Wednesday, January 20, 2010

မျောက်ကလေးကို ဆေးဆိုးပေးပါ

ပုဏ္ဏားအိုကြီးတယောက်သည် တသက်တာလုံး ရှာဖွေစုဆောင်းလာခဲ့သည့် ပစ္စည်းအင်အားဖြင့် တောင်းရမ်းယူသဖြင့် မြေးအရွယ် မယားငယ်ငယ်လေးကို လက်ထပ်၍ သိမ်းပိုက်နိုင်ခဲ့၏။ မယားကလေးမှာ ပစ္စည်းဥစ္စာ မကြွယ်ဝသော်လည်း မျိုးကောင်းရိုးကောင်းထဲက ဖြစ်၏။ ရုပ်ဆင်းအင်္ဂါ လှပတင့်တယ်၏။ ထို့ကြောင့် လင်အိုပုဏ္ဏားကြီးက မယားကလေးကို ဖူးဖူးမှုတ်ထားကာ ဘာမဆို အလိုကျဖြစ်အောင် ဆောင်ရွက်၍ ပေးခဲ့လေသည်။

ဤသို့ဖြင့် မယားကလေးမှာ ကိုယ်ဝန်ရှိလာ၍ ဖွားခါနီးလာသည်တွင် ဖွားမြင်လာတဲ့ကလေးနဲ့ ကစားဖော် ရအောင် မျောက်ကလေးတကောင် ရှာပေးပါ-ဟု ပူဆာ၏။ ပုဏ္ဏားအိုကြီးက -ရှင်မရယ် မွေးဖွားပြီးအောင် တဆိတ်ကလေး စောင့်လိုက်ပါဦး၊ ငါတို့မှာ သားကလေး မွေးလာမလား၊ သမီးကလေး မွေးလာမလားမှ မသိရသေးတာ။ ဒီတော့ သားကလေးမွေးလာရင် မျောက်ထီးကလေး ၀ယ်ကြတာပေါ့၊ သမီးကလေး မွေးလာရင်တော့ မျောက်မကလေး ၀ယ်ကြတာပေါ့-ဟု ဖျောင်းဖျပြောဆို၏။

သို့ရာတွင် မယားကလေးက လင်အိုကြီးစကားကို နားမ၀င်ပါ။ ဘာမဆို သူ့အလိုကျ ဖြစ်လာခဲ့ရသည့် အရှိန်ဖြင့် ထပ်ကာထပ်ကာ ပူဆာ၏။ ဤတွင် ပုဏ္ဏားအိုကြီးသည် မယားကလေးစကားကို မပယ်သာတော့သဖြင့် မျောက်ကလေးတကောင်ကို ၀ယ်လာရလေတော့သည်။ သို့ရာတွင် မယားကလေးကတော့ သဘောမကျနိုင် သေးပါ။ ၀ယ်လာခဲ့သော မျောက်ကလေးသည် ၀၀ဖီးဖီးနှင့် ရောဂါကင်းရှင်းပါသော်လည်း သူ့အမွေးက မွဲခြောက်ခြောက်ဖြစ်နေ၏။ ထို့ကြောင့်-

မျောက်ကလေးက ဒီအမွေး၊ ဒီအရောင်နဲ့တော့ ချစ်စရာမကောင်းပေါင်။ သူ့ကို အထည်ဆေးဆိုးသမားအိမ် ခေါ်သွား။ အရောင်အဆင်း ၀ါဝါ၀င်းဝင်းကလေးနဲ့ ချစ်စရာကောင်းအောင် ဆေးဆိုးပေးဖို့ပြောချေ။
ကောင်းပါပြီ ရှင်မရယ်။
မယားကလေး အလိုကျ တသဝေမတိမ်း လိုက်နာရန် လင်အိုပုဏ္ဏားကြီးက မျောက်ကလေးကို ဆွဲခေါ်လိုက်ရာ-
နေဦးလေ၊ သွားဆို ချက်ချင်းသွားတော့တာပဲ။ ဆေးဆိုးသမားအိမ်ရောက်တော့ ပြောရမယ့်စကားကိုလဲ သေသေချာချာ နားထောင်သွားဦး။ ဟိုကျတော့ ဒီလိုလဲပြောလိုက်ဦး။ ချစ်စရာကောင်းအောင် အ၀ါရောင် ဆေးဆိုးတဲ့အခါမှာ အဖွပ်အလျှော်ခံအောင် အထုအရိုက် အဆုပ်အနယ်လဲခံအောင် လုပ်ပေးပါလို့ပြော။ ကြားလား မှတ်မိလား။

ကြားပါတယ် ရှင်မရယ်၊ မှတ်မိပါတယ်။ မယားကလေးကို ချစ်သည့်ဇောဖြင့် ပြောသင့်သည်-မပြောသင့်သည် ကိုမျှ မတွက်ဆနိုင်တော့ဘဲ ပုဏ္ဏားအိုကြီးသည် မျောက်ကလေးကို ရင်ဝယ်ပိုက်ကာ အထည်ဆေးဆိုးသမား အိမ်သို့ လာခဲ့၏။ မယားကလေး မှာကြားလိုက်သမျှ တလုံးမကျန် ပြောပြ၏။
ဤတွင် အထည်ဆေးဆိုးသမားသည် ပုဏ္ဏားအိုကြီး၏ အဖြစ်ကိုကြည့်ကာ အလွန်ရယ်ချင်လှသော်ငြားလည်း ဂုဏ၀ုဍ္ဎိ ၀ယ၀ုဍ္ဎိတို့ကို ထောက်ထားရန်ရှိနေသေးသဖြင့်-

အရှင်ပုဏ္ဏားကြီးခင်ဗျား-မျောက်ကလေးကို အလိုရှိတဲ့ ဆေးရောင်နဲ့ဆိုးပေးလို့ ရပါတယ်။ ဒါပေမဲ့ အ၀တ်အထည် မဟုတ်တဲ့အတွက် အဖွပ်အလျှော်ခံအောင်၊ အထုအရိုက် အဆုပ်အနယ်ခံအောင်တော့ လုပ်မပေးနိုင်ပါဘူး ခင်ဗျား။
ဤသို့ ရိုသေလေးစားစွာ ရှင်းပြလိုက်ရလေသည်။

( နိဂဏ္ဌနာဋပုတ္တ၀ါဒ)
ဘုရားရှင်လက်ထက်တော်တုန်းက စင်ပြိုင်ဘုရားခြောက်ဆူတွင် အ၀င်အပါဖြစ်ခဲ့သော နိဂဏ္ဌနာဋပုတ္တ ဆရားကြီး၏ အယူဝါဒနှင့် ပတ်သက်၍ ဥပါလိသူကြွယ် နှိုင်းယှဉ်ပြခဲ့သည့် ဥပမာတခု ဖြစ်ပါသည်။ မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ ပါဠိတော်၊ ဥပါလိသုတ်မှာ မှတ်တမ်းတင်ထားခဲ့ပါသည်။

နိဂဏ္ဌနာဋပုတ္တ-ဟူသည်မှာ ယခုထက်တိုင် အိန္ဒိယနိုင်ငံမှာ ရှိနေသေးသော (ဇိန) ဂျိန်းဘာသာ၏ ဦးစီးဦးဆောင် ကြီးဖြစ်ပါသည်။ ဂျိန်းဆရာကြီး၏ အယူဝါဒမှာ-သက်ရှိသတ္တ၀ါမှန်သမျှ တွေ့ကြုံခံစားရသည့် ဆင်းရဲဟူသမျှသည် ယခင်ဘ၀များက ပြုလာခဲ့သည့် မကောင်းမှုအကုသိုလ်ကံကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် အကုသိုလ်ကံတွေ ကုန်ခန်းသွားလေအောင် ယခုဘ၀တွင် ဆင်းရဲဒုက္ခဝေဒနာတွေကို များများကြီးခံစားပေးရမည်။ ပြင်းပြင်းထန်ထန်ကြီး ခံစားပေးရမည်။ များများခံစားနိုင်လေ အကုသိုလ်တွေ များများကုန်သွားလေ။ ပြင်းပြင်းထန်ထန် ခံစားနိုင်လေ အကုသိုလ်တွေ မြန်မြန်ကုန်သွားလေ-ဟူ၍ ဖြဟ်၏။

ဗုဒ္ဓမြတ်စွာ၏ သာသနာတော်တွင်လည်း ကံနှင့် ကံ၏အကျိုးတရားသည် အခြေခံအကျဆုံးဖြစ်၏။ နိဂဏ္ဌ ဆရာကြီးကလည်း ကံကိုမပစ်ပယ်ပါ။ ကံ၏အကျိုးတရားကိုလည်း လက်ခံထားပါသည်။ သို့ရာတွင် နိဂဏ္ဌ ဆရာကြီးသည် ကံကို ဓမ္မသဘာဝ သန့်သန့်အဖြစ် မရှုမြင်ပါ။ ငါ့ကံ သူ့ကံ၊ ငါပြုသောကံ၊ သူပြုသောကံ စသဖြင့် ငါသူအရှိ အတ္တဒိဋ္ဌိကို ရှေ့တန်းတင်ထားသဖြင့် သမ္မာဒိဋ္ဌိစာရင်း မ၀င်နိုင်ဘဲ မိစ္ဆာဒိဋ္ဌိစာရင်းဝင်သာ ဖြစ်ရကြောင်း ဒီဃနိကာယ် သီလက္ခန္ဓ၀ဂ်၊ သာမညဖလသုတ်အဖွင့်တွင် သီလက္ခန်ဋီကာသစ်ဆရာကြီးက ရှင်းပြထားပါသည်။

ဗုဒ္ဓဒေသနာတော်တွင် (ကမ္မံ ခေတ္တံ၊ ၀ိညာဏံ ဗီဇံ၊ တဏှာ သေဟော) ဟူ၍ ရှိပါသည်။
ကံဟူသည် လယ်မြေ။ ပဋိသန္ဓေ ၀ိညာဏ်ဟူသည် မျိုးစေ့။ တဏှာဟူသည် အစိုဓာတ်ဟု အဓိပ္ပါယ်ရပါသည်။

သို့ဖြစ်၍ ကံကိုကုန်ဆုံးအောင် ကြိုးစားကြရာတွင် နိဂဏ္ဌဂိုဏ်းသားများကဲ့သို့ ဆင်းရဲဒုက္ခတွေ ရှာဖွေ၍ ခံစားရန်မလိုပါ။ တဏှာတည်းဟူသော အစိုဓာတ်ရှိနေမှသာ ဘ၀သစ်မှာ ပဋိသန္ဓေမျိုးစေ့က အပင်ပေါက်လာ နိုင်ပါသည်။ တဏှာကို ၀ိဇ္ဇာဉာဏ်ဖြင့် လက်စသတ်ပယ်ဖြတ်နိုင်ပါက ဘ၀သံသရာ လည်ပတ်ရန် မရှိတော့ပါ။ ဤတွင် အနမတဂ္ဂ သံသရာကပြုခဲ့သမျှသော ကံတို့သည်လည်း အကျိုးပေးရန်မရှိတော့သဖြင့် ကုန်ဆုံးသွားကြ ရပါတော့သည်။

စောစောပိုင်းတုန်းကမူ ဥပါလိသူကြွယ်သည် နိဂဏ္ဌဆရာကြီး၏ ဒါယကာဖြစ်ခဲ့ပါသည်။ အားကိုးအားထားပြုလောက်သည့် တပည့်ကြီးတယောက်လည်း ဖြစ်ပါသည်။ ဆရာကြီး၏ အယူဝါဒကို ကိုင်စွဲကာ ပြိုင်ဖက်ပုဂ္ဂိုလ်များအပေါ် စကားဖက်ပြိုင် အနိုင်ယူလာခဲ့သူ ဖြစ်ပါသည်။

သို့ဖြစ်၍ နိဂဏ္ဌဆရာကြီးက သူ့တပည့်ကြီးကို ဘုရားရှင်ထံ စေလွှတ်ကာ သူ့ကိုယ်စား ၀ါဒချင်းပြိုင်၍ အနိုင်ယူရန် ကြိုးစား၏။ ဘုရားရှင်၏ ရှင်းလင်းဟောကြားချက်များကြောင့် ဥပါလိသည် အမြင်မှန်ရခဲ့၏။ ဘုရားရှင်၏တပည့် ဥပါသကာတယောက် အဖြစ်ကို ခံယူကာ နိဂဏ္ဌဆရာကြီးအား လမ်းဖြတ်ပစ်လိုက်၏။ ဤတွင် နိဂဏ္ဌဆရားကြီး ကိုယ်တိုင် ဥပါလိသူကြွယ်အိမ်သို့ ကြွလာကာ အဖြစ်အပျက်မေးမြန်းသဖြင့် ဥပါလိက အထက်ပါ ဥပမာဖြင့် ရှင်းလင်းလျှောက်ထားလိုက်ရပါသည်။

နိဂဏ္ဌဆရာကြီး၏ အယူဝါဒသည် မျောက်ကလေးကို ဆေးဆိုးထားသကဲ့သို့ အလွန်အကျွံကိုမှ နှစ်သက်တတ်သော၊ အပြင်းအထန်အလုပ်ကိုမှ အထင်ကြီးတတ်သော သာမန်လူပြိန်းများအတွက် နှစ်သက်ဖွယ်ရှိပါသော်ငြားလည်း စနစ်တကျ ဆန်းသစ်ဝေဖန်၍ မရနိုင်ကြောင်း၊ လက်တွေ့ကျင့်သုံးခြင်းဖြင့် အသိဉာဏ်အမြင်မှန် တစုံတရာမှ မရနိုင်ကြောင်း ရှင်းပြလိုက်ပါသည်။

ထိုမှတပါး အ၀တ်အထည်ကောင်းကို ဆေးဆိုးလိုက်သည့်အခါ ရှုချင်စဖွယ် တင့်တယ်တောက်ပသည်နှင့်အမျှ အဖွပ်အလျှော်ခံသကဲ့သို့ အထုအရိုက် အဆုပ်အနယ် ခံသကဲ့သို့ ဘုရားရှင်၏ အဆုံးအမတော်များသည်ကား မိုက်မဲသူတို့ မနှစ်သက်နိုင်သော်ငြားလည်း ပညာရှိသူတို့ နှစ်သက်ကြပါသည်။ အဖက်ဖက်မှ ဝေဖန်ဆန်းစစ်မှုကို ခံနိုင်ပါသည်။ ကိုယ်တိုင်ကိုယ်ကျ လေ့လာကျင့်သုံး၍ ကြည့်နိုင်ပါသည်-ဟုလည်း ဆက်လက်၍ ရှင်းပြလိုက်ပါသည်။

(၀ဏ္ဏသီရိ)
( မြတ်မင်္ဂလာ ၂၀၀၃-ခု မေလ)

No comments: