Sunday, January 17, 2010

( ၂၂ ) ရိုသေထိုက်သူကို ရိုသေခြင်း

ရိုသေလေးစားထိုက်သူကို ရိုသေလေးစားခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။
တနည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတရပ် ဖြစ်သည်။

တရံရောအခါ ဟိမ၀န္တာတောရှိ ညောင်ပင်ကြီးတပင်ကို အမှီပြုလျက် ခါ-မျောက်နှင့်-ဆင်တို့ နေထိုင်ကြသည်။ သူတို့သည် အဆွေခင်ပွန်းများ ဖြစ်ကြသည်။ သို့ရာတွင် တဦးကိုတဦး ရိုသေခြင်း မရှိကြပေ။ တနေ့သ၌ အဆွေခင်ပွန်း ၃-ဦးသည် ဆွေးနွေးတိုင်ပင်ကြ၏။ ယခု ငါတို့ ၃-ဦး ဆက်ဆံနေထိုင်ပုံမှာ မသင့်။ တဦးကိုတဦး ရိုသေခြင်းမရှိ၊ အဆုံးအမပြုခြင်းမရှိ၊ အသက်ကြီးသူကို ရိုသေလျက် ထိုသူ၏အဆုံးအမကို ခံယူနေထိုင်ကြလျှင် မသင့်ပါလော-ဟူ၍ အကြံအစည် ဖြစ်ကြသည်။ နောက်ဆုံးတွင် ထိုအကြံအစည်အတိုင်း ပြုမူနေထိုင်ရန် အသက်ကြီးသူကို စိစစ်ကြသည်။

ငါတို့ ၃-ဦးမှာ ဤညောင်ပင်ကြီးကို အမှီပြု၍ နေကြရသည်။ ဤညောင်ပင်ကိုပင် အမှတ်အသားပြုကြမည်-ဟူ၍ သဘောတူ ဆုံးဖြတ်ကြသည်။
ခါနှင့်မျောက်တို့က ဆင်အား-အဆွေ ဆင်၊ ဤညောင်ပင်ကြီးကို ဘယ်အခါမှစ၍ သင်သိပါသနည်း-ဟုမေးကြ၏။
ဆင်က အဆွေတို့-ငါ ဆင်ငယ်ကလေးဘ၀၌ ရှိစဉ် ဤညောင်ပင်ကို ကျော်လွှား၍ သွားခဲ့သည်။ ညောင်ပင်ထိပ်ဖျားသည် ငါ့ချက်အထိသာ ရောက်သည်-ဟူ၍ ဖြေကြားသည်။

တဖန် ဆင်နှင့် ခါတို့က မျောက်အား-အဆွေ မျောက်၊ ဤညောင်ပင်ကို ဘယ်အခါမှစ၍ သိသနည်း-ဟုမေးကြပြန်၏။
မျောက်က-အဆွေတို့၊ ငါ မျောက်ငယ်ကလေးဘ၀၌ ရှိစဉ် မြေကြီး၌ထိုင်လျက် ညောင်ပင်၏ အညွန့်အဖျား တို့ကို စားရသည်။ ဤမျှလောက် ငယ်ရွယ်စဉ် အချိန်မှစ၍ သိပါသည်-ဟု ဆို၏။

တဖန် ခါအား မေးကြပြန်သော် ခါက-အဆွေတို့၊ ယခင်အခါက ဤအရပ်၌ ညောင်ပင်မရှိသေး၊ အခြား တပါးသောအရပ်မှ ညောင်ပင်၏အသီးကို ငါစား၍ ဤအရပ်၌ မစင်စွန့်ခဲ့သည်။ ထိုမစင်မှ ဤညောင်ပင် ပေါက်လာပါသည်-ဟူ၍ ပြောပြ၏။

ဤတွင် ဆင်နှင့်မျောက်တို့က အဆွေ ခါ၊ သင်သည် ငါတို့ ၂-ဦးထက် အသက်ကြီးသည်။ အတွေ့အကြုံများသည်။ ထို့ကြောင့် ငါတို့ထက်ပို၍ ဉာဏ်ပညာရှိပါသည်။ ငါတို့ ရိုသေထိုက်ပါသည်။ ယနေ့မှစ၍ သင့်အား ငါတို့ ရိုသေခြင်း၊ ဆည်းကပ်ခြင်း၊ ၀တ်ကြီးဝတ်ငယ်ပြုခြင်း အစရှိသည်တို့ ပြုပါမည်။ ငါတို့ကိုလည်း ဆုံးမပါ။ သြ၀ါဒပေးပါ။ ငါတို့ ကောင်းစွာခံယူပါမည်-ဟူ၍ ပြောဆိုတောင်းပန်ကြ၏။

ခါလည်း အဆွေခင်ပွန်းနှစ်ဦး၏စကားကို လက်ခံကာ လိုက်နာကျင့်သုံးသည်။ အဆွေခင်ပွန်းနှစ်ဦးအား အဆုံးအမသြ၀ါဒ ပေးရုံမက သီလကိုလည်း ဆောက်တည်စေသည်။ မိမိကိုယ်တိုင်လည်း စံပြနေထိုင်ကာ သီလကို ဆောက်တည်၏။

ဤသို့လျှင် အဆွေခင်ပွန်း ၃-ဦးသည် ညီညွတ်စွာ နေထိုင်သွားကြသည်။ ဘေးရန်လည်း ကင်း၍ ပေါင်းသင်းဆက်ဆံရာတွင်လည်း အဆင်ပြေကြလေသည်။ သူတို့သုံးဦးသည် သက်တမ်းစေ့ နေထိုင်သွားကြကာ သေသောအခါ ကောင်းရာသုဂတိသို့ လားကြလေသည်။
ကျမ်းကိုး။ ။ ၅၅၀-တိတ္တိရဇာတ်

( မင်းယုဝေ)
( မြတ်မင်္ဂလာ ၂၀၀၃-ခု မေလ )

No comments: