Friday, January 15, 2010

မွေးနေ့ပိုင်ရှင်

လာမည့် အောက်တိုဘာလ ၁၈-ရက်နေ့သည် ပန်သစ္စာကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးလူထက်ခေါင်၏ အသက် လေးဆယ့်ငါးနှစ်ပြည့် မွေးနေ့ဖြစ်သည်။ ဦးလူထက်ခေါင်သည် မိမိကျင်းပမည့် မွေးနေ့ပွဲအတွက် လေးလေးနက်နက် စဉ်းစားနေမိသည်။ သူသည် နှစ်စဉ်မွေးနေ့ပွဲကို ကြီးကျယ်ခမ်းနားစွာ ပြုလုပ်တတ်သူ ဖြစ်သည်။

ရန်ကုန်မြို့ ကျောင်းမြောင်ရပ်ကွက်ရှိ သူ၏ခြံထဲတွင် မီးရောင်စုံများ ထွန်းညှိကာ မိတ်ဆွေအပေါင်းအသင်းများကို အကောင်းဆုံး အစားအစာများဖြင့် ဧည့်ခံသည်။ သုံးဆောင်တတ်သူများအတွက် နိုင်ငံခြားဖြစ် ယမကာများကို အလျှံပယ် စီစဉ်ပေးထားသလို နားသောတဆင်နိုင်ရန်နှင့် ကိုယ်တိုင်ပျော်ရွှင်စွာ သီဆိုနိုင်ရန်အတွက် စတိတ်ရှိုးခုံနှင့် တီးဝိုင်း စီစဉ်ပေးထားသည်။ ညဥ့်နက်ပိုင်းတွင် မိတ်သင်္ဂဟများနှင့် ကုမ္ပဏီဝန်ထမ်းများအတွက် ဗလာမပါ ပစ္စည်းကံစမ်းမဲ ဖောက်ပေးသည်။

ဦးလူထက်ခေါင်၏ မွေးနေ့ပွဲ ညများသည် စားပိုးနှင့်သူများ၊ အမူးလွန်သူများ၊ အပျော်လွန်သူများကြောင့် ပျော်တရုန်းရုန်းဖြင့် အနှစ်သာရမဲ့စွာ ပြီးဆုံးသွားလေ့ရှိသည်။ ယခု အသက် လေးဆယ့်ငါးနှစ်ပြည့် မွေးနေ့ပွဲကို ကျင်းပရန်အတွက် ဦးလူထက်ခေါင်သည် လေးလေးနက်နက် တွေးနေမိသည်။ မွေးနေ့ဆိုသည်မှာ မိမိ လူ့လောကထဲသို့ ရောက်ရှိလာသောနေ့ ဖြစ်သည်။ နှစ်စဉ် မိမိ၏ မွေးနေ့တိုင်း ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့သည် မရှိ။ လေးလေးနက်နက်မရှိဘဲ အပျော်အပါးများဖြင့် ပြီးဆုံးခဲ့သည်။

ယခုနှစ်မွေးနေ့ကို အပျော်အပါးများမပါဘဲ ကောင်းမှုကုသိုလ် အပြည့်အ၀ဖြင့် ပြုလုပ်ရန် ဆုံးဖြတ်သည်။ ဦးလူထက်ခေါင်သည် သူ၏စိတ်ကူးကို ဇနီးနှင့် သားသမီးများအား ပြောပြသည်။ အားလုံး သဘောတူကြသည်။ ဦးလူထက်ခေါင်သည် သူ၏မွေးနေ့ပွဲတွင် ငွေသိန်းငါးဆယ်တိတိ အကုန်အကျခံ လှူဒါန်းရန် ဆုံးဖြတ်ပါသည်။

ဆရာတော်လေးသည် တည်ငြိမ်ရင့်ကျက်သော ဣနြေ္ဒဖြင့် ဦးလူထက်ခေါင်၏ လျှောက်ထားသမျှကို နားထောင်သည်။ ဆရတော်လေး၏ ရှေ့တွင် အသက်လေးနှစ်အရွယ်မှစ၍ တဆယ့်လေးနှစ် အရွယ်အထိ အရွယ်စုံ ကလေးများသည် စာအုပ်ကလေးများ ကိုယ်စီရှေ့ချ၍ ငြိမ်သက်စည်းကမ်းရှိစွာ ထိုင်နေကြပါသည် ။

ကလေးတို့၏ အ၀တ်အစားများသည် အပြဲ အပေါက်များ၊ အဖာထေးရာများဖြင့် တန်ဆာဆင်သည်။ ကလေးတို့၏ မျက်လုံးလေးများသည် နဖူးပြောင်ပြောင် ဗိုက်ရွှဲရွှဲ အကောင်းစား စပို့ရှပ်၊ အကောင်းစားပုဆိုး၊ ရွှေလက်ပတ်ကြိုး ကြီးကြီး၊ ရွှေဆွဲကြိုး ကြီးကြီး၊ ၀တ်ဆင်ထားသူ ဦးလူထက်ခေါင်ကို၎င်း၊ ဆံပင်ကောက်ဆံထုံးကြီး မိတ်ကပ် ဖွေးဖွေး စိန်ရွှေရောင် တဖျပ်ဖျပ် ထနေသော ဒေါ်ခင်မမကြီးကို၎င်း တအံ့တသြ စိတ်ဝင်တစား ကြည့်နေကြ သည်။

မိတ်ဆွေတဦး၏ လမ်းညွှန်ချက်ဖြင့် ဤကျောင်းကလေးသို့ သူရောက်ခဲ့ခြင်း ဖြစ်သည်။ သူ၏ကိုယ်ပိုင်ကားဖြင့် မြောက်ဒဂုံအစွန်အဖျား အထိ မောင်းခဲ့ရသည်။ ကားလမ်း ဆက်မပေါက်သဖြင့် ကားကို လမ်းတွင်ရပ်ခဲ့ပြီး လယ်ကွက်များကို ဖြတ်၍ ခြေကျင်ခရီးဖြင့် ဆက်ခဲ့ရသည်။ ဇနီးသည်က လမ်းတွင် မကျေမနပ် ပြောသည်။

ကိုကိုတို့များ လှူချင်ရင် ဘယ်နေရာ လှူလှူ ရတဲ့ဥစ္စာ တကူးတကနဲ့ ရှာဖွေနေရတယ်လို့။
ဤကျောင်းဝင်းလေးထဲသို့ ၀င်သည်နဲ့ ဦးလူထက်ခေါင် သဘောကျသွားသည်။ သစ်ရိပ် ၀ါးရိပ်ကြားမှ ကျောင်းလေးက အေးချမ်းတိတ်ဆိတ်သည်။ သွပ်ဟောင်းမိုး၊ ငါးပင်သုံးပင် ခြေတံရှည်ကျောင်းဟောင်း ကလေး၏အောက်တွင် ၀ါးကြမ်းခင်း ခင်းထားသည်။ သင်ပုန်းဟောင်းတချပ် ထောင်ထားပြီး နံဘေးတွင် ဆရာတော်ကလေးက ကလေးများကို စာသင်ပေးနေသည်။ ဆရာတော်ကလေး၏ ရှေ့တွင် ကလေး သုံးဆယ်ခန့်သည် စည်းကမ်းသေ၀ပ်စွာ သင်ယူနာခံနေကြသည်။

ဆရာတော်လေး၏ ဘွဲ့တော်မှာ ဦးပညာသာမိ ဖြစ်သည်။ သက်တော်လေးဆယ် ၀န်းကျင်ဟု ခန့်မှန်းရသည်။ အသားဖြူဖြူ မျက်လုံးမျက်ခုံး ကောင်းကောင်းဖြင့် ဥပဓိရုပ် ခန့်ငြားသည်။ဆရာတော်လေးသည် ဦးလူထက်ခေါင် လျှောက်ထားသမျှကို သေချာစွာ နားထောင်သည်၊ ပြီးမှ မေးသည်။

ဒကာကြီးရဲ့ စိတ်ကူးတွေဟာ မွန်မြတ်ကောင်းမွန်ပါတယ်။ ဘုန်းကြီး သိချင်တာလေး မေးပါရစေ၊ ဒကာကြီးမှာ မိဘရှိသေးလား၊
အဖေတော့ မရှိတော့ပါဘုရား၊ အသက် ခုနစ်ဆယ်အရွယ် အမေတော့ ရှိပါသေးတယ်ဘုရား။
ဒကာကြီး ကံကောင်းတာပဲ၊ ဘုန်းကြီးမှာ အဖေရော အမေပါ မရှိကြတော့ဘူး။ ဒါနဲ့ ဒကာကြီးအမေက အတူနေလား။
အမေက လွန်ခဲ့တဲ့နှစ်က နွားကန်ခံထားရလို့ ခြေတဖက်မသန်ပါဘူးဘုရား၊ ပြီးတော့ လူကြီးဆိုတော့ ခရီးရှည်လဲ မသွားနိုင်လို့ ဒီကို မရောက်နိုင်ပါဘုရား။ တပည့်တော်လဲ လုပ်ငန်းတွေ ရှုပ်နေတာနဲ့ အမေ့ထံ မရောက်တာ လေး-ငါးနှစ်ရှိပါပြီဘုရား

ကောင်းပြီ၊ ဒကာကြီး သေသေချာချာ နားထောင်၊ ဒကာကြီးက မွေးနေ့ပွဲအတွက် ဘုန်းကြီးကျောင်းကို လှူမယ်၊ ကုသိုလ်လုပ်မယ်ဆိုတာ သိပ်ကောင်းတဲ့ ရည်ရွယ်ချက်ပါပဲ။ ဘုန်းကြီးမေးချင်တာက ဒကာကြီးကို လူဖြစ်အောင် အဲဒီနေ့ရက်မှာ အသက်စွန့်ပြီး မွေးပေးခဲ့တဲ့ ဒကာကြီးရဲ့ အမေကိုရော ဘာများ ကျေးဇူးပြန်ဆပ်ပြီးပြီလဲ။

ဦးလူထက်ခေါင်၏ မျက်လုံးထဲတွင် အမေ၏ ညှိုးငယ်သောမျက်နှာကို မြင်ယောင်လာသည်။ ငယ်စဉ် အဖေဆုံးပြီးကတည်းက နောက်အိမ်ထောင်မပြုဘဲ မုဆိုးမဘ၀ဖြင့် သားသမီးသုံးယောက်ကို ပျိုးထောင်ခဲ့သော အမေ၊
ရွှံ့ထဲတွင် နွားနှင့် ဖက်ရုန်းရင်း သူတို့မောင်နှမသုံးယောက်အား ကျောင်းထားခဲ့သော အမေ၊
စာတော်သည့်သူကို မည်သူ့အကူအညီမှ မယူဘဲ ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့ရသည်အထိ ကျောင်းထားပေးခဲ့သော အမေ၊
ယခု အိုမင်းမစွမ်းအရွယ်တွင် ချမ်းသာသည့်သား၏ အိမ်နားသို့ ကပ်ခွင့်မရှိဘဲ ဆင်းရဲနွမ်းပါးသော သမီးကြီး၏အိမ်၌ နေရရှာသည့် အမေ၊
အမေ့အပေါ် ဦးလူထက်ခေါင် တာဝန်မကျေခဲ့ပါ။

အမေသည် သူ့ချစ်လွန်းသဖြင့် လူကလေးဟုသာ ခေါ်ခဲ့သည်။ မောင်လူကလေးဟုတွင်ခဲ့သော အမည်ကို တက္ကသိုလ်ရောက်သောအခါ ရှက်သဖြင့် လူထက်ခေါင်ဟု ပြောင်းခဲ့သည်။ ဘွဲ့ရပြီးသောအခါ လူနေမှု အဆင့်အတန်း နိမ့်ပါးသည့် ဇာတိရွာကလေးသို့ မပြန်လိုသဖြင့် ရန်ကုန်တွင် ခြေကုပ်ယူ၍ အလုပ်ရှာခဲ့သည်။ စီးပွားရေး အဆင်မပြေမီကလည်း အမေ့ထံ မထောက်ပံ့နိုင်ပေ။ သူ၏အရည်အချင်းကို မျက်စိကျသော ဒေါ်ခင်မမကြီး၏ ဖခင်က ခင်မမကြီးနှင့် သူ့ကို ပေးစားခဲ့သည်။ ဒေါ်ခင်မမကြီး၏ ဖခင် ချမ်းသာကြွယ်ဝမှုကို အဆများစွာ တိုးတက်လာအောင် ဦးလူထက်ခေါင် ရှာဖွေပေးနိုင်ခဲ့သည်။ ချမ်းသာကြွယ်ဝသောဘ၀တွင် ၀င်ငွေစာရင်းမှန်သမျှ ဒေါ်ခင်မမကြီးက ချုပ်ကိုင်ထားသဖြင့် အမေ့ထံ သူမထောက်ပံ့နိုင်ခဲ့ပါ။

ဦးလူထက်ခေါင်၏ နေ့စဉ် အသေးသုံးငွေများထဲမှ အမေ့ကို ထောက်ပံ့မည်ဆိုလျှင် တလ တသောင်း အနည်းဆုံး ထောက်ပံ့နိုင်ပါသည်။ သူကိုယ်တိုင်က အမေ့ဘေးမှ ဆင်းရဲနွမ်းပါးသော အမနှစ်ဦး၏ မိသားစု ကပ်ရပ် စားသောက်မည်ကို ငြိုငြင်စိတ်ဖြင့် မထောက်ပံ့ဖြစ်၊ သူအိမ်ထောင်ကျစက အမေနှင့် အမများ လာလည် သော်လည်း ဒေါ်ခင်မမကြီးက ငြိုငြင်ဟန်ပြသဖြင့် နောက်ပိုင်း မလာတော့၊ ဦးလူထက်ခေါင် ကိုယ်တိုင်ကလည်း သားရေး၊ သမီးရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ လူမှုရေးနွံထဲ ပျော်ရွှင်စွာ ရုန်းရင်း အမေ့ကို မေ့ထားခဲ့သည်။ ဆင်းရဲနွမ်းပါးသော အမကမှ အမေ့ကို စောင့်ရှောက်ထားသေးသည်။

အမေသည် ဆင်းရဲချို့တဲ့စွာ နေရသော်လည်း သားဖြစ်သူ၏ အိမ်ထောင်ရေး အဆင်မပြေမည်စိုးသဖြင့် ဇနီး၏ ငြိုငြင်ခံရမည်ကို စိုးသဖြင့် လိုအပ်သမျှ တခွန်းမဟခဲ့။ စာတစောင် မရေးခဲ့။ ဦးလူထက်ခေါင်၏ ဇနီးနှင့် သားသမီးများ စိန်၊ ရွှေရတနာ ပိုးဖဲကတ္တီပါကြား ကိုယ်ပိုင်ကား တ၀ီဝီဖြစ်နေချိန်ဝယ် ဦးလူထက်ခေါင်၏ မွေးမိခင်သည် ရွှံ့ပတ်လည်ကြားမှ တဲအိမ်ကလေးတွင် အင်္ကျီထဘီနွမ်း ၀တ်ရမြဲဖြစ်သည်။

-အမေမရှိမှ အမေကို ပြုစုချင်လို့ မရဘူး။ ဒကာကြီးရဲ့ မွေးနေ့မှာ ကုသိုလ်ကောင်းမှု လုပ်ချင်တယ်ဆိုရင် ဒကာကြီးကို လူ့ဘ၀ထဲရောက်အောင် အသက်စွန့်ပြီး မွေးပေးခဲ့တဲ့ မွေးနေ့ရဲ့ ပိုင်ရှင် မိခင်ကြီးကို အရင်ဆုံး လက်အုပ်ချီပြီး သွားကန်တော့ပါဦး။ ပြီးမှ ဒါနပြုပါ။

မှန်ပါဘုရား။ တပည့်တော် အမြင်မှန်ရပါပြီဘုရား။ ယခုပဲ ရွာပြန်ဖို့ စီစဉ်ပါ့မယ်ဘုရား။ တပည့်တော် ပစ်ပယ်ထားမိတဲ့ မိခင်ကြီးကို တောင်းပန်ကန်တော့ရင်း မိခင်ကြီးကို ကျွေးမွေးစောင့်ရှောက်ဖို့ ခေါ်လာပါ့မယ် ဘုရား။

သာဓုဗျာ သာဓု သာဓု။
ဦးလူထက်ခေါင်တို့ လင်မယားသည် ဆရာတော်လေးကို ကန်တော့၍ ထွက်လာခဲ့သည်။ ဦးလူထက်ခေါင်၏ ခြေလှမ်းများ ဦးတည်ရာကား မွေးနေ့ပိုင်ရှင် မိခင်အိုးကြီးထံသို့။

( သန္တာမြတ်သောင်း)

No comments: