Wednesday, January 20, 2010

ခြေချော်သူ

အကုသိုလ်များ၊ ရှောင်ရှားပယ်လေ။
ကုသိုလ်တရား၊ ဖြစ်ပွားစုံစေ။
မိမိစိတ်ဓာတ်၊ ဆွတ်ဆွတ်ဖြူစေ။
ဤသုံးပါး၊ ဘုရားဆုံးမပေ။

( မဟာစည်ဆရာတော်ဘုရားကြီး)

ကျွန်မသည် ပဲခူးမြို့ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ် စာသင်တိုက်ကြီးကို မိဘလက်ထက်ကစ၍ ကိုးကွယ်ခဲ့သူ ဖြစ်သည်။ ထို့အပြင် ပဲခူးကောလိပ် မော်လမြိုင်ကောလိပ်တို့တွင် ပဲခူးကျောင်းသူ ကျောင်းသားများအား စာပေပို့ချပေးခဲ့ရသူလည်း ဖြစ်သည်။ ထို့ကြောင့် ပဲခူးမြို့သူဟု ထင်မှားရလောက်အောင်ပင် ပဲခူးမြို့သူ မြို့သား တို့နှင့် ရင်းနှီးခဲ့ပါသည်။ သာရေး နာရေး ကိစ္စများပေါ်လာလျှင်လည်း အခါအားလျော်စွာ သွားရောက်လေ့ ရှိပါသည်။

ပဲခူးနယ်တ၀ိုက်တွင် ဗုဒ္ဓဘာသာဝင်အများစုသည် သာရေး နာရေး ကိစ္စပေါ်ပေါက်ပါက ငွေကြေးတတ်နိုင်လျှင် တတ်နိုင်သလောက် ၇-ရက်ပတ်လုံး အလှူဒါနပြုလေ့ရှိကြသည်။ ရွာလုံးကျွတ်လည်း အကူလာလေ့ရှိသည်။ ရန်ကုန်မြို့တွင် နေရာအခက်အခဲ ကျဉ်းမြောင်းသည်ကို အကြောင်းပြု၍ သာရေး နာရေးကိစ္စများ၌ အိမ်မှာ ချက်ပြုတ်ကြသည်ထက် ဆိုင်များမှ မှာယူလှူဒါန်းကြသည်က များပါသည်။ အကြီးအကျယ် လှူဒါန်းလိုပါကလည်း တရားရိပ်သာများ၊ ဘုန်းတော်ကြီးကျောင်းများ၌သာ လှူဒါန်းလေ့ရှိကြသည်။

ပဲခူးတိုင်းအတွင်း ရွာကြီးတရွာမှ ကျွန်မကြုံတွေ့ခဲ့ရသော အဖြစ်အပျက်တရပ်ကို နှစ်တွေကြာခဲ့သော်လည်း မေ့မရနိုင်ပါ။ ထိုရွာတွင် မြောက်ပိုင်းနှင့် တောင်ပိုင်းဟူ၍ နှစ်ပိုင်းရှိသည်။ ရွာမြောက်ပိုင်းတွင် သာရေး နာရေးကိစ္စရှိပါက ကြီးကြီးမြက ခေါင်းဆောင်၍ ရွာသူရွာသားများ အကူအညီဖြင့် ချက်ပြုတ်ပေးလေ့ရှိသည်။ ဟင်းချက်လည်း ကောင်းသည်။ လူဘယ်လောက်ဖိတ်မလဲ။ ဘာကျွေးမလဲ ငွေကြေးကအစ တွက်ချက်၍ အလေအလွင့်မရှိ စီမံပေးသည်။ တောရွာဖြစ်၍ အများအားဖြင့် ထမင်းဟင်း၊ မုန့်ဟင်းခါး ခေါက်ဆွဲအချက် များကြသည်။ ကြီးကြီးမြလက်ရာဆိုလျှင် ကောင်းပြီးသားဟု ရွာခံလူများက သိထားကြမြဲ။

ရွာတောင်ပိုင်းတွင်လည်း ကြီးကြီးမြလို ဟင်းချက်ခေါင်းဆောင်တဦး ရှိသည်။ သူက ကြီးတော် ဒေါ်တုတ် ဖြစ်သည်။ ဒေါ်တုတ်ခမျာ ကြိုးစားပမ်းစား ချက်ပါ၏။ သို့သော် ကြီးကြီးမြလို လက်ရာက မကောင်း။ ဒီတော့လည်း ကြီးကြီးမြလို နာမည်ကောင်း မရရှာ။ ကြီးကြီးမြလို ဟင်းချက်ကောင်းလိုသဖြင့် အလှူအတန်းများတွင် ကြီးကြီးမြနှင့် လိုက်၍ ချက်သည်။ ကြီးကြီးမြကလည်း လက်တွဲခေါ်ရှာသည်။ သို့သော် ဒေါ်တုတ်နာမည်က ထွက်မလာ။

ရပ်ရေးရွာရေးကိစ္စတွင် ချွေးတလုံးလုံးနှင့် ချက်ရပြုတ်ရသည်က မလွယ်ကူပါ။ ၀ိုင်းဝန်းသူများရှိသော်လည်း အချို့က မုန့်စင်းခါး ချက်ရန် ငါးအရိုးထွင်ရာ၌ပင် အရိုးစင်အောင် မထွင်တတ်ကြ။ ဆီချက်ချက်ရာတွင် အကျက်ညီဖို့က လိုသေးသည်။ လွယ်မယောင်နှင့် ခက်ပါသည်။ ကန်စွန်းရွက်ကြော် စားလိုပါသည်ဆိုမှ အရွက်တွေ ဖယ်၍ အရိုးကိုသာ ထွင်သူက ရှိသေးသည်။ ပြောမယုံ ကြုံဖူးမှ သိရသော သာဓကများပင်။

သို့သော် ရပ်ရေး ရွာရေး ကုသိုလ်ရေးမို့ ကူညီဖို့လာသည်ဆိုတော့လည်း အားလုံးကို ကြည့်ရသည်။ တခါတရံ ဘဲသားဆန်ပြုတ်တိုက်သည်။ တရုတ်နံနံပင်များကို လေးများအား-ပါးပါးလှီး-ဟု လူကြီးက တာဝန်ပေးသည်။ အရွက်သာလှီး၍ အရိုးတွေ လွှင့်ပစ်သဖြင့် ဤလည်း တဒုက္ခကြုံရဖူးသည်။

ကုသိုလ်လိုချင်စိတ်၊ ရိုင်းပင်းကူညီလိုစိတ်ကတော့ အားရစရာကောင်းလှသည်။ ဆန်ပြာသူ၊ စပါးလုံးရွေးသူ ကြက်သွန်လှီးသူတွေက အုပ်စုလိုက် လုပ်အားပေးချိန်တွင် မီးဖိုထဲမှာလည်း ယောက်ျားကြီးများက ချွေးတလုံးလုံးနှင့် -ကုသိုလ်ရေးမို့ ကြိုးစားပါ၊ ဒို့တတွေမှာ ချွေးတလုံးလုံး။ ဟုပင် ဆိုခဲ့ကြသည် မဟုတ်ပါလား။ ဒေါ်တုတ်သည်လည်း ကုသိုလ်လိုချင်သူပင်။ သို့သော် သူ့နာမည်ကောင်း ထွက်မလာသောအခါ ကုသိုလ်မှ အကုသိုလ်ခြေလှမ်းကို လှမ်းမိတော့သည်။

ထိုနေ့က ရွာမြောက်ပိုင်းမှ ဘကြီးသာရင်တို့၏ အလှူနေ့ဖြစ်သည်။ ရွာလုံးကျွတ် မုန်းဟင်းခါးကျွေးရန် ဒေါ်တုတ်နှင့် ကြီးကြီးမြပါ ကြိုးစားပမ်းစားချက်သည်။ မုန့်ဟင်းရည်နံ့က စပါးလင်နိုင်နိုင်၊ ချင်းနိုင်နိုင်မို့ မွှေးကြိုင်နေသည်။ မုန့်ဖတ်ပြင်နေသူများ၊ ရှောက်သီးစိတ်နေသူများက တယောက်တခွန်း ဟင်းနံ့မွှေးကြောင်း ပြောနေသည်။
ကဲ-လာ၊ ဟင်း မြည်ကြည့်ပါဦး-ဟု ကြီးကြီးမြက ဖိတ်ခေါ်လိုက်သည်။ နီးရာလူများက သွားမြည်းကြသည်။
ဟာ-ကောင်းလိုက်တာ ကြီးကြီးမြရာ၊ ဒါကြောင့် ကြီးကြီးမြ နာမည်ကြီးတာပဲ-ဟု တယောက်တခွန်း ချီးမွမ်းလိုက်ကြသည်။ ဒေါ်တုတ်နာမည်က ပေါ်ထွက်မလာ။

ဒေါ်တုတ်သည် မသိမသာ မျက်နှာပျက်သွားသည်။ သို့သော် ဟန်မပျက်နေလိုက်သည်။ စိတ်ဆိုးဝင်လာပြီ။ မိမိမူလက ကုသိုလ်ရယူလို၍ ကုသိုလ်အလုပ်ကို လုပ်ခဲ့သည်မှန်သော်လည်း မိမိအမည် မထင်ပေါ်သည့်အတွက် အကုသိုလ်စိတ် ၀င်လာသည်။ ငါ နာမည်မရသလို ဒင်းလဲ နာမည်ပျက်စေရမယ်-ဟူသော မနောကံအကုသိုလ် စိတ်ကို မွေးလိုက်သည်။

မနောကံအပြစ်မှ ကာယကံ အပြစ်ကို ဖြစ်မြောက်အောင် လုပ်လိုက်တော့သည်။ ချက်ပြုတ်ရေးကိစ္စပြီး၍ ရေချိုးသူ၊ အ၀တ်လဲသူနှင့် ဟင်းအိုးနားတွင် လူလစ်သည်နှင့် တပြိုင်နက် ဒေါ်တုတ်သည် ဆားလက်တဆုပ်ကို နှိုက်ကာ မုန့်ဟင်းရည်အိုးထဲသို့ ပစ်ထည့်လိုက်တော့သည်။

လူတွေစုံပြီ၊ ကျွေးမွေးဖို့ အချိန်ရောက်နေပြီ၊ မုန့်ပန်းကန်ထဲသို့ ဟင်းရည်ထည့်လိုက်ပြီ၊ စားလိုက်ကြပြီ-
အမလေး ငန်လိုက်တာ။
ဘယ်လိုဖြစ်တာပါလိမ့်၊ ခုနက သိပ်ကောင်းတာ
အားလုံးထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ ရေနွေးရော၊ ရေနွေးရော-ဟု ၀ိုင်း၍ပြုပြင်လိုက်ကြသည်။ စား၍တော့ ဖြစ်သွားသည်။ မုန့်ရည်တွေ ကျဲ၍ မျက်နှာပန်း မလှ၊ ကြီးကြီးမြခမျာ စိတ်မကောင်း ဖြစ်သွားရှာသည်။

မကြာပါချေ၊ ရွာတောင်ပိုင်းမှာ အလှူကြီး ဖြစ်ပြန်ပြီ။ ကြီးကြီးမြက အဖြစ်မှန်မသိရှာ။ လက်တွဲမပျက် ဒေါ်တုတ်ကို ခေါ်သည်။ ဒီတခါ အုန်းနို့ခေါက်ဆွဲ ချက်သည်။ ကောင်းလှချည်ရဲ့ဆိုသည့်ကြားမှ အငန်တူး၍ ရေနွေးရောရ ပြန်သည်။

ဒီလို သုံးလေးကြိမ်မက ဖြစ်လာတော့ ရွာသားတွေ သံသယ၀င်လာသည်။ လက်သည်ကို ရှာသည်။ စောင့်ဖမ်းသည်။ တွေ့ပါပြီ၊ ဆားလက်တဆုပ်နှင့် ဒေါ်တုတ်။ ဟင်းအိုးထဲ ဆားထည့်မည့်ဆဲဆဲ လက်ဆုပ်လက်ကိုင်နှင့် မိပါပြီ။ ရှက်စရာကောင်းလှသည့် အဖြစ်မျိုး ဒေါ်တုတ် လောလောလတ်လတ် ကြုံရပြီ။ ကုသိုလ်ခြေလှမ်းမှ အကုသိုလ် ခြေချော်ခဲ့ချေပြီ။ တသက်လုံး နာမည်ပျက်သွားသည်။ မျက်နှာမဖော်နိုင်တော့ပြီ။
ကြီးတော် ဒေါ်တုတ် ကွယ်လွန်သည်မှာ ကြာပေပြီ။ ဤအဖြစ်အပျက်ကိုမူ ခုထိ ကျွန်မမမေ့၊ အကုသိုလ်ရှောင်၊ ကုသိုလ်ပွား၍ နှလုံးသာဖြူစင်ရမည့်အစား ကုသိုလ်စိတ်မှ အကုသိုလ်စိတ်သို့ ပြောင်းကာ စိတ်ယုတ်စိတ်ဆိုး မွေးမိသည့် ဒေါ်တုတ်။ လောကမှာ မျက်နှာမရသလို သံသရာမှာလည်း ခက်ချေတော့မည်။

မဟာစည်ရိပ်သာကြီးမှ သြ၀ါဒါစရိယ ဆရာတော်ကြီး ဦးသံဝရ-၏
ရခဲတာကို ရအောင်လုပ်မည်၊
ခြေမချော်ရန်၊ လမ်းမှန်လျှောက်မည်၊
ဒါနနဲ့ အရင်းတည်၊ နိဗ္ဗာန်ရောက်အောင် သွားရမည်-ဟူသော
တရားဆောင်ပုဒ်ကို ရွတ်မိတိုင်း ခြေချော်သွားသော ဒေါ်တုတ်ကို သတိရလိုက်မိပါသည်။

ကျွန်မတို့အားလုံး ဒေါ်တုတ်လို မဖြစ်ရန် အတ္တစွဲ မသန်ကြဖို့ ကြိုးစားကြရပါမည်။

( အေးမမ )

No comments: