Saturday, January 9, 2010

ကျေးဇူးပြန်ဆပ် သမီးမြတ်

၁၃၆၄-ခု ၀ါဆိုလပြည့်နေ့ (၂၄-၇-၂၀၀၂) သည် ဗုဒ္ဓဘာသာ မြန်မာတို့၏ အထွတ်အမြတ်နေ့ ဖြစ်သည်။ ၀ါဆိုသင်္ကန်းကပ်ပွဲများ (ကာလဒါန) ကုသိုလ်သံ ညံညံမစဲ အောင်ပွဲခံယူနေကြသည်။ ကျောင်းဆရာမလေးတဦးသည် စာရေးသူ စာသင်တိုက်သို့ ရောက်ရှိလာပြီး ပဓာနနာယကဆရာတော်အား ပင့်လျှောက်နေပါသည်။ ဆရာတော်၏ အနီးအပါးတွင် စာရေးသူ ရောက်ရှိနေပါသည်။

ပင့်လျှောက်ရာတွင် သူ၏ ဖခင်ကြီးသည် လေငန်းရောဂါဖြင့် သုံးနှစ်လုံးလုံး မသွားမလာနိုင် ဖြစ်နေကြောင်း၊ ဖခင်ကြီး ကုသိုလ်ရစေရန် ဖခင်ကိုယ်တိုင် ၀ါဆိုသင်္ကန်း ကပ်လှူပေးစေလိုကြောင်း၊ တရားကိုလည်း နာစေလိုကြောင်း၊ ဖခင်သည် မိမိအား ငယ်စဉ်က နို့ဆီတိုက် ကျွေးမွေးခဲ့ပြီး ယခုအရွယ်အထိ အသက်ရှင်အောင် စောင့်ရှောက်ခဲ့ကြောင်း၊ ဖခင်၏ကျေးဇူးကို ပြန်ဆပ်ပေးလိုသဖြင့် မိမိ၏ ဆရာမလုပ်သက် ၃-နှစ်မြောက် ကျောင်းလခငွေမှ ချွေးနှဲစာဖြင့် လှူပေးရန် စီစဉ်ရကြောင်း ၀ါဆိုလပြည့်နေ့ကြီးဖြစ်သဖြင့် ပင့်ဖိတ်သူတွေ များနေမှာကို သိပါကြောင်း၊ ကြွလာရမှာလည်း ဆောက်လုပ်ဆဲ ၀ါးခယ်မတံတားစီမံကိန်းကို ကျော်ဖြတ်ရမည် ဖြစ်၍ ရွှံ့ညွှန်များ ထူထပ်နေသည့်အတွက် အလွန်အားနာရပါကြောင်း ရိုးသားစွာ လျှောက်ထားသည်။

ဆရာတော်သည် ဆရာမလေး၏ ယဉ်ကျေးပုံ၊ နွမ်းပါးသော်လည်း စေတနာသဒ္ဓါ ပြည့်စုံနေပုံ၊ အနန္တဂိုဏ်းဝင် ဖခင်ကြီးကို ကျေးဇူးတဖန် ပြန်လည် ပေးဆပ်လိုပုံတို့ကို သိရသဖြင့် အထူးဦးစားပေး ကြွရန် ဆုံးဖြတ်လိုက် ပါသည်။

အချိန်ကား နေ့လည် ၁-နာရီအချိန်။ ပရိတ်တရား အတူချီးမြှင့်ပေးရန် စာရေးသူပါ ဆရာတော်နှင့်အတူ လိုက်ပါခဲ့ရသည်။ သွားလာရာ လမ်းတလျှောက် ရွှံ့ညွှန်ထူထပ်သဖြင့် အလွန်ခက်ခဲစွာ ခြေကျင်ကြွရသည်။ မကြာခင်မှာပင် ပင့်လျှောက်သူအိမ်သို့ ရောက်ပါပြီ။ ဆရာမလေးသည် ကိုယ်တိုင်ရေခပ်ပေးပြီး စာရေးသူတို့၏ ခြေ၌ ကပ်နေသော ရွှံ့ညွှန်တွေ ဆေးပေးပါသည်။ ကျဉ်းမြောင်းသော သူတပါး၏ အိမ်ဘေးတွင် အဖီဆွယ်၍ နေထိုင်ကြရသည်။ အိမ်ဦးခန်းတွင် သီတင်းသုံးရန်နေရာ ခင်းပေးထားသည်။ လေငန်းဝေဒနာရှင် ဖခင်ကြီးကို ဆရာမလေးက အိပ်ရာမှ ထူပေးပြီး ရှိခိုးကန်တော့ခိုင်းသည်။ ထက်သန်သော စိတ်စေတနာ ဖြူစင်စွာသော အမူအရာနှင့် ဖခင်ကို တယုတယ ပွေ့ပွေ့ပိုက်ပိုက် ပြုစုပေးနေသည်။ အတုယူဖွယ် အလွန်ကြည်ညိုလေးစားစရာ ကောင်းသော ကျေးဇူးဆပ်ပေးနေခြင်း ဖြစ်ပေသည်။

အဖေ- ဆရာတော်တို့ကို ရှိခိုးလိုက် နော်၊ သူကိုယ်တိုင် ဖခင်၏ လက်နှစ်ဖက်ကို ကိုင်ပေးပြီး ရှိခိုးခိုင်းနေသည်။ အဖေ-သြကာသဆိုကြမယ် နော်။
သူကိုယ်တိုင် ဦးဆောင်ပြီး သြကာသဆိုပြနေသည်။ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီးသော်-
အဖေ ဒီသင်္ကန်းကို ကိုင်ပြီး ဆရာတော့်ကို ကပ်ကြမယ် နော်။ ဒါ အဖေရဲ့ ကုသိုလ်ပဲ၊ အဖေ ၀မ်းသာပါ နော်။ စသည်ဖြင့် ဆရာမလေးသည် ပြောလည်းပြော၊ ဖခင်၏ လက်ထဲကိုလည်း သင်္ကန်းထည့်ပေးပြီး ကိုယ်တိုင်ဆို၍ အဖေ-သံဃဿ ဒေမ-လို့ ဆိုလိုက်ပါ။ နိဗ္ဗာနဿ ပစ္စယော ဟောတု-ဟုဆိုခိုင်းပြီး တိုက်ရိုက်ကုသိုလ်ဖြင့် ဖခင်အား ကျေးဇူးဆပ်ပေးနေလေသည်။

တော်လိုက်တဲ့ သမီးလိမ္မာလေးပါကလား-ဟု ၀မ်းမြောက်မိသည်။ ဤဆရာမလေးသည် ဗြဟ္မာ့ပြည့်ကိုပဲ ရောက်မှာလား၊ နတ်ပြည်ကို ရောက်မှာလား တခုခုတော့ အကျိုးပြုလိမ့်မည်ဟု စိတ်ထဲတွင် ရေရွတ်မိ လိုက်သည်။
ဆရာတော်သည် ဤအခြင်းအရာကိုကြည့်ပြီး အကောင်းဆုံးသော မိဘကျေးဇူး အထူးပေးဆပ်နည်း တရားတော်ကို မိနစ် ၃၀-ခန့် ချီးမြှောက်ဂုဏ်ပြု ဟောကြားပေးပါသည်။ အတုယူဖွယ်ကောင်း၍ မှတ်သားစရာလည်း ကောင်းသော တရားတော်အကျဉ်းချုပ်ကို မှတ်တမ်းတင်ဖော်ပြလိုက်ပါသည်။

ကိုင်း-ခဏခေတ္တ ၀မ်းမြောက်စရာတရား နာကြားရအောင် ဘုန်းကြီးတို့လဲ အမေကို ၂၆-နှစ် ကျွေးမွေးစောင့်ရှောက်ခဲ့ဖူးလို့ မိဘချင်း စာနာသဖြင့် သားသမီးတို့ရဲ့ စေတနာကို လေးလေးစားစားနဲ့ ခံစားဟောကြားပေးပါ့မယ်။ ယနေ့ နာကြားရမယ့် တရားတော်ကိုတော့ ကျေးဇူးပြန်ဆပ် သမီးမြတ်-လို့ သတ်မှတ်ပေးပါမယ်။

မြတ်စွာဘုရားက မိဘကို ယခုလို မငြိုမငြင်ဘဲ တရိုတသေ ပြန်လည်ကျွေးမွေး စောင့်ရှောက်ပေးခြင်းဟာ ရှေးအရိယာ သူတော်ကောင်းတို့ရဲ့ အလုပ်ပဲလို့ ဟောကြားခဲ့တယ်။ ဒီလုပ်ငန်းမျိုးကို ဘုရားလောင်း သူတော်ကောင်းများ လက်မလွတ်တမ်း ပြုလုပ်လေ့ရှိပါတယ်။ ပညာရှိသူတော်ကောင်းများ အကြိမ်ကြိမ် သာဓုခေါ်တော်မူကြတယ်။ ဘယ်ဘာသာ၊ ဘယ်လူမျိုးကိုမဆို ချပြ ချပြ ငြင်းကြမှာ မဟုတ်ပါဘူး။

ယနေ့ ဆရာမလေးသည် အသက်ရှင်၍ ထင်ရှားရှိနေဆဲသော ဖခင်ကြီးကို တိုက်ရိုက် ကျေးဇူးပြန်ဆပ်နေတာလို့ ၀မ်းမြောက်စွာ မှတ်ထားပေးပါ။ အလွန်ကောင်းမြတ်တဲ့ ပညာရှိသူတော်ကောင်းတွေ ချီးမွမ်းတဲ့ ကုသိုလ်အထူးကို ရနေပါပြီ။ ရှေးပညာရှိတွေရဲ့ အဆိုအမိန့်ကို ပြောရရင်-နေ့တိုင်း ရွှေအိုးမြှုပ်နေတာလို့-မှတ်ထားလိုက်ပါ။

တကယ်တော့ ဒီအဖေဟာ ဒီသမီးကို ဖ၀ါး-လက်နှစ်လုံး ပခုံး-လက်နှစ်သစ် အရွယ် ငယ်ငယ်ကတည်းက မညည်းမညူ ကြည်ဖြူစွာနဲ့ ကျွေးမွေးလာခဲ့ပါတယ်။ ဖခင်ရဲ့ တာဝန်ကို ကျေပွန်အောင် သူ ထမ်းဆောင်ခဲ့ပြီး ဖြစ်တယ်။ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တရားလေးပါးနဲ့အညီ ပြုစုစောင့်ရှောက်လာခဲ့တယ်။ အသည်းနှလုံး မျက်လုံး သည်းအူ ထပ်တူထပ်မျှ ချစ်မြတ်နိုးခဲ့တယ်။

ရဟန်းတို့-မိဘတို့သည် သားသမီးတို့အား ကျေးဇူးအထူးများကြကုန်၏။ ကြီးပွားအောင် စောင့်ရှောက်တတ်ကုန်၏။ မညည်းမညူ မွေးမြူတတ်ကုန်၏။ လောကကြီးကို အကြောင်းအကျိုး အကောင်းအဆိုး သွန်သင်ညွှန်ပြဆုံးမတတ်ကြကုန်၏-လို့ ဟောခဲ့ပါတယ်။

လူ့ဘုံဌာန၊ ဤလောက၌၊ မိကိုလက်ယာ၊ ဖကိုလက်ဝဲ၊ အမြဲထမ်းလျက်၊ ပခုံးထက်တွင်၊ သို့ပင်နိစ္စ၊ လုပ်ကျွေးကြလည်း၊ ရှေးကပြုဖူး၊ မွေးကျေးဇူးကို၊ အထူးမြဲခိုင်၊ မဆပ်နိုင်တည့်-လို့ ပုတ္တောဝါဒမှာ ဆုံးမခဲ့ပြန်တယ်။

ဒါဖြင့် ဘယ်လိုပေးဆပ်နိုင်သလဲ။ ဘယ်နည်းနဲ့ ချေရင် ကျေနိုင်မလဲလို့ မေးစရာရှိတယ်။ ကျေနိုင်တဲ့ နည်းကောင်းတခု ပေးခဲ့မယ်။ အလွန်မွန်မြတ် ကောင်းမွန်တဲ့နည်းပါ။ ဒီနည်းအတိုင်းပဲ ယခု ဆရာမလေး ဖခင်ကြီးကို ကျေးဇူးပေးဆပ်နေတဲ့နည်းဟာ ဘုရားဟောနည်းနဲ့ တထပ်တည်း၊ တသားတည်း ဖြစ်နေလို့ပါပဲ။ ဒီနည်းကတော့ သမ္ပဒါတရား လေးပါးနဲ့-ပေးဆပ်နည်းလို့ မှတ်ပါ။

(၁) အသဒ္ဓေ သဒ္ဓါသမ္ပဒါယ သမာဒပေတိ၊ နိဝေသေတိ၊ ပတိဋ္ဌာပေတိ။
ချစ်သားတသီး ချစ်သမီးတို့ ရတနာသုံးပါးကို မကြည်ညိုတတ်သေးတဲ့ မိဘနှစ်ပါးကို ကြည်ညိုသဒ္ဓါ ဖြစ်ပေါ်လာအောင် စွမ်းဆောင်ပေးနိုင်ရင် မိဘကျေးဇူး အထူးပေးဆပ်ရာ ရောက်တယ်။ ကျေလဲကျေနိုင်တယ်တဲ့။ သဒ္ဓါသမ္ပဒါနဲ့ ကျေးဇူးဆပ်တာလို့ မှတ်ပါ။

(၂) ဒုတိယ ကျေးဇူးဆပ်နည်းက-
ဒုဿီလေ သီလသမ္ပဒါယ သမာဒပေတိ၊ နိဝေသေတိ၊ ပတိဋ္ဌာပေတိ။
သီလမရှိသေးတဲ့ အမိအဖများ သီလရှိအောင်၊ သီလမစောင့်နိုင်သေးတဲ့ မိဘများ သီလစောင့်နိုင်အောင်၊ သီလရှိပြီးသား မိဘများ သီလအရာမှာ လုံခြုံစွာ တည်နိုင်စေအောင် စွမ်းဆောင်ပေးနိုင်ရင် အဲဒီ သားသမီးဟာ မိဘကို သီလသမ္ပဒါနဲ့ ကျေးဇူးဆပ်နေတယ်လို့ မှတ်ပါ။

(၃) တတိယကျေးဇူးဆပ်နည်းက-
မစ္ဆရီ စာဂသမ္ပဒါယ သမာဒပေတိ၊ နိဝေသေတိ၊ ပတိဋ္ဌာပေတိ။
မလှူရက် မတန်းရက် နှမြောဝန်တိုတတ်တဲ့ အမိ အဖကို လှူဒါန်းလိုစိတ် ပေါ်ပေါက်လာအောင် စွမ်းဆောင်ဟောကြား ညွှန်ပြပေးခြင်း၊ တနည်း-လှူစရာ တန်းစရာ လက်ထဲမှာ ပစ္စည်းမရှိလို့ မလှူနိုင်၊ မတန်းနိုင်ရင် လှူဒါန်းနိုင်အောင် မိဘလက်ထဲကို ကိုယ်တိုင်ထည့်ပေးပြီး ရော့-အဖေ လှူလိုက်ပါ၊ ရော့-အမေ လှူလိုက်ပါ-လို့ တိုက်တွန်းပြီး တိုက်ရိုက်လှူခိုင်းပေးနေခြင်းဟာ အလွန်ကောင်းမြတ်တဲ့၊ ယနေ့ ဆရာမလေးရဲ့ မိဘကျေးဇူး အထူးပေးဆပ်နည်းပဲလို့ မှတ်ပါ။ ဒါဟာ စာဂသမ္ပဒါ, ဒါနသမ္ပဒါလို့ ခေါ်တယ်။

(၄) စတုတ္ထ ကျေးဇူးပေးဆပ်နည်းက-
ဒုပ္ပညေ ပညာသမ္ပဒါယ သမာဒပေတိ၊ နိဝေသေတိ၊ ပတိဋ္ဌပေတိ။
ပညာသမ္ပဒါတရားနဲ့ ကျေးဇူးဆပ်ရမယ်တဲ့။
ဒီနေရာမှာ လောကုတ္တရာ ပညာသင်ပေးပါလို့ ဆိုလိုတာပါ။ ကုသိုလ်နဲ့စပ်တဲ့ ပညာ၊ မဂ်ပညာ၊ ဖိုလ်ပညာ၊ သစ္စာတရား နားလည်နိုင်တဲ့ ပညာ၊ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာသုံးပါး သိစေနိုင်တဲ့ နည်းပညာ၊ တနည်းပြောရရင်- တရားသဘော နားမလည်သေးတဲ့ မိဘကို နားလည်လာအောင်၊ တရားနာချင်စိတ် ပေါက်လာအောင်၊ တရားအားထုတ်ချင်စိတ် ပေါက်လာအောင်၊ ကမ္မဋ္ဌာန်းရိပ်သာသို့ မရောက်ရောက်အောင် ရောက်နေလို့ တရားအားထုတ်နေတဲ့ မိဘများကို စိတ်ဖြောင့်ဖြောင့်နဲ့ အဓိဋ္ဌာန်ရက် ကုန်ဆုံးသည့်တိုင်အောင်၊ အားထုတ်နိုင်အောင် ပါရမီဖြည့် ပံ့ပိုးပေးရင် အဲဒီသားသမီးများ မိဘကို တကယ်ကျေးဇူးကျေအောင် ပေးဆပ်နေတာပဲလို့ ဘုရားရှင် ဟောကြားတော်မူခဲ့ပါတယ်။ အလွန်ကောင်းမြတ်တဲ့ နည်းပါ။

ဒါကြောင့်မို့ ကြွေးသစ်ချပေးသော ဖခင်ကြီးအား ကြွေးဟောင်းကို ပြန်လည် ပေးဆပ်နေသော သမီးမြတ်က သမ္ပဒါတရားလေးပါးနဲ့ အညီ- သဒ္ဓါကြည်ဖြူ၊ ပေးလှူသည်မှာ၊ သံသရာဝယ်၊ လိုရာမညှိုး၊ သုံးရန်မျိုးဖြင့်၊ ရွှေအိုးမြှုပ်သည်၊ သဘောမည်၏-ဟု ဆုံးမ ဆိုစကားအတိုင်း ဖခင်ကြီးအား (ကျေးဇူးပြန်ဆပ် သမီးမြတ်) ပါပဲဟု မှတ်တမ်းတင်ရင်း နိဂုံးချုပ်ပါတယ်။

(အရှင်ဓမ္မသာမိ-၀ါးခယ်မ၊ ရွာလယ်)

No comments: