Friday, February 5, 2010

ခဏလေး ဆိုင်းပါဦး

တိုင်းသူပြည်သားတို့၏ တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးတို့ကို ကြည်ရှုဆောင်ရွက်နေရသော မင်းမှုထမ်းတို့သည် ရပ်ရွာတည်ငြိမ်ရေးနှင့် အေးချမ်းသာယာရေးကို ဆိုးဆိုးဝါးဝါး နှောင့်ယှက်ဖျက်ဆီးသည့် အဖျက်သမားကို လက်ရဖမ်းဆီး၍ ပြည့်ရှင်မင်း၏ ရှေ့မှောက်သို့ ပို့ဆောင်ကာ-

အရှင်မင်းကြီး ဒီလူဟာ အင်မတန်ကြီးလေးတဲ့ ပြစ်မှုကြီးများကို ကျူးလွန်သူ ဖြစ်ပါတယ်။ သူ့အတွက် အရှင်မင်းကြီး အလိုရှိရာ အပြစ်ဒဏ်ကို ခတ်တော်မူပါဘုရား-ဟု လျှောက်တင်ကြ၏။
ပြည်ရှင်မင်းကြီးကလည်း ထိုသူ၏ ပြစ်မှုကျူးလွန်ပုံကို စစ်ဆေးမေးမြန်းပြီးလျှင် အမှုနှင့်ထိုက်တန်သည့် အပြစ်ဒဏ်ကိုပေးရန် အမိန့်ချမှတ်လိုက်၏။

ပြည့်ရှင်မင်း၏ အမိန့်အရ မင်းမှုထမ်းတို့သည် အဖျက်သမားကို လုံးဝမလှုပ်ရှားနိုင်အောင် လက်ပြန်ကြိုး ခိုင်ခိုင်ကြီး တုပ်ကြ၏။ ခေါင်းကို လေးကွက်ကျား ရိတ်ကြ၏။ အသံကြမ်းလှသော စည်ကို တီးကာ အဖျက်သမားကို နန်းတော်ထဲက ဆွဲထုတ်လာကြ၏။ မြို့သူမြို့သားတွေ ရာဇ၀တ်ပြစ်မှုကို ကြောက်သွားလောက်အောင် တလမ်းပြီးတလမ်း ဆွဲခေါ်၍ ပြသကြ၏။ လမ်းဆုံတခုပြီးတခု ဆွဲခေါ်၍ ပြသကြ၏။

ဤသို့ တမြို့လုံးနှံ့လောက်အောင် ပြသပြီးခါမှ မြို့တော်၏ တောင်ဘက်တံခါးမှ ဆွဲထုတ်လာပြီးလျှင် ပြစ်မှုထင်ရှားသည့် အဖျက်သမား ရာဇ၀တ်သားတို့ကို သတ်နေကျဖြစ်သော သူသတ်ကုန်းသို့ ရောက်လာကြ၏။

သူသတ်ကုန်းတွင် အဖျက်သမား ရာဇ၀တ်သားကို ဒူးထောက်၍ ထိုင်နေစေပြီးလျှင် လက်မရွံ့ အာဏာသားတို့က ထက်လှစွာသော ဓားဝင်းဝင်းကို ဓားအိမ်မှ ဆွဲထုတ်လိုက်ကြ၏။
ထိုခဏမှာပင် အဖျက်သမား ရာဇ၀တ်သားက-
အို အမှုထမ်းတို့ ခဏလေး ဆိုင်းကြပါဦး၊ အိမ်ကို ခဏလောက် ပြန်ပါရစေဦး၊ အိမ်သူအိမ်သားတွေကို မျက်နှာပြလိုက်ပါရစေဦး။ ဘယ်သူမှ မသိအောင် သိုဝှက်ထားခဲ့တဲ့ ဥစ္စာလေးတွေကို ပြထားခဲ့ပါရစေဦး။
ဤသို့ အခွင့်အရေး တောင်းဆိုလေသည်။

( ငရဲခန်းမှာ ပြန်လမ်းမရှိ)
ဒီဃနိကာယ်၊ သုတ်မဟာဝါ၊ ပါယာသိသုတ် ပါဠိတော်တွင် အရှင်ကုမာရကဿပ-က ပါယာသိမြို့စားအား ထုတ်ဆောင်ဟောကြားခဲ့သည့် ဥပမာ ပုံဝတ္ထုတခု ဖြစ်ပါသည်။

ပါယာသိမြို့စားသည် ပဿနေဒီကောသလ မင်းကြီး၏ ချီးမြှောက်ခြင်းကို ထူးထူးခြားခြား ခံစားရသူ ဖြစ်၏။ သေတဗျမြို့ကို မြက်၊ ထင်း၊ ရေတို့နှင့် တကွ၊ စပါး၊ ပဲ စသည့် အသီးအနှံများနှင့်တကွ ထွက်ပေါ်လာသည့် ရတနာမျိုးစုံနှင့်တကွ အပိုင်စားရထား၏။

ဤသို့ အပိုင်စားရခြင်းမှာလည်း နှစ်အပိုင်းအခြားနှင့် မဟုတ်ပေ။ ဤသေတဗျ မြို့စားအရာကို ပေဿနဒီ ကောသလမင်းကြီး၏ (ဗြဟ္မဒေယျ) မြင့်မြတ်သော ပေးခြင်းဖြင့် ပေးထားသည်ဖြစ်ရာ သူ့တသက်တာလုံးအတွက် စိုးရိမ်တုန်လှုပ်ဖွယ်မရှိပါချေ။

သို့ရာတွင် ပါယာသိမြို့စားအဖို့ သံသရာရေးအတွက်ကား ကြောက်စရာအတိ ဖြစ်နေ၏။ ဤအယူဝါဒကြီးကိုသာ မပယ်စွန့်ဘဲ ကွယ်လွန်သွားမည်ဆိုပါက အပါယ်ငရဲသို့ ကျရတော့မည် ဖြစ်၏။ ပါယာသိမြို့စားသည် မျက်မြင်ကိုယ်တွေ့ ဖြစ်ရပ်များကိုသာ တကယ်အရှိအမှန်ဟု ယုံကြည်သူဖြစ်၏။ ထို့ကြောင့် ဤလောကမှ အခြားတပါးသော (ပရလောက) ကို လက်မခံပေ။ ဘ၀တခုမှ ကွယ်လွန်၍ နောက်ထပ် ဘ၀သစ်တွင် ဖွားမြင်လာသည့် သတ္တ၀ါမရှိဟူ၍လည်း တထစ်ချ မှတ်ယူထား၏။ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ ကောင်းကျိုးဆိုးပြစ် စံရ ခံရပုံကိုလည်း ငြင်းပယ်ထား၏။

ပါယာသိမြို့စားသည် မိမိ၏ ခံယူချက်များအတွက် အရှင်ကုမာရကဿပ ရှေ့မှောက်တွင် ဤသို့ သက်သေထူထားပေသည်။
အရှင်ဘုရား၊ တပည့်တော်၏ ဆွေမျိုးများ မိတ်ဆွေများထဲမှ ဒုစရိုက်ပြစ်မှု ကျူးလွန်သူများ ရှိခဲ့ကြပါသည်။ သူတို့သည် ကာယကံဒုစရိုက် သုံးမျိုးတို့ကိုလည်း ကျူးလွန်ခဲ့ကြပါသည်။ ၀စီကံဒုစရိုက် လေးမျိုးတို့ကိုလည်း ကျူးလွန်ခဲ့ကြပါသည်။ မနောကံ ဒုစရိုက်သုံးမျိုးတို့ကိုလည်း ကျူးလွန်ခဲ့ကြပါသည်။

အရှင်ဘုရား တနေ့သောအခါ သူတို့တတွေ ရောဂါနှိပ်စက်ခြင်း ခံကြရပါသည်။ ဤအနာရောဂါမှ ထမြောက်မည် မဟုတ်တော့ဟု တပည့်တော် သဘောပေါက်လာပါသည်။
ဤတွင် တပည့်တော်သည် သူတို့အထံ ချဉ်းကပ်၍-
အချင်းတို့ အချို့သော သမဏ ဗြဟ္မဏတို့က ဒုစရိုက်တရား ပြစ်မှုကျူးလွန်သူသည် ဤဘ၀မှ ကွယ်လွန်သောအခါ အပါယ်ငရဲသို့ ကျရောက်ရမည်ဟု ဟောကြားနေကြပါသည်။ သင်တို့သည်လည်း ဒုစရိုက်တရားတို့နှင့် မကင်းနိုင် ရှိခဲ့ကြပါသည်။ အကယ်၍ သမဏ ဗြဟ္မဏတို့၏ ဟောကြားချက်များ အမှန်ဖြစ်ခဲ့သော် အသင်တို့ ကွယ်လွန်လျှင် အပါယ်ငရဲသို့ ကျရပေတော့မည်။ ထိုသို့ကျရောက်သည် မှန်လျှင် ငါ့ဆီပြန်ပြီး ပြောပြကြပါဦး။ ပရလောကဟူသည် ဧကန်ရှိကြောင်း၊ ဘ၀သစ်မှာ ဖွားမြင်လာသူ ရှိကြောင်း ကုသိုလ်ကံ အကုသိုလ်ကံတို့၏ ကောင်းကျိုးဆိုးပြစ်ရှိကြောင်း လာ၍ ပြောလှည့်ကြပါ။

အရှင်ဘုရား၊ တပည့်တော်က ဤသို့ တောင်းပန်ရာတွင် သူတို့ကလည်း-ကောင်းပါပြီ-ဟု ၀န်ခံခဲ့ကြပါသည်။ သို့ရာတွင် သူတို့တတွေသာ တယောက်ပြီးတယောက် ကွယ်လွန်သွားကြပါသည်။ တပည့်တော်ထံ ကိုယ်တိုင်လာ၍ ပြောလာသူလည်း တယောက်မျှ မရှိပါ။ ကိုယ်စားလှယ်လည်း လွှတ်၍ ပြောကြားခြင်းလည်း မရှိပါ။
ဤသို့သော အထောက်အထားများအရ ဤအယူကို စွဲယူထားပါကြောင်း လျှောက်ထားရာတွင် အရှင်ကုမာရကဿပ-က အထက်ပါ ဥပမာ ပုံဝတ္ထုကို ထုတ်ဆောင်ပြပြီးလျှင်-

မြို့စားမင်း၊ ဤသို့ အသတ်ခံရတော့မည့်ဆဲဆဲ အဖျက်သမားက ခွင့်တောင်းလာခဲ့လျှင် မင်းချင်းက သူတောင်းဆိုသည့်အတိုင်း လိုက်လျောနိုင်ကြပါမည်လော-ဟုမေးခွန်းထုတ်၏။
ဤတွင် ပါယာသိမြို့စားက-
အရှင်ဘုရား၊ လိုက်လျောနိုင်ကြမည် မဟုတ်ပါ။ ထိုသူ အသံစာစာနှင့် တောင်းပန်နေဆဲမှာပင် မင်းချင်းများက သူ့ခေါင်းကို ဖြတ်ချလိုက်ကြပါလိမ့်မည်-ဟု ၀န်ခံလျှောက်တင်လေရာ-

မြို့စားမင်း၊ မနုဿ လူသားအချင်းချင်း ဖြစ်ပါလျက် တောင်းဆိုချက်ကို ဆက်မခံနိုင်သေးရာ ငရဲပြည်မှာဆိုလျှင် သာ၍ ဆိုးပေလိမ့်မည်။ ဒုစရိုက်အမှုများ ကျူးလွန်၍ သေဆုံးပြီးနောက် အပါယ်ငရဲသို့ ကျရောက်သွားသော ငရဲသားက သင်မင်းကြီးထံ လာရောက်၍ ပြောကြားရန် တောင်းပန်မည်ဆိုလျှင်လည်း အခွင့်သာမည် မဟုတ်ပါ။ တောင်းပန်စကား ပြောကြားနေဆဲမှာပင် ငရဲထိန်းများက ငရဲသားကို ငရဲအိုးကြီးထဲ ပစ်ချလိုက်ကြပါလိမ့်မည်။
ဤသို့ ရှင်းလင်းဟောပြောလိုက်ပေသည်။

(၀ဏ္ဏသီရိ)
(မြတ်မင်္ဂလာ ၂၀၀၃-ခု ဇူလိုင်လ)

No comments: