Thursday, January 7, 2010

ငှက်တောင် အလိုရှိသည်

ရဟန်းတပါးသည် ဟိမ၀န္တာတောင်ခြေရှိ တောအုပ်ကြီးထဲတွင် တောရဆောက်တည်၍ နေထိုင်၏။ လူသွားလူလာမရှိ။ ပကတိအေးချမ်း တိတ်ဆိတ်သောနေရာဖြစ်၍ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်း၍ အဆင်ပြေလှ၏။ မလှမ်းမကမ်းတွင် ရေအိုင်ကြီးတခု ရှိနေ၍လည်း သောက်ရေသုံးရေ အလွယ်တကူ ရနိုင်၏။ မွန်းမတည့်မီ သွား၍ ပြန်၍ ရနိုင်သည့်နေရာတွင် လူနေအိမ်ခြေ အနည်းငယ်ရှိနေသဖြင့် တပါးစာဆွမ်းကို မျှတရုံလောက် ရနိုင်၏။

ဤသို့ အဘက်ဘက်က အဆင်ပြေနေသည့် တောကျောင်းကလေး၌ နှစ်ခြိုက်ပျော်မွေ့စွာ နေထိုင်လာခဲ့၍ အတန်ကြာလတ်သော် အနှောင့်အယှက်က ပေါ်လာတော့၏။ အကောင်ရေများလှသော ငှက်အုပ်ကြီးသည် အခြားတနေရာတွင် ကျက်စားနေရာမှ မလှမ်းမကမ်းမှာရှိနေသော ရေအိုင်ကြီးသို့ ပြောင်းရွှေ့လာ၏။ တနေ့ခင်းလုံး ရေအိုင်ကြီးထဲမှာ ကျက်စားပြီး၍ ညအိပ်ချိန်ကျလာသောအခါ ကျောင်းပတ်ဝန်းကျင်က သစ်ပင်များဆီ ပျံလာကြ၏။ သစ်ကိုင်းများပေါ်မှာ နားလျက် တကောင်နှင့် တကောင် နေရာလုရင်း ထိုးဆိတ်တိုက်ခိုက်ကြ၏။ မပြီးနိုင် မစီးနိုင်သော ရန်ပွဲကြီးများခင်းကာ တညလုံး ဆူညံနေတော့၏။

တောရကျောင်းကလေး၌ နှစ်ခြိုက်ပျော်ရွှင်စွာ နေလာခဲ့သည့် ရဟန်းသည် ဆူဆူညံညံ ငှက်သံများကြောင့် ပျော်ရွှင်၍ မရတော့ပေ။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းကို အချိန်ပြည့်မလုပ်တော့ပေ။ ဤတွင် တောနေရဟန်းသည်
တောရကျောင်းကလေးကို ကျောခိုင်းကာ ဘုရားရှင်ရှိတော်မူသည့် နေရာသို့ သတင်းနာခံ၍ လိုက်ခဲ့၏။ ဘုရားရှင်ရှိတော်မူရာသို့ ရောက်သောအခါ ခြေတော်အစုံ၌ ဦးခိုက်ရှိခိုး၏။ ဤတွင် ဘုရားရှင်က မဟာကရုဏာပြဌာန်းသော အသံတော်ဖြင့်-
ရဟန်း-ကျန့်ခန်းပါ၏လော။ မျှတပါ၏လော-ဟု နှုတ်ခွန်းဆက်တော်မူလေရာ-
ခံ့ကျန်းပါ၏ ဘုရား၊ မျှတပါ၏ ဘုရား။
ခရီးရှည်တလျှောက်လုံး မပင်မပန်း လှမ်းလာနိုင်ပါ၏လော-
မပင်မပန်း လှမ်းလာနိုင်၏ ဘုရား။
ဘယ်အရပ်က လာခဲ့ပါသနည်း-
ဟိမ၀န္တာတောင်ခြေရှိ တောအုပ်ကြီးထဲက လာခဲ့ပါသည်ဘုရား။

တောနေရဟန်းသည် ဤသို့လျှောက်ထားပြီးလျှင် ငှက်အုပ်ကြီး၏ ဆူသံညံသံတို့က နှိပ်စက်သဖြင့် တောကျောင်းကလေးမှ ထွက်လာရပုံကို ဆက်လက်၍ လျှောက်ထားလိုက်ရာ-
ရဟန်း- ငှက်အုပ်ကြီး မလာသည်ကို အလိုရှိပါသလော၊
အလိုရှိပါသည်ဘုရား၊
ရဟန်း-ကောင်းပြီ၊ ဤသို့ဆိုလျှင် ထိုတောအုပ်သို့ပင် ပြန်သွားပေလော့။

ဤသို့မိန့်ကြားပြီးလျှင် ဘုရားရှင်သည် ငှက်အုပ်ကြီး ပြန်မလာနိုင်မည့် အစီအရင်ကို ညွှန်ကြားတော်မူလေသည်။ ညွန်ကြားချက်ကို ရိုသေစွာ နာယူမှတ်သားပြီးလျှင် တောနေရဟန်းသည် မိမိတောကျောင်းကလေးသို့ ပြန်လာ၏။ ညချမ်းအချိန်သို့ ရောက်သောအခါ ခါတိုင်းလိုပင် ငှက်အုပ်ကြီးက ပြန်ရောက်လာ၍ ဆူသံညံသံတွေ ပေးကြပြန်၏။ ဤတွင် တောနေရဟန်းသည် ဆူညံနေသည့် ငှက်သံများကို လွှမ်းသွားလောက်အောင် မိမိအသံကိုမြှင့်ကာ ဤသို့ ကြွေးကြော်လိုက်၏။

အို-ငှက်အပေါင်းတို့ ငါ့စကားကို နားထောင်ကြပါကုန်လော့။ ဤတောအုပ်အတွင်းမှာ နေထိုင်ကြကုန်သော ငှက်အားလုံးသည် တကောင်လျှင် ငှက်တော်တချောင်းစီ တချောင်းစီ ငါ့အား ပေးကြပါကုန်လော့။
ရဟန်းသည် ဤကြွေးကြော်သံကို ညဥ့်ဦးယံတွင် သုံးကြိမ်ဟစ်ကြွေး၏။
သန်းခေါင်ယံတွင်လည်း သုံးကြိမ်ဟစ်ကြွေး၏။ မိုးသော်ကယံတွင်လည်း သုံးကြိမ်ဟစ်ကြွေး၏။

ဤတွင် ငှက်အပေါင်းက-ရဟန်းက ငှက်တောင် တောင်းသည်။ ရဟန်းမှာ ငှက်တောင် အလိုရှိနေသည်-ဟု ဆိုကာ ထိုတောအုပ်မှ အပြီးအပိုင် ထွက်သွားကြလေတော့သည်။

( ကုဋိကာရ သိက္ခာပုဒ်)
သံဃာ့ဒိသိသ်သိက္ခာပုဒ် ၁၃-ခုတွင် အပါအ၀င်ဖြစ်သော ကုဋိကာရသိက္ခာပုဒ်ကို ပညတ်ရာတွင် ဘုရားရှင်ကိုယ်တော်တိုင် မဏိကဏ္ဌ နဂါးမင်း ပုံဝတ္ထုအပြီးတွင် ဆက်လက်၍ ထုတ်ဆောင်ဆုံးမတော်မူသည့် ဥပမာတခု ဖြစ်ပေသည်။

အာဠ၀ီမြို့သို့ သာသနာတော်ပြန့်ပွားလာသည့်အချိန်မှ စတင်ကာ ရဟန်းများအဆက်မပြတ် သီတင်းသုံး လာခဲ့ကြ၏။ အစဉ်အလာအရ ကိုးကွယ်လာခဲ့သည့် အဂ္ဂါဠ၀နတ်ကွန်းကို ရဟန်းများ နေထိုင်၍ရအောင် ကျောင်းသဖွယ်ပြုပြင်၍ ဒါယကာ ဒါယိကာမများက လှူဒါန်းထားကြ၏။ ရဟန်းများအတွက် လိုအပ်သမျှ
ဆွမ်း သင်္ကန်းနှင့် ဆေးဝါးပစ္စည်းတို့ကိုလည်း သဒ္ဓါတရားထက်သန်စွာ လှူဒါန်းလာခဲ့ကြ၏။

ဤသို့ အစဉ်အလာကောင်းခဲ့သည့် အာဠ၀ီမြို့ တတိယမဟာသာဝက အရှင်မဟာကဿပ ကြွရောက်လာသည်တွင်ကား တပါးစာ ဆွမ်းကလေးကိုမျှ ပြည့်ပြည့်၀၀ မရရှိပါချေ။ မြို့သူမြို့သားတို့သည် အရှင်မဟာကဿပကိုလှမ်း၍ မြင်လိုက်သည်နှင့် တပြိုင်နက် ထိတ်လန့်တကြား ဖြစ်သွားကြ၏။ လွတ်ရာကျွတ်ရာ ထွက်ပြေးသွားကြ၏။ တချို့က အခြားလမ်းက ရှောင်ကွင်းသွားကြ၏။ မရှောင်နိုင် မတိမ်းနိုင်သူတို့ကမူ မျက်နှာလွှဲ၍ ထားလိုက်ကြ၏။ တချို့က အိမ်တွင်းသို့ အလျင်အမြန်ဝင်ကာ တံခါးပိတ်၍ ထားလိုက်ကြပါသေးသည်။

အရှင်မဟာကဿပသည် ရွာလုံးကျွတ် လှည့်လည်၍ ဆွမ်းရပ်ပါလျက် တပါးစာ လုံလောက်အောင်မရဘဲ အဂ္ဂါဠ၀နတ်ကွန်းကျောင်းသို့ ပြန်လာခဲ့ရ၏။ ကျောင်းသို့ရောက်၍ မြို့ခံရဟန်းများကို မေးကြည့်ကာမှ အဖြစ်မှန်ကို သိရပေတော့သည်။ အာဠ၀ီမြို့ခံ ရဟန်းများသည် မိမိတို့ဘာသာ သီးသန့်နေထိုင်လိုသဖြင့် ကျောင်းသစ်ဆောက်ကြ၏ သို့ရာတွင် ကျောင်းဒကာ ကျောင်းအမ မပေါ်ဘဲ မိမိတို့ကိုယ်တိုင် သစ်၊ ၀ါး၊ မြေညက် စသည်တို့ကို ဒါယကာ ဒါယိကာမများထံမှ တောင်း၍ ဆောက်ကြရ၏။ အကယ်၍ ၀န်နှင့်အားနှင့် ချင့်ချိန်ကာ သင့်ရုံတော်ရုံ ဆောက်မည်ဆိုပါက ဤပြဿနာ ဖြစ်လာမည်မဟုတ်ပါ။ ယခုတော့ မတန်မရာ ကြီးကြီးကျယ်ကျယ် ဆောက်လုပ်လိုက်ကြသဖြင့် ကျောင်းကြီးမှာ တပိုင်းတန်းလန်း ဖြစ်နေရတော့၏။

အပြီးမသတ်နိုင်သည့် ကျောင်းကြီးကို အပြီးသတ်နိုင်ရေးအတွက် ရဟန်းများသည် မြို့ထဲသို့ ခဏခဏ ကြွကြရ၏။
အလုပ်သမား ရှာကြရ၏။ တွေ့ရာမြင်ရာလူကို လုပ်အားပေးလာဖို့ ခေါ်ကြရ၏။ နွားအကူ၊ လှည်းအကူ တောင်းခံကြရ၏။ ဆောက်လုပ်ရေး လက်နက်ကိရိယာများကို ငှါးကြရ၏။ သစ်၊ ၀ါး၊ မြေညက် စသည်တို့ကို အကြိမ်ကြိမ် အဖန်ဖန် တောင်းကြရ၏။

ဤသို့ ရဟန်းများက အတောင်းအရမ်းထူလွန်းလှသဖြင့် ဒါယကာ ဒါယိကမများ အကြည်ညို ပျက်ကုန်ကြရ၏။ ဤအဖြေမှန်ကို သိလိုက်ရသော်လည်း အရှင်မဟာကဿပသည် ရဟန်းအချင်းချင်းကို အမိန့်အာဏာဖြင့် တားမြစ်ရန် မဖြစ်နိုင်သဖြင့် အခြေအနေကို စောင့်ကြည့်နေရ၏။

မကြာမီမှာပင် ဘုရားရှင်သည် နောက်ပါရဟန်းများနှင့်တကွ ရာဇဂြိုဟ်မြို့တော်မှ အာဠ၀ီမြို့သို့ ကြွတော်မူလာ၏။ အရှင်မဟာကဿပသည် ဘုရားရှင်ရှေ့တော်မှောက် ၀င်ရောက်ဦးခိုက်ကာ အာဠ၀ီမြို့ခံ ရဟန်းများ၏ အပြုအမူကို လျှောက်ထားလေ၏။
ဤတွင် ဘုရားရှင်သည် အတောင်းအရမ်း ထူလွန်းလှသော ရဟန်းများအား အထက်ပါဥပမာများကို ထုတ်ဆောင်တော်မူပြီးလျှင်

ရဟန်းတို့-အဟိတ်တိရစ္ဆာန်များသည်ပင် အတောင်းအရမ်းထူခြင်းကို ရွံမုန်းကြကုန်သေး၏။ လူတို့မှာဆိုလျှင် အဘယ်ဆိုဖွယ်ရာရှိပါတော့မည်နည်း။
ရဟန်းတို့ လူတို့သည် ပစ္စည်းဥစ္စာများရရှိရေးအတွက် လယ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ စသဖြင့် ခဲယဉ်းပင်ပန်းစွာ ရှာဖွေစုဆောင်းကြရကုန်၏။ ရှာဖွေ၍ ရလာပြန်တော့လည်း မပျောက်မပျက်ရအောင် ခဲခဲယဉ်းယဉ်း စောင့်ရှောက်ထားကြရကုန်၏။ ထိုကဲ့သို့သော် ပစ္စည်းဥစ္စာတို့ကို အကြိမ်ကြိမ်အဖန်ဖန် တောင်းခြင်းသည် သင့်လျော်ပါမည်လော။

ဤသို့ပြစ်တင်ရှုတ်ချတော်မူပြီးလျှင် ကုဋိကာရသိက္ခာပုဒ်ကို ပညတ်တော်မူပေသည်။

( ၀ဏ္ဏသီရီ)

( မြတ်မင်္ဂလာ ၂၀၀၃-ဖေဖော်ဝါရီလ)

No comments: