Sunday, January 24, 2010

မိမစစ် ဖမစစ်

မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံကြီးကို ရှေးခေတ်တုန်းက မင်းအသီးသီးတို့ ထီးပြိုင်နန်းပြိုင် အုပ်စိုးခဲ့ကြသဖြင့် အချုပ်အခြာ အာဏာပိုင် တိုင်းပြည် တဆဲ့ခြောက်ပြည် ရှိခဲ့၏။ ထိုတိုင်းပြည်များကို သာသနာဝင် ကျမ်းများ၌ တိုင်းကြီး သောဠသ-ဟူ၍ ဖော်ပြထား၏။

တိုင်းကြီးသောဠသတွင် အပါအ၀င်ဖြစ်သော ဒက္ခိဏာပထတိုင်းသည် ကျယ်ဝန်းသော တိုင်းတခုဖြစ်၏။ ဒက္ခိဏာပထဆိုသည့်အတိုင်း မဇ္ဈိမဒေသ၏ တောင်ဘက်တွင် တည်ရှိကာ အနောက်ဘက်တွင် အာရေဗျပင်လယ်အထိ ရောက်၍အရှေ့ဘက်တွင်လည်း အိန္ဒိယသမုဒ္ဒရာအထိ ကျယ်ပြန့်၏။

သို့ဖြစ်၍ အရှေ့ဘက်ပိုင်းက ဒက္ခိဏာပထတိုင်းသားတို့သည် အိန္ဒိယသမုဒ္ဒရာ၌ သင်္ဘောရွက်လွင့်ကာ သုဝဏ္ဏဒီပခေါ် အရှေ့တောင်အာရှကမ်းခြေနိုင်ငံများနှင့် ကုန်သွယ်လေ့ရှိကြ၏။
တခါသော် ဒက္ခိဏာပထတိုင်းသား ကုန်သည်များသည် သုဝဏ္ဏဒီပမှ ကြက်မတကောင်ကို ၀ယ်ယူခဲ့ကြ၏။ သင်္ဘောခရီးစဉ်တလျှောက်လုံး နေရာပေးကာ အစာရေစာ ၀လင်စွာ သီးသန့်ကျွေးမွေးလာခဲ့ကြ၏။ မိမိတို့ ရပ်ဌာန်ပြန်ရောက်သောအခါ အိမ်သူအိမ်သားတို့ထံ အပ်နှံကာ ဂရုတစိုက် ကျွေးမွေးစောင့်ရှောက်ရန် မှာကြားကြ၏။

အိမ်ထောင်ဦးစီးများ မှာကြားသည့်အတိုင်း အိမ်သူအိမ်သားများကလည်း ကြက်မကလေးကို ဂရုတစိုက် ကျွေးမွေးကြပါ၏။ အိမ်ခွေး စသည်တို့ ရန်မှ ကာကွယ်ပေးကြပါ၏။ သို့ရာတွင် ထိုစဉ်တုန်းက ထိုနယ်မြေတွင် ထိုကြက်မလေးမှတပါး အခြားကြက် တကောင်မျှ မရှိသဖြင့် အဖော်ရှာ၍ မပေးနိုင်ကြပေ။

သို့ဖြစ်၍ ကြက်မကလေးသည် အချိန်တန် အရွယ်ရောက်သောအခါ ကျီးတကောင်နှင့် အိမ်ထောင်ပြုရ၏။ မျိုးမတူသော မိဘနှစ်ဦးထံမှ ကျီးဟုလည်း မခေါ်နိုင်၊ ကြက်ဟုလည်း ခေါ်၍ မရနိုင်သော သတ္တ၀ါလေးတကောင် ပေါက်ဖွားလာလေသည်။
အကယ်၍ ကျီးမျိုးစစ်စစ် ဖြစ်ပါက ကျီးတို့၏ ဘာသာဘာဝ ဆက်သွယ်ပြောဆိုသည့် အသံကို ပီပြင်အောင် တွန်မည်နိုင်မည် ဖြစ်၏။ ကြက်မျိုးစစ်စစ် ဖြစ်လျှင်လည်း ကြက်တို့၏ ဘာသာဘာဝ ဆက်သွယ်ပြောဆိုသည့် အသံကို ပီပီပြင်ပြင် တွန်မြည်နိုင်မည် ဖြစ်၏။

ဤသတ္တ၀ါလေးမှာမူ မိမစစ် ဖမစစ် ဖြစ်နေ၍ အဖကဲ့သို့လည်း ပီပီပြင်ပြင် မမြည်တွန်နိုင်။ အမိကဲ့သို့လည်း ပီပီပြင်ပြင် မမြည်တွန်နိုင်။ အဖဘက်သို့ အလေးကဲရန်ရှိသောအခါ (အောက်ကလိအာ) ဟု မြည်တွန်ကာ အမိဘက်သို့ အလေးကဲရန် ရှိလာလျှင်ကား (အာကလိအောက်)ဟူ၍ သာ မပီမသ ဂွကျကျ မြည်တွန်ရ ရှာလေသည်။
*******************

( ပဋိသာရဏီယကံ )

ဝိနည်းပါဠိတော် စူဠ၀ဂ် ကမ္မက္ခန္ဓက ပဋိသာရဏီယကမ္မကထာတွင် ကျောင်းထိုင်ပုဂ္ဂိုလ် အရှင်သုဓမ္မအား ကျောင်းဒါယကာ စိတ္တသူကြွယ်က ထုတ်ဆောင်လျှောက်ထားခဲ့သည့် ဥပမာပုံဝတ္ထု ဖြစ်ပေသည်။

စိတ္တသူကြွယ်တို့၏ မစ္ဆိကာသဏ္ဍရွာကြီးသည် မဂဓတိုင်းအတွင်းမှာ ရှိ၏။ စိတ္တသူကြွယ်သည် ထိုရွာမှာ အစဉ်အဆက်နေလာခဲ့ကြသော သူဌေးမျိုးရိုးမှ ဖွားမြင်လာသူ ဖြစ်၏။ ပဉ္စ၀ဂ္ဂီ ငါးဦးတွင်အပါအ၀င်ဖြစ်သော အရှင်မဟာနာမ်သည် တခါက မစ္ဆိကာသဏ္ဍသို့ ကြွလာဖူး၏။ စိတ္တသူကြွယ်သည် အရှင်မဟာနာမ်ထံမှ အာယတနခြောက်ပါးကို ပရိကံပြု၍ ဟောကြားသည့် တရားကို ကြားနာခွင့်ရ၏။ ဤတရားဖြင့်ပင် အနာဂါမိဖိုလ်သို့ ဆိုက်ရောက်၍ လူဝတ်ကြောင် ဒါယကာတဦးအနေဖြင့် အမြင့်ဆုံးသော အဆင့်သို့ ရောက်ခဲ့၏။ အနာဂါမ်ပုဂ္ဂိုလ် စိတ္တသူကြွယ်သည် မိမိတို့ရပ်ရွာမှာပင် ကျောင်းကြီးတဆောင် ဆောက်လုပ်ပြီးလျှင် အရှင်သုဓမ္မအား ကျောင်းထိုင်ပုဂ္ဂိုလ်အဖြစ် တင်လှူကိုးကွယ်ထားပေသည်။

စိတ္တသူကြွယ်သည် ကုသိုလ်ကောင်းမှု တခုခု ပြုလုပ်ရန် ရှိလေတိုင်း ကျောင်းထိုင်ပုဂ္ဂိုလ်အရှင်သုဓမ္မကို အသိပေးပန်ကြားပြီးမှ ပြုလုပ်နေကျဖြစ်၏။ တနေ့သောအခါတွင်ကား အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်အာနန္ဒာ၊ အရှင်အနုရုဒ္ဓါ၊ အရှင်ရာဟုလာ အစရှိသော အရှင်မြတ်များသည် မစ္ဆိကာသဏ္ဍရွာကြီးသို့ ဆိုက်ရောက်လာကြ၏။ စိတ္တသူကြွယ်သည် မိမိအလွန်တရာ ကြည်ညိုလေးစားသည့် အရှင်မြတ်ကြီးများကို တစုတဝေးတည်း ဖူးမြင်လိုက်ရသဖြင့် ၀မ်းမြောက်ရွှင်လန်းရ၏။ ၀မ်းမြောက်ရွှင်လန်းမှုက အားကြီးလှသဖြင့် ခါတိုင်းလို အရှင်သုဓမ္မအား ပန်ကြားရမည့်ကိစ္စကို မေ့လျော့ကာ အရှင်မြတ်ကြီးများအား နက်ဖြန်နံနက်တွင် မိမိအိမ်သို့ ဆွမ်းဘုဉ်းပေးကြွရောက်ရန် ဖိတ်ကြားမိပေတော့သည်။

ဤသို့ပင့်ဖိတ်ပြီးကာမှ သတိရ၍ အရှင်သုဓမ္မကိုလည်း ပင့်ဖိတ်ရ၏။ သို့ရာတွင် အရှင်သုဓမ္မက လက်မခံတော့ပါ။
အရှင်သာရိပုတ္တရာတို့ ရောက်လာကြသဖြင့် ငါ့အပေါ်ထားခဲ့တဲ့ ကျောင်းဒကာရဲ့ သဒ္ဓါတရား ပျက်ပြယ်သွားပြီ-ဟု မသင့်မတင့် နှလုံးသွင်းကာ သုံးကြိမ်တိုင်တိုင် ပယ်ချခဲ့၏။

ကိုယ့်စိတ်ကိုယ့်မာန်ဖြင့် ဆွမ်းစားလိုက်ရန် ငြင်းဆန်ခဲ့သော အရှင်သုဓမ္မသည် နောက်တနေ့နံနက်တွင်ကား ကျောင်းဒကာအိမ်သို့ သူ့ဘာသာသူ ကြွလာ၏။ ဤသို့ကြွလာခြင်းမှာ ဆွမ်းစားလို၍ မဟုတ်ပါ။ ကျောင်းဒကာကြီး၏ ဆွမ်းကပ်ပွဲတွင် ချို့တဲ့ချက်တခုခုကို ရှာ၍ အပြစ်ဖို့ရန် ဖြစ်သည်။
စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ချက်ပြုတ်စီမံထားသော ဆွမ်းပွဲများနှင့် မုန့်ပဲသရေစာများကို သေသေချာချာ လိုက်လံကြည့်ရှု၏။ ဤသို့ကြည့်ရှုရာတွင် တနေရာတွင် ပြောစရာအချက်တခုကို တွေ့လိုက်ရသဖြင့်-

ဒါယကာ စိတ္တ-သင်တို့ချက်ပြုပြင်ဆင်ထားသော ဆွမ်းခဲဖွယ်တို့သည် များလှပါ၏။ အမျိုးအမည်လည်း စုံပါ၏။ သို့သော် မုန့်တမျိုးကား လိုနေပါသေးသည်။
မည်သည့်မုန့်များ လိုနေပါသလဲဘုရား၊
အရှင်သုဓမ္မ၏ ရည်ရွယ်ချက်ကို မရိပ်စားမိသေးသဖြင့် စိတ္တသူကြွယ်က ရိုသေစွာပင် မေးလျှောက်၏။
ဒါယကာ စိတ္တ-လိုနေသေးသည့် မုန့်တမျိုးကား နှမ်းပျစ်ပင် ဖြစ်ပေသည်။

ဤစကားကိုကြားလိုက်ရသည်နှင့် စိတ္တသူကြွယ်၏ အိမ်သူအိမ်သားများ မျက်နှာပျက်သွားကြရ၏။ စိတ္တသူကြွယ်တို့ ဘိုးဘေးအဆက်အနွယ်များထဲတွင် တယောက်သောသူသည် မုန့်သည်ဖြစ်ခဲ့ဖူး၏။ ဤသည်ကို အတွင်းသိ အစင်းသိဖြစ်သော အရှင်သုဓမ္မက လူကြားထဲမှာ အထုပ်ဖြေပြလိုက်ခြင်းဖြစ်၏။ မိမိအပေါ် အကြည်ညိုပျက်ရန်ကော-ဟူသော အငြိုးအတေးဖြင့် မျိုးရိုးဂုဏ်ကို သေးသိမ်သွားအောင် ပုတ်ခတ်လိုက်ခြင်း ဖြစ်ပေသည်။

ဤသို့ပုတ်ခတ်စကား ပြောကြားလိုက်သည်တွင် စိတ္တသူကြွယ်သည် အထက်ပါ အောက်ကလိအာ ပုံဝတ္ထုကို ထုတ်ဆောင်ပြီးလျှင်-
ဤမိမစစ် ဖမစစ် သတ္တ၀ါကလေးကဲ့သို့ပင် အရှင်ဘုရားသည်လည်း ရတနာမြတ်သုံးပါးနဲ့ ပတ်သက်၍ ပြောစရာ၊ ဆိုစရာ စကားတွေ မြောက်မြားစွာ ရှိနေပါလျက် ဘာမဟုတ်သည့် နှမ်းပျစ်ကလေးတခုကို စကားလုပ်၍ ပြောဆိုနေဘိသည်တကား။

စိတ္တသူကြွယ်တို့ မျိုးရိုးထဲတွင် မုန့်သည်တဦးပါခဲ့ကြောင်း ပြောလိုက်တုန်းက ကိစ္စမရှိလှ။ ယခု အောက်လိအာ ပုံဝတ္ထုနှင့် ပုံခိုင်း၍ အပြောခံလိုက်ရသည်တွင်ကား အရှင်သုဓမ္မမှာ အထိနာသွားရ၏။ ငါကား ရဟန်း၊ သူက ဒါယကာ ဟူသော အပေါ်စီးစိတ်ထားဖြင့် ပြောမှားမိသဖြင့် လူပုံအလယ် အရှက်တကွဲ ဖြစ်သွားရ၏။

ထို့ကြောင့် စိတ္တသူကြွယ်က အကြိမ်ကြိမ် တောင်းပန်နေသည့်ကြားကပင် ကျောင်းကိုစွန့်ပစ်ကာ ဘုရားရှိတော်မူရာ ဇေတ၀န်ကျောင်းတော်သို့ ထွက်သွား၏။
အရှင်သုဓမ္မ မျှော်လင့်ထားတာက မစ္ဆိကာသဏ္ဍ-က အဖြစ်အပျက်များကို လျှောက်ထားလျှင် ဘုရားရှင်က စိတ္တသူကြွယ်ကို ပြစ်တင်ရှုတ်ချတော်မူလိမ့်မည်ဟူ၍ ဖြစ်၏။ သို့ရာတွင် တကယ်တမ်း ပြစ်တင်ရှုတ်ချထိုက်သူက အရှင်သုဓမ္မကိုယ်တိုင် ဖြစ်နေသဖြင့် ဘုရားရှင်က ပါဋိဒေသနီယသိက္ခာပုဒ်ကို ပညတ်တော်မူရပေသည်။

ဤသိက္ခာပုဒ်အရ ဒါယကာတို့၏ သဒ္ဓါတရားကို ထိပါးပုတ်ခတ်ခဲ့မိသော အရှင်သုဓမ္မသည် ကိုယ်စားလှယ် ရဟန်းမှတဆင့် မိမိအပြစ်ကို ၀န်ချတောင်းပန်ကာ မိမိအပေါ် ကျရောက်လာသည့်အာပတ်ကို ကုစား လိုက်ရပေသည်။
ထို့နောက် အရှင်သုဓမ္မသည် မာန်စွယ်ဟူသမျှ ဖြုတ်ချစွန့်ပယ်ကာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းသဖြင့် မစ္ဆိကာသဏ္ဍ ကျောင်းကြီးပေါ်မှာပင် ရဟန်းကိစ္စ ပြီးဆုံးသွားပေသည်။

( ၀ဏ္ဏသီရိ)
( မြတ်မင်္ဂလာ ၂၀၀၃-ခု ဇွန်လ)

No comments: