Sunday, January 10, 2010

နဂါးနိုင်ဂါထာ

ရသေ့ညီနောင်နှစ်ပါးတို့သည် ဂင်္ဂါမြစ်ကမ်းပါး တနေရာ၌ သစ်ခက်တဲကျောင်းကလေး ဆောက်လုပ်၍ အတူတကွ နေထိုင်ကြ၏။ တောထဲက သစ်သီးကြီးငယ်များကို စားသုံးကာ သမထ ကမ္မဋ္ဌာန်းများ စီးဖြန်း နေကြ၏။ နောင်တော်ရသေ့သည် ညီတော်ကို ညှာတာသောအားဖြင့် သစ်သီးရှာဖွေရာတွင် ညီတော်ကို မလိုက်ပါစေဘဲ မိမိတပါးတည်းသာ လှည့်လည်ရှာဖွေ၍ ကျွေးမွေးလေသည်။

တနေ့သ၌ နောင်တော်ရသေ့ သစ်သီးရှာထွက်နေခိုက်တွင် ဂင်္ဂါမြစ်ရေအောက်တွင် နေထိုင်သော မဏိဂဏ္ဌ နဂါးမင်းသည် ကမ်းပါးပေါ်တက်လာ၏။ ဟိုဟိုသည်သည် လှည့်လည်သွားလာရင်း ရသေ့တို့၏ ကျောင်းကလေး နားသို့ ရောက်လာ၏။ ကျောင်းအတွင်းသို့ လှမ်းကြည့်လိုက်သောအခါ ကမ္မဋ္ဌာန်းစီးဖြန်းနေသည့် ရသေ့လေးကို ဖူးမြင်လိုက်ရ၏။

ရသေ့လေးသည် မေတ္တာဘာဝနာကို အဓိကထား၍ ပွားများနေသည်ဖြစ်ရာ မေတ္တာဘာဝနာ၏ အရှိန်အ၀ါကြောင့် မဏိကဏ္ဌ နဂါးမင်းသည် ရသေ့လေးကို ချစ်ခင်လာ၏။ ကြည်ညိုလာ၏။ ထို့ကြောင့် ရသေ့လေးထံသို့ အသာအယာ ချဥ်းကပ်လာပြီးလျှင် ရသေ့လေး၏ ကိုယ်နှင့်မထိအောင် မိမိကိုယ်ဖြင့် ခုနစ်ခွေရစ်ပတ်ထားပြီးလျှင် ဦးခေါင်းထက်တွင်လည်း ပါးပျဉ်းကို ကြီးနိုင်သမျှကြီးအောင် ဆန့်ထုတ်၍ လွှမ်းမိုးထားလိုက်လေသည်။

သတ်မှတ်ထားသည့် အချိန်စေ့၍ ရသေ့ကလေးက မျက်လုံးဖွင့်၍ ကြည့်လိုက်သည်တွင် တအံ့တသြဖြစ်သွားရ၏။ မဏိကဏ္ဌ နဂါးမင်းက မိမိကိုချစ်ခင်၍ ကြည်ညိုပူဇော်နေသည့် ဖြစ်အင်ကို ရသေ့လေးမသိရှာ၊ နဂါးအခွေကြီး တွေနှင့် ပါးပျဉ်းကြီးကိုသာ မြင်ရသဖြင့် ထိတ်လန့်တကြား ဖြစ်သွားရ၏။ အကယ်၍ နောင်တော်ရသေ့သာ အနီးအပါးမှာ ရှိနေမည်ဆိုပါက သံကုန်ဟစ်၍ ခေါ်မိပါလိမ့်မည်။ သို့ရာတွင် နောင်တော်က ခေါ်သံအော်သံ မကြားနိုင်လောက်သည့် နေရာသို့ ရောက်နေသဖြင့် မည်သို့မျှ အသံမပြုရဲပါ။ နည်းနည်းကလေးမျှ မလှုပ်ရှားဝံ့ပါ။ နဂါးကြီး၏ အခွေများကြားမှာ ငြိမ်ငြိမ်ကလေး ထိုင်လျက်က ဇောချွေးများ ပြန်နေရပါတော့သည်။

နောက်နေ့များတွင်လည်း မဏိကဏ္ဌ နဂါးမင်းသည် ဤသို့ပင်လာ၍ အခွေဖြင့် ရစ်ပတ်၏။ အချိန်တန်သော် သူ့ဘာသာ ပြန်ဖြုတ်သွား၏။ မဏိကဏ္ဌနဂါးမင်းဘက်က ကြည်ညိုစိတ်ဖြင့် ပူဇော်သည် ဖြစ်သော်ငြားလည်း ရသေ့လေးကတော့ ကြောက်အားပိုလှ၏။ ကြောက်စိတ်များက လွှမ်းမိုးနေကြသဖြင့် နောင်တော်ရှာဖွေ ပေးထားသည့် သစ်သီးများကို မြိန်မြိန်ရှက်ရှက် မစားနိုင်တော့ပါ။ အစားအသောက် ပျက်လာသဖြင့် ကိုယ်ခန္ဓာ ပိန်ချုံးလာ၏။ အသွေးအသားများ ခန်းခြောက်လာ၏။ အဆင်းအရောင် ညှိုးမှိန်လာ၏။ အသားရောင် ဖျော့တော့ လာ၏။ တကိုယ်လုံးတွင် သွေးကြောကြီးတွေ ပေါ်ကာ ပိုက်ကွန်နှင့် လွှမ်းအုပ်ထားသကဲ့သို့ ဖြစ်လာ၏။

ဤတွင် နောင်တော်ရသေ့သည် ညီတော်၏ အခြေအနေကို ကြည့်ရှုကာ ညီတော်အား ဤသို့ဖြစ်ရခြင်း၏ အကြောင်းကို မေးမြန်း၏။ ညီတော်ကလည်း ဖြစ်ကြောင်းကုန်စင် လျှောက်ထားလိုက်ရာ-
ညီတော်-ညီတော်ဆီကို နဂါးကြီး မလာတာ ကြိုက်ပါသလား-
ကြိုက်ပါတယ် နောင်တောင်ဘုရား၊ နဂါးကြီး မလာအောင် လုပ်ပေးပါ။
ကောင်းပြီ ညီတော်၊ ဒါထက် အဲဒီနဂါးကြီးဆီမှာ အဖိုးတန်တဲ့ ပစ္စည်းတခုခုများ မြင်မိရဲ့လား-
မြင်ပါတယ် နောင်တော်၊ နဂါးကြီးရဲ့ လည်ပင်းမှာ အဖိုးတန် ပတ္တမြားတလုံး ၀တ်ဆင်ထားတာ တွေ့ရပါတယ်။

ဒီလိုဆို နေရာကျပြီ ညီတော်၊ နဂါးကြီး ညီတော့အနား ကပ်လာတာနဲ့ တပြိုင်နက် ညီတော်က သူ့လည်ပင်းမှာ ၀တ်ဆင်ထားတဲ့ ပတ္တမြားကို တောင်းလိုက်ပေတော့။
ဤသို့ သွန်သင်ထားသည့်အတိုင်း ရသေ့လေးသည် နောက်တနေ့တွင် မဏိကဏ္ဌ နဂါးမင်း သူ့အနားရောက် လာသည်နှင့် တပြိုင်နက် အသင်နဂါးမင်း၊ ကျွန်ုပ်ကို ပတ္တမြားပေးပါ။ ကျွန်ုပ် ပတ္တမြားကို လိုချင်ပါတယ်-ဟု တောင်းလိုက်၏။

ရသေ့လေး၏ တောင်းသံကို ကြားလိုက်ရသဖြင့် မဏိကဏ္ဌနဂါးမင်းသည် တုံ့ခနဲရပ်ကာ-
အလို-ရသေ့က ပတ္တမြားကို တောင်းနေပါကလား၊ အလို-ရသေ့ ကပတ္တမြားကို တောင်းနေပါကလား၊ ဟု ပြောပြောဆိုဆို နောက်ပြန်ဆုတ်ကာ ဂင်္ဂါမြစ်ထဲ ဆင်းသွားတော့၏။ နောက်တနေ့ရောက်သောအခါ
မဏိကဏ္ဌနဂါးမင်းသည် ရသေ့လေးကို အကြည်ညိုမပျက်နိုင်သေးသဖြင့် ကျောင်းနားသို့ ကပ်လာရပြန်၏။ ရသေ့လေးနား ရောက်သည်နှင့် တပြိုင်နက် ပတ္တမြားတောင်းသံ ကြားရသဖြင့် ပြန်လာရပြန်၏။

ဤသို့ဖြင့် သုံးကြိမ်မြောက် အတောင်းခံရသောအခါ မဏိကဏ္ဌနဂါးမင်းက-
ငါ့မှာ ဒီပတ္တမြားတန်ခိုးကြောင့် စားစရာ သောက်စရာ အကောင်းစားတွေ ပေါ်ပေါက်လာတယ်။ အများကြီးလဲ ပေါ်ပေါက်လာတယ်၊ အဲဒီပတ္တမြားကို ငါမပေးနိုင်ဘူး။ သင်ဟာ သိပ်ပြီး အတောင်းအရမ်းထူလှတယ်။ သင့်ကျောင်းကို ငါ နောက်ထပ်မလာတော့ဘူး။

ကျောင်းပေါ်မှာ သွေားထားတဲ့ ဓားကိုကိုင်ပြီးတော့ ယောက်ျားပျိုတယောက်က ခြိမ်းခြောက်သလို သင်ကလဲ ပတ္တမြားတောင်းပြီးတော့ ခြိမ်းခြောက်တယ်။ အဲဒီပတ္တမြားကို ငါ မပေးနိုင်ဘူး။ သင်ဟာ သိပ်ပြီးတော့ အတောင်းအရမ်း ထူလှတယ်။ သင့်ကျောင်းကို ငါ နောက်ထပ်မလာတော့ဘူး-ဤသို့ ပြောဆိုလျက် ရေထဲသို့ ပြန်ဆင်းသွား၏။

နောက်နေ့များတွင် မဏိကဏ္ဌနဂါးမင်းသည် ရေထဲက တက်မလာတော့ချေ။ နဂါးကြီး ရောက်မလာတော့ဘူး ဆိုတော့မှ ရသေ့လေးသည် နဂါးကြီးကို တွေ့ချင် မြင်ချင် ဖြစ်လာရ၏။ တွေ့ချင် မြင်ချင်ပါလျက် မမြင်ရသဖြင့် ရှေးကထက် ပိန်ကြုံလာရ၏။ ရှေးကထက် ညှိုးနွမ်းလာ၏။ ဤတွင် နောင်တော်ရသေ့က-
ညီတော် တစုံတယောက်ကို ချစ်တယ်၊ ခင်တယ်ဆိုရင် အဲဒီသူ နှစ်သက်မက်မောနေတဲ့ ပစ္စည်းကို မတောင်းရဘူး။ အတောင်းအရမ်း ထူရင် ချစ်ရာက မုန်းသွားတတ်တယ်-ဤသို့ ဆုံးမစကား ပြောကြားရ လေသည်။

( ကုဋိကာရ သိက္ခာပုဒ်)
ဝိနယပိဋက ပါရာဇိကကဏ္ဍ သံဃာ့ဒိသိသ်သိက္ခာပုဒ် ၁၃-ခုတွင် အပါအ၀င်ဖြစ်သော ကုဋိကာရသိက္ခာပုဒ်ကို ပညတ်ရာတွင် ဘုရားရှင်ကိုယ်တော်တိုင် ထုတ်ဆောင်ဆုံးမတော်မူခဲ့သည့် ဥပမာတခု ဖြစ်ပေသည်။

အာဠ၀ီမြို့မှာရှိသော အဂ္ဂါဠ၀အမည်ရသည့် နတ်ကွန်းကို ရဟန်းများ ချမ်းချမ်းသာသာ သီတင်းသုံးနိုင်ရန် ဒါယကာများက ပြုပြင်ပေးထားကြ၏။ အနယ်နယ်အရပ်ရပ်မှ ကြွရောက်လာကြသည့် ရဟန်းများသည် အာဠ၀ီမြို့ ရောက်လာလျှင် အဂ္ဂါဠ၀နတ်ကွန်းမှာပင် ၀င်ရောက်၍ သီတင်းသုံးကြ၏။

ဤတွင် အာဠ၀ီမြို့ခံ ရဟန်းများသည် မိမိတို့ဘာသာ ကျောင်းဆောက်ကြ၏ ကျောင်းဆောက်ပေးမည့် ဒါယကာ မပေါ်သဖြင့် ဆောက်လုပ်ရေးပစ္စည်းများကို ဒါယကာ ဒါယိကာမများထံ အလှူခံကြရ၏။ အလှူခံ၍ ရသမျှကို မျှတအောင် မတိုင်းတာဘဲ လောဘတကြီးနဲ့ ဆောက်လုပ်ကြသဖြင့် ကျောင်းကြီးမှာ တပိုင်းတန်းလန်း ဖြစ်နေရကြရ၏။

တပိုင်းတန်းလန်း ကျောင်းကြီးများ အပြီးသတ်နိုင်ရေးအတွက် မြို့ထဲသို့ ခဏခဏ ကြွကြရ၏။
အလုပ်သမား ရှာကြရ၏။ တွေ့ရာမြင်ရာလူကို လုပ်အားပေးလာဖို့ ခေါ်ကြရ၏။ နွားအကူ၊ လှည်းအကူ တောင်းခံကြရ၏။ ဆောက်လုပ်ရေး လက်နက်ကိရိယာများကို ငှါးကြရ၏။ သစ်၊ ၀ါး၊ မြေညက် စသည်တို့ကို အကြိမ်ကြိမ် အဖန်ဖန် တောင်းကြရ၏။

ဤသို့ ရဟန်းများက အတောင်းအရမ်းထူလွန်းလှသဖြင့် ဒါယကာ ဒါယိကမများ အကြည်ညို ပျက်ကုန်ကြရ၏။ ဤအဖြေမှန်ကို သိလိုက်ရသော်လည်း အရှင်မဟာကဿပသည် ရဟန်းအချင်းချင်းကို အမိန့်အာဏာဖြင့် တားမြစ်ရန် မဖြစ်နိုင်သဖြင့် အခြေအနေကို စောင့်ကြည့်နေရ၏။

မကြာမီမှာပင် ဘုရားရှင်သည် နောက်ပါရဟန်းများနှင့်တကွ ရာဇဂြိုဟ်မြို့တော်မှ အာဠ၀ီမြို့သို့ ကြွတော်မူလာ၏။ အရှင်မဟာကဿပသည် ဘုရားရှင်ရှေ့တော်မှောက် ၀င်ရောက်ဦးခိုက်ကာ အာဠ၀ီမြို့ခံ ရဟန်းများ၏ အပြုအမူကို လျှောက်ထားလေ၏။
ဤတွင် ဘုရားရှင်သည် အတောင်းအရမ်း ထူလွန်းလှသော ရဟန်းများအား အထက်ပါဥပမာများကို ထုတ်ဆောင်တော်မူပြီးလျှင်

ရဟန်းတို့-အဟိတ်တိရစ္ဆာန်များသည်ပင် အတောင်းအရမ်းထူခြင်းကို ရွံမုန်းကြကုန်သေး၏။ လူတို့မှာဆိုလျှင် အဘယ်ဆိုဖွယ်ရာရှိပါတော့မည်နည်း။
ရဟန်းတို့ လူတို့သည် ပစ္စည်းဥစ္စာများရရှိရေးအတွက် လယ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ စသဖြင့် ခဲယဉ်းပင်ပန်းစွာ ရှာဖွေစုဆောင်းကြရကုန်၏။ ရှာဖွေ၍ ရလာပြန်တော့လည်း မပျောက်မပျက်ရအောင် ခဲခဲယဉ်းယဉ်း စောင့်ရှောက်ထားကြရကုန်၏။ ထိုကဲ့သို့သော် ပစ္စည်းဥစ္စာတို့ကို အကြိမ်ကြိမ်အဖန်ဖန် တောင်းခြင်းသည် သင့်လျော်ပါမည်လော။

ဤသို့ပြစ်တင်ရှုတ်ချတော်မူပြီးလျှင် ကုဋိကာရသိက္ခာပုဒ်ကို ပညတ်တော်မူပေသည်။

( ၀ဏ္ဏသီရီ)

( မြတ်မင်္ဂလာ ၂၀၀၃-မတ်လ)

No comments: