Thursday, January 21, 2010

အကြောင်းရင်း

ရန်ကုန်မြို့ရှိ ဘတ်စ်ကားလိုင်းများသည် အမြဲလိုလို ပြည့်ကျပ်လျက်ရှိ၏။ တခုသောနံနက် ၁ဝ-နာရီခန့်၌ ကျွန်တော်သည် အဝတ်အစားကို ကျကျနန ဝတ်ဆင်၍ အိမ်မှကားဂိတ်သို့ ထွက်ခဲ့သည်။ ကားဂိတ်သို့ရောက်လျှင် ကားကို အဆင်သင့် တွေ့ရသည်။ ကြုံတောင့်ကြုံခဲ ထိုင်ခုံလွတ်ကိုလည်း ရရှိခဲ့၏။

ကျွန်တော်သည် ထိုင်ခုံလွတ်တွင် အကျအနဝင်ထိုင်လိုက်ပါသည်။ ထို့အတူ ထိုင်ခုံခရီးသည်တွေကိုလည်း အကဲခတ်ကြည့်ရှုလိုက်၏။ ထူးခြားသည်မှာ ကျွန်တော့ရှေ့တည့်တည့်မှ မိန်းကလေးဖြစ်၏။ ထိုမိန်းကလေးမှာ စိန်၊ ရွှေလည်း ဝတ်ဆင်မထားပါ။ ဆွေကြီးမျိုးကြီးထဲကလည်း ဟုတ်ဟန်မတူပါ။ ဝတ်ကောင်းစားလှများလည်း ဝတ်ဆင်မထားပါ။ သို့သော် သူ၏ အဝတ်အစားမှာ သန့်သန့်ပြန့်ပြန့်ရှိ၏။ ထို့အပြင် သူ၏ မျက်နှာမှာ ကြည်လင်နေ၏။ ကျွန်တော့စိတ်ထဲကလည်း ကျက်သရေရှိလိုက်တာ-ဟု အလိုလို ရွတ်ဆိုမိသွား၏။

မှတ်တိုင်တခု၌ အသက်အရွယ်ကြီးကြီး ဘုန်းကြီးတပါးသည် ကားပေါ်တက်လာသည်။ ဘုန်းတော်ကြီး ကားပေါ်တက်လာသည်ကို ကျွန်တော်ရော ထိုမိန်းကလေးရော မြင်ပါသည်။ သို့သော် ကျွန်တော်သည် ကျွန်တော့နေရာ၌ ကျနစွာ ထိုင်မြဲပင်။ ထိုမိန်းကလေးကတော့ ကျွန်တော့လို မဟုတ်။ ဘုန်းတော်ကြီးကို သူ၏နေရာ လှူလိုက်ပါသည်။

ကျွန်တော်သည် ကျွန်တော့ကိုယ် ကျွန်တော် ကြည့်မိပါသည်။ ကျွန်တော် အလွန်ပင် ရှက်သွားပါသည်။ ဗုဒ္ဓဘာသာဝင်တဦး ဖြစ်ပါလျက် သာသနာတော်ကို စောင့်ရှောက်နေသော ဤလို ဘုန်းတော်ကြီးကိုမှ မင်း နေရာမလှူနိုင်ဘူးလား-ဟု ကျွန်တော့ကို ကျွန်တော် မေးမိပါသည်။ ထို့အတူ မိန်းကလေး၏ လျှို့ဝှက်ချက်ကို သိလိုက်ရပါသည်။ ဤလိုမြင့်မြတ်သည့် စိတ်ထားကြောင့် ကြည်လင်ရွှန်းမြသော မျက်နှာနှင့် ကျက်သရေရှိသော မျက်နှာကို ပိုင်ဆိုင်သူ ဖြစ်ရခြင်း၏ အကြောင်းရင်းကို သိရှိသွားပါတော့သည်။

(မောင်သက်နိုင်)

( မြတ်မင်္ဂလာ ၂ဝဝ၃-ခု ဇွန်လ)

No comments: