Tuesday, February 2, 2010

သင့်မီးဖိုချောင်မှ အစွမ်းထက် ဆေးများ

စိတ်အနှောင့်အယှက်ပေးတဲ့ အင်္ဂါယားယံခြင်းမှသည် တခြားကျန်းမာရေး ပြဿနာ တစုံတရာ ဖြစ်လာရင် ကုသမှုခံယူဖို့ ဆရာဝန်ထံ ပြသမယ်။ ဒါမှမဟုတ် ရပ်ကွက်ထဲရှိ ဆေးဆိုင်မှာ ဆေးဝယ်မယ်ပေါ့။ အကျင့်လည်း ဖြစ်နေကြပြီလေ။ ဒါပေမဲ့ ဆရာဝန်အလွယ်တကူ မရရှိနိုင်တဲ့ ကျေးလက်ဒေသများမှာကတော့ ယခုဖော်ပြမဲ့ မီးဖိုဆောင်တွင် ရရှိနိုင်တဲ့ နေ့စဉ်သုံး အစားအစာများကို ဆေးဝါးအဖြစ် အသုံးချနိုင်တာ သိရင် အကျိုးများမှာ ဖြစ်ပါတယ်။ မြို့နေ အိမ်ထောင်စုများအတွက်လည်း ဘေးထွက်ဆိုးကျိုး ဘာမှမရှိတဲ့ ဆေးမြီးတိုများကို လွယ်လွယ်နှင့် အသုံးပြုနိုင်တာကြောင့် လူ မပင်ပန်းဘဲ ငွေကုန် သက်သာစေမှာ ဖြစ်ပါတယ်။ ဆေးမြီတိုများလို့ ဆိုလိုက်ပေမဲ့ သိပ္ပံနည်းကျ အနောက်တိုင်း ဆေးပညာက အစွမ်းအာနိသင်ရှိကြောင်း ထောက်ခံချက်ပြုထား တာကို တွေ့ရပါလိမ့်မယ်။

၁။ ငရုတ်သီးနှင့် အိုဗာဝိတ်
မြန်မာ အိန္ဒိယနှင့် စင်ကာပူသားတွေက ဟင်းလျာများထဲမှာ ငရုတ်သီး ထည့်စားတတ်ကြတယ်။ အများစုက ငရုတ်သီးကို ကြိုက်ကြပါတယ်။ ယခုတော့ ငရုတ်သီး ပိုစားဖို့ အကြောင်းရှိလာပါပြီ။ အကြောင်းကတော့ အလေးချိန်တိုးခြင်းကို ဖြစ်စေတဲ့ အဆီကို ငရုတ်သီးက လောင်မြိုက်စေတဲ့ သဘာဝပစ္စည်းတခု ဖြစ်လို့ပါ။ ဒါ့အပြင် ခံတွင်းတွေ့မှုကို ဖိနှိပ်ပေးတဲ့ ပစ္စည်းလည်း ဖြစ်တယ်။ USA Weekend ဆိုတဲ့ သတင်းစာစောင်ထဲမှာ ဖော်ပြထားတာကတော့ ငရုတ်သီး အပါအ၀င် စပ်တဲ့ ဟင်းခတ် အမွှေးအကြိုင် ပစ္စည်းတွေက ဇီဝရုပ်တွင်း ဖြစ်ပျက်မှု (metadolism) ကို အရှိန်မြန်စေတယ်။ ပိုနေတဲ့ ကယ်လိုရီများကို လောင်မြိုက်ပစ်တယ်။ ခံတွင်းတွေ့မှုကို လျှော့ချပေးတယ်လို့ ဆိုပါတယ်။ ဒါက ပူစပ်ပူလောင် အရသာကို ဖြစ်စေတဲ့ ငရုတ်သီးထဲမှာ ပါဝင်တဲ့ ပစ္စည်းများထဲက တမျိုးဖြစ်တဲ့ capsaicin ကြောင့်ပါပဲ။

ကနေဒါနိုင်ငံ၊ လာဗယ်လ် တက္ကသိုလ်မှာ သုတေသန အသစ်အရ ငရုတ်သီး ဆော့စ်နှင့် ထမင်း တည်ခင်း စားကြတဲ့ သုတေသနထဲ ပါဝင်သူများက နေ့လယ်စာမှာ ကယ်လိုရီ ၂၀၀ လျော့နည်းစားသုံးကြောင်း နှင့် ငရုတ်သီး မစားသူများထက် သရေစာ မစားဘဲ ပိုကြာကြာ နေနိုင်ကြောင်း ပြသခဲ့ပါတယ်။

၂။ ဒိန်ချဉ်နှင့် အင်္ဂါ ယားယံခြင်း
ဒိန်ချဉ်ထဲမှာ ပါတဲ့ ဘက်တီးရီးယား ပိုးများက အူမကြီးနှင့် အဆင်ပြေတဲ့အတွက် ကျန်းမာရေးအတွက် ကောင်းတဲ့ အစားအစာအဖြစ် အသိများပါတယ်။ ဒီဘက်တီးရီးယားတွေကပဲ အင်္ဂါယားယံခြင်းကို နှစ်သိမ့်မှုပေး၊ သက်သာစေတယ်လို့ ယူဆပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာ ဆိုတာကိုတော့ အတိအကျ မသိရှိရသေးဘူး၊ ဒါပေမဲ့ ယားယံခြင်းကို ဖြစ်စေတဲ့ ပိုးများကို တိုက်ဖျက်ပစ်တယ်လို့ ယုံကြည်ရတယ်-လို့ အမေရိကန် ပြည်ထောင်စု Case Western Reserve ဆေးကျောင်းမှ အရေပြားအထူးကုနှင့် ဆေးဘက်ဆိုင်ရာ တွဲဖက်ပါမောက္ခ ဖြစ်သူ ဂျာရွမ်းဇက်လစ်ထ်-က ပြောပါတယ်။

၃။ ဂျုံနှင့်လုပ်သော အစာ နှင့် ရာသီမပေါ်မီ ရောဂါလက္ခဏာ
ဟိုမုန်းများ အပြင် သွေးထဲရှိသကြားပမာဏ တည်ငြိမ်မှုမရှိလျှင် အမျိုးသမီးများမှာ တွေ့ရတတ်တဲ့ ဓမ္မတာရာသီ မပေါ်မီ လက္ခဏာစုများ (PMS) ဖြစ်ပေါ်စေတယ်။ ဖြေရှင်းချက်အနေနဲ့ ဂျုံနှင့်လုပ်တဲ့ အစာများ (pasta) စားပါလို့ ကနေဒါမှ ဓာတ်စာပညာရှင် လက်စလီဘက်က ပြောပါတယ်။ တကယ်လို့ လစဉ် ရာသီမပေါ်မီမှာ စိတ်နေစိတ်ထား ပြောင်းလဲတာမျိုးဆို ရာသီမလာမီ နှစ်ပတ်အလိုက စပြီး သင်စားတဲ့ ထမင်းပွဲတိုင်းမှာ pasta လိုမျိုး ကာဗိုဟိုက်ဒြိတ် မြင့်မားစွာပါတဲ့ အစာက တ၀က်ခန့် ပါဝင်ပါစေ၊ ကာဗိုဟိုက်ဒြိတ်များက စားချင်တဲ့အာသာကို ပြေစေရုံမက သွေးထဲရှိ သကြားဓာတ် ပမာဏကို ပိုအချိန်ကြာကြာ တည်မြဲစေပါတယ်-လို့ အဆိုပါ ဓာတ်စာပညာရှင်က ပြောပါတယ်။

၎။ ဆယ်လ်မွန် ငါးနှင့် စိတ်ကျရောဂါ
စိတ်ကျရောဂါ ခံစားနေရပါသလား၊ ဒါဆိုလျှင် သင့်ဦးနှောက်တွင် အိုမီဂါ-၃ အဆီ အက်ဆစ် နည်းနေလို့ ဖြစ်နိုင်တယ်။ ဦးနှောက် ဆဲလ်များ တခုနှင့်တခု ဆက်သွယ်ရာမှာ အဆိုပါ အက်ဆစ်များ လိုကြောင်း၊ ယင်းအက်ဆစ်ဓာတ် အရနည်းရင် ဦးနှောက်ဆဲလ်များ အချင်းချင်း ဆက်သွယ်မှုကို အနှောင့်အယှက် ဖြစ်စေပြီး စိတ်ကျရောဂါ ဖြစ်လာနိုင်တယ်။ ယင်းအချက်များမှာ-
Archives of General Psychiatry စာစောင်ထဲမှာ ဖော်ပြထားခြင်း ဖြစ်တယ်။

နောက်လေ့လာမှု တရပ်က အိုမီဂါ-၃ အဆီ အက်ဆစ်များက စိတ်နေစိတ်ထားများ (moods) ကို တည်ငြိမ်အောင် ထိန်းပေးနိုင်ကြောင်းနှင့် စိတ်ကျရောဂါကု ဆေးများ နည်းတူ ဦးနှောက်အတွင်း လှုပ်ရှားမှုကို ရပ်တန့်နေနိုင်ကြောင်း ပြသထားတယ်။ ဒီအဆီများတဲ့ ငါးကို အမျိုးမျိုးအဖုံဖုံ လုပ်စားနိုင်ပါတယ်။ ဆာရှိမိ စတိုင် (အစိမ်းစား)၊ အကင်၊ အဖုတ်၊ အကြော် အစရှိသဖြင့်ပေါ့။

၅။ ငှက်ပျောသီးနှင့် မောပန်းခြင်း
အင်အား ကုန်ခန်းနေတာကို ပြန်ဖြည့်တင်းဖို့ ကက်ဖင်းမပါတဲ့ အစားအစာ စာချင်တယ်ဆိုရင်တော့ ကော်ဖီ၊ ချောကလက်တွေကို မယူလိုက်ပါနဲ့၊ ငှက်ပျောသီးကိုပဲ ကိုက်လိုက်ပါ။ သဘာဝရဲ့ သရေစာဖြစ်တဲ့ ငှက်ပျောသီးထဲမှာ သကြားဓာတ် သုံးမျိုးနှင့် ဖိုင်ဘာခေါ် အမျှင်များ ပါဝင်နေပါတယ်။ သကြားသုံးမျိုး ဆိုတာကတော့ ဆူးခရို့စ်ခေါ်တဲ့ ကြံသကြား၊ ဖရပ်တို့စ်နှင့် ဂလူးကို့စ်တို့ပဲ ဖြစ်တယ်။ ဒါကြောင့် တင်းနစ် အကျော်အမော် ပိဆမ်းပရပ်စ်က အကြိတ်အနယ်ပွဲတွေမှာ ခံနိုင်ရည် ဇွဲ ရှိစေဖို့ ငှက်ပျောသီးကို စားကြောင်း သိရတယ်။ ငှက်ပျောသီးနှစ်လုံး စားရုံနှင့် မိနစ် ၉၀-ကြာ အပြင်းအထန် လေ့ကျင့်ခန်း လုပ်ဖို့ လိုတဲ့စွမ်းအင်မျိုး ရရှိစေပါတယ်။

၆။ ဆေးလက်ဖက်ခြောက်နှင့် အရေပြား ယားယံရောင်ရမ်းခြင်း
Oolong tea ခေါ် တရုတ်ဆေးလက်ဖက်ခြောက်ရည်က စိတ်တည်ငြိမ်အေးချမ်းမှု ပေးရုံမက ဆေးလောကမှာ အာရုံစိုက်စရာ အဖြစ် အလျင်အမြန် ရောက်ရှိနေပါတယ်။ ဆေးလက်ဖက်ခြောက်များက တပိုင်းတစမျှသာ အချဉ်ဖောက်ထားရသေးတဲ့အတွက် ရေထဲ စိမ်လိုက်တဲ့အခါ အင်ဇိုင်းများ ထုတ်ပေးတယ်။ ဒါကြောင့် အရောင်မှာ အနက်ရောင် ပေါက်နေတတ်တယ်။

ဂျပန်မှ လေ့လာမှုတခုမှာ ဆေးလက်ဖက်ခြောက်ရည်ကို တနေ့သုံးကြိမ်၊ တပတ် နှစ်ပတ်ကြာ သောက်သုံးသူများမှာ အရေပြား ယားယံ ရောင်ရမ်းခြင်း (atopic dermatitis) ကို သိသိသာသာ သက်သာစေကြောင်း တွေ့ရှိခဲ့တယ်။ လက်ဖက်ရည်က သိပ်ပြင်းလွန်းတယ် ထင်ရင်တော့ နို့ ထည့်သောက်နိုင် တယ်။ နို့် ထည့်သောက်လိုက်တဲ့ အတွက် အာနိသင်ရှိ ပါဝင် ပစ္စည်းတွေကို စုပ်ယူရာမှာ အဟန့်အတား မဖြစ်စေဘူးလို့ ဒပ်ခ်ျ သုတေသန ပညာရှင်တွေက ဆိုပါတယ်။ ဆေးလက်ဖက်ခြောက်ရွက်များကို ရေပူထဲ တမိနစ်မှ ငါးမိနစ် စိမ်ထားရုံနှင့် သောက်လို့ ရပါပြီ။

၇။ ခရမ်းချဉ်သီးနှင့် ကင်ဆာ
အကြော်များကို ခရမ်းချဉ်သီး ဆော့စ် (စားမြိန်ရည်) ထဲ နှစ်မြှုပ် စားတတ်ကြတယ်။ ခရမ်းချဉ်သီးက ဘက်စုံ သုံးနိုင်တဲ့အသီး တမျိုးပါ။ လူအားလုံးရဲ့ လျှာ အရသာကို အကြိုက်တွေ့စေတယ်။ ဒါထက် ပိုအံ့သြစရာ ကောင်းတာက ကင်ဆာကို တိုက်ဖျက်နိုင်စွမ်းပဲ ဖြစ်တယ်။ ဒါက ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေတဲ့ လိုက်ကိုပင်း (lycopene) လို့ ခေါ်တဲ့ ဆိုးဆေးတမျိုးကြောင့် ဖြစ်တယ်။ လိုက်ကိုပင်းက အပင်က ရတဲ့အင်တီ အောက်ဆီဒင့် ဖြစ်ပြီး ကင်ဆာတိုက်ဖျက် ပစ္စည်းလို့ လူသိများတဲ့ ဘီတာ ကာရိုတင်းထက်တောင် အစွမ်းထက်သေး၊ အမေရိကန် ပြည်ထောင်စု အမျိုးသား ကင်ဆာဌာန ဂျာနယ်ထဲက သုံးသပ်ချက်တခုမှာ ခရမ်းချဉ်သီးများက ပရိုစတိတ် ကင်ဆာ၊ အဆုတ်နှင့် အစာအိမ် ကင်ဆာများကို ကာကွယ်နိုင်စွမ်း ရှိကြောင်း ခိုင်မာတဲ့ အထောက်အထားများကို လေ့လာမှု ၇၀-ကျော် ပြသထားကြောင်း ဆိုပါတယ်။

၈။ ပျားရည်နှင့် ရှနာ၊ ပွန်းပဲ့နာများ
လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်တဲ့ ပျားရည်ကို လက်ဖက်ရည်နှင့် ရောစပ်သောက်သောက်၊ သူ့ချည်းပဲ သောက်သောက် အရသာထူးတဲ့ ပျားရည်က အံ့သြစရာကောင်းတဲ့ ပိုးသတ်နိုင်တဲ့ အစွမ်းသတ္တိ ရှိနေတာ တွေ့ရတယ်။ ပျားရည်မှာ သကြားဓာတ် မြင့်မားစွာ ပါဝင်နေတဲ့အတွက် ရေငွေ့ပါဝင်မှု နည်းတယ်။ ပရိုတင်းဓာတ် ပါဝင်မှု နည်းတာကြောင့် နိုက်ထရိုဂျင်ပါတဲ့ ဘက်တီးရီးယားများကို သေစေနိုင်တယ်။ ဘက်တီးရီးယား ပွားများမှုကို တားမြစ်ပေးတယ်။

လေ့လာမှုတခုမှာ ပဋိဇီဝဆေးများနှင့် မသက်သာတဲ့အနာများကို ပျားရည် သုတ်လိမ်းပေးတဲ့အခါ အကြိမ်အတော်များများ သုတ်လိမ်းပြီးနောက် အနာကျက်လာတယ်။ ဒီလိုဖြစ်ရတာ ပျားရည်နဲ့ အက်ဆစ်သတ္တိ၊ အခြောက်ခံ ပစ္စည်းဂုဏ်သတ္တိနှင့် ဘက်တီးရီးယားများကို သတ်ပစ်နိုင်တဲ့ inhibine ခေါ် ဓာတ်ပစ္စည်းကြောင့်လို့ သုတေသီတို့က ယုံကြည်ယူဆကြတယ်။

၉။ သိန္ဓောဆားနှင့် ဗိုက်နာခြင်း
ဆားက မကောင်းသတင်းနှင့် ကျော်ကြားတယ်။ သွေးတိုး ဖြစ်စေတယ်။ ရေဓာတ်ကို ထိန်းထားတယ်ပေါ့။ ဒါပေမဲ့ စိတ်ဝင်စားစရာ ကောင်းတာက အိန္ဒိယ အာယုဗေဒ ဆေးကျမ်းတွေမှာ သိန္ဓော ဆား (rock salt) ကို အစာမကြေ ရောဂါအတွက် ဆေးများဖော်စပ်ရာမှာ အတော်လေးသုံးထားတာ တွေ့ရတယ်။ ဥပမာအားဖြင့်-
အစာ မစားမီ ငါးမိနစ်အလိုမှာ ချင်းစိမ်းနှင့် သိန္ဓော ဆားကို ရောပြီး ၀ါးပါက အစာအိမ် ပြဿနာများကို ရှောင်နိုင်တယ်လို့ ဆိုတယ်။ အလားတူ ဇွန်းဝက်ခန့် သိန္ဓော ဆားကို ရေပူ တဖန်ခွက်မှာ ထည့်ဖျော်ထားတဲ့ ဖျော်ရည်က ဗိုက်နာခြင်းကို ပျောက်စေရုံမက နာကျင်ခြင်းကိုပါ ဖယ်ရှားပေးနိုင်တယ်။

၁၀။ ထမင်းရည်နှင့် ၀မ်းလျှော ၀မ်းပျက်
ကာလ၀မ်းရောဂါ အဖြစ်များတဲ့ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံအတွင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဆေးဘက်ဆိုင်ရာ စမ်းသပ်ချက်များ ပြုလုပ်ရာမှာ ထမင်းရည်က ၂၄-နာရီအတွင်း ၀မ်းလျှောခြင်းကို ရပ်တန့်စေနိုင်ကြောင်း တွေ့ရတယ်။ ထမင်းရည်ထဲမှာ အဓိကတော့ starch ခေါ် ကစီဓာတ်အများဆုံး ပါဝင်ပြီး အမိုင်နို အက်ဆစ်များနှင့် ဂလူးကို့စ်ကို ပမာဏအားဖြင့် ဂလူးကို့စ်ဖျော်ရည်ထဲမှာ ပါတဲ့ ပမာဏထက် နှစ်ဆ ထုတ်လွှတ်ပေးတယ်။ ဂလူးကို့စ် ဓာတ်ဆားဖျော်ရည် ဆိုတာက ၀မ်းလျှောခြင်းကို ရပ်တန့်စေဖို့၊ အူများနှင့် သွေးထဲမှာ အရည်များ မျှတစေဖို့ ထိန်းညှိပေးရာမှာ အထူးလိုအပ်ပါတယ်။ မိမိကိုယ်တိုင် ထမင်းရည် လိုချင်ရင်တော့ ဆန် အနည်းငယ်ကို ရေထဲ ထည့်ပြီး မိနစ် ၃၀-မှ ၄၅ မိနစ် အထိ ဆူအောင် တည်ပါ။ ပြီးရင် ဆန်ကို စစ်ထုတ်ပစ်ပါ။ အေးတဲ့အခါ ထမင်းရည်ကို ချင်းနှင့် ဖြစ်စေ၊ ပျားရည်နှင့် ဖြစ်စေ မြည်းနိုင်ပါတယ်။ တနေ့လုံး တမြုံ့မြုံ့နှင့် သောက်ပေးပါ။

( ဦးလှမြင့်-ဂန္ဓမာ )
( အပျိုစင်-၂၀၀၅-အောက်တိုဘာလ )

No comments: