Thursday, January 14, 2010

နန္ဒီနွားလား ချိုကားကား

လူနှင့်နွား ဇာတ်ခြား၍နေသော်ငြားလည်း နန္ဒီသည် ပုဏ္ဏားတယောက်၏ မွေးစားသား ဖြစ်၏။ သူငယ်စဉ်က သူ့ကို သူ၏ပိုင်ရှင်က လှူဖွယ်ဝတ္ထုပစ္စည်းတခုအဖြစ်ဖြင့် ပေးလှူလိုက်သဖြင့် ပုဏ္ဏားထံ ရောက်လာခဲ့ရ၏။ ပုဏ္ဏားကလည်း နွားကလေးကို သားကဲ့သို့ ချစ်ခင်လှသဖြင့် နန္ဒီဟူ၍ အမည်မှည့်ထား၏။ နန္ဒီကို သားတယောက် အဖြစ် သတ်မှတ်ထားသဖြင့် အခြားနွားများကဲ့သို့ မြက်-ပဲမှော် စသည် မကျွေးဘဲ ဆန်ပြုတ်တိုက်၍ မွေးမြူထား ခဲ့၏။

အစားကောင်း အသောက်ကောင်းများ စားရသဖြင့် နန္ဒီသည် မကြာမီမှာပင် အသားအရေများ ပွားစည်းကာ နွားလားကြီး ဖြစ်လာ၏။ အားခွန်ဗလ သန်းစွမ်းလွန်းလှ၏။ ထို့အတူပင် ချိုနှစ်ချောင်းကလည်း ကားကားစွင့်စွင့် ဖြစ်လာကြ၏။ ထိုကဲ့သို့ ချိုကားကားကြီး ရှိနေသည်ကို အကြောင်းပြုကာ နန္ဒီဟူသော အမည်ရင်းတွင် ၀ိသာလ ဟူသော ဂုဏ်ပြုစကားဖြင့် တွဲစပ်၍ ခေါ်ဝေါ်ရပေသည်။

အကောင်အထည်ကြီးမား၍ အားခွန်ဗလ သန်စွမ်းလှသော်လည်း နန္ဒီဝိသာလသည် ရိုင်းစိုင်းသည့် ကြမ်းတမ်းသည့် အမူအကျင့်များ မရှိပေ။ အသက်အရွယ်ရလာသည်နှင့်အမျှ သူ့ကို သားအဖြစ် မွေးမြူလာ ခဲ့သည့် ဖခင်၏ ကျေးဇူးကို သိတတ်လာ၏။ သူ၏ ဖခင်ပုဏ္ဏားသည် ချမ်းသာကြွယ်ဝသူ မဟုတ်ပါ။ သူ့ကို သားကဲ့သို့ ချစ်လွန်းလှသဖြင့် မဖြစ်ဖြစ်အောင် ကြိုးစား၍ ကျွေးမွေးလာခဲ့၏။ ထို့ကြောင့်လည်း နန္ဒီဝိသာလက ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်ချင်လှသဖြင့် ကျေးဇူးဆပ်နိုင်သည့် အခွင့်အလမ်းကို စောင့်ကြည့်နေခဲ့၏။

တနေ့သောအခါတွင် ထိုအခွင့်အလမ်းကို တွေ့မြင်ရသဖြင့် နန္ဒီဝိသာလသည် ဖခင်ပုဏ္ဏားအား အကြံတခုပေး၏။
အဖေ၊ အဖေအား ကျေးဇူးဆပ်ချင်လွန်းလို့ ကျွန်တော် ပြိုင်ပွဲတခု ကျင်းပချင်ပါတယ်။ ပြိုင်ပွဲ ဆိုပေမယ်လို့ ကျွန်တော်တကောင်တည်းနဲ့ အစွမ်းပြရမှာပါ။ လှည်းစီးရေ တရာတိတိကို ရှေ့နဲ့နောက် ခိုင်ခိုင်ခံ့ခံ့ ဆက်ပြီး ချည်တုပ်ထားပါ။ အဲဒီလှည်းတွေအပေါ်မှာ ပဲတွေ၊ ဆန်တွေ၊ သဲတွေ အပြည့်တင်ထားပါ။ အဲဒီလို ၀န်အပြည့် တင်ထားတဲ့ လှည်းပေါင်းတရာကို ကျွန်တော်က ရှေ့ဆုံးလှည်းကနေပြီး ရုန်းပြပါမယ်။ ရှေ့ဆုံးက လှည်းဘီး နင်းခဲ့တဲ့နေရာကို နောက်တဆက်တည်းရှိတဲ့ လှည်းဘီးနဲ့ နင်းပြပါမယ်။ အဲဒီအစွမ်းပြပွဲအတွက် ဂေါဝိန္ဒ သူဌေးဆီ သွားပြီး ကြေးစပ်ချေပါ။

ကောင်းပြီ ဖေ့သားကြီး၊ ကောင်းပြီ။
ပုဏ္ဏားကလည်း နန္ဒီဝိသာလ၏ အားစွမ်းကို ယုံကြည်စိတ်ချထားပြီးဖြစ်၍ ၀မ်းမြောက်ဝမ်းသာ လက်ခံ၏။ ဂေါဝိန္ဒ သူဌေးထံ သွားရောက်၍ အကျိုးအကြောင်း ပြောပြ၏။ ဂန္ဓာရတိုင်း တက္ကသိုလ်မြို့တော်တွင် ဂေါဝိန္ဒသည် ထင်ရှားကျော်ကြားသည့် သူဌေးတယောက် ဖြစ်၏။ သို့ရာတွင် ငွေတထောင်တိတိကို လွယ်လွယ်ကလေးနှင့် ရမည့်အခွင့်အလမ်း ဖြစ်နေ၍ ပုဏ္ဏား၏ အဆိုပြုချက်ကို ချက်ချင်းလက်ခံလိုက်၏။

ဤသို့ဖြင့် တက္ကသိုလ်မြို့တော်၏ လမ်းမကြီးတွင် နန္ဒီဝိသာလ၏ အားစွမ်းပြပွဲကြီး ကျင်းပ၏။ တစီးနှင့်တစီး ခိုင်ခိုင်ခံ့ခံ့ ချည်တုပ်ထားသည့် လှည်းတရာပေါ်တွင် ပဲတွေ၊ ဆန်တွေ၊ သဲတွေ အပြည့်တင်ထားကြ၏။ မကြုံစဘူး ထူးဆန်းလွန်းလှသဖြင့် အားစွမ်းပြပွဲကြီးဖြစ်၍ တက္ကသိုလ်မြို့တော်သူ မြို့တော်သာများ တခဲနက် လာရောက် ကြည့်ရှုကြ၏။

အချိန်တန်သောအခါ ဖခင် ပုဏ္ဏားသည် နန္ဒီ၀ိသာလနှင့် အတူတကွ ပွဲခင်းထဲသို့ ဦးခေါင်းမော့မော့ ရင်ကော့ကော့နှင့် ၀င်ရောက်လာ၏။ ပွဲကြည့်ပရိသတ်တို့၏ သြဘာလက်ခုပ်သံများကို နာခံရင်း သားကြီး၏ စွမ်းအားသတ္တိကို ဂုဏ်ယူဝင့်ကြွားလာခဲ့၏။ ဤသို့ဖြင့် ရှေ့ဆုံးလှည်းနားသို့ ရောက်သောအခါ လှည်းထန်းပိုးမှာ နန္ဒီဝိသာလကို အသေအချာ တပ်ပြီးလျှင် လှည်းပေါ်သို့ လွှားခနဲ တက်လိုက်၏။ နွားလံကြိုးကို မာန်ပါပါ ကိုင်ထားပြီးလျှင် ဟေ့-ရုန်းလိုက်စမ်းပါလားကွ၊ နွားဆိုးကြီးရဲ့၊ ဟေ့-သွားလိုက်စမ်းပါကွ၊ နွားယုတ်ကြီးရ။

သူ့စိတ်ထဲကတော့ သားကြီးကို အားပေးလှုံ့ဆော်ဖို့ အော်ဟစ်လိုက်ခြင်းသာ ဖြစ်၏။ သို့ရာတွင် အသပြာ တထောင်ကို ခဏလေးနှင့် ရမည့်အရေးကို တွေးတောကာ အူမြူးနေမိ၏။ ထို့ကြောင့်လည်း စောစောက ရည်ရွယ်မထားခဲ့သည့် စကားလုံးတို့ကို အသုံးပြုလိုက်ချေပြီ။

ဤအချိန်ထိအောင်ပင် ပုဏ္ဏားသည် မိမိအမှားကို မမြင်မိသဖြင့် ထပ်၍ အော်နေသေး၏။ နန္ဒီဝိသာလသည် တသက်နှင့်တကိုယ် တကြိမ်တခါမျှ မကြားခဲ့ရဖူးသည့် အသုံးအနှုန်းများကို ကြားလိုက်ရသဖြင့် အံ့အားသင့်သွားရ၏။ ထို့ပြင် ပရိသတ်ဗိုလ်ပုံအလယ်တွင် မိမိအား မဟုတ်မတရား ဆဲရေးကြိမ်းမောင်းလိုက် သဖြင့် အခံရခက်လှ၏။ ရှက်လည်း ရှက်လှ၏။ ထို့ကြောင့် ဖခင်ပုဏ္ဏား၏ အမိန့်ကို မနာခံတော့ဘဲ ခြေစုံရပ်၍ ထားလိုက်လေတော့သည်။

အသပြာတထောင်တိတိ အရှုံးခံလိုက်ရပြီးသော်လည်း နန္ဒီဝိသာလသည် စိတ်မချမ်းမသာ မဖြစ်ပါ။ ခါတိုင်းလိုပင် တနေ့ခင်းလုံး စားကျက်သို့သွား၍ စိတ်တိုင်းကျ စားသောက်နေ၏။ ညနေခင်းကျမှ အိမ်သို့ပြန်လာ၏။ အိမ်ရှေ့က ကွပ်ပျစ်ပေါ်တွင်ကား မွေးစားဖခင်ပုဏ္ဏားသည် ခြေပစ်လက်ပစ်ကြီး အိပ်လျက်ရှိနေပေသည်။ နန္ဒီဝိသာလသည် ပုဏ္ဏားကြီးအနီးသို့ အသာအယာ ချဉ်းကပ်ကာ-
အဖေ-ဘာကြောင့်များ အိပ်နေရပါသလဲ။
မေးမှ မေးရက်ပလေ ငါ့သားရယ်။ အသပြာတထောင်ကြီးတောင် ရှုံးထားခဲ့မှတော့ မအိပ်ဘဲ နေနိုင်ပါ့မလားကွ။
ဒါဖြင့် အဖေတို့အိမ်မှာ ကျွန်တော် ရောက်လာတဲ့အချိန်ကစပြီး အိုးတလုံး ကွဲခဲ့ဖူးပါသလား။
မကွဲခဲ့ပါဘူး ဖေ့သားကြီးရာ။
တခြားပစ္စည်းတခုခုကိုကော ကျွန်တော် နင်းခဲ့ဖူးပါသလား။
မနင်းခဲ့ပါဘူးကွာ။
ဒါနဲ့များ ဘာဖြစ်လို့ ကျွန်တော့်ကို နွားဆိုးကြီးလို့ ဆိုရတာတုံး။ နွားယုတ်ကြီးလို့ ဆိုရတာတုံး။
ဒါကတော့ အဖေ အပျော်ကျူးပြီး မူးသွားမိလို့ပါကွာ။

ဒီလိုဆိုရင် ဒီတခါတော့ အဖေ အပျော်လဲ မကျူးပါနဲ့၊ မူးလဲ မမူးပါနဲ့၊ ကျွန်တော့်ကိုလဲ မဟုတ်မတရား ဆဲဆိုကြိမ်းမောင်းခြင်း မပြုပါနဲ့၊ အခုပွဲနဲ့ ရှုံးထားတာတွေအပြင် အမြတ်ထွက်လာအောင် ဒီတခါ ဂေါဝိန္ဒသူဌေးနဲ့ အသပြာနှစ်ထောင်ကြေး ထပ်ပါတော့။
ကောင်းပြီ ဖေ့သားကြီးရေ၊ အဖေ ခုချက်ချင်းပဲ သွားပြီး ကြေးထပ်ချေမယ်။
ပုဏ္ဏားသည် သွက်လက်ပေါ့ပါးစွာထ၍ ဂေါဝိန္ဒသူဌေးကြီးအိမ်ဆီသို့ ထွက်သွား၏။ သွားတုန်းက ပြုံးပြုံးရွှင်ရွှင်ရှိသကဲ့သို့ပင် အပြန်ကျတော့လည်း ပြုံးပန်းမြိုင်မြိုင် ပန်ဆင်လာ၏။

သူဌေးက လက်ခံလိုက်ပြီ ဖေ့သားကြီးရေ၊ ဒီတခါ ပွဲကမှ တကယ့်ပွဲကြီး ပွဲကောင်း။
အိမ်ပေါက်ဝမှနေ၍ အားပါးတရ လှမ်း၍ပြောလိုက်သည်။
သည်တခါတော့ ပုဏ္ဏား၏ နှုတ်မှ အဆိုးအယုတ် စကားသံများ ထွက်ပေါ်မလာတော့သဖြင့် အစွမ်းပြပွဲကြီး အောင်မြင်သွားပေသည်။


သြမသ၀ါဒသိက္ခာပုဒ်-
ဝိနယပိဋက၊ ပါစိတ်ပါဠိတော် သုဒ္ဓပါစိတ်၊ မုသာဝါဒ၀ဂ်တွင်ပါသော သြမသ၀ါဒ သိက္ခာပုဒ်ကို ပညတ်ရာတွင် ဘုရားရှင်ကိုယ်တော်တိုင် ထုတ်ဆောင် ဆုံးမတော်မူခဲ့သည့် ဥပမာပုံဝတ္ထုတခု ဖြစ်ပေသည်။

သာဝတ္ထိမြို့တော်ရှိ ဇေတ၀န်ကျောင်းတော်ကြီး၌ ကျင့်ဝတ်သိက္ခာကို ချစ်မြတ်နိုးစွာ လိုက်နာကျင့်သုံးသည့် ရဟန်းကောင်းများကြားတွင် ရဟန်းဆိုးအနည်းငယ်လည်း နေထိုင်လျက်ရှိကြ၏။ သူတို့သည် သာသနာဘောင်သို့ ၀င်သည့်အချိန်ကပင် အကြံနှင့် ဉာဏ်နှင့် ကြိုတင်ပြင်ဆင်ပြီးမှ ၀င်လာခဲ့ကြ၏။ သာသနာတော်အတွင်း၌ အရေးကိစ္စတစုံတရာ ကြုံတွေ့လာလျှင် အားကိုးအားထားပြုနိုင်ရန် အဂ္ဂသာဝက အရှင်မြတ်ကြီး နှစ်ပါးထံမှာ တပည့်ခံ၍ ၀င်ရောက်ခဲ့ကြ၏။ သို့ရာတွင် သူတို့သည် ဆရာကောင်း၏ တပည့် မဖြစ်လာကြပါ။

အရှင်မြတ်ကြီးနှစ်ပါးထံ တပည့်ခံလာခြင်းမှာ အရှင်မြတ်ကြီးတို့၏ ဆုံးမစကားကို လေးစားဖို့ လိုက်နာဖို့မဟုတ်၊ အရှင်မြတ်ကြီးတို့၏ ကောင်းမြတ်သည့် စံနမူနာကို ရယူဖို့ မဟုတ်ပါ။ အရေးအကြောင်းကြုံလာလျှင် အရှင်မြတ်ကြီးတို့၏ အရှိန်အ၀ါကို အသုံးချရုံမျှသာ ဖြစ်ပေသည်။

သာသနာ့ဝန်ထမ်း ရဟန်းအဖြစ် ခံယူချိန်မှာလည်း ထိုရဟန်းခြောက်ပါးသည် လူ့ဘ၀တုန်းကအတိုင်း တပူးတွဲတွဲသာ ရှိနေကြ၏။ သွားရာလာရာ နေထိုင်စားသောက်ရာတွင် မကွဲမကွာ ရှိနေကြ၏။ အုပ်စုအားကိုးဖြင့် အခြားရဟန်းများကို အနှောင့်အယှက် အမျိုးမျိုး ပေးကြ၏။ ထို့ကြောင့် အခြားရဟန်းများက ထိုရဟန်း ခြောက်ပါးကို ဆဗ္ဗဂ္ဂီရဟန်းများ-ဟူ၍ ခေါ်ဝေါ်လာကြရပေသည်။

ဆဗ္ဗီရဟန်းများသည် သာသနာတော်ကြီးနှင့် မသင့်လျော်သည့် အမှုများကို အမျိုးမျိုး ပြုကျင့်ကြ၏။ ဤအမှုကို ဘုရားရှင်က သိက္ခာပုဒ်ဖြင့် တားမြစ်လိုက်လျှင် အခြားအမှုကို ပြောင်း၍ ကျူးလွန်ကြ၏။ ဤသာသနာတော်တွငှ်ဆဗ္ဗဂ္ဂီရဟန်းတို့ မကျူးလွန်သောအမှု ဟူ၍ ပါရာဇိက အာပတ်ကြီးများလောက်သာ ကျန်တော့၏။

ဆဗ္ဗဂ္ဂီရဟန်းတို့သည် အုပ်စုအားကိုး ရှိထားသည့်အတိုင်း အခြားရဟန်းများနှင့် စကားစမြည်ပြောဆိုရာတွင် အပေါ်စီးနှင့် ပြောတတ်ကြ၏။ မည်သည့်ကိစ္စမဆို သူတို့ပြောတာကို လက်ခံမှ ကျေနပ်ကြ၏။ တဖက်သားက လက်မခံနိုင်၍ အငြင်းအခုံဖြစ်ရပြီဆိုလျှင် သူတို့ ခြောက်ပါးလုံးက ကျီးကန်းများကဲ့သို့ ၀ိုင်းအုံထိုးဆိတ်ကြ ပေတော့သည်။ အမျိုးဇာတ်နှင့် ပတ်သက်၍ အလုပ်အကိုင်နှင့် ပတ်သက်၍ စသည်ဖြင့် ဆယ်မျိုးသော ဆဲရေးခြင်းတို့ဖြင့် ဆဲရေးကြကုန်၏။

သီလကို ချစ်မြတ်နိုးသော ရဟန်းများမှ တဆင့် ဤအကြောင်းကို ဘုရားရှင်ကြားသိတော်မူသောအခါ ရဟန်းအပေါင်းကို စည်းဝေးစေ၍ အထက်ပါ ဥပမာပုံဝတ္ထုကို ထုတ်ဆောင်တော်မူပြီးလျှင်-
ရဟန်းတို့ အဟိတ်တိရစ္ဆာန်သည်ပင် ဆဲရေးကြိမ်းမောင်းသည့်စကားကို နားခါးကြသေး၏။ မနုဿ လူသားများမှာမူ အဘယ်ဆိုဘွယ်ရာ ရှိပါတော့နည်မည်း-ဟု ဆုံးမတော်မူ၏။
ထို့နောက် ဆဲရေးစကား၊ ကြိမ်းမောင်းစကား မပြောကြစေရန် သြမသ၀ါဒသိက္ခာပုဒ်ကို ပညတ်တော်မူပေသည်။

( ၀ဏ္ဏသီရိ )

No comments: