောင်း ဟောကြားတော်မူသည်။ ထို့ကြောင့် အလှူဒါနပြု၍ အမျှဝေပါက နတ်၏အစားအစာ၊ အ၀တ်၊ နေရာများရကြောင်း သိရပါသည်။ သုဿာန်စသည်၌ စုပေါင်းဒါနပြုသည်ကို မကြုံခဲ့ မကြားခဲ့ဖူးပါ။

ဂေါတမဘုရားရှင် လက်ထက်ကလည်း သာဏတောင်တွင် သီတင်းသုံးတော်မူသော သာဏ၀ါသီပေါဋ္ဌပါဒ ထေရ်ဟု ထင်ရှားသည့် ရဟန္တာမထေရ်တပါး ရှိခဲ့သည်။ ထိုအရှင်၏ မိဘ ဆွေမျိုးငါးရာခန့်တို့သည် ကုသိုလ်ကောင်းမှုမပြုဘဲ အချင်းချင်း မနာလိုဝန်တိုစိတ်တို့ဖြင့်သာ သေဆုံးကြသဖြင့် ပြိတ္တာဘ၀သို့ ရောက်ကြသည်။

ရဟန္တာအရှင်မြတ်၏ မိဘတို့သည် ရှေးဘ၀က သားကို အိမ်မှ နှင်ထုတ်ထားခဲ့ကြဖူးသည်ဟု ကြောက်ရွံ့ကာ သားထံ မချဉ်းကပ်ရဲဘဲ သား၏ အကို ပြိတ္တာကိုသာ သူတို့အား အလှူဒါနပြု၍ စောင့်ရှောက်ပါရန် လျှောက်ထား စေသည်။ သားကလည်း အရှင်မြတ်ထံ ကိုယ်ကိုထင်ရှားပြလျက်-မိဘတို့သည် ပုပ်ဟောင်သော အသားအရေ၊ ခေါင်းပါးသော ကိုယ်ရှိ၍ ဆာလောင်မွတ်သိပ်ခြင်း ပြင်းပြလျက် ရှိပါသည်။ အပ်နဖားပေါက်ပမာ လွန်စွာ သေးငယ်သော ပါးစပ်ပေါက် ရှိကြပါသည်။ ကိုယ်စိတ်နှစ်ဖြာ လွန်စွာပင်ပန်းဆင်းရဲကြပါသည်။ အ၀တ်မပါ ကိုယ်ချည်းသာဖြစ်၍ အရိုးနှင့် အရေမျှသာကျန်အောင် ပိန်ကြုံကြပါသည်။ မိမိတို့ပြုခဲ့သော မကောင်းမှုကံကို အကြောင်းပြု၍ အလွန်ထိတ်လန့်နေပါသည်။ အရှင်ဘုရား၏ အလှူဒါနဖြင့် ကျွန်ုပ်တို့ ပြိတ္တာဘ၀၌ မျှတရပါလိမ့်မည်-ဟု လျှောက်သည်။

ရဟန္တာအရှင်လည်း အတူနေရဟန်း ၁၂-ပါးတို့ထံမှ ဆွမ်းကို အလှူခံခဲ့ကာ ရသမျှဆွမ်းကို သံဃာပေါင်းအား လှူဒါန်း၍ ဤကောင်းမှုသည် ငါ၏ဆွေမျိုးတို့အတွက် ဖြစ်ပါစေသတည်း၊ ငါ၏ဆွေမျိုးတို့သည် ချမ်းသာကြပါ စေသတည်း-ဟု မိဘအကိုတို့ကို ရည်စူးတော်မူသည်။ သို့ရည်စူးပြီးလျှင်ပင် ပြိတ္တာတို့၌ စင်ကြယ်သန့်ရှင်းသော ကောင်းမြတ်ချိုမြိန်သော အမဲဟင်းလျာ စုံလင်လှစွာသော ထမင်းအစာတို့သည် တခဏချင်း ဖြစ်ပေါ်လာခဲ့သည်။ အကိုသည် အဆင်းလှပ ခွန်အားပြည့်ဝ၍ စိတ်ချမ်းသာလျက် မထေရ်အား ကိုယ်ထင်ပြပြီး-စားစရာ ဘောဇဉ်များ အလွန်ပေါများလာပါသည်။ သို့ရာတွင် အ၀တ်မဆီး၊ အချည်းစည်းနေကြရသည်ကို ရှုစားတော်မူ၍ အ၀တ်ဝတ်ရအောင် အားထုတ်တော်မူပါလော့-ဟု လျှောက်သည်။

ဤသို့ဖြင့် သင်္ကန်းကိုလှူပေး၍ အ၀တ်အထည်၊ ပိုးထည်၊ ချည်ထည်များ ရလာခြင်း၊ သစ်ရွက်မိုးကျောင်း လှူပေး၍ နေစရာအိမ်များ နတ်ပြည်မှ အိမ်များပမာရခြင်း၊ သံဃာတော်များအား ရေလှူပေး၍ ရေကန်များ ပေါ်ပေါက်လာရခြင်း၊ ဖိနပ်လှူပေး၍ မြင်းရထားနှင့် ဖိနပ်များ အလိုလိုဖြစ်လာခြင်း အကျိုးကို ခံစားကြရသည် ဟူ၍လည်း ကျွန်မတို့၏ ဆရာဖြစ်သော ပါဠိပါရဂူ ဦးအောင်မိုး၏ ညီတော်အာနန္ဒာ ၀တ္ထုတွင် မှတ်သားခဲ့ရ ပြန်သည်။

ဝေမာနိကပြိတ္တာများအား ရည်စူးလှူဒါန်းခြင်းသည် ဘုရားလက်ထက်ကပင် ရှိခဲ့သည်။ မျက်မှောက်ခေတ် ရဟန်းသံဃာများ အမျှပေးဝေရာတွင် ဘ၀ဘ၀ဟောင်းက မိဟောင်း၊ ဖဟောင်း ၊ ဆွေဟောင်း၊ မျိုးဟောင်းများအား အမျှပေးဝေလေ့ရှိပါသည်။ သို့သော် စုပေါင်း၍ ဖိတ်စာပါအတိုင်း လှူဒါန်းသည်ကို သတိမပြုမိ။ ထို့ကြောင့် စေ့စေ့စုံစုံ မေးကြည့်မိပါသည်။

သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ဆရာတော်ကြီးများ၏ လမ်းညွှန်ဦးဆောင်မှုဖြင့် ဝေမာနိက ပြိတ္တာများအား အလှူပြုပေးမည့် သုဿာန်သို့ ကြိုတင်ပင့်ဖိတ်ရသည်။ အလှူမပေးမီ နှစ်ရက်ခန့်က ကြိုတင်၍ ဒါနပြုမည့် နေရာကို ရှင်းထားရသည်။ နံနက် ဆရာတော်ကြီးများနှင့် အလှူမပြုမီ ညနေပိုင်းတွင် အဖွဲ့က ငါးပါးသီလခံယူပြီး ဂူများပေါ်တွင် အမွေးတိုင်၊ ဖယောင်းတိုင်များ ထွန်းညှိ၍ မီးပေးရသည်။ မြတ်စွာဘုရားအား ပြိတ္တာများ မီးပူဇော်ရန် ဖြစ်သည်။ ထို့နောက် ၄င်းတို့စားသောက်ရန် ဒံပေါက်ထမင်း၊ သပ်သတ်လွတ်ထမင်း၊ အမဲသားဟင်း စသည်တို့ကို သူတို့ဆန္ဒအတိုင်း ကြို၍ ယူလာခဲ့သည်ကို ကျွေးကြသည်။ ဂူပေါ်တွင် တဦးက အင်ဖက်များ တင်သွားသည်။ နောက်လူက အင်ဖက်ပေါ်တွင် ထမင်းပုံသွား၍ ဟင်းကို တယောက်က လိုက်ထည့်ပေးသည်။ ဝေမာနိက ပြိတ္တာကလေးများအတွက် မုန့်၊ သကြားလုံး စသည်ကို သီးသန့်ကျွေးရသည်လည်း ရှိပါသည်။

နောက်နေ့နံနက်တွင် ဆရာတော်ကြီး ၁၂-ပါးကိုပင့်ဖိတ်၍ သီလဆောက်တည်ကာ တောင်းများတွင် သင်္ကန်း၊ ထီး၊ ဖိနပ် စသည့် လှူဖွယ်များကို ထည့်၍ လှူဒါန်းပြီး ပြိတ္တာများအား အမျှအတန်းပေးဝေကြသည်။ သူတို့အား ရည်ရွယ်၍ ဒါနပြုပေးခြင်းအတွက် မည်သည့်အနှောက်အယှက်မျှ မပြုဟု အလှူဖြစ်မြောက်ရေး ဆောင်ရွက် နေသူ မိတ်ဆွေက ပြောပြပါသည်။

မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်က ရန်ကုန်တွင် သီတင်းသုံးခိုက်နှင့် ကြုံတိုင်းပင့်ဖိတ်ရာသို့ ကိုယ်တိုင်ပင် ကြွလေ့ရှိကြောင်း သိရပါသည်။ ဤသို့ အမျှအတန်းဝေရာတွင် အများအပြား ကျွတ်လွတ်ကြောင်းလည်း ဆရာတော်များက မိန့်ကြောင်းသိရပါသည်။

ကြုံကြိုက်ခဲ့သော အလှူဖြစ်၍ ကျွန်မတို့လည်း တတ်အားသမျှ လှူခဲ့ပါသည်။ ကျွန်မတို့ အလှူခံအဖွဲ့ကိုလည်း အကျွတ်အလွတ် စုပေါင်းဒါနပြုအဖွဲ့က ဝေမာနိကများအတွက် ရည်မှန်းကာ သင်္ကန်းတစုံ လှူလိုက်ပါသေးသည်။ ကထိန်ရက်ရောက်၍ ရေစက်ချ အမျှဝေလျှင် ကျွန်မတို့သည် ဝေမာနိကတို့အား ရည်စူး၍ အမျှပေးဝေကြမည် ဖြစ်ပါသည်။

(အေးမမ)

No comments: