Wednesday, January 6, 2010

ကံ လေးမျိုး

ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် မိမိတို့ပြုထားအပ်သော ကံကသာ မိမိတို့ကို ဖြစ်လေရာဘ၀တိုင်းတို့၌ အယုတ်အလတ်အမြတ် စသည်ဖြင့် ဝေဖန်ပေးလျက်ရှိပေသည်။ ကံ၏ စီမံခန့်ခွဲမှုကို ခံယူကြရပေသည်ဟု ယုံကြည်လျက် ရှိကြပေသည်။

ထိုထိုဘ၀တို့၌ ဖြစ်ကြရသည့်အခါမှာ အသက်တိုရတာ-အသက်ရှည်ရတာ၊
အနာရောဂါ များရတာ-အနာရောဂါ နည်းရတာ၊
အဆင်းလှရတာ-အဆင်းမလှရတာ၊
ဘုန်းတန်ခိုးကြီးရတာ-ဘုန်းတန်ခိုးနည်းရတာ၊
ပစ္စည်းဥစ္စာ ပေါများရတာ-ပစ္စည်းဥစ္စာ ရှားပါးရတာ၊
အမျိုးမြတ်ရတာ-အမျိုးယုတ်ရတာ၊
ပညာကြီးမားရတာ-ပညာနည်းပါးရတာ စသည်များကို ကံကပင်လျှင် ဝေဖန်ပေးခြင်း စီမံခန့်ခွဲပေးခြင်း ဖြစ်ပေသည်ဟု မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း ကံနှင့်ကံ၏အကျိုးပေးတို့ကို အထူးယုံကြည်အားကိုးလျက် ရှိကြပေသည်။ ထိုကံတို့သည် ရှေ့နောက်အကျိုးပေးသော အစဉ်အားဖြင့် ၄-မျိုးကွဲပြားလျက် ရှိပေသည်။

၁။ ဂရုကံ-ကံတပါးတို့သည် မတားမြစ်နိုင်သည့် ကြီးလေးသော ကံ။
၂။ အာသန္နကံ-သေခါနီးကာလ၌ ပြုအပ်သောကံနှင့် အောက်မေ့အပ်သည့် ကံ။
၃။ အာစိဏ္ဏကံ-နေ့စဉ် အကြိမ်များစွာ လေ့ကျင့်အပ်သော ကံ။
၎။ ကဋတ္တာကံ-ပြုဖူးကာမျှဖြစ်သော ကံ-ဟူ၍ အကျိုးပေးသောအစဉ်အားဖြင့် ၄-မျိုးကွဲပြားလျက် ရှိပေသည်။

အကျယ်သိဖွယ်-
၁။ ဂရုကံ-ကံတပါးတို့သည် မတားမြစ်နိုင်သည့် ကြီးလေးသောကံဟူသည် ကုသိုလ်ကံနှင့် အကုသိုလ်ကံဟူ၍ ၂-မျိုးရှိပေသည်။ ထို ၂-မျိုးတို့တွင် အကုသိုလ်ကံအရာ၌ ပဉ္စာနန္တရိယကံ၊ နိယတမိစ္ဆာဒိဋ္ဌိကံတို့ ဖြစ်ကြပေသည်။ ထိုပဉ္စာနန္တရိယကံ ၅-ပါးကို ပြုမိသောပုဂ္ဂိုလ်နှင့် နိယတမိစ္ဆာဒိဋ္ဌိကံ ၃-ပါး ရှိကြသော ပုဂ္ဂိုလ်တို့သည် ယခုဘ၀မှ စုတိ (သေပြီး)သည့်နောက်ကာလ ဒုတိယ ဘ၀၌ အပါယ်ငရဲသို့သာ ကျရောက်ကြရပေသည်။ မည်သည့်ကုသိုလ်ကံ အကုသိုလ်ကံတို့ကမှ တားမြစ်၍ မရသောကြောင့် ကြီးလေးသော ဂရုကံတို့ ဖြစ်ကြပေသည်။
(ဆောင်ပုဒ်) ကံတပါးတို့၊ မတားနိုင်ရာ၊ ကြီးလေးပါ၊ မှန်စွာ ဂရုကံမည်။

ပဉ္စာနန္တရိယကံ ၅-ပါး ဆိုသည်မှာ-
၁။ အမိကို သတ်ခြင်း။
၂။ အဖကို သတ်ခြင်း။
၃။ ရဟန္တာကို သတ်ခြင်း။
၎။ ဘုရားကို သွေးစိမ်းတည်အောင်၊ သွေးခြည်ဥအောင် ပြုခြင်း။
၅။ သံဃာကို သင်းကွဲအောင် ပြုခြင်းတို့ ဖြစ်ကြပေသည်။
(ဆောင်ပုဒ်) မိဘ ရဟန်၊ လောဟိတံ၊ ဘေဒံနန္တရိ။

နိယတမိစ္ဆာဒိဋ္ဌကံ ၃-ပါး ဆိုသည်မှာ-
၁။ အကြောင်းမရှိဘဲ ပုဂ္ဂိုလ်သတ္တ၀ါတွေ အလိုလို ချမ်းသာသည်။ အလိုလို ဆင်းရဲသည်-ဟု စွဲယူမှားသော မိစ္ဆာဒိဋ္ဌိကံသည် အဟေတုက နိယတမိစ္ဆာဒိဋ္ဌိကံ ဖြစ်ပေသည်။
(ဆောင်ပုဒ်) အကြောင်းကိုတား၊ စွဲယူမှား၊ ခေါ်ငြား အဟေတုက။

၂။ လှူဒါန်းပူဇော်ခြင်း စသည်များကို ပြုပါသော်လည်း အကျိုးမရှိနိုင်ဟု စွဲယူမှားသော မိစ္ဆာဒိဋ္ဌိကံသည် နတ္ထိက နိယတမိစ္ဆာဒိဋ္ဌိကံ ဖြစ်ပေသည်။
(ဆောင်ပုဒ်) အကျိုးကိုတား၊ စွဲယူမှား၊ ခေါ်ငြား နတ္ထိက။

၃။ ကောင်းသည့်ကုသိုလ်အမှုကို ပြုပါသော်လည်း ကောင်းသည့်ကုသိုလ်ကံများ ဖြစ်မလာပေ၊ မကောင်းသည့် အကုသိုလ်အမှုများကို ပြုပါသော်လည်း မကောင်းသည့် အကုသိုလ်ကံများ ဖြစ်မလာပေဟု စွဲယူမှားသော မိစ္ဆာဒိဋ္ဌိကံသည် အကိရိယ နိယတမိစ္ဆာဒိဋ္ဌိကံ ဖြစ်ပေသည်။
(ဆောင်ပုဒ်) ကံကိုပင်တား၊ စွဲယူမှား၊ ခေါ်ငြား အကိရိယ။

ဤပဉ္စာနန္တရိယကံနှင့် နိယတမိစ္ဆာဒိဋ္ဌိကံ ရှိကြသောပုဂ္ဂိုလ်တို့သည် စုတိ (သေပြီး) သည်မှ နောက်ကာလ ဒုတိယဘ၀၌ အပါယ်ငရဲသို့သာ ကျရောက်ကြရပေသည်။ မည်သည့် ကုသိုလ်ကံ အကုသိုလ်ကံတို့ကမှ တားမြစ်လို့မရသောကြောင့် ဂရုကံတို့ဖြစ်ကြပေသည်။

ကုသိုလ်ကံအရာ၌ မဟဂ္ဂုတ်(ဈာန်) ကုသိုလ်ကံတို့ ဖြစ်ကြပေသည်။ ထိုမဟဂ္ဂုတ်(ဈာန်) ကုသိုလ်ကံတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည် ဒုတိယဘ၀တွင် ဗြဟ္မာ့ပြည်သို့ ဧကန်မုချ ရောက်ကြရမည် ဖြစ်ပေသည်။ မည်သည့်ကုသိုလ်ကံ အကုသိုလ်ကံတို့ကမှ တားမြစ်လို့ မရသောကြောင့် ကြီးလေးသော ဂရုကံတို့ ဖြစ်ကြပေသည်။

၂။ အာသန္နကံ-သေခါနီးကာလ၌ ပြုအပ်သောကံနှင့် အောက်မေ့အပ်သောကံ ဟူသည် ကုသိုလ်အာသန္နကံနှင့် အကုသိုလ် အာသန္နကံဟူ၍ ၂-မျိုးပင် ရှိပေသည်။ ကုသိုလ်အာသန္နကံသည် နေ့စဉ်မပြတ် မှီဝဲအပ်သော အကုသိုလ်အာစိဏ္ဏကံကို ပယ်ဖြတ်၍ ကောင်းကျိုးများကို ပေးနိုင်ပေသည်။ အကုသိုလ်အာစိဏ္ဏကံသည်လည်း နေ့စဉ်မပြတ် မှီဝဲအပ်သော ကုသိုလ်အာစိဏ္ဏကံကို ပယ်ဖြတ်၍ မကောင်းကျိုးများကို ပေးနိုင်ပေသည်။
(ဆောင်ပုဒ်) စုတိနီးကပ်၊ ပြုအပ်ထင်ငြား၊ ဤကံများ၊ ခေါ်ငြားအာသန္နကံ။

အကုသိုလ် အာစိဏ္ဏကံကို ကုသိုလ်အာသန္နကံက ပယ်ဖြတ်ရာ၌ သောဏမထေရ်၏ ဖခင် မုဆိုးရဟန်းကြီး သာဓကဖြင့် ထင်ရှားလှပေသည်။
သောဏမထေရ်၏ ဖခင်မုဆိုး ရဟန်းကြီး၌ ကွယ်လွန်လောက်သည့် ရောဂါဝေဒနာများ ဖြစ်လာသောအခါ ခွေးမုဆိုးအလုပ်ကို တသက်ပတ်လုံးပြုခဲ့သော အကုသိုလ်ကံ၏ အကျိုးပေးဖြစ်သည့် ခွေးကြီးများက သူ့ကိုကိုက်စားတော့မည့် နိမိတ်များထင်လာ၍ ကြောက်လန့်သောအသံဖြင့် သောဏတို့ ခွေးကြီးများကို မောင်းထုတ်ပေးကြပါ-ဟု ပြောဆိုလေ၏။

ထိုအခါ သောဏမထေရ်က ဖခင်မုဆိုးရဟန်းကြီး ငရဲကျတော့မည့်ဘေးကို ကာကွယ်ပေးလို၍ စေတီရင်ပြင်တော်၌ ပန်းတွေပူဇော်လှူဒါန်းကာ ဖခင်မုဆိုးရဟန်းကြီးကို ရှိခိုးပူဇော်စေ၏။ ထို့နောက် မကြာမီမှာပင် နတ်သမီးနိမိတ်တွေ ထင်လာ၍ သောဏတို့ ဖယ်ကြ ဖယ်ကြ သင်တို့၏ မိခင်တွေ လာနေပြီ-ဟု ပြောဆိုကာ ပျံလွန်တော်မူသွားပြီး နတ်ပြည်သို့ ရောက်သွားလေ၏။

ဤသာဓက၌ တသက်ပတ်လုံး ခွေးမုဆိုးပြုလုပ်ခဲ့သည့် အကုသိုလ် အာစိဏ္ဏကံကို ပျံလွန်တော်မူခါနီးမှာ ပန်းလှူဒါန်းပူဇော်သည့် အာသန္နကံက ပယ်ဖြတ်လိုက်သည်မှာ ထင်ရှားလှပေသည်။

၃။ အာစိဏ္ဏကံ-နေ့စဉ် အကြိမ်ကြိမ်လေ့ကျင့်အပ်သော ကံဟူသည် ကုသိုလ်ကံနှင့် အကုသိုလ်ကံဟူ၍ ၂-မျိုးပင် ရှိပေသည်။ ဘုရား၌ ဆွမ်းတော်တင်၍ လှူဒါန်းခြင်း၊ ပန်း ရေချမ်း ဆီမီး ပူဇော်ခြင်း၊ သံဃာတော်တို့အား ဆွမ်းလောင်းလှူခြင်း၊ ငါးပါးသီလကို ဆောက်တည်ခြင်း စသော နေ့စဉ်အကြိမ်ကြိမ်ပြုလုပ် လေ့ကျင့်အပ်သော ကံသည် ကုသိုလ်အာစိဏ္ဏကံ ဖြစ်ပေသည်။ ထိုကုသိုလ် အာစိဏ္ဏကံ၌ မိမိပြုခဲ့မိသည့် ကုသိုလ်များကို ပြန်သတိရ၍ အထပ်ထပ် ၀မ်းမြောက်မှုကို ဖြစ်စေသောကံသည်လည်း အာစိဏ္ဏကံပင် ဖြစ်ပေသည်။

မုဆိုး တံငါအလုပ်ဖြင့် အသက်မွေးကြသော သူတို့ နေ့စဉ်အကြိမ်ကြိမ် ပြုလုပ်ကြသော ပါဏာတိပါတ စသော ကံသည် အကုသိုလ် အာစိဏ္ဏကံ ဖြစ်ပေသည်။ မိမိပြုခဲ့မိသည့် အကုသိုလ်များကို ပြန်သတိရ၍ အထပ်ထပ်နောင်တပူပန်မှု ကို ဖြစ်စေတတ်သော ကံသည်လည်း အာစိဏ္ဏကံပင် ဖြစ်ပေသည်။
(ဆောင်ပုဒ်) အကြိမ်များစွာ၊ လေ့လာအပ်ငြား၊ ကံအများ၊ ခေါ်ငြားအာစိဏ္ဏကံ။

အာသန္နကံ၊ အာစိဏ္ဏကံ နှစ်ပါးတို့တွင် အားရှိသောကံသည် ရှေးဦးစွာ အကျိုးပေး၏။ အားချင်းတူလျှင် အာသန္နကံက ရှေးဦးစွာ အကျိုးပေး၏။

၎။ ကဋတ္တာကံ-ပြုဖူးကာမျှဖြစ်သော ကံဟူသည် ဂရုကံ၊ အာသန္နကံ၊ အာစိဏ္ဏကံ ဟူသော ရှေးကံ ၃-ပါးတို့မှ လွတ်သော အဖန်ဖန်ပြုအပ်သည့် ကံများသည် ကဋတ္တာကံ ဖြစ်ပေသည်။

ရှေ့နောက်အစဉ်အားဖြင့် အကျိုးပေးပုံ-
အကြင်ပုဂ္ဂိုလ်၌ ဂရုကံ၊ အာသန္နကံ၊ အာစိဏ္ဏကံ၊ ကဋတ္တာကံ ဟူသော ဤကံ ၄-မျိုးလုံးရှိနေ၏။ ထိုပုဂ္ဂိုလ်အတွက် ယခုဘ၀မှ အခြားမဲ့ ဒုတိယဘ၀၌ ဂရုကံက အကျိုးပေးခွင့်ရလေ၏။ ဂရုကံ မရှိလျှင် အာသန္နကံက အကျိုးပေးခွင့် ရလေ၏။ အာသန္နကံ မရှိလျှင် အာစိဏ္ဏကံက အကျိုးပေးခွင့် ရလေ၏။ အာစိဏ္ဏကံ မရှိခဲ့လျှင် ကဋတ္တာကံက အကျိုးပေးခွင့် ရလေ၏။ ဤကဲ့သို့ အကျိုးပေးခွင့် အစဉ်အားဖြင့် ကံ ၄-မျိုး၏ အကျိုးပေးပုံမှာ သိဖွယ်ရာ ကောင်းလှပါပေသည်။

( သဒ္ဓမ္မရံသီ ရိပ်သာ ဆရာတော် )

No comments: