Sunday, February 14, 2010

ပညာရှိ တံခါးမှူး

ရှေးခေတ်က မြို့တမြို့ တည်မည်ဆိုလျှင် ရန်သူတို့ တိုက်ခိုက်ဖျက်ဆီး၍ မရနိုင်အောင် စီမံကြရ၏။ မြို့ပတ်ပတ်လည်တွင် အုတ်မြစ်ကို ခိုင်ခိုင်ချကာ တံတိုင်းမြင့်မြင့် ကာရံထားရ၏။ တံခါးတိုင်နှင့်တကွ တံခါးရွက်တို့ကို အခိုင်အခံ့ တည်ဆောင်ကြရ၏။ မင်းနေပြည်တော်နှင့် အလွယ်တကူ ဆက်သွယ်၍ ရနိုင်သော မြို့ဆိုလျှင် တံခါးနှစ်ပေါက် သုံးပေါက် စသဖြင့် သင့်တော်သလို ထားနိုင်၏။ မင်းနေပြည်တော်နှင့် ဆက်သွယ်ရန် ခက်ခဲသည့် နယ်ခြားမြို့ဆိုလျှင်ကား လုံခြုံရေးကို အဓိက ထားရသဖြင့် တံခါးတပေါက်တည်းသာ ထားကြရပေသည်။

ထိုကဲ့သို့ နယ်ခြားမြို့ကို တာဝန်ခံ စောင့်ရှောက်ရသည့် တံခါးမှူးရာထူးကို အရည်အချင်းပြည့်ဝသည့် မင်းချင်းများကိုသာ ခန့်ထားမြဲဖြစ်၏။ နေ့စဉ်နေ့တိုင်း တံခါးမှူး ထမ်းဆောင်ရသည့်တာဝန်မှာ တံခါးဝမှနေ၍ လူဝင်လူထွက် စစ်ဆေးရခြင်း ဖြစ်၏။ နံနက်လင်း၍ မြို့တံခါးကြီး ဖွင့်လိုက်သည်ဆိုလျှင် မြို့တွင်းသားတို့သည် လုပ်ငန်းကိစ္စအ၀၀ဖြင့် အပြင်သို့ ထွက်ကြရ၏။

သူတို့အထွက်တွင် တံခါးမှူးအတွက် တာဝန်မကြီးလှသော်လည်း ပြန်၍အ၀င်မှာတော့ တာဝန်ကြီးလေးလှ၏။ ပြန်ဝင်လာသူ တယောက်ချင်းကို အသေအချာ ကြည့်ရှုစစ်ဆေးကာ မြို့တွင်းသားဟု အသေအချာသိနိုင်မှ မြို့တွင်းသို့ အ၀င်ခံရ၏။ အသေအချာ မသိနိုင်သည့်သူတို့ကိုကား မြို့တွင်းသို့ မ၀င်နိုင်ရန် တားမြစ်ရလေသည်။

ဤသို့သော တာဝန်များအပြင် မြို့ကို လှည့်လည်ကြည့်ရှုရသောတာဝန်လည်း ရှိသေး၏။ တံခါးမှူးသည် မြို့ရိုးအပြင်ဘက်က မြို့ပတ်လမ်းအတိုင်း လျှောက်ကာ မြို့ရိုးတံတိုင်းကို မျက်ခြည်မပြတ် ကြည့်ရှုရ၏။ အကယ်၍ ကြောင်တကောင်ဝင်နိုင်-ထွက်နိုင်လောက်သည့် အပေါက်ကလေးရှိနေလျှင်ပင် သက်ဆိုင်ရာ အမှုထမ်းများကို ဆင့်ခေါ်ကာ ချက်ချင်း လက်ငင်း အပိတ်ခိုင်းလိုက်ရလေသည်။

တနေ့သောအခါ တံခါးမှူးသည် မြို့ပတ်ပတ်လည်ကို ကြည့်ရှုစစ်ဆေးရာ မြို့ရိုးပတ်ပတ်လည်တွင် အပေါက်အဟာဟူ၍ လုံးဝမတွေ့ရပေ။ ဤတွင် သူသည် တံခါးဝတွင် ရပ်လျက် စဉ်းစားမိသည်မှာ-
မြင်သာထင်သာတဲ့ သတ္တ၀ါမှန်သမျှ ဒီတံခါးတပေါက်တည်းကသာ ၀င်ကြရလိမ့်မယ်။ ဒီအတူပဲ ထွက်ကြတဲ့အချိန်မှာလဲ ဒီတံခါး တပေါက်တည်းကသာ သူတို့အားလုံး ထွက်ကြရလိမ့်မယ်-ဟူ၍ ဖြစ်လေသည်။

( မြို့ဟူသည်မှာ နိဗ္ဗာန် )
သံယုတ္တနိကာယ် သတိပဋ္ဌာနသံယုတ် နာဠန္ဒသုတ် ပါဠိတော်တွင် တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာက ဘုရားရှင်အား လျှောက်ထားသော ဥပမာပုံဝတ္ထု ဖြစ်ပါသည်။

နာဠန္ဒမြို့၊ ဒုဿပါဝါရိက သူဌေးက မိမိ၏သရက်ဥယျာဉ်တွင် ဆောက်လုပ် လှူဒါန်းထားသောကျောင်း၌ ဘုရားရှင်သီးတင်းသုံးတော်မူစဉ် နောက်ပါရဟန်းများနှင့်အတူ အရှင်သာရိပုတ္တရာလည်း သီတင်းသုံးလျက်ရှိ၏။

တနေ့သ၌ ဆွမ်းကိစ္စများပြီးစီး၍ ဂန္ဓကုဋိတိုက်ခန်းတွင်းသို့ ဘုရားရှင်ဝင်တော်မူသောအခါ အရှင်သာရိပုတ္တရာသည် မိမိနေ့သန့်ရာဌာနသို့ လာခဲ့၏။ တပည့်ရဟန်းများ ၀တ်ပြု၍ ပြန်သွားကြသောအခါ အရှင်သာရိပုတ္တရာသည် နေ့သန့်ရာဌာနကို တံမြက်လှည်း၏။ ပခုံးပေါ်တွင် အသင့်ပါလာသည့် သားရေနယ်ကို မြေပေါ်မှာ ဖြန့်ခင်းလိုက်၏။ တပည့်များခပ်ပေထားခဲ့သော ရေစင်ရေကောင်းဖြင့် လက်နှင့်ခြေတို့ကို အအေးဓာတ်ရအောင် ဆွတ်ဖြန်းလိုက်၏။ ထို့နောက် သားရေနယ်ပေါ်တွင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေကာ အချိန်ကိုသတ်မှတ်၍ ဖလသမာပတ် ၀င်စားလေသည်။

သတ်မှတ်ထားခဲ့သော အချိန်စေ့၍ ဖလသမာပတ်မှ ထသောအခါ အရှင်သာရိပုတ္တရာသည် မိမိရရှိထားသည့် ဂုဏ်ကျေးဇူးတို့ ပြန်လည်၍ဆင်ခြင်မိ၏။ ထိုအခါ ညစ်ကြေးမတင် စင်ကြယ်သန့်ရှင်းသည့် သီလမှ စတင်ကာ ဂုဏ်ကျေးဇူးအသီးသီးတို့ ဆင့်ကာဆင့်ကာ ပေါ်လာကြ၏။ သီလ၏နောက်တွင် သမာဓိ၊ ပညာ၊ ၀ိမုတ္တိ၊ ၀ိမုတ္တဉာဏဒဿန၊ ပထမဈာန် စသော ဈာန်အဆင့်ဆင့်၊ ထို့နောက် မဂ်လေးတန်၊ ဖိုလ်လေးတန်၊ ပဋိသမ္ဘိဒါဉာဏ်လေးပါး အပါအ၀င် သာဝကပါရမီဉာဏ် ဟူသမျှတို့ တစမကျန် ပေါ်လာ ထင်လာကြကုန်၏။ ပေါ်လာ ထင်လာသည့် ဂုဏ်ကျေးဇူးတွေက များပြားလွန်းလှသဖြင့် ဤ၍ဤမျှ ဂဏန်းချ၍ သတ်မှတ်ပိုင်းခြား၍ မရနိုင်လောက်အောင်ဖြစ်နေကြ၏။

ဤတွင် အရှင်သာရိပုတ္တရာသည် ဤသို့ စဉ်းစားမိ၏-
ငါသည်ကား တစိတ်တဒေသမျှသာ သိနိုင်စွမ်းသော ပဒေသဉာဏ် ရရှိထားသည့် သာဝကတပါး ဖြစ်၏။ ထိုကဲ့သို့သော သာဝကတပါး၏ ဂုဏ်ကျေးဇူးတွေက ဤမျှလောက် များပြားနေသေးလျှင် ငါ၏ဆရာတဆူ ဖြစ်တော်မူသော ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်တို့ကား မည်မျှလောက် များပြားပေမည်နည်း။

ဤသို့ စဉ်းစား၍ ဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော်တို့ကို ဆင်ခြင်သုံးသပ်လေရာ မိမိရရှိထားသည့် ဂုဏ်ကျေးဇူးများနှင့် မနှိုင်းယှဉ်လောက်အောင် သာမွန်မြင့်မြတ်လှသော ဂဏန်းချ၍ မရနိုင်လောက်အောင် များပြားလှသော ဂုဏ်ကျေးဇူးတို့ ပေါ်လာ ထင်လာကြကုန်၏။

ဤသို့ ဂုဏ်ကျေးဇူးနှစ်ရပ်တို့ကို ယှဉ်စပ်၍ ဆင်ခြင်မိသောအခါ အရှင်သာရိပုတ္တရာ၏ ရင်တွင်း၌ မြစ်ကြီးနှစ်စင်း စီးဆင်းလာဘိသကဲ့သို့ ပီတိသောမနဿများ ပြည့်လျှမ်းလာကြ၏။ ဤသို့သော ပီတိသောမနဿ တို့ကို ဖွင့်အံပြောကြားဖို့ ထိုက်တန်လောက်သည့် ပုဂ္ဂိုလ်ကို ရှာဖွေလိုက်သောအခါ ဘုရားရှင်ကိုယ်တော်မြတ်ကြီးမှ တပါး အခြားမရှိတော့ဟု သဘောပေါက်လာ၏။

ထို့ကြောင့် အရှင်သာရိပုတ္တရာသည် ညနေစောင်း၍ ဘုရားရှင်တပါးတည်း ကိန်းအောင်နေရာမှ ထတော်မူလာသည့်အချိန်၊ မျိုးမည်စုံစွာ ပန်းမာလာအပေါင်းတို့ အညှာမှ ကြွေကျလာသည့်အချိန်တွင် ဘုရားရှင်ခြေတော်ရင်း၌ ဦးခိုက်ရှိခိုးပြီးလျှင်-
အရှင်ဘုရား၊ တပည့်တော်သည် ဘုရားရှင်၏အပေါ်၌ ဤသို့ယုံကြည်လေးမြတ်ပါ၏။ သဗ္ဗညုတဉာဏ် သမ္မာသမ္ဗောဓိဉာဏ် အရာ၌ ဘုရားရှင်ထက် သာလွန်မြင့်မြတ်သော အခြားတပါးသော ရဟန်းသည်၎င်း၊ ပုဏ္ဏားသည်၎င်း၊ ရှေးကလည်း မပေါ်ပေါက်ခဲ့ဖူးပါ။ နောက်နောင်မှာလည်း ပေါ်ပေါက်လာမည်မဟုတ်ပါ။ ယခုလောလောဆယ်တွင်လည်း ပေါ်ပေါက်၍ မနေနိုင်ပါဘုရား-ဟု အားပါးတရ လျှောက်ထား၏။

ဤတွင် ဘုရားရှင်က-
သာရိပုတ္တရာ၊ သင်သည် မြင့်မြတ်လှစွာသော တုန်လှုပ်ခြင်းကင်း၍ ရဲတင်းလှစွာသော ကိုယ်ပိုင်ဉာဏ်ဖြင့် ကိုယ်တိုင်သိသကဲ့သို့ တိတိကျကျ ပြတ်သားလှစွာသော စကားကို ဆိုဘိသည်တကား-ဟု မိန့်တော်မူပြီးမှ

သာရိပုတ္တရာ၊ အတိတ်တုန်းက ပွင့်တော်မူခဲ့ကြသည့် ဘုရားရှင်တို့၏ စိတ်ကို သင့်စိတ်ဖြင့် ချဉ်းကပ်၍ သိနိုင်ပါသလော-ဟု မေးတော်မူ၏။
အနာဂတ်တွင် ပွင့်တော်မူလတံ့သော ဘုရားရှင်များနှင့် ယခုလက်ရှိ ပွင့်တော်မူနေသည့် ဘုရားရှင်တို့နှင့် ပတ်သက်၍လည်း ဤသို့ မေးတော်မူ၏။

မေးတော်မူလေသမျှကို အရှင်သာရိပုတ္တရာက အရှင်ဘုရား မသိနိုင်ပါ-ဟူ၍ချည်း လျှောက်ထားလေရာ-
သာရိပုတ္တရာ၊ ထိုသို့ မသိနိုင်ပါဘဲလျက် အဘယ့်ကြောင့် မြင့်မြတ်လှစွာသော၊ တုန်လှုပ်ခြင်းကင်း၍ ရဲတင်းလှစွာသော တိတိကျကျ ပြတ်သားလှစွာသော စကားကို ဆိုရပါသနည်း။
ဤသို့ မေးစစ်တော်မူသောအခါ အရှင်သာရိပုတ္တရာက-
အရှင်ဘုရား၊ တပည့်တော်မှာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဘုရားရှင်တို့၏စိတ်ကို မိမိစိတ်ဖြင့် တိုက်ရိုက်ချဉ်းကပ်၍ သိနိုင်သည့်ဉာဏ်မျိုးကား မရှိပါ။ နည်းယူမှန်းဆ၍ သိနိုင်သော အနုမာန၊ နယဂ္ဂါဟ ဉာဏ်မျိုးသာ ရှိပါသည်။ ထိုဉာဏ်မျိုးဖြင့် သိနိုင်ခြင်းသာ ဖြစ်ပါသည်ဘုရား-ဤသို့ လျှောက်ထားပြီးလျှင် ထိုလျှောက်ထားချက်ကို ထင်ရှားစေရန် အထက်ပါ ပညာရှိတံခါးမှူး ဥပမာကို ထုတ်ဆောင်ကာ-

အရှင်ဘုရား၊ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဘုရားရှင်ဟူသမျှတို့သည် နီဝရဏတရား ငါးပါးတို့ကို ပယ်စွန့်ကြပြီးလျှင် သတိပဋ္ဌာန်လေးပါးတို့၌ စိတ်ကို တည်ငြိမ်စွာ စူးစိုက်ထားကြကုန်လျက် ဗောဇ္ဈင်တရား ခုနစ်ပါးတို့ကို နည်းမှန်လမ်းကျ ပွားများကုန်၍ အတုမရှိ မြင့်မြတ်လှစွာသော သမ္မာသမ္ဗောဓိဉာဏ်တော်ကြီးကို ထိုးထွင်း၍ သိမြင်တော်မူကြပါသည်ဘုရား-ဟု လျှောက်ထား၏။

အရှင်သာရိပုတ္တရာ လျှောက်ထားသော ဥပမာပုံဝတ္ထုထဲက အချက်အလက်တခုချင်းကို အဋ္ဌကထာဆရာကြီးက ဥပမေယျနှင့် တွဲစပ်၍ ပြပုံမှာ-
နယ်ခြားမြို့ ဟူသည်မှာ-နိဗ္ဗာန်။
မြို့ပတ်လမ်း ဟူသည်မှာ-ဟီရိ ( မကောင်းမှုမှ ရှက်ခြင်း )
တံခါးပေါက် ဟူသည်မှာ-အရိယာမဂ်။
ပညာရှိတံခါးမှူး ဟူသည်မှာ-တရားစစ်သူကြီး ဖြစ်သော အရှင်သာရိပုတ္တရာ။
မြို့ထဲဝင်ကြ-ထွက်ကြသော ထင်သာ-မြင်သာ သတ္တ၀ါများ ဟူသည်မှာ-အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၌ ပွင့်တော်မူကြသော ဘုရားရှင်များ။
တံခါးမှူး၏ ဉာဏ်အမြင်၌ ထိုသတ္တ၀ါတို့ ၀င်ပုံ ထွက်ပုံများ ထင်ရှားခြင်းမှာ ထိုဘုရားရှင်တို့၏ သီလ၊ သမာဓိ၊ ပညာ စသော ဂုဏ်ကျေးဇူးများ အရှင်သာရိပုတ္တရာ၏ ဉာဏ်အမြင်၌ ပေါ်လွင်ထင်ရှားနေခြင်းတို့ ဖြစ်၏။

ဤသို့ ပေါ်လွင်ထင်ရှားပုံကို မိမိ၏ အနုမာန၊ နယဂ္ဂါဟဉာဏ်ဖြင့် သိနိုင်ကြောင်း အရှင်သာရိပုတ္တရာက ဥပမာဖြင့် ထင်ရှားအောင် လျှောက်ထားလိုက်ပေသည်။

( ၀ဏ္ဏသီရိ )

No comments: