Sunday, February 21, 2010

သစ္စာဆိုခြင်း၏ အကျိုး

ဗုဒ္ဓဘာသာဝင်များစွာတို့သည် သစ္စာဆိုခြင်းကို အမြတ်တနိုးထားကြသည်။ အားကိုးအားထား ပြုကြသည်။ ထိုသို့ မြတ်နိုးအားထားသည့်အတိုင်းလည်း သစ္စာဆိုခြင်းအကျိုးကို ခံစားကြရသည်။
အနာဂါမ်ပုဂ္ဂိုလ်နှင့် ရဟန္တာပုဂ္ဂိုလ်တို့မှတပါး အားလုံးသော ပုဂ္ဂိုလ်သတ္တ၀ါတို့သည် အသက်နှင့် စည်းစိမ်ဥစ္စာများ ပျက်စီးရတော့မည့်ဘေးရန် အန္တရာယ်များနှင့် တွေ့ကြုံလာသောအခါ ဆောက်တည်ရာမရအောင် ကြောက်ရွံ့ ထိတ်လန့်ခြင်း ဖြစ်ကြရပေသည်။

ထိုအခါ ကောင်းသောအဖြစ်မှန်တို့ကိုသော်လည်းကောင်း၊ မကောင်းသော အဖြစ်မှန်တို့ကိုသော်လည်းကောင်း၊ ဟုတ်မှန်သည့်အတိုင်း နှလုံးသွင်းဆင်ခြင်ကာ နှုတ်ဖြင့် ထုတ်ဖော်ရွတ်ဆိုကြသည်။
ဤမှန်ကန်သော သစ္စာစကားကြောင့် အသက်နှင့် စည်းစိမ်ဥစ္စာများ ပျက်စီးရမည့်ဘေးရန်အန္တရာယ်တို့မှ လွတ်မြောက်ပါစေသတည်း-ဟူ၍ သစ္စာအဓိဋ္ဌာန်ပြုကြသည်။ ယင်းသစ္စာစကားကြောင့်လည်း ဘေးရန်အန္တရာယ်အမျိုးမျိုးတို့မှ လွတ်မြောက်ခဲ့ကြသည်မှာ အထင်အရှားပင်ဖြစ်သည်။

သုပ္ပါရကဇာတ်တော်၌ ဘုရားလောင်း သုခမိန်သည် ငါးပါးသီလကို မလွန်ကျူးဖူးကြောင်း သစ္စာဆို၍ သင်္ဘောကို ဗလ၀ါမုခ ၀ဲသြဃမှ ပြန်လည်ဆုတ်နစ်စေခဲ့သည်။ ငုံးမင်းဇာတ်တော်၌ ဘုရားလောင်း ငုံးမင်းသည် ဥခွံထဲက ပေါက်ခါစ အတောင်အလက် မစုံသေးခင် တောမီးအန္တရာယ်နှင့် ကြုံတွေ့ရစဉ် အဖြစ်မှန်ကို သစ္စာဆို၍ ဘေးလွတ်ခဲ့သည်။

ငါ့မှာ အတောင်ရှိသော်လည်း မပျံနိုင်၊ ခြေရှိသော်လည်း မသွားနိုင်၊ အမိအဖတို့လည်း ငါ့ကို စွန့်ပြေးသွားကြပြီ။ ဤစကားသုံးခွန်းသည် အမှန်ပင် ဖြစ်သည်။ ဤမှန်ကန်သော သစ္စာစကားကြောင့် တောမီးသည် ဤအရပ်မှ ရှောင်လွှဲဖဲကြဉ်သွားပါစေသတည်း-ဟု သစ္စာဆိုခဲ့ခြင်းဖြစ်သည်။

ထိုသစ္စာတန်ခိုးကြောင့် တောမီးသည် တခဏချင်း ငြိမ်းအေးသွားခဲ့သည်။ ငုံးမင်းသည်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ ထိုအကြောင်းကို ပရိတ်ကြီး ၁၁-သုတ်တွင် ပါဝင်သော ၀ဋ္ဋသုတ်၌ အထင်အရှား ဖော်ပြထားသည်။ ထို့အပြင် ဘုရားလောင်းသည် ငါးရံ့မင်းဘ၀၌ ရောက်ရှိစဉ်အခါကလည်း သစ္စာဆို၍ မိုးရွာစေနိုင်ခဲ့သည်။

သစ္စာဆိုခြင်း (၀ါ) သစ္စာမန္တန် ရွတ်ဆိုခြင်းပြုရာတွင် နှစ်မျိုးနှစ်စားရှိသည်။
ပထမတမျိုးမှာ ကောင်းသောအဖြစ်မှန်ကို ဟုတ်မှန်သည့်အတိုင်း ဖော်ထုတ်၍ သစ္စာပြုခြင်းဖြစ်သည်။
ဒုတိယတမျိုးကား မကောင်းသောအဖြစ်မှန်ကို ဟုတ်မှန်သည့်အတိုင်း ထုတ်ဖော်၍ သစ္စာပြုခြင်းဖြစ်သည်။

အဋ္ဌသာလိနီ အဋ္ဌကထာ စက္ကန ဥပါသကာဝတ္ထုတွင် ပါရှိသော ညီငယ်စူဠစက္ကလ လုလင်၏ သစ္စာဆိုမှုသည် ပထမအမျိုးအစားတွင် ပါဝင်သည်။ ထိုလုလင်က-ကျွန်ုပ်သည် သိတတ်သည့်အရွယ်ကစ၍ သိလျက်နှင့် သူတပါးအသက်ကို မသတ်ခဲ့ပါ။ ဤစကားသည် မှန်ကန်သောသစ္စာစကား ဖြစ်ပါ၏။ ဤစကား မှန်ပါက မိခင်၏ ရောဂါသည် ပိန်းကြာဖက်တွင် ရေမတင်သလို ကင်းစင်ပပျောက်ပါစေသတည်း-ဟူ၍ သစ္စာပြုခဲ့သည်။ ထိုမှန်သော သစ္စာစကားကြောင့် လူနာမိခင်၏ ရောဂါမှာ ချက်ချင်း ပျောက်ကင်းသွားလေသည်။

ထို့ပြင် ငါးရာ့ငါးဆယ်ဇာတ်တော်လာ မဏ္ဍပဇာတ်တော်ပါ ကဏှဒီပါယနရသေ့၊ မဏ္ဍဗျသူကြွယ်၊ မဏ္ဍဗျသူကြွယ်၏ ဇနီးမယားတို့ဆိုသော သစ္စာစကားများသည် မကောင်းသောအဖြစ်မှန် သစ္စာစကားများ ဖြစ်သည်။ ကဏှဒီပါယနရသေ့က -ငါသည် ရသေ့ဝတ်ပြီးသည်မှ ခုနစ်ရက်သာပျော်၍ မြတ်သောအကျင့်ကို ကျင့်၏။ ခုနစ်ရက်မှနောက် အနှစ် ၅၀-ကျော်တို့ ကာလပတ်လုံး မြတ်သောအကျင့်၌ မပျော်မွေ့၊ မကျင့်လိုဘဲ မြတ်သောအကျင့်ကို ကျင့်၏-ဟူ၍ ဟုတ်မှန်တိုင်း သစ္စာစကား ဆိုခဲ့သည်။

မဏ္ဍဗျသူကြွယ်ကလည်း -ငါသည် ပေးလှူခြင်းကို အလိုမရှိ၊ အလှူခံပုဂ္ဂိုလ်တို့ကိုလည်း မကြည်ညို၊ သို့ပါသော်လည်း မိဘဘိုးဘွားတို့၏ အစဉ်အလာ မပျက်အောင်သာ လှူဒါန်း၏-ဟူ၍ မိမိ၏ မကောင်းသော အဖြစ်မှန်ကိုထုတ်ဖော်၍ သစ္စာစကားဆိုခဲ့သည်။ မဏ္ဍဗျသူကြွယ်၏ ဇနီးမယားကလည်း-ငါသည် ငါ့သားအား ကိုက်သောမြွေကို မချစ်၊ မုန်း၏။ ထို့အတူ ခင်ပွန်းသူကြွယ်ကိုလည်း မချစ်၊ မုန်း၏-ဟူ၍ ဟုတ်မှန်တိုင်း သစ္စာစကားဆိုခဲ့၏။ ထိုထိုသစ္စာစကားများကြောင့် သားဖြစ်သူ ယညဒတ်သည် မြွေကိုက်ခံရ၍ သေအံ့မူးမူး ရှိနေရာမှ မြွေဆိပ်တက်ခြင်းကင်းပျောက်၍ အသက်ရှင်ခဲ့လေသည်။
ထိုသို့ မကောင်းသော အဖြစ်မှန်များကို ဟုတ်မှန်သည့်အတိုင်း ထုတ်ဖော်၍ သစ္စာပြုခြင်းသည် ဒုတိယ အမျိုးအစားတွင် ပါဝင်သည်။

ယင်းသို့သစ္စာပြုခြင်း နှစ်မျိုးလုံးပင် ဟုတ်မှန်သည့်အတိုင်း ထုတ်ဖော်၍ သစ္စာပြုခြင်းများဖြစ်သဖြင့် အောင်မြင်ခဲ့ကြပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သစ္စာပြုရာ၌ ကောင်းသောအဖြစ်မှန်ကို ဖြစ်စေ၊ မကောင်းသော အဖြစ်မှန်ကိုဖြစ်စေ ထုတ်ဖော်၍ သစ္စာပြုနိုင်ပေသည်။ အဓိက အရေးကြီးသည်ကား မိမိပြုသော သစ္စာစကားသည် ဟုတ်မှန်သည့်အတိုင်း ထုတ်ဖော်နှလုံးသွင်း ပြောဆိုရခြင်း ဖြစ်ပေသည်။

သစ္စာဆိုခြင်း၏ ထိရောက်အောင်မြင်မှုကို မန်လည်ဆရာတော်ဘုရားကြီးက မဟာသုတကာရီ မဃဒေ၀လင်္ကာသစ်ကြီး၌လည်း ထည့်သွင်းဖွဲ့ဆိုထားပေသည်။
ဘုရားလောင်း သုဝဏ္ဏသာမသည် မြားထိမှန်၍ မြားဆိပ်သင့်ကာ သေအံ့မူးမူးရှိနေရာမှ မိဘနှစ်ပါးနှင့် မယ်တော်ဟောင်း နတ်သမီးတို့၏ သစ္စာပြုသော သစ္စာစကားကြောင့် အသက်ချမ်းသာရာရကြောင်းကို ဤသို့ဖွဲ့ဆိုထားသည်မှာ မှတ်သားဖွယ် ဖြစ်ပေသည်။

သစ္စာနှုတ်သီး၊ မန္တန်ကြီးကား၊ သေပြီးသော်မှ၊ ရှင်ပြန်ရ၏။
ရှေးကဖြစ်ဟန်၊ လောင်းသုဝဏ်ကို၊ ငြိုးမာန်တစိ၊ ရန်စရှိသို့၊ ပီဠိယက္ခ၊ ဗာရာ့သခင်၊ လေးကြီးငင်၍၊ နင်သို့ယောက်ျား၊ ဘယ်သူ့သားနည်း၊ သိကြားတမုံ့၊ ဖြစ်သော်တုံ့မှ၊ လွတ်ပုံ့အရေး၊ ရှိလတ်သေးဟု၊ မနှေးလျင်ဟူး၊ မြားဆိပ်လူးဖြင့်၊ ရွှေဒူးယာဘက်၊ မြေထက်အားထုတ်၊ ချောင်းကာတုတ်၍၊ ရွယ်ဖြုတ်ချိန်ကာ၊ ပစ်သောခါနိုက်၊ သစ္စာဆိုသီး၊ သေတပြီးလျက်၊ ရှင်ကြီးရှင်ပြန်၊ နတ်မတန်တည့်၊ ပြင်းထန်ဆိပ်တောက်၊ တောမြွေဟောက်လျှင်၊ ပေါက်၍ မြေ၀ယ်၊ သူငယ်စင်းစင်း၊ သေတုံလျင်းလည်း၊ မှန်ခြင်းအရာ၊ မိမာတာတို့၊ သစ္စာဆိုကြ၊ ငုတ်သုတ် ထ၏။

No comments: