Tuesday, February 2, 2010

အပျိုစင်တို့ သိသင့်သမျှ

( ဘယ်နေရာမှာ တွေ့တာလဲ)

အရွယ်ရောက်လာတာနဲ့ ချစ်သူတွေ့မယ်၊ ချစ်မယ်၊ ညားမယ်၊ ငယ်နုစဉ်မှာ တွေ့ရ ကြုံရ ရင်ဆိုင်ရမှာဟာ ဘ၀တသက်တာအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်ဆိုတာ မမေ့လေနဲ့။

သေချာတာကတော့ ကိုယ်တွေ့ရမယ့် ချစ်သူဟာ ကိုယ်ကျင်လည်ရတဲ့ ပတ်ဝန်းကျင်ကပဲ ဖြစ်ပါမယ်။ ဈေးထဲမှာ ဈေးရောင်းနေသူဟာ ဆိုင်နားနီးချင်း ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် သူတွေ့ရမယ့် သူဟာ ဈေးဝယ်လာတဲ့သူ ဖြစ်မှာပေါ့၊ အရပ်ထဲမှာ အိမ်မှာပဲ နေသူဟာလည်း အရပ်ထဲက အချင်းချင်းပဲ တွေ့ကြမှာပေါ့၊ ဆေးတက္ကသိုလ်တက်နေ တော့လဲ ဆေးတက္ကသိုလ် တက်နေသူချင်း တွေ့ပြီး ဒေါက်တာ မောင်..........နှင့် ဒေါက်တာ မ.........တို့၏ မင်္ဂလာဧည့်ခံပွဲ ဆိုတာမျိုး ဖြစ်တာပေါ့။

ကိုယ်ကျင်လည်ထိတွေ့နေတဲ့ ဝန်းကျင်နဲ့ ကင်းကွာတဲ့ ဖူးစာဖက်ဆိုတာကတော့ နဖူးစာ ရွာလည်လို့ တွေ့ဆုံပုံ ထူးမှ ရကြတာပါ။ ခရီးထွက်ရင်း တွေ့တာမျိုး၊ ပွဲလမ်းသဘင်မှာ ဆုံတာမျိုး၊ ပခုံးချင်းတိုက်မိလို့ ညားတာမျိုး၊ ရှိတော့ ရှိတယ် ရှားတယ် ဆိုတဲ့ ဖြစ်ရပ်မျိုးတွေပေါ့။ စဉ်းစားကြည့်ပါ ဆံဖြူ သွားကြွေ၊ ပါးရေ နားရေ တွန့်သော်မှ မြေးမြစ်တွေ ထိန်းရင်း ပြုံးပျော်နိုင်ကြဖို့ အတွက် ရွေးရမယ့်လက်တွဲဖော်ကို ဘယ်လိုနေရာက ရှာမှာလဲ၊ ကိုယ့်ဘဝလက်တွဲဖော်ရှာမယ့် နေရာဟာ ဘယ်လိုအသိဉာဏ်နှင့် ဘယ်လိုလူတွေ လာမယ့်နေရာလဲ၊ နေရာတွေကို ပထမ စဉ်းစားကြည့်ပါ။

စားသောက်ဆိုင်မှာလား
ကာရာအိုကေမှာလား
ကွန်ပျူတာ သင်တန်းမှာလား
စီမံခန့်ခွဲမှု၊ စီးပွားရေး သင်တန်းမှာလား
ရုံးမှာလား
ပွဲရုံမှာလား
စတိုးဆိုင်မှာလား
ကိုယ့်အရပ်ထဲကပဲလား
ဟိုတယ်မှာလား
ကုမ္ပဏီမှာလား

ချစ်သူတွေ့ဖို့အခြေအနေဆိုတာ ကိုယ်ကျင်လည်နေတဲ့ ဝန်းကျင်ကပဲ ဖန်တီးပေးတာပါ။ ဒါကြောင့် ကိုယ့်ဘဝလက်တွဲဖော် တွေ့နိုင်မယ့် နေရာဟာ အများဆုံးဖြစ်နိုင်ခြေရှိတာက ကိုယ်ကျင်လည်နေရတဲ့ ဝန်းကျင်ပါပဲ။ ကိုယ်ကျင်လည်ရတဲ့ ဝန်းကျင်က တွေ့ရမယ့် ကိုယ့်ဘဝ လက်တွဲဖော်ကို မတွေ့ဆုံခင်မှာ ကြိုစဉ်းစားပါ။ တသက်တာ လက်ခံမြတ်နိုးမယ့်သူ ဖြစ်ပါ့မလားဆိုတာ၊ ချစ်ပြီးမှဆို ခွဲကြဖို့ ခက်ပါတယ်။ မသင့်လို့ ခွဲမယ် ဆိုဦးတော့ အပျိုစင်ရဲ့ ဂုဏ်သိက္ခာဟာ အတိုင်းအတာတခုထိ ကျဆင်းသွားပါပြီ။ ဒါကြောင့် ငွေမရှိဦးတော့ ဂုဏ်သိက္ခာရှိမယ့် အမျိုးသားမျိုး တွေ့နိုင်ဖို့ ခက်ခဲတဲ့ဝန်းကျင်မှာများ ကိုယ်ကရောက်နေပြီ ဆိုရင်တော့ ကိုယ့်နောင်ရေးအတွက် ရင်လေးစရာကောင်းတဲ့ ဝန်းကျင်ကနေ အမြန်ဆုံး ရုန်းထွက်ပါ။ ခဏ ဝင်နားတာပါ၊ ဝင်ငွေကောင်းလို့ အရက်ဆိုင်ပေါက် ဈေးရောင်းတာပါ ဆိုပေမယ့် အဲဒီ ခဏအတွင်းမှာ တဘဝလုံး အဲဒီနေရာမှာ မြဲသွားဖို့ အကြောင်းဖန်လာနိုင်တယ်လေ။

ဒါကြောင့် ကိုယ်ကျင်လည်ရတဲ့ ဝန်းကျင်ကို ပထမဆုံး သတိထားပါ။ကိုယ်ကျင်လည်ရတဲ့ ၀န်းကျင်မှာ တွေ့ရမယ့်သူဟာ ဘ၀တသက်တာ လက်တွဲဖို့ မသင့်ဘူးလို့ ယူဆရင် သတိနှင့် နေပါ။ သံယောဇဉ်ဖြစ်ပြီးမှ အဖြတ်ရခက်ပါတယ်။

ခုလိုပြောတဲ့အတွက် ၀န်းကျင် ကောင်းရင် လူကောင်းနဲ့ တွေ့မယ်။ ၀န်းကျင်မကောင်းရင် လူကောင်းနှင့် မတွေ့နိုင်ဘူး ဆိုတာက ရာနှုန်းပြည့် မှန်တဲ့ ကောက်ချက်တော့ မဟုတ်ပါဘူး။ အလွန့်အလွန်နည်းတဲ့ ရာနှုန်းလေးလောက်တော့ မလိုလားစရာ ၀န်းကျင်မှာ လူကောင်းရှိနိုင်သလို သန့်စင်တဲ့ ၀န်းကျင်မှာလည်း မလိုလားစရာ လူကို တွေ့နိုင်ပါတယ်။ ဒီလိုအဖြစ်တွေကိုတော့ ဥပုသ်စောင့်တဲ့ ကျား-ရှာရသလို ဆွမ်းဆန်ထဲ ရောတဲ့ ကြွက်ချေးတွေ့ရသလို-လို့ ခိုင်းနှိုင်းရမလိုပါပဲ။ ကောင်းတဲ့ဝန်ကျင်ကို ရွေးချယ်ပါ။ ရပ်တည်ပါ ဆိုတာကတော့ အများဆုံး ဖြစ်နိုင်ချေရှိတဲ့ လူကောင်းများ စုဝေးရာမို့ အကြံပြုရတာပါ။

ဝန်းကျင်ရွေးပြီးရင် ကိုယ့်ရဲ့အနေအထားကို သတိပြုရပါမယ်။ မိန်းကလေး အတော်များများက ကိုယ့်ထက်သာတာ၊ ကိုယ့်ထက်မြင့်တာ၊ ဆိုတဲ့ စကားလုံးထက် လေးစားတဲ့၊ အထင်ကြီးတဲ့ စိတ်အပေါ် အခြေခံပြီး ချစ်သူရှာကြတာ များပါတယ်။ ဒီနေရာမှာ တချက်စဉ်းစားပါ။ ယောက်ျားလေးကလည်း ကိုယ့်လိုပဲ အထင်ကြီးမှု လေးစားမှု တစုံတရာအပေါ်မှာ အခြေခံပြီး ချစ်သူရှာမယ်ဆိုတဲ့ အချက်ပါပဲ။ ငွေဘယ်လောက် ချမ်းသာနေပါစေ၊ အကျင့်စာရိတ္တ မကောင်းဘူးလို့ နာမည်ပျက်နေရင် ဘယ်ယောက်ျားလေးကမှ ဘ၀တသက်စာ လက်တွဲဖို့အတွက် စိတ်ဝင်စားမယ် မဟုတ်ပါဘူး။

ဒီတော့-
ပတ်ဝန်းကျင်ကောင်းကို ရောက်နေတယ် ဆိုရင်၊ ရွေးချယ်ထားတယ်ဆိုရင် ကိုယ့်ရဲ့ ကိုယ်ကျင့်တရား၊ သိက္ခာကိုပါ လေးစားခြင်း ခံရအောင် အနေအထိုင် ထိန်းသိမ်းရပါလိမ့်မယ်။ ကြွက်ပုံပြင်လိုပေါ့၊ ကြွက်မလေး ဘယ်လောက် ချောချော၊ ဘယ်လောက်ပဲ အမြင့်ကို မှန်းမှန်း နောက်ဆုံးတော့ ကြွက် ကြွက်ချင်း ညားတာပါပဲ။ စဉ်းစားကြည့်ဖို့ပါ။ တွေးကြဖို့ပါ။ ကိုယ့်ဘ၀ရဲ့ တသက်တာ လက်တွဲဖော်ဆိုတာ ခဏလေးဆိုတဲ့ အချိန်အတွင်း မသေမချင်း ပေါင်းသင်းနေထိုင်ရမယ်ဆိုတဲ့ သတိနဲ့ ချစ်ရေး ဆိုခံရတာနဲ့ စဉ်းစားပါ။ အလေးထားပါ၊ ဘယ်နေရာမှာ တွေ့တာလဲ။

အဲဒီနေရာမှာ ကိုယ့်ဘ၀ကို စောင့်ရှောက်မယ့်သူ အားကိုးရမယ့်သူ တွေ့နိုင်ပါ့မလားဆိုတာ တွေ့ဆုံရတဲ့ ၀န်းကျင်ဟာ ချစ်သူ ရွေးတဲ့ဆီမှာ ထည့်သွင်း စဉ်းစားရမယ့် အချက်တချက်ပါ။

( ကံချွန် )
(အပျိုစင်-၂၀၀၅-အောက်တိုဘာလ)

No comments: