Saturday, January 9, 2010

ထူးခြားသော စိပ်ပုတီး နှင့် ရှင်ဥပဂုတ္တ မထေရ်အစွမ်း

ပင်လယ်ပြင်နှင့် သမုဒ္ဒရာများကို ဖြတ်သန်းသွားလာကြသော မြန်မာသင်္ဘောသား အချို့တို့သည် ရှင်ဥပဂုတ္တ မထေရ်မြတ်ကြီးကို အားထားကိုးကွယ်ကြ၏။ ရှင်ဥပဂုတ္တ မထေရ်မြတ်ကြီးကို အရိုအသေ ပြုခြင်း၊ ပူဇော်ကိုးကွယ် ကြခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းကြ၏။

ကျွန်တော်သည် ပင်လယ်ပြင်သို့ ရောက်လျှင် နံနက်အရုဏ်တက်ချိန်၌ ဗုဒ္ဓမြတ်စွာဘုရား အမှူးထား၍ ရှင်ဥပဂုတ္တ မထေရ်မြတ်ကို အရုဏ်ဆွမ်းကပ်၏။ ထို့နောက် ဂုဏ်တော်တထောင် ပုတီးစိပ်ပြီး ဘေးအန္တရာယ် ကင်းရှင်းရန် မထေရ်မြတ်ကြီးအား တိုင်တည်ဆုတောင်း၏။ အဓိကမှာ ကမ်းမမြင်၊ လမ်းမမြင် ပင်လယ် သမုဒ္ဒရာတွင် ဘေးအန္တရာယ်များသောကြောင့် ဖြစ်၏။ ဗုဒ္ဓဘာသာဝင် ပီပီ ဘာသာတရား ယုံကြည်မှုအပြည့် ရှိသဖြင့် ဘေးအန္တရာယ်အပေါင်းမှ လွတ်ကင်းခဲ့ရသည်။

ကျွန်တော်၏ မိတ်ဆွေ ကိုသန်းဆွေဆိုသူသည် ရှင်ဥပဂုတ္တမထေရ်မြတ်အား အလွန်ကြည်ညို၍ အထူးအားထား ကိုးကွယ်၏။ တာဝန်ကျချိန်နှင့် စားချိန်၊ အိပ်ချိန်မှလွဲပြီး ကျန်အချိန်တွင် ပုတီးတကုံးဖြင့် ပုတီးစိပ်နေလေ့ရှိ၏။ တနေ့တွင် ကျွန်တော့အခန်း ရောက်လာပြီး -ကိုဘုန်းအောင် ကျွန်တော် ဒီတခေါက် သင်္ဘောထွက်လာတာ ပုတီးမေ့ခဲ့တယ်ဗျာ။ ခင်ဗျားပုတီး အားရင် ခဏပေးဗျာ-ဟု တောင်းသဖြင့် ကျွန်တော်ပေးလိုက်၏။

အိန္ဒိယနိုင်ငံသို့ ရောက်သောအခါ ကျွန်တော့်ကို ပုတီးပြန်ပေး၏။ ဖြစ်ရပ်မှန်မှာ သင်္ဘောကပ်သည့် အနီးနားတွင် အိန္ဒိယအဘိုးအိုတဦး ပုတီးကုံးများ ရောင်းသည်ကို ကိုသန်းဆွေ ၀ယ်ချင်စိတ် ပြင်းထန်ခဲ့၏။ ထိုအချိန်၌ ကိုသန်းဆွေလက်ထဲတွင် ငွေတပြားမှ မရှိပေ။ အံ့သြဖို့ကောင်း၏။ ကျွန်တော့်ကိုလည်း သူမပြောပါ။ ပုတီးရောင်းသော အဘိုးအိုကြီး သင်္ဘောနားနေစဉ် လာရောင်း၏။ ထိုအခါ ကိုသန်းဆွေသည် ရှင်ဥပဂုတ္တ မထေရ်မြတ်ကြီးထံ ဆုတောင်း၏။ သူ ပုတီးကုံးဝယ်လို၍ ငွေရလိုကြောင်း သစ္စာပြု တိုင်တည်လေသည်။

ထိုနေ့တွင်ပင် သူနှင့် အဆင်မပြေ၊ အစေးမကပ်သော သူ့အထက်အရာရှိက ငွေတထောင်ကျပ် လာပေး၏။ ၄င်းနိုင်ငံခြားသား အရာရှိအား ဘာကြောင့်ပေးရသနည်းဟု မေးသော်လည်း ဘာမှပြန်မပြောပေ။ သို့ဖြင့် ကိုသန်းဆွေ အိန္ဒိယ အဘိုးကြီးထံမှ ပုတီး ၀ယ်ဖြစ်သွား၏။ မြန်မာပြည်ရောက်သောအခါ ၄င်းပုတီးအား သိမ်ဝင်ပုတီး ပြုလုပ်ထားလေသည်။ နေ့စဉ် ရှင်ဥပဂုတ္တ မထေရ်မြတ်ကြီးကို ရည်စူး၍ အဓိဋ္ဌာန်ပုတီး စိပ်လေသည်။

ထို့နောက် ကျွန်တော့်မိတ်ဆွေ ကိုသန်းဆွေ နိုင်ငံခြားသင်္ဘောမှ ပြန်လာပြီး မြန်မာပြည်တွင်း သင်္ဘောများတွင် လုပ်ကိုင်ပြန်သည်။ ကျွန်တော်လည်း သူ့နည်းတူ လုပ်ကိုင်သည်။ ကမ်းရိုးတန်းသွား သင်္ဘောများတွင် လုပ်ကိုင်ရာ၌ အဆင်မပြေမှုများ ဖြစ်လာလေသည်။ ကုန်တင်သင်္ဘောများတွင် ပြဿနာမရှိသော်လည်း ပင်လယ်ငါးဖမ်းသင်္ဘောများတွင် လုပ်ကိုင်သောအခါ လုံးဝ အဆင်မပြေတော့ပါ။ ငါးဖမ်းသင်္ဘောများတွင် သူလုပ်နေကျနံနက်စောစော ရှင်ဥပဂုတ္တ မထေရ်ကြီးအား အရုဏ်ဆွမ်းကပ်ပြီး ဆုတောင်းမေတ္တာပို့ အဓိဋ္ဌာန်ပုတီးစိပ်လျှင် ငါးအရနဲခြင်း၊ သင်္ဘော၌ အကြောင်းတခုခု ဖြစ်ပေါ်၍ ငါးဖမ်းခြင်းလုပ်ငန်း အနှောင့်အယှက် ဖြစ်ခြင်းတို့ ကြုံတွေ့ရလေ၏။ ထိုအကြောင်းကို ကျွန်တော်မှ လွဲ၍ မည်သူ့ကိုမျှ မပြောပေ။

တနေ့တွင် ကိုသန်းဆွေသည် ၄င်း၏ပုတီးနှင့် သူ၏ သမာဓိစွမ်းအားကို စမ်းသပ်လိုသဖြင့် ပင်လယ်ပြင်တွင် ရှင်ဥပဂုတ္တ မထေရ်မြတ်ကြီးအား တိုင်တည်၍ ထူးခြားမှုဖြစ်စဉ်တခုကို ပြပါရန် လျှောက်ထားလေသည်။ ထိုနေ့တွင် ၄င်း၏သင်္ဘောမှ ကောင်းနေသော မီးစက်နှလုံးမှာ လုံးဝ မီးမလင်းတော့ဘဲ သုံးမရအောင် ပျက်စီးသွားသည်။ တညလုံး မှောင်ထဲမှာ နေလိုက်ရ၏။ နောက်တရက်တွင် ထူးခြားမှုဖြစ်စဉ်ကို ထပ်ပြပါဟု ကိုသန်းဆွေ ဓိဋ္ဌာန်ပြန်၏။ ကျွန်တော့်ကို တိုင်ပင်ပြောဆို၏။

ထိုနေ့တွင် ရေယာဉ်၌ ငါးဖမ်းပိုက်တင်သော (Pully) ဘီးကြီးရှိ ဘောစေ့များ ကွဲကုန်၍ သုံးမရေတော့ချေ။ အလုံးလိုက် လဲရပြန်၏။ နောက်တနေ့ အဓိဋ္ဌာန်၍ စမ်းသပ်ပြန်၏။ ရေယာဉ်ထိန်းသော တက်မကိုင် အရင်းရှိ မူလီများပြုတ်ထွက်၍ ရေများဝင်လာ၏။ ကျွန်တော်တို့ စက်တပ်ဖွဲ့ Demange Control က ရေယာဉ်ပေါ် ပြုပြင်ထိန်းသမ်းမှု ကြိုးစားလုပ်ကိုင်လိုက်ရ၏။ ထို့ကြောင့် ကျွန်တော်ကပင် ကိုသန်းဆွေအား အဓိဋ္ဌာန်မပြုရန် တောင်းပန်ရတော့၏။ နောက်တခုဆိုလျှင် ဇနက္ကမင်းသား ဖြစ်ရတော့မည်ဟု ပြောရတော့၏။ ကျွန်တော်တို့ ငါးဖမ်းလှေမှာလည်း ထိုအခေါက် ငါးမဖမ်းဘဲ ရန်ကုန်သို့ ပြန်ခဲ့ရပေသည်။

တနေ့တွင် ကိုသန်းဆွေ၏ ပုတီးသည် ဘုရားစင်တွင် ချိတ်ထားရာ ပုတီးစိပ်ရန် လှမ်းယူစဉ် လက်မှ လွတ်ကျ သွား၏။ ငါးဖမ်းရေယာဉ်၌ ဘုရားစင်ကို တက်မခန်းတွင် ထားသဖြင့် အောက်ကျလျှင် သဘောသားများ ဖိနပ်ချွတ်ရာနေရာဖြစ်၏။ ထိုပုတီးသည် ပင်လယ်လှိုင်းလှုပ်စဉ် ယိမ်း၍ မမျှော်လင့်ဘဲ အင်္ကျီချိတ်တခုတွင် သွားငြိနေလေသည်။ အံ့သြဖွယ်ကောင်းလေစွ။ ကျွန်တော်၏ မိတ်ဆွေကြီး ကိုသန်းဆွေသည် အကုသိုလ် လုပ်ငန်း လုပ်၍ မရတော့ပေ။

ယခု အသက်ကြီးပြီဖြစ်၍ သင်္ဘောသားလုပ်ငန်း မလုပ်တော့ပေ။ ငါးဖမ်းလုပ်ငန်းကို ထိုအဓိဋ္ဌာန်ဝင်သည့် အခေါက် နောက်ဆုံးလုပ်ကိုင်ခြင်း ဖြစ်လေသည်။ နောင်အခါ ဘယ်တော့မှ မလုပ်တော့ပေ။

( တက္ကသိုလ် ဘုန်းအောင်-စိတ်ပညာ)

No comments: