Tuesday, February 9, 2010

သင်္ဂဇာဆရာတော်၏ သိင်္ဂါလောဝါဒ ဆုံးမစာ

ဗုဒ္ဓမြတ်စွာ၏ တရားတော်များသည် တကယ်ချမ်းသာအစစ်ဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ဦးတည်၍ ဟောတော်မူထား၏။ ထို့ကြောင့် ကျမ်းစာများ၌ ဘုရားရှင်၏ အဆုံးအမသာသနာ ပိဋကတ်သုံးပုံကို အကျဉ်းချုပ်လျှင် ဗောဓိပက္ခိယတရား ၃၇-ပါးဖြစ်၏။
ယင်းကို အကျဉ်းချုပ်လျှင် မဂ္ဂင် ၈-ပါးဖြစ်၏။
ယင်းကို အကျဉ်းချုပ်လျှင် သီလ သမာဓိ ပညာ သိက္ခာ ၃-ပါး ဖြစ်၏။
ယင်းကို အကျဉ်းချုပ်လျှင် အရဟတ္တဖိုလ်ဟူသော ပြည့်စုံမှု ရသ၊ အရဟတ္တဖိုလ်ဟူသော အရသာတမျိုးသာ ရှိသည်ဟု ဆိုထားပေသည်။( ၀ိ-ဋ္ဌ၊ ၁-၁၃)

ဘုရားရှင်၏ ဆန္ဒတော်ကလည်း သတ္တ၀ါအားလုံးကို အရိယာဖြစ်စေလိုတော်မူ၏။ သို့ရာတွင် သတ္တ၀ါအမျိုးအစား များစွာရှိရာ အားလုံး ကျွတ်တမ်းမ၀င်နိုင်သေးပါ။ ထို့ကြောင့် တရားဟောရာတွင် သတ္တ၀ါတို့၏စရိုက် (အဖြစ်များသောတရား)၊ အဇ္ဈာသယ (ဓာတ်ခံ)၊ ဥပနိဿယ (အားကြီးသော မှီရာအကြောင်း ရှေးကောင်းမှု) တို့ကို ကြည့်၍ သရဏဂုံတည်မည့်သူ ဖြစ်လျှင် သရဏဂုံတည်ရုံမျှ၊ ငါးပါးသီလ စောင့်ထိန်းနိုင်မည့်သူဖြစ်လျှင် ငါးပါးသီလ လုံခြုံရုံမျှ စသည်အားဖြင့် တန်ရုံတန်ရုံမျှ တရားတော်ကို ဟောတော်မူပေသည်။ (ဓမ္မပဒ ဋ္ဌ၊ ၁-၄)

ထိုသို့ဟောတော်မူရာ၌ အဆင့်အတန်း မြင့်သော သမထ၀ိပဿနာ ကျင့်စဉ်များ ပါဝင်သလို လူ့လောကအလိုက် ကျင့်ရမည့် ကျင့်စဉ်များလည်း ပါဝင်ပေသည်။ မှန်၏။ မင်္ဂလသုတ်တော်ကိုကြည့်ပါ။ ရှေးဦးစွာ လူမိုက်ကို မပေါင်းနှင့်၊ လူလိမ္မာကို ပေါင်းသင်းပါ၊ စသည်ဖြင့် လောကီမင်္ဂလာ ကျင့်ဖွယ်ရာများကို ပြည့်ပြည့်စုံစုံ ညွှန်ပြတော်မူ၏။ ထိုလောကီမင်္ဂလာ သက်သက်ဖြင့် မလုံလောက်သေး၍ တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒဿနံ၊ နိဗ္ဗာန သစ္ဆိကိရိယာ စ=တရားကျင့်၊ သစ္စာလေးပါးသိ၊ နိဗ္ဗာန်မျက်မှောက်ပြုခြင်း(သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်ရခြင်း) သည် မင်္ဂလာ-ဟုလည်းကောင်း။ ဖုဋ္ဌဿ လောကဓမ္မေဟိ-စသည်ဖြင့် ရဟန္တာဖြစ်ရခြင်းသည် မင်္ဂလာ-ဟုလည်းကောင်း ဟောတော်မူထားပေသည်။

သိင်္ဂါလသုတ်တော်၌ကား-
(၁) ကမ္မကိလေသ=စိတ်ကို ညစ်နွမ်းစေသော အကုသိုလ်အလုပ်လေးမျိုး။
(၂) စတုဋ္ဌာန=မရောက်ထိုက်သော အဂတိ တရားလေးပါး။
(၃) ဆအပါယမုခ=စီးပွားပျက်ကြောင်း ခြောက်ပါး စသည်များ။
(၄) မိတ်ဆွေတု၊ မိတ်ဆွေစစ် လက္ခဏာများ။
(၅) မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ လင်ကျင့်ဝတ်၊ မယားကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ တပည့်ကျင့်ဝတ် စသည်များကို အကျယ်ဟောတော်မူထားပေသည်။ (ဒီ ၃-၁၄၅)

ဤသုတ်တော်ကို သိင်္ဂါလသတို့သားအား အကြောင်းပြု၍ ဟောတော်မူအပ်သော သုတ်တော်ဖြစ်၍ သိင်္ဂါလသုတ္တ-ဟု သင်္ဂါယနာတင်မထေရ်တို့ နာမည်တပ်တော်မူ၏။ ( ဒီ-ဋ္ဌ ၃-၁၂၄)
အချို့ဆရာများက သိင်္ဂါလသတို့သားအား ဆုံးမသြ၀ါဒပေးအပ်သော သုတ်တော်ဖြစ်၍ သိင်္ဂါလောဝါဒ-သုတ်တော်ဟု ခေါ်ကြ၏။ ဤသုတ်တော်၌ လူဝတ်ကြောင်တို့ ကျင့်ဖွယ်ရာများ ပြည့်ပြည့်စုံစုံ ပါဝင်သဖြင့် ဂိဟိဝိနယ-လူဝတ်ကြောင်တို့၏ ၀ိနည်း၊ (၀ါ) လူ့ကျင့်ဝတ်သုတ်တော်ဖြစ်၏။ ဤကျင့်ဝတ်များကို လက်တွေ့ကျင့်သုံး လိုက်နာပါက မဆုတ်ယုတ်ဘဲ ဧကန်တိုးတက်ကြီးပွားမည်-ဟု အဋ္ဌကထာဆရာက မှတ်ချက်ပြုတော်မူသည်။ (ဒီ-ဋ္ဌ၊ ၃-၁၄၁)။

ထိုသုတ်တော်ကို လူတို့လွယ်လွယ်ကူကူ နားလည်စေရန် ရှေးဆရာတော်များက မြန်မာစကားပြေဖြင့်လည်းကောင်း၊ လင်္ကာဆောင်ပုဒ်များဖြင့်လည်းကောင်း၊ ရေးတော်မူခဲ့ကြပေသည်။ ကုန်းဘောင်ခေတ် အလယ်လောက်၌ ဘကြီးတော်မင်းဟုခေါ်သော စစ်ကိုင်းမင်းနှင့် နန်းမတော် မယ်နုတို့လက်ထက်တွင် ထင်ရှားသော ဆရာတော် ဦးဗုဓ်သည် သိင်္ဂါလသုတ်တော်ကို အခြေခံ၍ ဂိဟိဝိနယ-ကျမ်းကို ရေးသားတော်မူ၏။ ယင်းကျမ်း၌ သိင်္ဂါလသုတ်တော်လာ အဓိပ္ပါယ်များကို စကားပြေဖြင့် ဖော်ပြရုံသာမက လင်္ကာဆောင်ပုဒ်များစွာဖြင့် ရေးတော်မူပေသည်။

ညောင်ကန်ဆရာတော် ဦးဗုဓ်ကား သာမန်ပညာရှိ မဟုတ်ပေ။ ကျမ်းပေါင်းများစွာ ပြုစုသွားသော သာသနာ့သမိုင်းဝင် ထိပ်တန်း ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်-ဖြစ်တော်မူသည်။ ဆရာတော်၏ နာမည်ရင်းမှာ ပင်ကိုက ဦးဗုဓ်မဟုတ်၊ နောက်မှ ပညာရှိအနက်ဟော ဗုဓသဒ္ဒါကိုထောက်၍ ဦးဗုဓ်-ဟု ခေါ်ကြသည်။ ထိုဆရာတော်နှင့်စပ်၍ ရဟန်းလောက၌ ဗုဓ် အစ၊ ဗုဓ် အလယ်၊ ဗုဓ် အဆုံး-ဟု ဆိုထုံးစကားတရပ် တွင်ကျယ်နေ၏။
သာသနာတော်၌ စာအတတ်ဆုံးပုဂ္ဂိုလ်မှာ မြတ်စွာဘုရားတည်း။ (ဗုဓ်အစ=ဗုဒ္ဓ အစ)။
ဒုတိယ စာပေပညာ အတတ်ဆုံးပုဂ္ဂိုလ်ကား အဋ္ဌကထာ ကျမ်းများစွာကို ပြုစုတော်မူသော မဟာဗုဒ္ဓဃောသတည်း။ (ဗုဓ်အလယ်=မဟာဗုဒ္ဓဃောသ အလယ်)။
နောက်ဆုံး စာပေပညာအတတ်ဆုံး ပုဂ္ဂိုလ်ကား ဆရာတော် ဦးဗုဓ်တည်း။ (ဗုဓ်အဆုံး=ဆရာတော် ဦးဗုဓ် အဆုံး)။ နောက်နောက်ပုဂ္ဂိုလ်များ မည်မျှလျောက်ပင် ပညာရှိရှိ၊ စာပေတတ်တတ် ဆရာတော် ဦးဗုဓ်ထက် မသာနိုင်တော့ပါဟု ဆိုလိုသည်။)

ထိုဆရာတော် ဦးဗုဓ်၏-ဂိဟိဝိနယ-ကျမ်း၌ ပါဠိတော်မှာ ဟောတော်မူသည့် အစဉ်အတိုင်း ကမ္မကိလေသ လေးပါးမှစ၍ အကျဉ်းအကျယ် ပြည့်ပြည့်စုံစုံ တကျမ်းလုံး ခြုံမိအောင် လင်္ကာပိုဒ်ပေါင်း ၃၁-ပုဒ်ဖြင့် ရေးတော်မူသည်။ ဆရာတော်၏ လင်္ကာများသည် အဓိပ္ပါယ်ပြည့်စုံ၏။ ကျမ်းဂန်နှင့် ညီ၏။ အဓိပ္ပါယ်လေးနက်၏။ သို့ရာတွင် လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ် ဆိုင်ရာ စသည်၌ ပေါ်လွင်မှု နည်း၏။

ဤအချက်ကို သတိပြုမိဟန်တူတော်မူသော သင်္ဂဇာဆရာတော်က သားသမီးကျင့်ဝတ်၊ မိဘကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ် စသည်တို့အတွက် လင်္ကာအသစ် ထပ်မံရေးသားတော်မူပေသည်။ ထိုလင်္ကာများကို သိင်္ဂါလောဝါဒဆုံးမစာ-ဟု နာမည်ပေးတော်မူ၏။ တိလောကလုံး၊ ညွတ်ရုံးဦးချ၊ နှိုင်းမမျှသား၊ ဘုရားရွှေစက်၊ ရောင်ပြိုးပြက်ကို၊ ဦးထက်တင်ထား၊ ရိုညွတ်တွား၍-ဟု အစချီ၍ လင်္ကာပိုဒ်ပေါင်း ၁၃-ပိုဒ်၊ သံပေါက် ၃-ပုဒ်ဖြင့် ရေးသားတော်မူခဲ့ပေသည်။ ယခုခေတ် ရှင်လူအများရရှိ၍ အသုံးပြုနေသော-
(၁) ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ -စသော သားသမီးကျင့်ဝတ်။
(၂) မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်-စသော မိဘကျင့်ဝတ်။
(၃) ညီညာထကြွ၊ ဆုံမနာယူ-စသော တပည့်ကျင့်ဝတ်။
(၄) အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ စသော ဆရာကျင့်ဝတ်။
(၅) မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ-စသော လင်ကျင့်ဝတ်။
(၆) အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ-စသော မယားကျင့်ဝတ် လင်္ကာတို့သည် သင်္ဂဇာဆရာတော်၏ လက်ရာများ ဖြစ်ပေသည်။

ဆရာတော်ကား ပုဂံမင်း၊ မင်းတုန်းမင်း၊ သီပေါမင်း မင်းသုံးဆက်တိုင် ထင်ရှားတော်မူ၏။ ဆရာတော်သည် ဤဆုံးမစာသာမက-
(၁) ကာယပစ္စဝေက္ခဏာကျမ်း။
(၂) စတုရာရက္ခကျမ်း။
(၃) ဓာတွတ္ထဒီပက ပါဠိနိဿယ။
(၄) ဓမ္မပဒ ပါဠိတော် နိဿယသစ် စသော ကျမ်းစာများကိုလည်း ရေးသားတော်မူပေသည်။
ဆရာတော်သည် ကျမ်းစာလည်း တတ်တော်မူ၏။ တရားလည်း အဟောကောင်း၏။ စကားပြောလည်း ကျွမ်းကျင်တော်မူ၏။ စကားပြောရာ၌ ဥပမာပုံပြင်များဖြင့် နားဝင်အောင် ပြောတတ်၏။
ထိုဆရာတော် မိန့်ကြားခဲ့သော စကားပုံများကို -ဥပမာ ဂိရက္ကမသမူဟ-သင်္ဂဇာစကားပုံပေါင်းချုပ်ကျမ်း-ဟူသော နာမည်ဖြင့် မှတ်တမ်းတင်ထားပေသည်။ ဆရာတော်မရှိတော့သော်လည်း ဆရာောတ်၏ ကျမ်းစာများသည် ယနေ့တိုင်အောင် မြန်မာနိုင်ငံ သာသနာတော်အား ကျေးဇူးပြုလျက် ရှိပေသည်။
ကျမ်းညွှန်း။ ။ မြန်မာ့စွယ်စုံကျမ်းအတွဲ ၁၃၊ နှာ ၂၁၁။
ဆုံးမစာပေါင်းချုပ်ကြီး၊ နှလုံးလှ စာပေဖြန့်ချိရေး၊ နှာ ၃၂၄၊ ၃၃၂။
စစ်ကိုင်းသာသနာဝင်၊ ပခုက္ကူ အရှင်ကောလသာ။ နှာ ၁၈၆။

( အရှင်ပဏ္ဍိတာဘိဝံသ)

No comments: