Tuesday, January 26, 2010

သရဏဂုံ ညစ်ညူးကြောင်းတရား ( ၃ )

( ယခင်လမှ အဆက် )

ပရိသတ်အပေါင်း သူတော်ကောင်းတို့ -သရဏဂုံ ညစ်နွမ်းခြင်းအကြောင်း ၃-ခုရပြီ၊ မိမိတို့ရဲ့ ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်နေတဲ့ သရဏဂုံ မညစ်နွမ်းအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းလမ်းက အလိုလို ရသွားပြီ။ သရဏဂုံ မညစ်နွမ်းအောင် ဘယ်လိုလုပ်ကြမလဲ-
(၁) ဘုရား၊ တရား၊ သံဃာ အကြောင်း သိမှုတွေ တိုးပွားလာအောင် ကြိုးစားရမယ်။
(၂) ရတနာ ၃-ပါးရဲ့ အပေါ်မှာ သံသယတွေ ကင်းရှင်းသွားအောင် ကြိုးစားရမယ်။
(၃) မိစ္ဆာဉာဏ်တွေ ပျောက်သွားအောင် ကြိုးစားရမယ်။
အဲဒီလိုဆိုရင် သရဏဂုံ ဖြူစင်လာတယ်။

အဲဒီလို ဘုရား တရား သံဃာ ရတနာ ၃-ပါးတို့ရဲ့ အပေါ်မှာ အဉာဏ၊ သံသယ၊ မိစ္ဆာဉာဏ် ဒီ ၃-ခုကြောင့် သရဏဂုံညစ်တယ်ဆိုတဲ့ အကြောင်း နားလည်တယ်။ သရဏဂုံပျက်တာက ဘယ်လိုပျက်သလဲဆိုရင် မိမိတို့ ကိုးကွယ်တာက ဘုရားကို ကိုးကွယ်ပါ၏။ တရားကို ကိုးကွယ်ပါ၏။ သံဃာကို ကိုကွယ်ပါ၏ လို့ဆိုတယ်။ သို့သော် ဘုရားမှတပါး တို့မှာ ဆရာရှိသေးတယ်။ ဗုဒ္ဓဟောတဲ့ တရားတွေမှတပါး တို့ကျင့်စရာတရားတွေ ရှိသေးတယ်။ သံဃာတော်တို့မှတပါး တခြားကိုးကွယ်ရာ ရှိသေးတယ်။
ဒီလိုရတနာ ၃-ပါးမှတပါး တခြားများ ကိုးကွယ်စရာရှာရင်၊ ဘုန်းကြီးတို့ပရိသတ်များ ရတနာ ၃-ပါးကို ကျော်ထားခဲ့ပြီးတော့ တခြားမှာ ကိုးကွယ်စရာ သွားရှာရင် ထိုပုဂ္ဂိုလ်သည် သရဏဂုံပျက်ပါတယ်။ အဲဒါကို သတိထားပါ။ ရတနာ ၃-ပါးကို လွှတ်ထားပြီးတော့ တခြားကိုးကွယ်ရာ ရှာလိုက်ရင် သရဏဂုံ ပျက်ပြီတဲ့ နော်။

အသက်နဲ့ခန္ဓာကိုယ်ကို အပ်နှင်းပါ၏။ ဘုန်းကြီးတို့ ပရိသတ် တခါတခါ ဒီလိုဆိုကြတယ်။ ဒီကနေ့က အစပြု၍ တပည့်တော် တပည့်တော်မတို့သည် ဘုရား တရား သံဃာ ရတနာ ၃-ပါးအား အသက်နှင့်ခန္ဓာကို အပ်နှင်းပါ၏။ လှူဒါန်းပါ၏။ အဲဒါလဲ သရဏဂုံပဲ။ ကိုယ့်အသက်နဲ့ခန္ဓာ ဘုရားအတွက်တော့ စွန့်ရဲတယ်။ တရားအတွက်၊ သံဃာအတွက် စွန့်ရဲတယ်ဆိုရင်လေ အဲဒီသရဏဂုံဟာ တကယ်ထိပ်တန်းကျတယ်။

အချို့ကျတော့ ဘယ်လိုပြောင်းသွားသလဲဆိုတော့ ကျုပ်အသက်နဲ့ ကျုပ်ခန္ဓာကိုယ်ကို ဆရာ့ကို ပုံအပ်ထားပါတယ်ဗျာ။ ကျုပ်အသက်၊ ကျုပ်ခန္ဓာ၊ ကျုပ်စီးပွား၊ ကျုပ်ဇနီးမယား၊ ကျုပ်သား အကုန်လုံး ဆရာ့ကို ပုံအပ်လိုက်ပါပြီ။ ရတနာ ၃-ပါးမှတပါး တခြားမှာ အဲဒီလို လုပ်တာတွေ ရှိတယ်။ အဲဒီပုဂ္ဂိုလ်တွေ သရဏဂုံပျက်တယ်။ ရတနာ ၃-ပါးမှတပါး အခြားသူကို ကိုယ့်ဆရာဟူ၍ ရည်ညွန်းပြီးတော့ အသက်နဲ့ ခန္ဓာကိုယ်စွန့်ခြင်းသည် သရဏဂုံပျက်စီးခြင်းအကြောင်း ဖြစ်ပါတယ်။ အဲဒါကိုပင်လျှင် ဘုန်းကြီးတို့ ပရိသတ်မှာ ဘေးတမျိုးဆိုက်လာတယ်လို့ မှတ်ရမယ်။ ဘာဘေးလဲဆိုတော့ နာနာသတ္ထာရ ဥလ္လောကန-ဘေးလို့ခေါ်တယ်။

နာနာသတ္ထာရ-အမျိုးမျိုးသော ဆရာများကို။ ဥလ္လောကန-မော့ကြည်ရတာ။ အဲဒါ ဘေးဆိုက်တာ။ ဟိုဆရာလာလဲ ကိုးကွယ်ပါတယ်။ ကိုယ့်အသက်နှင့်ခန္ဓာ ဆရာ့အပ်ပါတယ်။ ကိုယ့်အသက်နှင့်ခန္ဓာ အပ်ရာမှာ တချို့ ရိုးရိုးနဲ့ မပြီးဘူး။ ကိုယ့်ဇနီးရော၊ သမီးရော၊ သားရော၊ စီးပွားရော အကုန်ပုံပြီး အပ်လိုက်တယ်။ ဟိုအအပ်ခံရတဲ့ ဆရာတွေက ကျွန်တော့်ကိုတော့ မယူဘူး။ ယူချင်တာတော့ ယူသွားလိမ့်မယ်။ အဲဒီလို ဒုက္ခဖြစ်ကြတာတွေ အများကြီးပဲ။

ရတနာ ၃-ပါးမှတပါး တခြားမှာ ဆရာရှိသေးတယ် ဆိုပြီးတော့ ရှာလေ့ရှိသူတို့သည် သရဏဂုံပျက်စီးပါတယ်။ အဲဒီပုဂ္ဂိုလ် ဘေးတွေ့နေတယ်လို့ ဆိုရမယ်။ ဘေးက ဘာလဲဆိုတော့ နာနာသတ္ထာရ ဥလ္လောကန-ဘေးတဲ့။ အမျိုးမျိုးသော ဆရာတို့ရဲ့ မျက်နှာကို မော်ကြည့်ပြီးတော့ ကိုးကွယ်နေရတာ။ အဲဒါ ဘေးပဲ။

ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ။
ဗုဒ္ဓေါ-မြတ်စွာဘုရားသည်။ မေ-ငါ၏။ သရဏံ-ကိုးကွယ်ရာတည်း။
ဘေးကင်းတယ်၊ ရန်ကင်းတယ်၊ ဈေးရောင်းကောင်းတယ်ဆိုပြီး ရွတ်ကြတယ်။
အညံ-တခြားသော ကိုးကွယ်ရာသည်။ မေ-ငါ့မှာ၊ နတ္ထိ-မရှိတော့ဘူး။ ဘုရားမှတပါး ကိုးကွယ်စရာ ငါ့မှာမရှိတော့ဘူး။ အဲဒီလိုဆိုတော့ ဆိုတဲ့အတိုင်း တကယ်ဟုတ်ကြရဲ့လား။ အားကိုးစရာတွေ တခြားရှိနေသေးရင်တော့ ဘေးတွေ့ပြီ။ အဲဒီဘေး လွတ်အောင်ရှောင်ကြ။
ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ-ဆိုရင် ဘုရားမှတပါး တခြားကို မကိုးကွယ်ဘူးဆိုတာ ပြတ်သားရမယ်။
ဓမ္မော မေ သရဏံ အညံ နတ္ထိ-တရားသည် ငါတို့ကိုးကွယ်ရာ၊ တရားမှတပါး ငါတို့ ကိုးကွယ်ရာမရှိဟု ပြတ်သားရမယ်။
သံဃော မေ သရဏံ အညံ နတ္ထိ-သံဃာများသည် ငါ၏ကိုးကွယ်ရာ၊ သံဃာမှတပါး ငါ၏ ကိုးကွယ်ရာ မရှိပါဘူး။
အဲဒီလိုဆိုရင် ဘုန်းကြီးတို့ ပရိသတ်များ ပြတ်ပြတ်သားသား ဖြစ်မှတော်တယ်။ အဲဒီလိုမဟုတ်ရင် သရဏဂုံ မပျက်တောင် ဘုန်းကြီးတို့ပရိသတ်များ ညစ်နွမ်းမှုဆိုတဲ့ ဘေးကတော့ လွတ်ဖို့မလွယ်ဘူး။ ပျက်တယ်လို့ တဖက်သတ်ဆိုလိုက်ရင် ပရိသတ်စိတ်ထဲ ကျေနပ်ကြမှာ မဟုတ်ဘူး။

အဲဒီတော့ ပျက်တယ်ဆိုတဲ့စကားကို နည်းနည်းလျှော့ပြီးတော့ ပြောမယ်။ ဒါပေမဲ့ ညစ်နွမ်းမှုဆိုတဲ့ ဘေးက လွတ်ချင်မှလွတ်မယ်။ ဘာကြောင့်လဲ ကိုးကွယ်မှု သန့်သန့်ရှင်းရှင်း ဖြစ်ဖို့၊ သန့်ရှင်းတဲ့ ဘာသာရေးဖြစ်ဖို့ မလွယ်တော့တဲ့အကြောင်းတွေ ရှိနေလို့ပါပဲ။ တခြားကိုးကွယ်ရာတွေက များနေလို့ပါပဲ။ ဘုရား တရား သံဃာမှတပါး တခြားမှာ ကိုးကွယ်စရာ အများကြီးရှိနေသေးတယ်ဆိုရင် အဲဒီပုဂ္ဂိုလ်တွေ သရဏဂုံပျက်နိုင်တယ်။ ပျက်တဲ့ ပုဂ္ဂိုလ်တွေလဲ ပျက်ကုန်ကြ၊ မပျက်တောင်မှ ညစ်နွမ်းမှုတော့ ဖြစ်ကုန်ကြပြီ။ အဲဒီအခါမှာ နာနာသတ္ထာရ ဥလ္လောကန-ဘေးဆိုတဲ့ ဘေးကြီးဆိုက်လာပါတယ်။ အဲဒီဘေးတွေ့လို့ ဒီပစ္စုပ္ပန်ဘ၀မှာ လူလုံးမလှ အပူလုံးကြွပြီးတော့ ဒုက္ခဖြစ်သွားကြတဲ့လူတွေ တွေ့ဖူးကြမှာပေါ့။

ဆရာ့ပုံအပ်တယ်ဆိုပြီးတော့ ပါသွားတာတွေလဲ အများကြီးပဲ။ ပုံအပ်လို့ ပါသွားလိုက်ကြတာ ရှိတယ်နော်။ လူတွေထဲရှိပါတယ်။ ဘုန်းကြီးထဲလဲ နည်းနည်းပါးပါးရှိတာပဲ။ ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ-ဆိုပြီးတော့ စိတ်ထဲ ဆိုတာပဲ ရှိတာပဲ။ သိပ်မဟုတ်တတ်ကြဘူး။ လူများစုတော့ မဟုတ်ပါဘူး။ နည်းနည်း နည်းနည်နဲ့ ဖြစ်နေကြတာ ပြောတာပါ။ အဲဒီနည်းနည်းက များလာရင် ခက်မယ်။ ဘာသာရေး သာသနာရေးက ပျက်စီးသွားမှာ။ ဒါကြောင့် အခြေခံက ဘာလဲဆိုတော့ ရတနတ္တယ သမ္မာဒိဋ္ဌိ၊ ဒိဋ္ဌိဇုကမ္မ အယူဖြောင့်ဖို့ လိုအပ်ပါတယ်။ သဒ္ဓါအရင်းခံတဲ့ ရတနတ္တယ သမ္မာဒိဋ္ဌိသည် တို့သရဏဂုံမှာ ဒိဋ္ဌိဇုကမ္မ ဖြစ်တယ်။ ကုသိုလ်ကောင်းမှုလုပ်ငန်း ၁၀-ခုတို့တွင် သူ့ကို အခြေမခံရင် ကျန်တဲ့ ၉-ခုသည် မဖြောင့်မှန်ဘူးဆိုတာ သဘောကျပါ။ နာနာသတ္ထာရ ဥလ္လောကန ဘေးမှ လွတ်ရန်လဲပဲ ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ ဆိုရင်လဲ တကယ့်ကို အညံ နတ္ထိ ဖြစ်မှ။ ရတနာ ၃-ပါး အညံ နတ္ထိ မဟုတ်ဘဲ တပါးသူတို့အပေါ် အညံ နတ္ထိ ဖြစ်နေလို့ရှိရင်တော့ အဲဒါ အပြိုင်ပဲ။ နတ္ထိက မရှိဘူး။ အတ္ထိက ရှိတယ် ဖြစ်နေမယ်။

ဗုဒ္ဓေါ မေ သဂဏံ အညံ နတ္ထိ-ဘုရားမှတပါး ကိုးကွယ်ရာ မရှိဆိုရင်လဲ တကယ့်ကို ဟုတ်မှ။ ဘုရားရှိခိုးပြီးရင် ဟိုဘက်ဒီဘက်လှည့်ပြီး ရှိမခိုးနဲ့။ မနက်ဈေးရောင်းခါနီးရင် ရုံးတက်ခါနီးရင် ဘုရားရှိခိုးဖို့ သိပ်သတိမရဘူး။ ဟင်္သာစီးထားတဲ့ အရုပ်ကြီး ရှိခိုးကြတယ်။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိနဲ့ ဈေးရောင်း၊ တကယ်ရောင်းကောင်းတယ်။
ဓမ္မံ သရဏံ ဂစ္ဆာမိနဲ့ ရောင်းပါ။ တကယ်ရောင်းလို့ ကောင်းပါတယ်။
သံဃံ သရဏံ ဂစ္ဆာမိနဲ့ သွားပြီးတော့ ရောင်းပါ။ တကယ်ရောင်းလို့ ကောင်းတယ်။ ပညာသင်လို့လဲ ကောင်းတယ်။

ကိုးကွယ်ရာအမှန်မှာ သတ္တိငါးပါး မရှိဘူးလား။ ဘယရယ်၊ သဒေါသရယ်၊ ဒုက္ခရယ်၊ ဒုဂ္ဂတိရယ်၊ ပရိကိလေသရယ် ဒီ ၅-မျိုးကို ပယ်ဖျောက်တာ ရတနာ ၃-ပါးပါ။ ခုနက တခြားကိုးကွယ်ရာတွေက ဒီငါးမျိုးကို ပယ်ဖျောက်တယ်ဆိုတာ ဘုန်းကြီးတို့ ပါဠိ၊ သက္ကတ၊ ဋီကာတွေမှာ မရှိဘူးဗျာ။ တခါတခါကျတော့ သူတို့မကျေနပ်ရင် ဒုက္ခတောင် ပေးတတ်သေးတယ်ဆိုတာလေးကော စဉ်းစားထားပါ။

အုန်းသီးခြောက်ရင် ခေါင်းမကိုက်ဘူးလား။ အရုဏ်ဆွမ်းတော်တင်ပွဲ တင်ပြီး ဘုန်းကြီးတို့ပရိသတ်များ မေ့ထားလိုက်ကြတာ။ မနက်တင် နေ့လည်မေ့၊ ညကလဲ မစွန့်ဖြစ်ဘူး။ နောက်တနေ့မနက်ကျမှ သိုးလို့ ကြွက်တွေရော၊ ပုရွက်ဆိတ်တွေရော၊ ဘုရားရှေ့မှာ အစုအပြုံဖြစ်နေတယ်။ အဲဒီကျ ခေါင်းများကိုက်သေးလား။ မကိုက်ပါဘူး။ သေချာတယ်။ မြတ်စွာဘုရားက သဘောကောင်းတယ်။ ဘုန်းကြီးတို့ ပရိသတ်ကို ခေါင်းကိုက်အောင် ဘယ်တော့မှမလုပ်ဘူး။ ဗိုက်နာအောင်လဲ ဘယ်တော့မှ မလုပ်ဘူး။ ပန်းအိုးထဲမှာ ပန်းတွေပုပ်လို့ ပိုးတွေတသောသောနဲ့ ဖြစ်နေရင်လဲ မြတ်စွာဘုရားက အဲဒါ စိုက်ကြည့်ပြီး ကမ္မဋ္ဌာန်းရှုပြီးတော့ ထိုင်နေတာ ဘာမှမပြောဘူး။ အုန်းသီးကြွက်မြီး ညှိုးမယ်တော့ မကြံနဲ့။ ချက်ချင်း အဲဒီအိမ် အကုန်လုံး ခေါင်းကိုက်သွားမယ်။ ဘုရား တရား သံဃာ ရတနာ ၃-ပါးမှတပါး တခြားအားကိုးရာတို့က ဘေးဖြစ်လာ တတ်တယ်။ ဒီကနေ့ တို့ပရိသတ်အပေါင်း သူတော်ကောင်းတို့အတွက် ဘေးလည်းမဖြစ်ရလေအောင်၊ သရဏဂုံလည်း မနွမ်းရလေအောင်၊ သန့်ရှင်းတဲ့ သရဏဂုံလဲ ဖြစ်ရလေအောင် အရေးကြီးတဲ့ အချက် ၄-ခုကို တို့ပရိသတ် ရှောင်လိုက်ကြပါ။ ဘာလဲဆိုတော့-
(၁) ရတနာ ၃-ပါးနဲ့ ပတ်သက်လာရင် မသိမှု။
(၂) ရတနာ ၃-ပါးနဲ့ ပတ်သက်လာလျှင် ယုံမှားမှု။
(၃) ရတနာ ၃-ပါးနဲ့ ပတ်သက်လာလျှင် အသိမှားမှု။
(၄) ရတနာ ၃-ပါးကို ကျော်ပြီးတော့ တခြားကိုးကွယ်ရာ ရှာမှု။
အဲဒီ ၄-ချက်သည် သရဏဂုံ ညစ်နွမ်းခြင်းရဲ့အကြောင်းလို့ မှတ်လိုက်ပါ။

ပရိသတ်အပေါင်း သူတော်ကောင်းတို့ ညစ်နွမ်းရာကနေ တဖြည်းဖြည်း လက်နှီးစုပ်လိုဖြစ်ပြီး လျှော်ဖွပ်လို့ မရရင် ပျက်ကရော။ အဉာဏ ကနေ ဉာဏ-သိမှုတွေ တိုးပွားအောင် ကြိုးစားပါ။ သံသယကင်းအောင် ကြိုးစားပါ။ မိစ္ဆာဉာဏ် အသိမှားမှုတွေကို ဖယ်ရှားပါ။ တခြားမှာ ကိုးကွယ်ရာ ဆရာရယ်လို့ မရှာကြပါနဲ့။ ဒီ ၄-ခုလွတ်ရင် ဘုန်းကြီးတို့ ပရိသတ်ရဲ့ သရဏဂုံသည် တကယ်သန့်ရှင်းလို့ မပျက်စီးဘူး။ သေခါမှ ပျက်သော သရဏဂုံကတော့ အပြစ်ကင်းသော သရဏဂုံ ပျက်ခြင်းလို့ နားလည်ကြပါ။

ဤဘုရား တရား သံဃာမှတပါး တခြားသောကိုးကွယ်ရာသည် ဤဘုရား တရား သံဃာမှတပါး အခြားအခြားသော ဆရာစသည် တစုံတခုခုကို ကိုးကွယ်မှုသည် ဘေးကင်းသည်မဟုတ်၊ ဘေးမကင်းနိုင်။ မြတ်သောကိုးကွယ်မှု မဖြစ်နိုင်။ တို့ဘုရား တရား သံဃာမှတပါး တခြားကိုးကွယ်ခြင်းကို အကြောင်းပြု၍ အလုံးစုံသော ဒုက္ခအပေါင်းမှ ဘယ်လိုနည်းနှင့်မျှ လွတ်မြောက်နိုင်ခြင်း မရှိပါပေသတည်း။

( သီတဂူဆရာတော်)
( မြတ်မင်္ဂလာ ၂၀၀၃-ခု ဇွန်လ)

No comments: