Sunday, January 10, 2010

ရွှေဥမင် ဆရာတော်ကြီး

ရွှေဥမင် ဆရာတော်ကြီး ဘဒ္ဒန္တကောသလ္လ မဟာထေရ်သည် ၁၃၆၄-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁-ရက် (၂၀-၁၁-၂၀၀၂) နေ့တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသည်။ ပျံလွန်တော်မူချိန်တွင် သက်တော် ၉၀-နှစ် သိက္ခာတော် ၇၀-ရှိပြီ။

ဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်က တရားနာပရိသတ်တို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးလေ့ရှိသည်။ ထိုထိုတိုက်ကျွေးခဲ့သော တရားများထဲက ကျွန်တော် အနှစ်သက်ဆုံးနှင့် ပီတိအဖြစ်ဆုံး တရားတပုဒ်ကို ဓမ္မဒါန ထပ်ဆင့်ပြုပါမည်။ နာကြည့်တော်မူပါ။


အများအားဖြင့် သူတော်မှ ကိုယ်ကကောင်းကြတာ၊
သူတော်မှ ကိုယ်ကကောင်းတာ သူတော်ကောင်း မဟုတ်ဘူး။
သူတော်ကောင်းဆိုတာ သူတော်တော် မတော်တော် ကိုယ်ကကောင်းမှ သူတော်ကောင်း ဖြစ်တာ။

သစ်ပင်ဟာ မလဲမချင်း သစ်ပင်ခုတ်တဲ့လူကို အရိပ်ပေးသွားတယ်။
အမွှေးနံ့သာတုံးဟာ မီးရှို့တဲ့သူကို မကျွမ်းမချင်း အမွှေးနံ့သာ ပေးသွားတယ်။
သူတော်ကောင်းဟာ မသေမချင်း ကိုယ့်ကို နှိပ်စက်တဲ့ရန်သူကိုတောင် အကျိုးဆောင်သွားတယ်။

ဘုရားလောင်း မျောက်မင်းဟာ မုဆိုးတဦး ချောက်ထဲကျနေတာ ကယ်ထုတ်ခဲ့တယ်။ သယ်ဆောင်ဖို့ နိုင်-မနိုင် စမ်းသပ်တဲ့အနေနဲ့ မုဆိုးရဲ့ ကိုယ်အလေးချိန်နဲ့အမျှ ကျောက်တုံးတတုံးကို ထမ်းပြီး ခုန်တက်ပြီးမှ မုဆိုးကို ချီပြီး ကယ်တင်တာ။ နှစ်ကြိမ်တောင် ခုန်လိုက်ရတော့ ပင်ပန်းလွန်းလို့ မုဆိုးရဲ့ ပေါင်ပေါ်မှာ ခေါင်းမှီပြီး နားနေရတယ်။

အဲဒီမှာ မုဆိုးက စဉ်းစားတယ်။ အိမ်ပြန်ရင် ဟင်းစား မပါဘူး။ မျောက်သားဟင်း စားရအောင်ဆိုပြီး မျောက်မင်းရဲ့ ဦးခေါင်းကို ခဲနဲ့ထုတယ်။ အသက်သခင်ကိုတောင် ယုတ်ယုတ်မာမာ ကြံစည်ရက်တယ်။ မျောက်မင်း ဦးခေါင်း ကွဲသွားတယ်။

မျောက်မင်းက စဉ်းစားတယ်-ဒီမုဆိုး သေတွင်းက လွတ်ပေမဲ့ တောထဲမှာ မျက်စိလည်ပြီး ကျားစာဖြစ်တော့မှာပဲ။ မသေအောင် လမ်းပြပေးဦးမှ-လို့တွေးပြီး မုဆိုး ငါ သစ်ပင်ပေါ်က လမ်းပြပေးသွားမယ်။ ငါ့သွေးစက်ကျတဲ့ လမ်းအတိုင်း လိုက်ခဲ့-ဆိုပြီး ရွာစပ်နားအထိ လိုက်ပို့ပေးလိုက်တယ်။

သူတော်ကောင်းဆိုတာ ကိုယ့်ကိုသတ်တဲ့ ရန်သူကိုတောင် သွေးနဲ့ ချွေးနဲ့ရင်းပြီး ကောင်းကျိုးဆောင်ရွက်ပေးတယ်။ အဲဒီလို ဆောင်ရွက်နိုင်အောင် မသေမချင်း သူတော်ကောင်းစိတ် မွေးရတယ်

လူကောင်း စိတ်ကောင်း ဉာဏ်ကောင်းဖြစ်အောင် တရားအားထုတ်ကြရတာ။ ဉာဏ်ကောင်းဖြစ်သွားရင် ယုတ်ညံ့တဲ့ တကိုယ်ကောင်းဆန်တဲ့ စိတ်၊ လစ်ရင် လစ်သလို၊ အခွင့်သာရင် သာသလို ထင်တိုင်းကြဲချင်တဲ့ စိတ် မရှိတော့ဘူး။

လောဘ ဒေါသ အယုတ်တမာတွေကို လက်မခံရဘူး။ မွေးမြူရေးမလုပ်ဘဲ ပယ်နိုင်အောင် ကြိုးစားကြရမယ်။ ဘုရားသာသနာနဲ့ အခွင့်ကြုံတဲ့အခါ သာသနာနဲ့စပ်တဲ့ ကုသိုလ်အထွတ်အမြတ်တွေကို လေးလေးစားစား တန်ဖိုးထားပြီး လက်လှုပ်တိုင်း ခေါင်းလှုပ်တိုင်း ပါးစပ်လှုပ်တိုင်း ကုသိုလ်ရအောင် တန်ဖိုးထားရမယ်။

လူကောင်း စိတ်ကောင်း ဉာဏ်ကောင်းဖြစ်အောင် အားထုတ်နိုင်ကြပြီး ဉာဏ်ကောင်းက ပို့ဆောင်သည့် နိဗ္ဗာန်သို့ အမြန်ဆုံး မျက်မှောက်ပြုနိုင်ကြပါစေ။



ထို့အပြင် သက်တော် ရှစ်ဆယ်, ကိုးဆယ် အရွယ်တော်ရှိသော ဆရာတော်ကြီးက လူငယ်ကလေးများအတွက် ဗုဒ္ဓဘာသာယဉ်ကျေးမှု အမွေအနှစ်သင်တန်းများကို နှစ်စဉ်လုပ်ပေးခဲ့သည်။ သင်တန်းတက်သူ လူငယ်ကလေးအားလုံးကိုလည်း ဆုတွေချီးမြှင့်သည်။ မြောက်ဥက္ကလာ ရွှေဥမင်တောရကျောင်းမှာ ၂၁-ကြိမ်၊ မင်္ဂလာဒုံ လေတပ်စခန်းမှာ ၁၁-ကြိမ်၊ မင်္ဂလာဒုံ စစ်ဆေးရုံကြီးမှာ ၂၁-ကြိမ် လုပ်ပေးခဲ့သည်။

ဤသင်တန်းတွင် ဆရာတော်ကြီး ဟောကြားခဲ့သော တရားများအနက် အောက်ပါအဆုံးအမကို တင်ပြအပ်ပါသည်။ လူငယ်ကလေးများသာမက လူကြီးများပင် လိုက်နာဖို့ကောင်းလှသည်။

ကလေး၊ ကလေးနဲ့ အထင်မသေးကြနဲ့၊ ကလေးက လူကြီးဖြစ်တာ၊ ကလေးကောင်းမှ လူကြီးကောင်းမှာ
လူကြီးကောင်းမှ အားလုံးကောင်းမှာ။

လူငယ်ကလေးများနှင့် အထူးသက်ဆိုင်နေသော ဆရာတော်ကြီး၏ အဆုံးအမလင်္ကာမှာ-
ကံပင်ကောင်းလျက်၊ အပျင်းဖက်၊ တသက်မချမ်းသာ။
ဉာဏ်ပင်ကောင်းလျက်၊ အပျင်းဖက်၊ အထက်မမှန်းသာ-ဖြစ်သည်။

တရားသာ မလုပ်ရင် မတရားတာတွေ လုပ်နေလိမ့်မယ်။
သူတပါးကို လိုက်ကြည်ညိုမယ့်အစား ကိုယ့်ကိုယ်ကို ကြည်ညိုအောင် လုပ်ကြ။

ကလေးတွေကို သတိပေးရဦးမယ်။
အတူကစားတဲ့အခါကျတော့ ရန်ဖြစ်တတ်တယ်။ ငြင်းကြ ခုန်ကြ ရန်ဖြစ်ကြရင် မကောင်းဘူး။

အတူကစားရင် ရန်မဖြစ်နဲ့။ ချစ်ချစ်ခင်ခင် ကစားပါ။ အနိုင်ကျင့်တာ ရှက်စရာကွဲ့။
ဆဲတာဆိုတာ၊ ရိုင်းလှစွာ၊ ကျောင်းသားပီပီ၊ ကူညီပေးလို့၊ ယဉ်ယဉ်ကျေးကျေး ဆက်ဆံပါ။

နှစ်ကူးတဲ့အခါ ငါးလွှတ်ဖူးကြတယ် နော်၊ ဆုတောင်းလေးကလဲ ကောင်းမှကောင်း၊
နင့်တခါလွှတ် ငါ့ ဆယ်ခါလွှတ်တဲ့။
ဈေးသည်တွေတင် အမြတ်ကြီးစားလား မှတ်တယ်၊ အလှူရှင်တွေကလဲ အမြတ်ကြီးစားတာပဲ။
ကိုယ်ပါ ငါးဖြစ်ပြီး ဆယ်ခါ အလွှတ်ခံရရင် မသက်သာဘူးနော်။
သူ သေဘေးက လွတ်ရသလို၊ ကိုယ်လဲ အို-နာ-သေဘေးက လွတ်ပါရစေလို့ ဆုတောင်းရမှာ။

ဤကဲ့သို့ လူကြီးလူငယ်တို့ကို လိမ္မာရစ်ကြစေရန် ဟောကြားဆုံးမတော်မူခဲ့သော ရွှေဥမင်တောရ ဆရာတော်လောင်းလျာသည် ခမည်းတော် ဦးဟန်+မယ်တော် ဒေါ်သိုင်းခြုံ တို့၏ သား ဖြစ်သည်။ ၁၂၇၅-ခုနှစ် တော်သလင်းလပြည့်ကျော် ၁-ရက် (တနင်္လာနေ့)တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုက္ခမူကျေးရွာ၌ ဖွားမြင်သည်။ မွေးချင်း ၅-ယောက်တွင် သားဦးရတနာ ဖြစ်သည်။

ဆရာတော်လောင်းလျာသည် သက်တော် ၉-နှစ်အရွယ်ကပင် မုက္ခမူကျေးရွာ မှန်ကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒိယထံ၌ ရှင်သာမဏေပြုသည်။ ဘွဲ့တော်မှာ ရှင်ကောသလ္လ ဖြစ်သည်။ ရှင်ကောသလ္လသည် သက်တော် ၂၀-(၁၂၉၅-ခုနှစ်) တွင် ပဲခူးတိုင်း ညောင်လေးပင်မြို့ ညောင်လေးပင်တောရ ဆရာတော်ကြီး ဘဒ္ဒန္တအရိယအား ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

ရှင်ကောသလ္လသည် ဥပဇ္ဈာယ်ဆရာတော် ဘဒ္ဒန္တအရိယ၊ ရန်ကင်းမြို့နယ် ကျောက်ကုန်းတောရ မေဒိနီဆရာတော်ကြီး ဘဒ္ဒန္တအာဠာရ၊ မွန်ပြည်နယ် သထုံမြို့ ညောင်လေးပင်တောရကျောင်း ဆရာတော်ကြီးတို့ ထံ၌ ပါဠိတော် အဋ္ဌကထာ ဋီကာ နေ့ဝါ ည၀ါ ကျမ်းစာများကို ဆည်းပူးခဲ့သည်။

ဆရာတော်သည် ဧရာဝတီတိုင်း ကျိုက်လတ်မြို့ ပစ္ဆိမာရုံကျောင်းတိုက် ရာကျော်ဆရာတော် ဘုရားကြီးနှင့်အတူ ပဲခူးတိုင်း ရွှေကျင်မြို့နယ် ခ၀ဲရွာ တောင်ပေါ်တောရကျောင်း၌ တောရဆောက်တည်သည်။ ရာကျော်ဆရာတော်ကြီးထံမှ နိဿယည်းခံယူလျက် ပဋိပတ္တိတရား အားထုတ်သည်။

တဖန် ရန်ကုန်မြို့ မဟာစည်ဆရာတော်ဘုရားကြီးထံ၌ ပဋိပတ္တိကျင့်နည်းကို သင်ယူအားထုတ်ခဲ့သည်။ မဟာစည်ဆရာတော်ဘုရားကြီး၏ တာဝန်ပေးချက်အရ မဟာစည်သာသနာ့ရိပ်သာတွင် ၁၀-နှစ်ကြာ တရားပြသလျက် သီတင်းသုံးခဲ့သည်။

ထို့နောက် မြောက်ဥက္ကလာပမြို့နယ် ပုရွက်ဆိတ်ကုန်းရပ်ကွက်၌ ရွှေဥမင်တောရရိပ်သာကို၎င်း၊ ၁၃၅၀-ပြည့်နှစ်တွင် မွန်ပြည်နယ် ပေါင်မြို့နယ် ဘန့်ဘွေးကုန်းကျေးရွာ၌ ကျောက်အိုင်တောရ ဓမ္မသုခရိပ်သာကို၎င်း၊ ၁၃၅၉-ခုနှစ် မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ် ကုန်းတလပေါင်ရပ်ကွက်၌ ရွှေဥမင်တောရ ဓမ္မသုခရိပ်သာကို၎င်း တည်ထောင်တော်မူခဲ့သည်။

ဆရာတော်ဘုရားကြီးကို ရွှေကျင်နိကာယ သံဃာ့ဂိုဏ်းကြီးက ရတ္တညူမဟာနာယကအဖြစ် တင်မြှောက်ခဲ့သည်။ ဆရာတော်ဘုရားကြီးသည် သက်တော် ၈၇-နှစ်အထိ ဆွမ်းခံခဲ့သည်ဟု သိရသည်။ ထို့နောက်ပိုင်း ကျန်းမာရေး ချို့ယွင်းလာသဖြင့် ဆွမ်းခံသည့်ဝတ်ကို ရပ်နားခဲ့ပေသည်။

( ခင်ဧ-စက်မှု)

No comments: