Thursday, January 14, 2010

သရဏဂုံ ညစ်ညူးကြောင်းတရား

ဒီကနေ့ ဘုန်းကြီးတို့ ပရိသတ်များအား သရဏဂုံညစ်ညူးကြောင်းတရားကို တခန်းတကဏ္ဍအနေနဲ့ အသိပေး ဟောပါမယ်။ သရဏဂုံရဲ့ ဥပက္ကိလေသ၊ ဘုန်းကြီးတို့ ပရိသတ် မှတ်မိပါစေ၊ သရဏဂုံညစ်ညူးကြောင်း အဲဒါကိုပဲ သရဏဂုံ၏ ဥပက္ကိလေသလို့ ကျမ်းဂန်များက သုံးပါတယ်။

သရဏဂုံဆိုတာကိုတော့ တိုတိုထုတ်ပြီး လိုရင်းနားလည်ထားပါ။
သရဏ-ဆိုတာ အားကိုးရာ ၃-ပါး။ ဘုရားရယ် တရားရယ် သံဃာရယ် ဤသုံးခုသည် အားကိုးရာ ၃-ပါးပဲ။ အဲဒါကို သရဏ-လို့ခေါ်တယ်။

ဂမန-ဆိုတာက ဘာလဲ။ အားကိုးရာ သုံးပါးကို အားကိုးတယ်။ ဆည်းကပ်တယ် ဆိုတာကို ဂမန-လို့ခေါ်တယ်။
ဒီစာနှစ်ခုပေါင်းစပ်တော့ သရဏ+ဂမန=သရဏဂုံ လို့ ဒီလိုပြောတယ်။
အဓိပ္ပါယ်ကတော့-အားကိုးရာ ၃-မျိုးကို အားကိုးခြင်း၊ ဆည်းကပ်ခြင်း လုပ်ငန်းကို လုပ်ကိုင်ကြတာပါပဲလို့ ဒီလို အဓိပ္ပါယ်ရပါတယ်။

မိမိတို့ ကိုးကွယ်သိမှတ်၊ ဆည်းကပ်အားကိုးကြတဲ့ ရတနာ ၃-ပါးရဲ့အပေါ်မှာ ဘုန်းကြီးတို့ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ဘာကိုမြော်မြင်လို့ အားကိုးလိုကြသလဲ။ ဘာလိုလားလို့ အားကိုးကြသလဲဆိုရင် သရဏဂုံရဲ့ သတ္တိများကို ဘုန်းကြီးတို့ပရိသတ် သိရှိနားလည်ထားဖို့ လိုအပ်ပါတယ်။

ဘုရား အားကိုးတယ်၊ တရား သံဃာ အားကိုးတယ်၊ ဘာကြောင့်အားကိုးတယ်။ သတ္တိရှိလို့ အားကိုးတယ်။ သတ္တိက ဘုရား၊ တရား၊ သံဃာ ဟုဆိုအပ်သော ရတနာသုံးပါးအပေါင်းသည် ယုံကြည် သိမှတ် ဆည်းကပ်ကြ ကုန်သော ဗုဒ္ဓဘာသာ သူတော်စင်တို့အတွက်-
ဘယံ-ဘေးဒုက္ခအပေါင်းမှသော်၎င်း၊ (၀ါ) ကြောက်ဖွယ်အတိ ဘေးမှန်သမျှကို၎င်း။
ပူလောင်မှု၊ ကိုယ်၏ပူလောင်ခြင်း၊ စိတ်၏ပူလောင်ခြင်း၊ အထူးသဖြင့်-စေတသိကဒုက္ခဟု ဆိုအပ်သော စိတ်ထဲမှ ပူပန် ပူလောင်ခြင်း မှန်သမျှကို၎င်း။
ဒုက္ခံ-ကိုယ်စိတ်နှစ်ပါး ဆင်းရဲပင်ပန်းမှု မှန်သမျှကို၎င်း။ မကောင်းသော ဂတိ၊ မကောင်းသော ဘ၀၊ မကောင်းသော အလုပ်ဟုဆိုအပ်သော ဒုဂ္ဂတိကို၎င်း။ ကိုယ်စိတ်နှစ်ပါးရဲ့ ညစ်နွမ်းမှုဆိုတဲ့ တရားတို့ကို၎င်း၊ ပယ်ဖျောက်တတ်ပါပေ၏။ ထို့ကြောင့် ဘုရား တရား သံဃာ ရတန ၃-ပါးအပေါင်းသည် တိသရဏံ=သရဏ မည်ပါပေ၏။

ငါတို့ ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်တဲ့ ဘုရား တရား သံဃာ ရတနာသုံးပါးသည် ဘာသတ္တိရှိတုံး။ ကြောက်မက်ဖွယ် ဘေးမှန်သမျှကို ပယ်ဖျောက်နိုင်တယ်။
ပူလောင်မှုမှန်သမျှကို ပယ်ဖျောက်နိုင်တယ်။
ဆင်းရဲမှုမှန်သမျှကို ပယ်ဖျောက်နိုင်တယ်။
မကောင်းသော ဘ၀၊ မကောင်းသော ဂတိမျိုးတွေကို ပယ်ဖျောက်နိုင်တယ်။
စိတ်ညစ်နွမ်းမှု မှန်သမျှတို့ကို ပယ်ဖျောက်နိုင်တယ်။
ဒီရတနာ ၃-မျိုးက ၅-မျိုးကို ပယ်ဖျောက်နိုင်တယ်။

ဘုရား တရား သံဃာ ရတနာ ၃-ပါးကို ဘာလိုလားလို့ ဆည်းကပ်ကြသလဲဆိုရင် ဤသတ္တိ ၅-မျိုးကို လိုချင်လို့ ဆည်းကပ်ကြတယ်။ တနည်းဆိုရင်တော့-ဒီသတ္တိ ၅-မျိုးပင်လျှင် အကျိုး ၅-ပါး ဖြစ်တယ်။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ-ဆိုတာ သရဏဂုံဆောက်တည်တာ ဖြစ်တယ်။ အဲဒီ သရဏဂုံ ဆောက်တည်ရင် သရဏဂုံကို မြဲရင် တို့ဘာအကျိုးရှိပါသလဲ ဆိုရင် အထက်ပါအကျိုး ၅-မျိုးရနိုင်တယ်။

ဘုရား တရား သံဃာကို ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ-ဆိုပြီး သရဏဂုံဆောက်တည်နေကြတာဟာ ငါတို့မှာ ကြောက်စရာဘေး ကြုံလာလို့ရှိရင် ကြောက်ဖွယ်မရှိ၊ ဘေးရန်မှန်သမျှမှ လွတ်မြောက်နိုင်လို့ပဲ။ ကိုယ်စိတ်နှစ်ပါး ဆင်းရဲလာလို့ရှိရင် ဆင်းရဲမှုမှ လွတ်မြောက်ပြီးတော့ ကိုယ်စိတ်နှစ်ပါး ချမ်းသာမှုကို ရောက်တယ်။ စိတ်မှာ ပူပန်လာတဲ့အခါကျရင် ဒီစိတ် အေးချမ်းတယ်။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အပါယ် ၄-ပါး၊ မကောင်းသော ဂတိ၊ မကောင်းသော ဘ၀တို့မှ လွတ်မြောက် နိုင်တယ်။

သရဏဂုံ ၃-ပါးကို ထပ်တလဲလဲ ရွတ်ဆိုနေမယ်ဆိုရင် စိတ်ရဲ့ညစ်ညူးမှု မှန်သမျှ ပြေပြီး စိတ်ဖြူစင်သွားတယ်။ အကျိုး ၅-ပါး၊ တနည်း-သတ္တိ ၅-ပါး ရှိတယ်။ သတ္တိ ၅-ပါးနဲ့ အကျိုး ၅-ပါးဆိုတာ ဒီနေရာ အတူတူဖြစ်သွားပြီ။

သရဏဂုံရဲ့ သတ္တိ၊ သရဏဂုံရဲ့အကျိုးကို ဗုဒ္ဓဘာသာဖြစ်ရတဲ့ ဘ၀မှာ ကိုယ်ကိုးကွယ်တဲ့ သရဏဂုံ ၃-ပါးကို ဒီလိုနားလည်ပါ။ ဒီလိုပြောလိုက်တော့ ပရိသတ်က ထင်သွားလိမ့်မယ်။ ဪ-ဒီ ၅-မျိုးကို ဘုရားကပဲ ပေးတာ၊ တရားကပဲ ပေးတာ၊ သံဃာကပဲ ပေးတာ။ ဒီနေရာမှာ တဆင့်တက်ပြီး ဘုန်းကြီးက ဘာပြောမလဲဆိုတော့ သရဏဂုံ ဆောက်တည်တာက ဘာလဲလို့ဆိုရင် တရားကိုယ်က သဒ္ဓါအရင်းခံတဲ့ သမ္မာဒိဋ္ဌိပါပဲတဲ့။ ဘေးကိုပယ်တယ်၊ ဒုက္ခကိုပယ်တယ်။ ဒုဂ္ဂတိကိုပယ်တယ်။ ဘယ်သူက ပယ်သလဲဆိုတော့ သဒ္ဓါအရင်းခံတဲ့ ဒီသမ္မာဒိဋ္ဌိဉာဏ်က ပယ်တာလို့ မှတ်လိုက်ပါ။

သဒ္ဓါအရင်းခံတဲ့ သမ္မာဒိဋ္ဌိဉာဏ်က မကောင်းကျိုး ၅-မျိုးကို ပယ်တယ်။ သဒ္ဓါ အရင်းခံတဲ့ သမ္မာဒိဋ္ဌိဉာဏ်က ဘယ်မှာဖြစ်သတုံးဆိုရင် ဘုရား တရား သံဃာ ကိုးကွယ်သူတို့၏ နှလုံးသားမှာဖြစ်တာ။

ဒီကနေ့ ဘုန်းကြီးတို့ ဒကာ ဒကာမအပေါင်း သူတော်ကောင်းတို့၊ ဘုရား တရား သံဃာကို ကိုးကွယ်ကြတယ်။ ဘုရား တရား သံဃာကို ကြည်ညိုတဲ့သဒ္ဓါကို အရင်းခံလိုက်တော့ ဘုရား တရား သံဃာသည် တကယ်အားကိုးရာ အစစ်ဆိုပြီးတော့ မှန်ကန်သောအယူဆိုတဲ့ သမ္မာဒိဋ္ဌိကို ရလာတယ်။ သဒ္ဓါနဲ့ သမ္မာဒိဋ္ဌိက ဘုန်းကြီးတို့ ပရိသတ်တို့ရဲ့ နှလုံးသားထဲမှာ တကယ်ရောက်လာတာ။ ဒီနှလုံးသားထဲမှာ စာလိုပြောရရင် အဇ္ဈတ္တမှာ တကယ်ရောက်လာတဲ့ ဒီသဒ္ဓါအရင်းခံတဲ့ သမ္မာဒိဋ္ဌိဉာဏ်က ဒီသဒ္ဓါနဲ့ သမ္မာဒိဋ္ဌိ ရှိသူတို့ရဲ့ ဘေးကို တားဆီး ပေးတာ။ စိတ်ပူလောင်မှုကို ငြိမ်းချမ်းစေတာ။ ဒုက္ခကို ပယ်ဖျောက်ပေးတာ။ ဒုဂ္ဂတိမှ လွတ်မြောက်စေတာ။ ကိလေသာမှ ဖြူစင်စေတာ။ ဘယ်သူကလဲဆိုတော့ အဇ္ဈတ္တကိုယ်တွင်း စိတ်တွင်းမှာရှိနေတဲ့ နှလုံးသားထဲမှာ ကိန်းနေတဲ့ သဒ္ဓါအရင်းခံတဲ့ သမ္မာဒိဋ္ဌိဉာဏ်ရဲ့ သတ္တိလို့ ဒီလိုမှတ်လိုက်ပါ။

ဒီတော့ တို့အားကိုးရမှာက သာမန်ပြောတော့ ဘုရား တရား သံဃာ ရတနာ ၃-ပါး။ ဒီလိုပြောလိုက်တယ်။ တကယ်အားကိုးရာ အစစ်ဆိုတာ သဒ္ဓါအရင်းခံတဲ့ သမ္မာဒိဋ္ဌိဉာဏ်က ဘယ်မှာရှိသလဲ။ မိမိတို့ရဲ့ အဇ္ဈတ္တမှာ ရှိနေကြတာ။
ဘိက္ခဝေ-ရဟန်းတော်များ အိုချစ်သားတို့။ မိမိတို့ကိုယ်သာလျှင် ကိုးကွယ်ရာရှိကြကုန်သည်ဖြစ်၍ မိမိကိုယ်ကိုသာလျှင် မှီခိုရာရှိကြကုန်သည်ဖြစ်၍ နေကြကုန်လော့-ဘုရားက ဒီလိုမိန့်ကြား ဟောထားခဲ့တယ်။ ကိုယ့်ကိုယ်ကို အားကိုး၊ ကိုယ့်ရဲ့အဇ္ဈတ္တ နှလုံးသားမှာ သဒ္ဓါအရင်းခံတဲ့ သမ္မာဒိဋ္ဌိဉာဏ် ရအောင်ယူ။ ဒီသဒ္ဓါအရင်းခံတဲ့ သမ္မာဒိဋ္ဌိဉာဏ်ရရင် အားကိုးရာ ပြည့်စုံသွားပြီ။

သဒ္ဓါအရင်းခံတဲ့ သမ္မာဒိဋ္ဌိဉာဏ်က ဘာကြောင့်ရတာလဲ။ အကြောင်းရှာလိုက်ဦး။ အကြောင်းရှာလိုက်တော့ ထို ဘုရား တရား သံဃာ ရတနာ ၃-ပါးကိုသာလျှင် အာရုံပြုမိသည်ဖြစ်၍ ဘုရား တရား သံဃာကို အာရုံပြုမိ လိုက်တော့ သဒ္ဓါနဲ့ သမ္မာဒိဋ္ဌိ မရဘူးလား။ ရပါတယ်။ အဲဒီတော့ ဘုရား တရား သံဃာ ရတနာ ၃-ပါးကို ကောင်းစွာ အာရုံယူမိကြတဲ့ ဒကာ ဒကာမအပေါင်းတို့ရဲ့ သန္တာန်မှာ ဘုရား တရား သံဃာကို ယုံကြည်တဲ့ သဒ္ဓါရယ်။ ဘုရား တရား သံဃာသည် ရတနာအစစ်ရယ်လို့ မှန်ကန်တဲ့အယူရယ်။ သဒ္ဓါနဲ့ သမ္မာဒိဋ္ဌိသည် လူ့နှလုံးသားမှာ ဖြစ်ပေါ်လာတယ်။

သဒ္ဓါနဲ့ သမ္မာဒိဋ္ဌိ ဘာကြောင့်ဖြစ်၊ ဘုရား အာရုံပြုလို့ဖြစ်ရတယ်။ တရားအာရုံပြုလို့ ဖြစ်ရတယ်၊ သံဃာ အာရုံပြုလို့ ဖြစ်ရတယ်၊ ဘုရား တရား သံဃာ ရတနာ ၃-ပါးသည် အာရမ္မဏပစ္စည်း။ အာရုံဖြစ်ခြင်း အကြောင်းတရား။ တို့ ဒကာ ဒကာမိတို့ရဲ့ နှလုံးသားထဲက သဒ္ဓါအရင်းခံတဲ့ သမ္မာဒိဋ္ဌိရယ်၊ ထိုအာရမ္မဏပစ္စည်းရဲ့ ပစ္စယုပ္ပန် အကျိုးတရားရယ်၊ နောက်တဆင့်တက်လိုက် သဒ္ဓါအရင်းခံတဲ့ သမ္မာဒိဋ္ဌိဉာဏ်က အကြောင်းရယ် အဲဒီလို အကြောင်းတွေကြောင့် ဘယ၊ ဒုက္ခ၊ ဒုဂ္ဂတိ၊ ပရိကိလေသ တို့မှ လွတ်မြောက်သွားတယ်။ ဒီလိုလွတ်မြောက်တာ အကျိုးလို့ ဒီလိုဆက်ပြီးတော့ ယူရမယ်။ ဒီတော့ ပရိသတ်များ ၃-ခု ဆက်ရမယ်။ ရတနာ ၃-ပါးသည် အကြောင်းပစ္စည်း၊ သဒ္ဓါအရင်းခံတဲ့ သမ္မာဒိဋ္ဌိဉာဏ် အကျိုးပစ္စည်း၊ ရတနာ ၃-ပါးကို အာရုံပြုမှ သဒ္ဓါဖြစ်တာ၊ သမ္မာဒိဋ္ဌိဖြစ်တာ၊ သဒ္ဓါနဲ့ သမ္မာဒိဋ္ဌိ ကိုယ်မှာရှိနေရင် ဘေးမဖြစ်ဘူး၊ ဒုက္ခမဖြစ်ဘူး၊ ပူလောင်မှု မဖြစ်ဘူး၊ ဆင်းရဲမှု မဖြစ်ဘူး၊ ဒုဂ္ဂတိသို့ မရောက်ဘူး၊ စိတ်ညစ်မှု ဘယ်တော့မှ မဖြစ်ဘူးတဲ့။ ဒါကြောင့် ဘုရား တရား သံဃာ ရတနာ ၃-ပါးက အထက်ပါအကျိုး ၅-မျိုးကို တိုက်ရိုက်ကြီး ပယ်ပစ်တာ မဟုတ်ဘူး။ ဘုရား တရား သံဃာ ရတနာ ၃-ပါးကို အာရုံပြုလို့ရလာတဲ့ သဒ္ဓါနဲ့ သမ္မာဒိဋ္ဌိဉာဏ်က ခုနက မကောင်းတဲ့ ၅-ပါးကို ပယ်တာ။

အဲဒါကြောင့် ဘုရားအားကိုးတယ်ဆိုပေမဲ့ ဘုရားကို အာရုံပြုပြီးတော့ သဒ္ဓါနဲ့ သမ္မာဒိဋ္ဌိ တကယ်ရမှသာ အားကိုးရာရောက်တယ်။ ဘုရားကို အာရုံပြုပေမဲ့ သဒ္ဓါလဲမဖြစ်၊ သမ္မာဒိဋ္ဌိလဲ မဖြစ်ရင် အားကိုးမှုသည် မပြည့်စုံဘူး။ သရဏဂုံ မပြည့်စုံဘူး။
တရားကို ဘယ်လိုပဲ အာရုံပြုနေနေ သဒ္ဓါမရောက်ရင် တရားအားကိုးရာ မရောက်ဘူး။ တရားတော်အပေါ်မှာ မှန်ကန်တဲ့ အယူအဆနဲ့ အသိပညာ ဖြစ်မလာရင် တရားအားကိုးရာ မရောက်ဘူး။
သံဃံ သရဏံ ဂစ္ဆာမိ-လို့ ဆိုနေပေမဲ့ သံဃာကို မကြည်ညိုရင် သံဃံ သရဏံ ဂစ္ဆာမိ ဖြစ်မလာဘူး။ ဘုရား တရား သံဃာကို မယုံရင် ဘုရား တရား သံဃာသည် အားကိုးရာအမှန်လို့ ယူဆမှု မရှိရင် သဒ္ဓါအရင်းခံတဲ့ သမ္မာဒိဋ္ဌိ မရနိုင်ကြဘူး။ သဒ္ဓါအရင်းခံတဲ့ သမ္မာဒိဋ္ဌိဉာဏ်သာ မရကြရင် ခုတင်က ၅-မျိုးကို ပယ်ဖျောက်ခြင်း ဆိုတာကော ဖြစ်ပါဦးမလား။ မဖြစ်နိုင်တော့ပါဘူး။ ဒီလိုအကြောင်းဆက် အကျိုးဆက်တွေ ရှိတယ်။ အားကိုးရာအမှန်ဆိုတာ ဒီသဒ္ဓါနဲ့ ဒီသမ္မာဒိဋ္ဌိဉာဏ်ကို အားကိုးကြ၊ ရတနာ ၃-ပါးနဲ့ ပတ်သက်လာရင် ဒီသဒ္ဓါနဲ့ သမ္မာဒိဋ္ဌိဉာဏ်ကို အားကိုးကြပါ။
( ရှေ့လဆက်ရန်)

(သီတဂူဆရာတော်)

1 comment:

kokomaung.uk said...

သရဏဂုံညစ်ညူးကြောင်းတရား ဆက်လက်ဖော်ပြပေးဦးမှာလား မသိဘူး။ မဆုံးသေးသလိုဘဲ။ ဆက်ရန်လို့ မရေးထားလို့။
ပြီးတော့..
ပထမအပိုဒ်မှာ ဥရဏဂုံလို့ ရေးထားသလားလို့။

ပျော်ရွှင်ကြည်နူး အေးချမ်းမှုအပြည့်ရရှိနိုင်ပါစေ။