Friday, January 15, 2010

ဒါန နှင့် ဒေါသ

နွေရာသီ ပူပြင်းသောအခါသမယ၀ယ် အထက်ချင်းတွင်းမြို့ကလေးတမြို့၏ အရာရှိကြီးများ အိမ်ရှေ့တွင် ၀ါးရုံပင်များ အုပ်ဆိုင်း၍ အရိပ်ကောင်းသောနေရာ၌ သောက်ရေအိုးစင်လေးတခု ကျွန်မလှူဒါန်းထားပါသည်။ သောက်ရေအိုးစင်လေးမှာ သဲများခင်ထားပြီး သပ်ရပ်သန့်ရှင်းနေသဖြင့် သောက်ချင့်စဖွယ်ဖြစ်နေပါသည်။

အညာသဲအိုးလေးထဲမှ ရေများ စိမ့်၍ အေးနေသော ရေအိုးစင်လေးသို့ ခရီးသွားများ ဈေးသည်လေးများ နားနေအပန်းဖြေကြရင်း သောက်ရေ သုံးဆောင်နေသည်ကို အရာရှိများရိပ်သာ အိမ်ဝရန်တာမှ ကျွန်မအမေ ကြည့်၍ ပီတိတွေဖြစ်နေပါသည်။ ထိုစဉ် နိဗ္ဗိန္ဒတောရကျောင်းမှ ဆရာတော်ကြီး ကျွန်မတို့အိမ်သို့ ဆွမ်းခံကြွလာ ပါတော့သည်။ ကျွန်မတို့သားအမိ ဆရာတော်ဘုရားကြီးအား အိမ်ထဲသို့ ပင့်ပြီး ဆွမ်းနှင့် အချိုပွဲများ လောင်းလှူ ကြပါသည်။ ထိုစဉ် ဆရာတော်ဘုရားက -အိမ်ရှေ့က ရေချမ်းစင်လေးက ဒကာမကြီးတို့ လှူဒါန်းထားတာလား-ဟုမေးပါသည်။

မှန်ပါဘုရား၊ တပည့်တော်မတို့ လှူထားတာပါဘုရား။
ရေအလှူ၏ အကျိုးကြီးမားပုံကို ဆရာတော်ကြီးက သာဓကနှင့်တကွ မိန့်ကြားပါသည်။
ရှေးအခါက ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး နာမကျန်းဖြစ်၍ သတိလစ် မေ့မြောသွားစဉ် နတ်ပြည်သို့ ခေတ္တခဏ ရောက်သွားသည်။ သိကြားမင်းက မင်းကြီးအတွက် နတ်ဗိမာန်ကို ပြတော့ သူဝမ်းသာရသည်။ သို့သော် သူနေရမည့်ဗိမာန်၏အထက်၌ ကြီးကျယ်ခန်းနားသော ဗိမာန်တခုကို တွေ့ရသည်။
ထိုအခါ-

အို သိကြားမင်း၊ ကျွန်ုပ်နေရမည့် ဗိမာန်ထက် ကြီးကျယ်ခမ်းနားသော ဘုံဗိမာန်ကြီးသည် မည်သူ့ဗိမာန် ဖြစ်ပါသနည်း။ ကျွန်ုပ်သည် ကျွန်ုပ်ဗိမာန်သာလျှင် အကောင်းဆုံးဟု မှတ်ထင်ခဲ့ပါသည်-ဟု မေးမြန်းသည်။ ထိုအခါ သိကြားမင်းက-
အို-မင်းကြီး။ သင်၏ဗိမာန်ထက် သာလွန်သော ဗိမာန်ကား အခြားမဟုတ်၊ အသင်မင်းကြီး၏ တိုင်းပြည်၌ လမ်းဆုံလမ်းခွရှိ သစ်ပင်အောက်တွင် ရေချမ်းစင်တည်၍ နေ့စဉ် ရေလှူနေသော သူဆင်းရဲလုလင်၏ ဘုံဗိမာန်ပင် ဖြစ်သည်။ သင်မင်းကြီး အလိုဆန္ဒပြည့်ဝစေရန် ထိုသူဆင်းရဲလုလင်၏ ရေအလှူကို အမျှပေးဝေ စေပါ။ သင်မင်းကြီးက ထိုသူဆင်းရဲလုလင် အမျှဝေသည့်အခါ သာဓုခေါ်ပါလေ-ဟု သိကြားမင်းက မှာကြား လိုက်လေသည်။

နန်းတွင်းသမားတော်များ ကုသ၍ မင်းကြီး သတိပြန်လည်ပြီး ကျန်းမာလာသည့်အခါ ထိုသူဆင်းရဲလုလင်ကို မောင်းကြေးနင်းများ တီးခတ်၍ ရှာဖွေစေသည်။ တွေ့သော် နန်းတွင်းသို့ခေါ်လာပြီး ကုသိုလ်ကို အမျှပေးဝေ စေသည်။ မင်းကြီးလည်း လုလင်၏ ရေအလှူဒါနကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုလိုက်သည်။ ထိုအခါ ထပ်တူတပ်မျှ ကုသိုလ်ရပါသတဲ့-ဟု ဆရာတော်ကြီးက တရားတော်ကို အဆုံးသတ်လိုက်သည်။

ကျွန်မတို့ သားအမိ ပြိုင်တူ သာဓုခေါ်ဆိုကြသည်။ ကျွန်မ၏အမေက-ရေချမ်းစင်လှူတာ စိတ်ရှည်ရှည်ထားရ ပါတယ်ဘုရား၊ ရေခွက်များ ခဏခဏ ပျောက်တတ်ကြောင်း-လျှောက်ထားသည်။ ထိုအခါ ဆရာတော်ကြီးက ဆုံးမသြ၀ါဒ ပေးပြန်သည်မှာ မှတ်သားဖွယ်ကောင်းလှသည်။
ဒကာမကြီး-ရေခွက်များ ပျောက်ခြင်း၊ ပစ္စည်းများ ပျောက်ခြင်း၊ အဲဒီလိုဖြစ်တဲ့အခါ ယူတဲ့သူ ဘာဖြစ်ပါစေ၊ ညာဖြစ်ပါစေလို့ ဆုတောင်းမနေနဲ့။ ကိုယ်လှူပြီးသားပဲဆိုပြီး နှလုံးသွင်းပါ။ ကိုယ်လှူတဲ့ ဒါနအပေါ် ဒေါသ ရောက်မသွားပါစေနဲ့။ အထူးသဖြင့် အလှူအတန်းလုပ်တဲ့အခါ လုပ်ကိုင်ပေးသူများကို ပြောဆိုရခြင်း၊ ပိုကုန်ကျရခြင်းများအပေါ် စိတ်ကွက်ခြင်း၊ ဒေါသဖြစ်ခြင်းများ မရှိပါစေနဲ့-ဟု ဖြစ်ပါသည်။

အထက်ပါအဖြစ်အပျက်နဲ့ တရားနာကြားခဲ့ရခြင်းမှာ ကျွန်မငယ်စဉ်က ဖြစ်ပါသည်။ နှစ်များစွာ ကြာခဲ့သည့်တိုင်အောင်လည်း ယခုပြန်၍ သတိရစေပါသည်။ အကြောင်းကတော့ တခုသောနံနက်တွင် ကျွန်မနေထိုင်သည့် အိမ်အနီးရှိ အိမ်ဆိုင်လေးသို့ ဈေးဝယ်သွားစဉ် ထိုအိမ်ဆိုင်လေးသို့ ကြွနေကျ ဆွမ်းခံရဟန်းတော်တပါး ကြွရောက်လာသည်။ ဈေးဝယ်သူများနှင့် အလုပ်ရှုပ်နေသော ဆိုင်ရှင်က ဆွမ်းခံရဟန်းတော်ကို မြင်သွားပြီး-အလုပ်ရှုပ်နေတဲ့ကြားထဲ ဒီဘုန်းကြီးကလဲ-ဟု နှုတ်က တီးတိုးပြောဆိုသံကို ကြားလိုက်မိသည်။ ထို့နောက်မှ အိမ်ထဲသို့ လှည့်ပြီး ဟဲ့-အငယ်မ၊ ဆွမ်းခူးခဲ့-ဟု ပြောသံလည်း ကြားလိုက်ရ သည်။

အငယ်မ ဆွမ်းလောင်းလိုက်သော်လည်း ဆိုင်ရှင်အမျိုးသမီးမှာ ကုသိုလ်ရသည့်တိုင် ကုသိုလ်နှင့် အကုသိုလ် (ဒါနနဲ့ ဒေါသ) ရောထွေးသွားပြီ မဟုတ်ပါလော။ ကျွန်မ ရိပ်သာတခု၌ တရားစခန်းဝင်စဉ် တရားထိုင်ဖက် ဓမ္မမိတ်ဆွေ သီလရှင်ဆရာလေးသုံးပါးနှင့် ခင်မင်ရင်းနှီးခွင့် ရခဲ့သည်။ ဆရာလေးများ၏ ဘ၀အတွေ့အကြုံ တခူကိုလည်း သိခွင့်ရခဲ့ပြန်သည်။ သီလရှင်ဆရာလေးများ ဒါနဆန် အလှူခံထွက်စဉ် အိမ်တအိမ်ရှေ့တွင် ရပ်လျက် ထုံးစံအတိုင်း မေတ္တာပို့ ရွတ်ဆိုကြသည်။ ထိုရွတ်ဆိုသံကြောင့် ပုခက်ထဲက သူ့ကလေး နိုးသွားသည် ဟုဆိုကာ အိမ်ရှင်-ကလေးမိခင်က ဆရာလေးများကို ပြောဆို၍ ရန်တွေ့ပါတော့သည်။ ဒါနကုသိုလ်ဖြစ်ရမည့်အစား ဒေါသအကုသိုလ် ဖြစ်သွားပါသည်။

အထူးသဖြင့် ကျွန်မတို့အိမ်ရှင်မများ ဆွမ်းခံရဟန်းသံဃာတော်များနှင့် အလှူခံပုဂ္ဂိုလ်များ ကြွရောက်လာသည့် အခါ လက်မအား အလုပ်များနေသည်နှင့် ကြုံနေ၍ မလှူဒါန်းနိုင်လျှင်-ကန်တော့ဆွမ်းပါဘုရား၊ ကန်တော့ပါသေးရဲ့ဘုရား-ဟု တောင်းပန်လိုက်လျှင် အကုသိုလ် မဖြစ်ပါ။ အလျဉ်းမသင့်၍ မလှူလိုက်ရ သော်လည်း ယောနိသော မနသိကာရ စိတ်နှလုံးသွင်း မှန်ကန်မှုကြောင့် ကုသိုလ်တရားပင် တိုးပွားစေ ပါသေးသည်။

ဒေါသတရားသည် ကိလေသာ မကင်းစင်သေးသမျှ အထူအပါးသာ ကွာဟမည်။ သို့သော် ထိုဒေါသသည် လူတိုင်းကိုယ်စီတွင် ရှိနေကြပါသည်။ ရှိပင်ရှိငြားသော်လည်း မိမိတို့တွင် ရှိနေသော သတိပညာများနှင့် ထိန်းချုပ်ပြီး ဒါနဖြစ်ရမည့်နေရာ၌ ဒါနသာ ဖြစ်၍ ဒေါသမဖြစ်မိစေရန် ဒါနနှင့် ဒေါသ မရောမိစေရန် သတိပြုမိကြစေဖို့ ရေးသားတင်ပြအပ်ပါသည်။

( ဒေါ်တင်ရွှေ-အနောက်ရန်ကင်း)

No comments: