Sunday, January 10, 2010

မွန်မြတ်သော ဆေးဝါးဒါန

ဆေးဝါးဒါနသည် အလွန်မွန်မြတ်လှပါသည် ဗုဒ္ဓဘုရားရှင်က ဆေးဝါးလှူဒါန်းခြင်းဖြင့်-
(၁) အသက်ရှည်ခြင်း
(၂) ခွန်အားကြီးခြင်း
(၃) ပညာကြီးခြင်း
(၄) အဆင်းလှခြင်း
(၅) အခြံအရံများ၍ ကျော်ဇောခြင်း
(၆) ဆင်းရဲကင်း၍ ချမ်းသာခြင်း
(၇) ဘေးဥဒါဒ်ကင်းခြင်း
(၈) ရောဂါရန်မာန် ကင်းခြင်း
(၉) လူ နတ်တို့၏ အပူဇော်ကို ခံရခြင်း
(၁၀) ချစ်သူနှင့် မကွဲမကွာရခြင်း-တည်းဟူသော အကျိုးထူးများကို ရရှိနိုင်ကြောင်း ဟောကြားတော်မူခဲ့သည်မှာ
အထင်အရှား ဖြစ်ပါသည်။

အရှင်ဗာကုလအလောင်း ရှင်ရသေ့သည် အနောမဒဿီ ဘုရားရှင်လက်ထက်တော်တွင် ဟိမ၀န္တာတောင်ခြေမှ ဆေးအမျိုးမျိုးကို ယူဆောင်၍ ဘုရားရှင်အား ဆက်ကပ်လှူဒါန်းခဲ့သည်။ ထိုအကျိုးကြောင့် ဂေါတမဘုရားရှင် လက်ထက်တွင် အနာရောဂါကင်းသော အရှင်မြတ်ဖြစ်ခဲ့သည်။ အနာမဲ့သူ ရှင်ဗာကူ-ဟု စကားတွင်ခဲ့သည်။ သက်တော် ၁၆၀-တိုင် အသက်ရှည်ခဲ့သည်။

လူနာများအား ဆေးဝါးလှူဒါန်းခြင်းသည် ဤအကျိုးထူးများ ရရှိနိုင်ရုံမျှမက ကာလဒါန ၅-ပါးတွင်လည်း တပါးအပါအ၀င် ဖြစ်သည်။ ကာလဒါန၏ အကျိုးကျေးဇူးမှာ လိုအပ်သောအချိန်ကာလ၀ယ် လိုအပ်သော အကျိုးတရားကို ရရှိနိုင်ခြင်းဖြစ်သည်။ အလွန်ပင် အကျိုးထူးလှပေသည်။

ထို့ကြောင့် မိမိတို့ဝန်းကျင်ရှိ လိုအပ်သော လူနာများအတွက် ဆေးဝါးဒါနများကို အာရုံပြု၍ လှူဒါန်းတော်မူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

No comments: