Tuesday, January 12, 2010

ပစ္စည်း လေးပါး

ဘုရား တရားနှင့် သံဃာ ဟူသော ရတနာသုံးပါးကို မိရိုးဖလာအဖြစ် ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခဲ့ပါ၏။ အကြိမ်ပေါင်းများစွာ အခါပေါင်းများစွာ မရေမတွက်နိုင်အောင် သရဏဂုံသုံးပါးကို ရွတ်ဆိုပူဇော်ဖူးပါ၏။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ အစချီသော သရဏဂုံသုံးပါးကို ရွတ်ဆိုခဲ့ပါ၏။ သိခဲ့ပါ၏။ ဖတ်ခဲ့ပါ၏။ မှတ်ခဲ့ပါ၏။ သို့သော် ကျွန်တော် အသက် ၃၈-နှစ်အရွယ်သို့ ရောက်ရှိပြီးသော နေ့တနေ့၊ မိမိတို့ တောမြို့လေးတခုအနီးရှိ သပြေကုန်းကျေးရွာ အလှူအတန်းတခုမှာ မြို့ဦးကျောင်းဆရာတော် ဟောကြားတော်မူသော တရားတော်ကို နာယူမိမှ ဤအသိကို ရရှိပါသည်။

၁။ ဘုရားဆိုသည်ကား သစ္စာလေးပါး အမှန်တရားကို အလင်းဆောင်၍ စတင်ပြညွှန်သူပေတကား။
၂။ တရားဆိုသည်ကား ထိုဘုရားရှင်ဟောကြားပြသ လမ်းညွှန်ပြသည့် မိန့်မြွက်စကားပေတည်း။
၃။ သံဃာတော်တို့သည် ဤဘုရားဟောကြားသော တရားတော်မြတ်တို့ကို လောကလူသားအပေါင်းတို့ သိရှိနားလည်အောင် သယ်ဆောင်ဖြန့်ဖြူးတော်မူကြသူများပေတကား။

၁။ ဘုရားသည် တရားအလင်းကို စတင်ထွန်းညှိခဲ့သူ။
၂။ တရားသည် သိစရာသာမက လိုက်နာကျင့်ကြံရမည့် ကျင့်သုံးအပ်သည့် လမ်းကြောင်းဓမ္မ။
၃။ သံဃာတော်တို့က ဤအလင်းတိုင်ကို ကိုင်ဆောင်မြှင့်မြှောက်၍ ချောက်ထဲ၊ အမှောင်ထဲမှ ကယ်တင်စောင့်ရှောက်ကြသူများ။ ထွန်းညှိသယ်ယူခဲ့သူများ။

ရတနာသုံးပါးတို့၏ အချင်းချင်းဆက်နွယ်မှုကို မိမိသည် အထက်ပါအတိုင်း သိမြင်ခဲ့သည်မှာ အသက်လေးဆယ် နီးသည့်အရွယ်မှ ဖြစ်ပါသည်။ သဘောပေါက်တာ အတော်နောက်ကျခဲ့ပါ၏။ မည်သို့ပင်ဖြစ်စေ မိမိအဖို့ရာမူကား ကြည်ညိုသဒ္ဓါတိုးပွား၍ အကျိုးများလှပါသည်။

ယနေ့နံနက်တွင် ကျွန်တော်တို့ဌာနသည် ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်ရှိ သံဃာတော်အရှင်မြတ်များကို တနေ့တာ ဆွမ်းအတွက် ဆက်ကပ်လှူဒါန်းကြပါသည်။ လွန်ခဲ့သောလက လှူဒါန်းခဲ့ရာတွင် သံဃာတော် ၄၃၆-ပါးရှိခဲ့သည်။ ယနေ့မူ တက္ကသိုလ်ကျောင်း ခေတ္တနားချိန်ဖြစ်သဖြင့် သံဃာအပါး ၇၀-နီးပါး မျှသာ ရှိကြလေသည်။

သက်ဆိုင်ရာ သံဃာ့တက္ကသိုလ်၏ ပဓာနနာယက ဆရာတော်ဘုရားက ဆွမ်းအနုမောဒနာတရား ဟောကြားတော်မူသည်။ ဆရာတော်က ဆွမ်းအကျိုးကို ဟောကြားသည်။ ဆွမ်း၏ အရေးပါပုံကို ရှင်းလင်းသည်။ ဆွမ်းလှူဒါန်းသဖြင့် ၀မ်းမြောက်စရာ ဖြစ်ပုံများကို ဟောပြတော်မူပါသည်။

ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဟူသော အရာလေးမျိုးကို ပစ္စည်းလေးပါးဟူ၍ ခေါ်ကြသည်။ ပစ္စည်းဟူသည်ကား ပါဠိသက်ဝေါဟာရ ဖြစ်၏။ ပစ္စည်း၏အနက်ကား အထောက်အပံ့ပေးသောအရာ၊ အကျိုးပြုပေးသော အကြောင်းခံအချက်ဟု ယူသော် ရကောင်းသည်။

ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဟူသော ပစ္စည်းလေးပါးတို့သည် သံဃာတော်များ၏အသက်ကို အသီးသီး အထောက်အပံ့ပေးသောအရာများ ဖြစ်၏။ သံဃာတော်များ သာသနာ့အကျိုးကို သယ်ပိုးထမ်းရွက်နိုင်ကြစေရန် အခြေခံကျကျ အထောက်အကူပြုပေးကြ၏။ မည်သို့ ထောက်ပံ့နေကြသနည်း။

ရဟန်းဘ၀၏ လိုအပ်ချက် ၄-ရပ်ကို ဖြည့်ဆည်းပေးရာ ရောက်သောကြောင့် ဖြစ်၏။ သာသနာတော်ကို ထွန်းလင်းတောက်ပ ပြန့်ပွားရအောင် ဆောင်ကြဉ်းကြမည့် ရဟန်းတော်တို့အဖို့ အသက်ရှည်စွာ ရပ်တည်ဖို့ရာ အချက်လေးချက် မရှိမဖြစ် လိုအပ်သည်။
(၁) စားစရာ လိုအပ်သည်။
(၂) ၀တ်စရာ လိုအပ်သည်။
(၃) နေစရာ လိုအပ်သည်။
(၄) ကျန်းမာမှုရှိဖို့ရာ လိုအပ်သည်။
စားဖို့ရာ ဆွမ်းကို လှူဒါန်းနိုင်သည်။ ၀တ်စရာ သင်္ကန်းကို လှူဒါန်းနိုင်သည်။ နေစရာ ကျောင်းကို လှူဒါန်းနိုင်သည်။ ကျန်းမာဖို့ရာ ဆေးကို လှူဒါန်းနိုင်သည်။

ဪ-ဆွမ်း -သင်္ကန်း-ကျောင်းနှင့် ဆေးဟူသော ပစ္စည်းလေးပါးတို့သည် သာသနာတော်အရှည်ခံ့၍ တည်တံ့စေသောငှါ သံဃာတော်အရှင်မြတ်တို့အတွက် အသက်သွေးကြော ဖြစ်ပါပေတကား။
ပစ္စည်းလေးပါးတို့၏ အရေးပါ၊ ပဓာနကျပုံနှင့် မြတ်စွာဘုရားရှင်၏ သာသနာတော်ကို အထောက်အပံ့ပြုခဲ့ပုံကို (အသက်၅၀-ကျော်မှ) သဲသဲကွဲကွဲ ရှင်းရှင်းလင်းလင်း သဘောပေါက်တော့သည်။ ယခုမှ စား ၀တ် နေရေး ကျန်းမာရေးအတွက် ဆွမ်း-သင်္ကန်း-ကျောင်း-ဆေး တို့ကို တခုချင်းဆက်စပ် လိုအပ်လှကြောင်း ကောင်းစွာနားလည်မိတော့သည်။ ဒါနကုသိုလ်၏ အကျိုးဆက်များကို သိရ၍ ပီတိပွားရသည်။

ရတနာသုံးပါးတို့ တခုနှင့်တခု ဆက်နွယ်ပုံကို နောင်ချိုမြို့ မြို့ဦးဆရာတော် ဟောကြားသောတရားကို နာယူရင်း ရှင်းလင်းနားလည်ခဲ့ရသည်။ ထိုအခါ စိတ်မှာ ကြည်ညိုသဒ္ဓါစိတ်တွေ ပိုမို ပေါ်ပေါက်လာသည်။
ဆွမ်းအလှူပွဲတွင် ဆရာတော် ဟောကြားသော ဆွမ်းအနုမောဒနာတရားကို မိမိ နာကြားရသောအခါ၌ ပစ္စည်းလေးပါးတို့က သာသနာတော်ထွန်းကား ပြန့်ပွားရေး၌ အခြေခံအထောက်အပံ့ ပေးနေပုံကို အလေးအနက် နားလည် သိမြင်ရပါတော့သည်။

သံဃာတော်များအား ဆွမ်းလှူဒါန်းဖူးပါသည်။ ၀ါဆိုသင်္ကန်း သထိန်သင်္ကန်းများလည်း ကပ်လှူဖူးပါသည်။ ကျောင်းကိုလည်း ပြုပြင် လှူဒါန်းခဲ့ဖူးပါသည်။ ဆေးဝါးများလည်း လှူခဲ့ဖူးပါသည်။ ပစ္စည်းလေးပါး၏ အကျိုးဆက်သည် မည်မျှအထိ တာသွား၍ မည်သို့ အခြေခံကျသည်ကိုမူ မစဉ်းစားမိ တွေးလည်း မတွေးမိ သာမန်မျှသာ ဖြစ်ခဲ့၏။

ယခုမှပဲ လေးလေးနက်နက် သိမြင်ပါတော့သည်။ ယနေ့ စာရေးသူ နားအတွင်းသို့ အလင်းဓာတ်ပေးတော် မူခဲ့သော ကျေးဇူးရှင်ဆရာတော်ကြီးများအား ရိုသေစွာ ရှိခိုးပူဇော်လျက် ဤဆောင်းပါးကို ရေးသားတင်ပြ ပါသည်။ မိမိအဖို့ရာမူ ဤအကြောင်းအကျိုး ဆက်နွယ်ပုံလေးများကို သိရှိနားလည်ရသည်ကိုပင် ၀မ်းမြောက် ကြည်နူးလှပါသည်။

( ချစ်နိုင်-စိတ်ပညာ)

No comments: