Friday, January 15, 2010

( ၂၁ ) ကုသိုလ်တရား၌ မမေ့မလျော့ခြင်း

ကုသိုလ်တရား၌ မမေ့မလျော့ခြင်းသည် မင်္ဂလာတပါး ဖြဟ်၏။
တနည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတရပ် ဖြစ်သည်။

တရံရောအခါ ကလိင်္ဂတိုင်း ဒန္တပုရမြို့၌ ကရဏ္ဍမင်း အုပ်စိုး၏။ တနေ့သ၌ ထိုမင်းသည် အခြံအရံတို့နှင့်အတူ ဥယျာဉ်တော်သို့ သွားသည်။ ရောက်သောအခါ ဥယျာဉ်တံခါးဝတွင် သရက်သီးမှည့်များ အပြွတ်လိုက် သီးနေသော သရက်ပင်ကို မြင်သည်။ မင်းသည် ဆင်ပေါ်မှပင်နေလျက် သရက်သီးတခိုင်ကို လှမ်း၍ ဆွတ်ယူသည်။ ထို့နောက် ကျောက်ဖျာထက်တွင် ထိုင်၍သုံးဆောင်သည်။

မှူးမတ် ပုဏ္ဏား စသော အခြံအရံတို့သည် သရက်သီးကို မင်းကြီးသုံးဆောင်ပြီးသဖြင့် ကျန်သရက်သီးများကို ဆွတ်ခူးကြ၏။ လက်လှမ်းမမီသည်တို့ကို တုတ် ဓား စသည်တို့ဖြင့် ပစ်ခတ်ကြ၏။ ထို့နောက် စားသုံးကြ၏။ တခဏအတွင်းမှာပင် သရက်ပင်သည် အသီးများကင်းမဲ့၍ အကိုင်းအခက်တို့ ကျိုးပဲ့ပျက်စီးသွားလေသည်။

မင်းကြီးသည် တနေ့ပတ်လုံးဥယျာဉ်ကစားပြီးလျှင် ညနေချိန်သို့ ရောက်မှ နန်းတော်သို့ ပြန်မည်ပြု၏။ ထိုအခါ ဥယျာဉ်တံခါးဝ၌ အကိုင်းအခက်တို့ ကျိုးပဲ့ကာ မတင့်မတယ် ဖြစ်နေသော သရက်ပင်ကို မြင်၏။ ဤတွင် သရက်ပင်ရင်း၌ ရပ်လျက်-ဤသရက်ပင်ကား နံနက်အခါက အကိုင်းအခက် အသီးအခိုင်နှင့် ပြည့်စုံလျက် တင့်တယ်လှသည်။ ယခုကား အကိုင်းအခက်တို့လည်း ကျိုးပဲ့နေပြီ။ အသီးအခိုင်တို့လည်း ကျိုးပဲ့နေပြီ-ဟူ၍ မြည်တမ်းမိသည်။

သို့မြည်တမ်းရာမှ မနီးမဝေးရှိ အသီးမသီးသော သရက်ပင်ကို မြင်ပြန်လျှင် -ထိုသရက်ပင်ကား အသီးမရှိ၍ မပျက်စီး၊ အကိုင်းအခက်နှင့် ပြည့်စုံလျက် တင့်တည်စွာ တည်နေဘိသည်။
အလားတူပင် လူ့အဖြစ်သည် အသီးရှိသော သရက်ပင်နှင့်တူ၏။ ရဟန်းအဖြစ်သည် အသီးမရှိသော သရက်ပင်နှင့်တူ၏။
ဥစ္စာရှိသူမှာ ဘေးရှိ၏။ ဥစ္စာမရှိသူကား ဘေးမရှိ။
ငါသည် မေ့လျော့နေ၍ မဖြစ်တော့။ အသီးမရှိသော သရက်ပင်ကဲ့သို့ ကျင့်ရာ၏=ဟူ၍ ဆိုကာ အသီးသီးသော သရက်ပင်ကို အာရုံပြုသည်။ သို့အာရုံပြုရင်း ၀ိပဿနာတရားကို ပွားများရာ ထူးမြတ်သောဉာဏ်ကိုရ၍ ပစ္စေကဗုဒ္ဓါ (ဘုရားငယ်) ဖြစ်သွားလေသည်။

သရက်ပင်ရင်း၌ မင်းကြီးရပ်၍ တရားရှုမှတ်နေသည်မှာ ကြာမြင့်လှသဖြင့် မှူးမတ်တို့က-အရှင်မင်းကြီး ရပ်နေသည်မှာ ကြာမြင့်ပြီ-ဟု သတိပေးကြ၏။
မင်းကြီးက-အမတ်တို့ ငါသည် မင်းမဟုတ်တော့။ ပစ္စေကဗုဒ္ဓါ ဖြစ်နေပြီ-ဟု ပြန်၍ မိန့်တော်မူသည်။ အမတ်တို့ကလည်း မင်းကြီး၏ ဖြစ်ပုံကို မသိသဖြင့် ပြန်လည်လျှောက်ထားကြသည်။
အရှင်မင်းကြီး ပစ္စေကဗုဒ္ဓါတို့ကား အရှင်မင်းကဲ့သို့ မဟုတ်ပါ။
အဘယ်သို့နည်း။
အရှင်မင်းကြီး၊ ပစ္စေကဗုဒ္ဓါတို့သည် ဆံမုတ်ဆိတ်မရှိ၊ ဖန်ရည်စွန်းသော အ၀တ်ကိုလည်း ၀တ်ကြပါသည်။

ဤတွင် မင်းကြီးသည် ဦးခေါင်းကို လက်ဖြင့်သုံးသပ်လိုက်ရာ မင်းအသွင်ပျောက်သွားသည်။ ဆံမုတ်ဆိတ်တို့ကင်း၍ ဦးပြည်းဖြင့် ဖြစ်သွားသည်။ မင်းဝတ်တန်ဆာတို့ကွယ်၍ သင်္ကန်း၊ သပိတ် စသည်တို့ ဆောင်သော ရဟန်းအသွင် ထင်ရှားဖြစ်ပေါ်သည်။ မြေ၌မရပ်၊ ကောင်းကင်၌ ရပ်လျက် တည်နေတော်မူသည်။

မှူးမတ်အပေါင်းလည်း အံ့ချီးမဆုံး ဖြစ်ကြသည်။ ပျပ်ဝပ်စွာထိုင်လျက် ရိုသေစွာ ရှိခိုးကြသည်။ ပစ္စေကဗုဒ္ဓါ ဖြစ်နေသော မင်းကြီးက-သင်တို့အားလုံး ကုသိုလ်ကောင်းမှုပြုရန် မမေ့မလျော့ကြကုန်လင့်-ဟူ၍ ဆိုဆုံးမပြီးလျှင် ကောင်းကင်ခရီးဖြင့် ဟိမ၀န္တာရှိ နန္ဒမူလိုဏ်သို့ ကြွသွားလေသတည်း။
( ကျမ်းကိုး-၅၅၀-ကုမ္ဘကာရဇာတ်)

( မင်းယုဝေ)
(မြတ်မင်္ဂလာ ၂၀၀၃-ခု ဧပြီလ)

No comments: