Sunday, January 10, 2010

ရိတ်သိမ်းသူ နှင့် မျိုးစေ့ချသူ

ထိုနေ့က ကျွန်မ ခရီးသွားသောနေ့ ဖြစ်သည်။ နံနက် ၅-နာရီခွဲခန့်တွင် အိမ်မှထွက်လာခဲ့သည်။ မိုးရာသီဖြစ်သော်လည်း မိုးလေကင်းစင်၍ ရာသီဥတုမှာ ကြည်ကြည်လင်လင် ရှိလှသည်။ ပတ်ဝန်းကျင်သည် ညဦးမှ ရွာထားသော မိုးကြွင်းကလေးများကြောင့် စိမ်းစိမ်းစိုစို ရှိနေသည်။ ကျွန်မတို့ မြို့ကလေးသည် မိုးရာသီတွင် တမြို့လုံး ချောင်းမြောင်းများနှင့် ပြည့်နှက်နေ၍ တံတားများလည်း အလွန်ပေါများသည်။ ၀ါဆိုဝါခေါင် ရေဖောင်ဖောင် ဆိုသည့်အတိုင်း ချောင်းများအားလုံးလည်း ရေပြည့်နေသည်။

ကျွန်မသည် အနည်းငယ်ချော်နေသော လမ်းကို သတိထားလျှောက်လာရင်း နှုတ်မှလည်း ဂုဏ်တော်တခုကို ပွားများလာမိသည်။ ၀ါတွင်းကာလဖြစ်၍ ရပ်ကွက်တခုမှ ဆွမ်းလောင်းပွဲကိုလည်း အရုဏ်ဦးနှင့်လိုက်ဖက်စွာ ကြုံတွေ့ခဲ့ရသည်။ စီတန်းကြွလာသော သံဃာတော်များနှင့် အားပါးတရ လာလှူနေသော အလှူရှင်များကို ကြည့်၍ ကြည်နူးစွာဖြင့်လည်း သာဓုခေါ်ခဲ့ရသည်။ ထိုကြည်နူးမှုက ကြာရှည်မခံပါ။ ခရီးတ၀က်အရောက်မှာ ဆီးကြိုနေသော မြင်ကွင်းတခုကြောင့် ကျွန်မခြေလှမ်းတို့ အလိုလို တုံ့ဆိုင်းသွားခဲ့သည်။ ရင်ညွန့်အထိ နစ်သောရေထဲမှ တံတားပေါ်သို့ တွယ်တက်နေသော အဘိုးအိုတဦးကို ကျွန်မတွေ့လိုက်ရသည်။ ဦးခေါင်းထက်မှ ဆံပင်များပါ ရွှဲရွှဲစိုနေသော အဘိုးအိုသည် တံတားပေါ်မှ ချော်ကျသွားဟန် တူသည်။

တောင်ဝှေးကိုအားပြုလျက် တံတားပေါ်သို့ ပြန်လည်ကြိုးစားတက်နေရာ တံတားမှာ လက်ကိုင်မရှိ၍ အခက်အခဲဖြစ်နေရှာသည်။ ကျွန်မက အဘိုးအိုရှိရာသို့ အပြေးသွား၍ တောင်ဝှေးမှတဆင့် ဖြည်းဖြည်းဆွဲယူ လိုက်သည်။ ထို့နောက် ချိုင်းနှစ်ဖက်ကို အသာမ၍ တံတားပေါ်သို့ ဆွဲတင်လိုက်သည်။

အဘိုးအိုသည် ရေထဲကျထားသောအရှိန်ဖြင့် ခိုက်ခိုက်တုန်မျှ ချမ်းနေရှာသည်။ ကျွန်မကို စကားတခွန်းမျှ မဆိုနိုင်ရှာဘဲ ရေထဲသို့သာ ပြန်လည် ငေးကြည့်နေရှာသည်။ ကျွန်မမှာ မိဘချင်း စာနာစိတ်ဖြင့် ရင်ထဲမှာ တလှပ်လှပ် တုန်သည်အထိ ခံစားနေမိသည်။

ထို့ကြောင့် အဘ-ရေထဲမှာ ဘာကျန်ခဲ့လို့လဲ-ဟုမေးကြည့်လိုက်သည်။ အဘိုးအိုက-အဘ ထီးလေး ကျန်ခဲ့လို့ သမီးရယ်-ဟု တုန်ချည့်မောဟိုက်နေသော အသံလေးဖြင့် ဖြေရှာသည်။ ကျွန်မ ဘာလုပ်ရမှန်း မသိတော့။ ရေထဲသို့ ဆင်း၍ ဆယ်ယူပေးရန်မှာလည်း ကျွန်မကိုယ်တိုင်က ရေမကူးတတ်ပါ။ မဖြစ်မနေ ခရီးသွားရမည့် အခြေအနေလည်း ဖြစ်နေရာ ကျွန်မ အခက်တွေ့နေတော့သည်။ ထိုအခိုက် နောက်နားဆီမှ လူတယောက် လာနေသည်ကို တွေ့လိုက်ရ၍ ကျွန်မ ၀မ်းသာသွားသည်။ ထိုလူမှာ ၀ါးခမောက်တလုံးကို ဆောင်းထားပြီး ခါးတွင်လည်း မိုးကာ ပလတ်စတစ် တစကိုပတ်ထားသည်။ ပုဆိုးတိုတိုဖြင့် လယ်တောသွားမည့်သူမှန်း သိသာလှသည်။ ကျွန်မလည်း အားနာမနေတော့ဘဲ အကျိုးအကြောင်းပြော၍ အကူအညီတောင်းလိုက်ပါသည်။

ထိုလူက ကျွန်မပြောသမျှကို နားထောင်နေသော်လည်း စိတ်ဝင်စားဟန် မပြပါ။ အဘိုးအိုကို တချက်ကြည့်၍ ဒီလောက်ရေစီးနေတာ မျောပါသွားမှာပေါ့ဟု ပြောပြီး ထွက်ခွသွားပါတော့သည်။ ကျွန်မမှာ အံ့သြလွန်း၍ စကားမပြောနိုင်တော့ပါ။ ထိုသူ ထွက်သွားရာသို့သာ လိုက်ပါငေးကြည့်နေမိသည်။

ထိုစဉ် ဆယ့်ငါးနှစ်အရွယ်ခန့်ရှိသော လူငယ်လေးတယောက် ရောက်လာ၍ ဘာဖြစ်လို့လဲ အန်တီ-ဟု ကျွန်မကို မေးလာပါသည်။ ကျွန်မလည်း ပထမလူကဲ့သို့ အကျိုးအကြောင်း ရှင်းပြပါသည်။ လူငယ်လေးသည် ကျွန်မစကားဆုံးသည်နှင့် ရေထဲသို့ ၀ုန်းခနဲ ခုန်ချသွားပါတော့သည်။ ငါးမိနစ်ခန့် ရေထဲတွင် ကူးခတ်ပြီး ထီးကလေးကို ဆယ်ယူလာခဲ့သည်။

အဘိုးအိုသည် ပေးလာသော ထီးကလေးကို တင်းတင်းဆုပ်၍ ၀မ်းသာသောမျက်လုံးအစုံဖြင့် ကျွန်မနှင့် ကလေးငယ်ကို ကြည့်နေရှာသည်။ ပြီးမှ တလှုပ်လှုပ် လျှောက်သွားပါသည်။ ကျွန်မသည် ရှေ့ဆက်ခရီးကို အတွေးဖြင့်လျှောက်မိသည်။ လူ့ဘ၀သည် ရခဲလှပါသည်။ ဘ၀အဆက်ဆက် ဖြည့်ဆည်းခဲ့သော အကြောင်းတရားကြောင့် ယခုဘ၀မှာ လူဖြစ်ခွင့်ရသည်။ ရလာသော အခိုက်အတန့်မှာလည်း ရတနာသုံးပါးကို မမေ့မလျော့ ကိုးကွယ်ဆည်းကပ်၍ ဒါန သီလ ဘာဝနာတည်းဟူသော မျိုးစေ့ကောင်းတို့ကို နိုင်စွမ်းသမျှ ချသွားကြရမည်။ သို့မှသာ လူဖြစ်ရကျိုး နပ်ပေမည်။

ယခု ကြုံဆုံရသော အဖြစ်အပျက်မှာ မည်သူသည် ရိတ်သိမ်းသူ ဖြစ်၍ မည်သူသည် မျိုးစေ့ချသူ ဖြစ်ပါသနည်း။ လေးလေးနက်နက် တွေးကြည့်လျှင် သံဝေဂယူစရာ ကောင်းလှပါသည်။

( သွဲ့ထားညို-သက္ကလ)

No comments: