Friday, January 15, 2010

တမလွန်ဘ၀သို့ ယူဆောင်ရမည့် ရိက္ခာ

သင်္ချိုင်းလေးတခုရဲ့ အုတ်ဂူလေးမှာ ရေးထားသည့်စာ

Remember friends, as you pass by, as you are now,
so once were I, as I am now.
So You must be prepared yourselves and follow me'

မိတ်ဆွေ၊ ငါ့အနားက ဖြတ်သွားတဲ့အခါ သတိပြုလိုက်စမ်းပါ။
ငါလည်းပဲ တခါတုန်းက မင်းလိုပဲ အသက်ရှင်ခဲ့ဖူးတာပါပဲ။
မင်းလည်းပဲ တနေ့ကျရင် အခု ငါ့လို ဖြစ်လာမှာပါ။
ပြင်ဆင်စရာရှိသမျှ ပြင်ဆင်ပြီးရင် ငါ့နောက်လိုက်ခဲ့ပေါ့။
နေမ၀င်ခင် ရိက္ခာပြင်ပါ။ ( အနိစ္စ၊ ဒုက္ခ၊ အနတ္တ )။

အထက်ပါ သံဝေဂစာကို ရန်ကုန်မြို့ ရေဝေးသုဿာန်ရှိ နားရေးခန်းမတွင် ကျွန်ုပ်တို့ ဖတ်ရှုခဲ့ရသည်။ အခန်းထိပ်တွင် ကွယ်လွန်သူ၏ ရုပ်ကလာပ်ကို ပြင်ဆင်ထားသည်။ အခန်းတွင်း၌လည်း အသုဘရှုသူများ ၀ိုင်းဝန်းထိုင်နေကြသည်။ ထိုအခန်းရှိ ရုပ်ကလာပ်အနီး နံရံပေါ်တွင် ဤသံဝေဂစာကို အများသူငါ ဖတ်ရှုဆင်ခြင် နိုင်ရန် စာလုံးကြီးများဖြင့် ရေးထားသည်။ အသုဘရှုသူအားလုံးလိုလိုပင် ဖတ်ရှုဆင်ခြင်မိကြပေလိမ့်မည်။

အလွန်ထိမိသော သံဝေဂစာကလေး ဖြစ်သည်။ ထိုစာကို အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး မျိုးညွန့်သည် သချိင်္ိုင်းငယ်တခု၏ အုတ်ဂူကလေးပေါ်တွင် အမှတ်မထင် တွေ့ရှိဖတ်ရှုရသည်။ အထူးသံဝေဂ ရရှိသဖြင့် ထိုစာကို ကူးယူကာ အများသူငါ ဖတ်ရှုဆင်ခြင်နိုင်ရန် ဒါနသံဝေဂပြုထားခြင်းဖြစ်သည်။ အလွန်တန်ဖိုးရှိသည့် ကောင်းမှုပင်တည်း။

ဤသံဝေဂစာကို ကျွန်ုပ်တို့ ဖတ်ရှုကာ အမျိုးမျိုး ဆင်ခြင်မိသည်။ ဗုဒ္ဓဘုရားရှင်၏ တရားတော်အရ သေခြင်းအြေuာင်း လေးပါးရှိသည်။ ယင်းတို့မှာ-
၁။ အသက်တမ်းကုန်၍ သေခြင်း။
၂။ ကံအစွမ်းကုန်၍ သေခြင်း။
၃။ အသက်တမ်း ကံအစွမ်း ၂-မျိုးကုန်၍ သေခြင်း။
၎။ ဥပစ္ဆေဒကကံကြောင့် သေခြင်းတို့ ဖြစ်သည်။

ဥပမာ-
ဆီမီးငြိမ်းရာ၌ -
၁။ ဆီကုန်ခြင်း။
၂။ မီးစာကုန်ခြင်း။
၃။ ဆီနှင့်မီးစာ ၂-မျိုးလုံး ကုန်ခြင်း။
၎။ ဆီနှင့်မီးစာ ရှိသေးပါသော်လည်း လေပြင်းတိုက်ခတ်ခြင်း၊ သို့မဟုတ်-တမင်ငြိမ်းသတ်ခြင်းဟူ၍ အကြောင်းလေးမျိုး ရှိသကဲ့သို့ ဖြစ်ပေသည်။

( ၁ )
သက်တမ်းကုန်ခြင်း ဆိုရာ၌-
ဘုရားရှင်လက်ထက်တော်တွင် အသက်တမ်း ၁၀၀-ဟုဆို၏။ ယခု ၇၅-နှစ်တမ်း ခန့်မှန်းကြသည်။ သင့်တော်ရုံ ကံပါလာသူတို့သည် သတ်မှတ်ထားအပ်သော အသက်တမ်းကို မကျော်လွန်နိုင် ကြပေ။ အလွန်ကံထူးသူတို့သာ အသက်တမ်းကို ကျော်လွန်နိုင်ကြပေသည်။ ဘုရားလက်ထက်တော်၌ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ၊ ကျောင်းအမ ၀ိသာခါတို့သည် အသက် ၁၂၀-ရှည်ကြ၏။ အရှင်ဗာကုလသည် အသက် ၁၆၀-ရှည်၏။ ထိုပုဂ္ဂိုလ်များကား အလွန်ကံထူးသူများတည်း။

ထိုသို့ ကံအထူးလည်း မပါ။ ပါရှိသော သာမန်လောက်ကံကလည်း အသက်တမ်းကို ကျော်လွန်အောင် မဆောင်တော့ဘဲ ၇၅-နှစ်တမ်း၌ ၇၅-နှစ်ပြည့်၍ သေရခြင်းကို အသက်တမ်းကုန်၍ သေရခြင်းဟု ခေါ်၏။ မီးစာရှိသေးသော်လည်း ဆီကုန်၍ မီးငြိမ်းရခြင်းနှင့် တူ၏။

( ၂ )
ကံအစွမ်းကုန်၍ သေရခြင်းဆိုသည်မှာ-
အခြားမဟုတ်၊ ဘ၀တခုကို စီမံလိုက်သောကံသည် ပဋိသန္ဒေနေရသည့် အချိန်မှစ၍ မိမိသတ္တိ မကုန်သေးသမျှ ဘ၀မပြတ်အောင် (မသေအောင်) အစဉ်တစိုက် အမြဲဖန်တီးလျက်ရှိ၏။ ထိုမူလ စီမံလိုက်သော ကံ၏အစွမ်းကို အားပေးကူညီသော အခြားကံများလည်း ရှိသေး၏။ ထိုမူလစီမံလိုက်သော ကံနှင့် အားပေးကူညီကြသော ကံတို့၏ အစွမ်းသတ္တိ ကုန်လျှင်ကား အသက်တမ်းက မကုန်သေးသော်လည်း ဧကန်မုချ သေကြရတော့မည်။ ၇၅-နှစ်တမ်း၌ ကံအစွမ်းက ၅၀-လောက်သာရှိလျှင် ၅၀-အရွယ်မှာပင် သေကြရသည်။
ဥပမာ-
ဆီမကုန်သေးသော်လည်း မီးစာကုန်လျှင် ဧကန် မီးငြိမ်းရသကဲ့သို့ ဖြစ်ပေသည်။


( ၃ )
အချို့သောသတ္တ၀ါတို့ကား အသက်တမ်းလည်း ကုန်၊ ကံစွမ်းလည်း ကုန်ခြင်းကြောင့် သေကြရသည်။ ဆီလည်း ကုန်၊ မီးစာလည်း ကုန်ခြင်းကြောင့် မီးငြိမ်းရခြင်းနှင့် တူ၏။
ဤတွင် ၇၅-နှစ်တမ်း၌ ၇၅-နှစ်လောက်နေဖို့ရန် ကံပါသူ၏ ၇၅-နှစ်ပြည့်၍ သေရမှုကို အသက်တမ်း၊ ကံစွမ်း နှစ်မျိုးစုံကုန်ခြင်းကြောင့် သေရခြင်း-ဟု ခေါ်၏။


(၄)
အချို့သောသတ္တ၀ါတို့ကား အသက်တမ်းလည်း မကုန်သေး၊ ကံအစွမ်းလည်း မကုန်သေး၊ ယခုဘ၀မှာ ဖြစ်စေ ပြုမိသော အကုသိုလ်ကံက အခွင့်ရသဖြင့် တနည်းနည်းနှင့် သေရတော့၏။ မြွေကိုက်၍ သေခြင်း၊ အဆိပ်မိ၍ သေခြင်း၊ တုတ် ဓား သေနတ် စသည့် လက်နက်တို့ကြောင့် သေခြင်း၊ ရေနစ် သေခြင်း၊ မီးလောင် သေခြင်း၊ ကားတိုက် သေခြင်း စသည်တို့သည် ရှေးမကောင်းမှုကံကြောင့် သေရခြင်းဖြစ်သည်။
ဥပမာ-
မီးစာ ဆီ နှစ်မျိုးလုံ မကုန်သေးဘဲ လေပြင်းတိုက်ခတ်မှု၊ တမင်ငြိမ်းသတ်မှုကြောင့် မီးငြိမ်းခြင်းမျိုးကဲ့သို့တည်း။

ဤကား ဗုဒ္ဓတရားတော်လာ သေခြင်းအမျိုးမျိုး ဖြစ်သည်။ ကျွန်ုပ်တို့သည် တနေ့နေ့တွင် ဤသေခြင်းလေးမျိုး အနက် တမျိုးမျိုးနှင့် သေကြရမည်မှာ မုချဖြစ်သည်။ သေခြင်းလေးမျိုးအနက် တမျိုးမျိုးဖြင့် ကျွန်ုပ်တို့ထက် အသက်ကြီးသူ၊ အရွယ်ကြီးသူများလည်း သေနေကြသည်။ ကျွန်ုပ်တို့နှင့် အသက်တူ၊ အရွယ်တူများလည်း သေနေကြသည်။ ကျွန်ုပ်တို့အောက် အသက်ငယ်သူ၊ အရွယ်ငယ်သူများလည်း သေနေကြသည်။

ဘုရားဟောတရားတော်လာ အနိစ္စ ဒုက္ခ အနတ္တတို့၏ သဘောကို ကွယ်လွန်သူက ပြောပြနေဟန် အထက်ပါ သံဝေဂစာ၌ ဖော်ပြထားသည်။ အလွန်ထိမိလှသည်။ တခါက အသက်ရှင်ခဲ့ဖူးသော ယခုကွယ်လွန်သူနည်းတူပင် ကျွန်ုပ်တို့သည် အနှေးနှင့်အမြန် ဖြစ်ကြရပေတော့မည်။ သူက ရှေ့ကသွားနှင့်၍ ကျွန်ုတို့က နောက်က လိုက်ကြရ မည်မှာ မုချဖြစ်သည်။

ဤသို့ နောက်က မလိုက်မီ သံဝေဂစာ၌ ဖော်ပြထားသကဲ့သို့ ကျွန်ုပ်တို့သည် ပြင်ဆင်စရာ ရှိသမျှ ပြင်ဆင်ကြရပေမည်။ ယင်းသို့ ပြင်ဆင်ရာ၌ တမလွန်ဘ၀သို့ ပါသွားမည့်ရိက္ခာကို နေမ၀င်ခင် အစွမ်းကုန် ပြင်ဆင်ထားကြရပေမည်။ ဤရိက္ခာကား အခြားမဟုတ် ဒါန၊ သီလ၊ ဘာဝနာ တည်းဟူသော ရိက္ခာကြီးများပင်တည်း။

No comments: