Wednesday, January 20, 2010

ဝိပဿနာ ဘာဝနာ

ဗုဒ္ဓတရားတော်ကို လေ့လာပါက အနှစ်ချုပ်အားဖြင့် ဒါန၊ သီလ၊ ဘာဝနာ တည်းဟူသော ကောင်းမှုကြီးသုံးရပ်ကို ကျင့်ကြံပွားများ အားထုတ်ရန် ဦးတည်ထားသည်ကို သိမြင်နိုင်ပေသည်။ ဤနေရာ၌ စာရှုသူအများ သိရှိထားသည့်အတိုင်းပင် ဒါန-ဟူသည် စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း ဖြစ်သည်။
သီလ-ဟူသည် ကိုယ်ကျင့်တရားကို ကောင်းစွာစောင့်ထိန်းမှု ဖြစ်သည်။
ဘာဝနာ-ဟူသည် စိတ်ဖြင့်ရှုမှတ်ပွားများ အားထုတ်မှု ဖြစ်သည်။
တနည်းအားဖြင့်-စိတ်လေ့ကျင့်ရေး အလုပ်ဖြစ်သည်။

ဘာဝနာတွင် နှစ်မျိုးရှိသည်။ တမျိုးသည် စိတ်ကိုမပျံ့လွင့်အောင် စောင့်ထိန်းကာ သမာဓိကို ပြုစုပျိုးထောင် ရသော သမထဘာဝနာ ဖြစ်သည်။ ကျန်တမျိုးမှာ တည်ငြိမ်သောစိတ်ဖြင့် ရုပ်နာမ်နှစ်ပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု ရှုမှတ်ဆင်ခြင်ခြင်း ဖြစ်သည်။

ဗုဒ္ဓတရားတော်အရ လေးစားလိုက်နာကျင့်သုံးသော ဒါနမှု၊ သီလမှု၊ သမထဘာဝနာမှုတို့ကို အခြားအခြားသော ဘာသာတို့ကလည်း သူ့နည်းသူ့ဟန်ဖြင့် လေးစားလိုက်နာကျင့်သုံးကြသည်ကို တွေ့ရသည်။
ဥပမာအားဖြင့်-ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ်ဇနီးမောင်နှံကို ရှုပါ။ ဒါနမှုကို ပြုကြသည်မှာ အံ့ချီးဖွယ်ဖြစ်သည်။ သူတို့ဇနီးမောင်နှံသည် အာဖရိကတိုက်နှင့် အိန္ဒိယရှိ ရောဂါဆိုးကြီးများ ခံစားနေရသော ကလေးငယ်များ အသက်ချမ်းသာရာရစေရန် ကြီးစွာသော ဒါနမှုကို ပြုခဲ့သည်။ ၁၉၉၄-ခုနှစ်မှစ၍ ဒါနမှုများပြုခဲ့ရာ ယခုအခါ ဒေါ်လာ ၂၅.၆ ဘီလျံ လှူဒါန်းပြီး ဖြစ်နေပြီ။ ဒေါ်လာတစ်ဘီလျံလျှင် ဒေါ်လာသန်းတထောင် ရှိရာ လှူဒါန်းငွေ မည်မျှများပြားသည်ကို ခန့်မှန်းသိသာနိုင်ပေသည်။

သီလမှုနှင့် ပတ်သက်၍ နိုင်ငံအချို့တွင် ခရီးသည်များ မီးရထား ဘတ်စ်ကား စသည်တို့ စီးနင်းသွားရာမှ မေ့ကျန်ခဲ့သောပစ္စည်းများ မည်မျှအဖိုးတန်သည်ဖြစ်စေ၊ လူများစုသည် မယူကြ။ ပိုင်ရှင်များလက်သို့ ရိုးသားဖြောင့်မတ်စွာဖြင့် ပြန်ပေးကြသည်။ ထိုသို့ ပေးအပ်နိုင်ရန်လည်း သက်ဆိုင်ရာတို့က မေ့ကျန်ပစ္စည်း အပ်နှံရေး ပြန်ပေးရေးဌာနများကို မီးရထားဘူတာရုံစသည်တို့တွင် တသီးတခြား စနစ်တကျ ဖွင့်လှစ်ထားကြ သည်။

သမထ ဘာဝနာ အားထုတ်မှုဘက်တွင်လည်း ဟိန္ဒူယောဂီများသည် ထင်ရှားကြသည်။ ဟိမ၀န္တာတောင်ခြေ၊ ဂင်္ဂါမြစ်ကမ်းဘေး စသည့်နေရာများတွင် ဟိန္ဒူယောဂီများ သမထဘာဝနာ အံ့ချီးဖွယ်အားထုတ်နေကြသည်ကို ကျွန်ုပ်တို့ မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသည်။

သို့ရာတွင် အခြားဘာသာဝင်တို့ ကျင့်ကြံပွားများအားထုတ်ခြင်း မပြုသည်ကား ၀ိပဿနာ ဘာဝနာပင်ဖြစ်သည်။ ၀ိပဿနာဘာဝနာသည် ထေရ၀ါဒဗုဒ္ဓသာသနာ၏ တရားထူး တရားမြတ်ဖြစ်သည်။ သာသနာရေး ၀န်ကြီးဌာနက ထုတ်ဝေသော ဗုဒ္ဓဘာသာရေးတရားတော် (အထက်တန်းအဆင့်) စာအုပ်၌ လောကတွင် ပုဂ္ဂိုလ်သတ္တ၀ါ အရာဝတ္ထုဟူ၍ မရှိ၊ ရုပ်နှင့်နာမ် သဘာဝသာရှိသည်။ ယင်းရုပ်နာမ်တရားတို့ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ စသည်ဖြင့် ထူးထူးခြားခြား ရှုမြင်တတ်သော ဉာဏ်ပညာကို ၀ိပဿနာဟု ခေါ်၏။

ဝိပဿနာ ဉာဏ်အမြင်မရှိသော ပုဂ္ဂိုလ်တို့ကား ရုပ်နှင့်နာမ် ပေါင်းစပ်နေသော သတ္တ၀ါများကို လူနတ်ဗြဟ္မာ ယောက်ျား မိန်းမ စသည်ဖြင့်ဖြစ်စေ၊ ရုပ်ကလာပ် အပေါင်းအစုဖြစ်သော အရာဝတ္ထုတို့ကိုလည်း အိမ်၊ ကျောင်း၊ ဇရပ်၊ သစ်ပင်၊ တောတောင် စသည်ဖြင့် ဖြစ်စေ ထင်မြင်တတ်ကြသည်။ ထိုအရာတို့ကို မြဲ၏၊ (နိစ္စ)၊ ချမ်းသာ၏ (သုခ)၊ ကိုယ်ပိုင်ဖြစ်၏ (အတ္တ)၊ ကောင်း၏ (သုဘ) ဟုလည်း ထင်မြင်တတ်ကြသည်။

ဤအမြင်များကား အန္ဓပုထုဇဉ်တို့ ထင်မြင်လေ့ရှိသော သာမန်အမြင်များ ဖြစ်၏။ ၀ိပဿနာဉာဏ်ကား ထိုသာမန်အမြင်ထက် ထူးခြားထွင်းဖောက်ပြီး သတ္တ၀ါနှင့် အရာဝတ္ထုတို့သည် ရုပ်နာမ်သဘာဝသာ ဖြစ်၏။ အမြဲမရှိ(အနိစ္စ)၊ ဆင်းရဲခြင်း (ဒုက္ခ)၊ အစိုးမရခြင်း (အနတ္တ)၊ မတင့်တယ် (အသုဘ)၊ ဟု နက်နက်နဲနဲ သိမြင်လာသည်။ ထိုသိမြင်နိုင်သော ဉာဏ်ပညာကိုပင် ၀ိပဿနာဟု ခေါ်ဆိုခြင်းဖြစ်သည်-ဟူ၍ ဖွင့်ဆိုထားသည်။

ဝိပဿနာ ဘာဝနာကား ထေရ၀ါဒ ဗုဒ္ဓဘာသာတွင်သာ ရှိသည်။ မည်သည့်ဘာသာတွင်မျှ မရှိသော မည်သည့်ဘာသာဝင်တို့မျှ ကျင့်ကြံအားထုတ်မှု မပြုသောတရား ဖြစ်သည်။ ဗုဒ္ဓဘုရားရှင်သည် ဒါနမှုကိုလည်း အားပေးသည်။ သီလမှုကိုလည်း အားပေးသည်။ သမထဘာဝနာ ပွားများမှုကိုလည်း အားပေးသည်။ သို့ရာတွင် ထိုမျှဖြင့် မတင်းတိမ်၊ မရပ်တန့်စေဘဲ၊ ၀ိပဿနာပွားများမှုကို ရှေ့တိုးဆောင်ရွက်စေသည်။ သို့မှသာ ဗုဒ္ဓဘုရားရှင်၏ အဓိကရည်မှန်းချက်ဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပေမည်။

အကယ်၍ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်သေးလျှင်လည်း ၀ိပဿနာပွါးများခြင်းဖြင့် အပါယ်တံခါး ပိတ်ကာ ကောင်းရာသုဂတိသို့ လားနိုင်ပေသည်။ ဤဘ၀တွင်လည်း ၀ိပဿနာဘာဝနာ ပွားများအားထုတ်သူသည် စိတ်ကြည်လင်ခြင်း၊ စိတ်ဓာတ်ကြံ့ခိုင်ခြင်း၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိခြင်း၊ အနာရောဂါကင်း၍ အသက်ရှည်ခြင်း၊ အမြင့်ဆုံးသောကုသိုလ်တရားကို ရရှိနိုင်ခြင်းစသော ကောင်းကျိုးထူးကို ခံစားရမည် ဖြစ်ကြောင်း ဗုဒ္ဓဘုရားရှင်က ဟောကြားတော်မှုထားသည်။

စင်စစ် ဒါနမှု၊ သီလမှု၊ သမထဘာဝနာမှုတို့သည် သာသနာထွန်းကားချိန်တွင်သာမက သာသနာပအခါ၌လည်း ထွန်းကားနိုင်သည်။ ၀ိပဿနာဘာဝနာမှုကား သာသနာပအချိန်၌ မထွန်းကားနိုင်၊ သာသနာတွင်း၌သာ ထွန်းကားသော တရားမြတ်ဖြစ်သည်။ အလွန်ရှားပါး၍ တန်ဖိုးထိုက်မဆုံး ဖြစ်ပေသည်။
ထို့ကြောင့် ကျွန်ူပ်တို့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များသည် ဒါနမှုကိုလည်း ပြုကြရပါမည်။ သီလမှုကိုလည်း ပြုကြရပါမည်။ သမထဘာဝနာမှုကိုလည်း ပြုကြရပါမည်။ ထို့ပြင် ထိုမျှဖြင့် တင်းတိမ်ရောင့်ရဲမနေဘဲ သာသနာတွင်း၌သာ ထွန်းကားသော မြတ်လှသော အဖိုးထိုက်လှသော ရှားပါးလှသော ၀ိပဿနာဘာဝနာကိုလည်း ရှေ့တိုးကျင့်ကြံပွားများ အားထုတ်သင့်ကြောင်း တင်ပြအပ်ပါသည်။

No comments: