Saturday, February 20, 2010

ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀

ရှေးလူ၏ ပုဆိုးကို နောက်လူက ဆွဲလျက်၊ နောက်လူ၏ ပုဆိုးကို သူ့နောက်ကလူက ဆွဲလျက် ဆက်ကာဆက်ကာ ဆွဲထားကြသော လူတန်းကြီးသည် တလှုပ်လှုပ်ရွေ့လျားနေ၏။ ထိုလူတန်းကြီးတွင် လူပေါင်းသုံးဆယ်ကျော် ပါဝင်၏။ လူပေါင်း သုံးဆယ်ရှိသည့်အထဲတွင် မျက်စိမြင်သူဟူ၍ တယောက်မျှ မပါ။ ရှေးဆုံးလူကရော၊ အလယ်ကလူရော၊ နောက်ဆုံးက လိုက်သူရော မျက်မမြင်များချည်း ဖြစ်ကြ၏။

မျက်မမြင် ဒုက္ခိတများ ဖြစ်နေသဖြင့် သူတို့သည် သူများတကာလို သွက်သွက်လက်လက် သွားလာလှုပ်ရှားမှု မပြုနိုင်ကြပေ။ မပြုဝံ့ကြပေ။ မြေပြင်ပေါ်တွင် ခြေအတွေ့ဖြင့်သာ စမ်းကာစမ်းကာ ဖြည်းညင်းစွာ သွားလာ နေကြရ၏။ အသက်မွေးဝမ်းကျောင်းမှုကို မပြုနိုင်သဖြင့် သူတကာ၏ ပေးကမ်းစွန့်ကြဲမှုဖြင့် မ၀ရေစာ စားနေရသူများ ဖြစ်ကြ၏။

တနေ့သောအခါ အရက်သမားတယောက်သည် ထိုလူတန်းကြီးနားသို့ ချဉ်းကပ်လာ၍-
အို-အဆွေတို့၊ ဟို တကောသလောက်ဝေးတဲ့ ရွာမှာ အလှူကြီးပေးနေတယ်။ လာလာသမျှ ပုဂ္ဂိုလ်တွေကို အယုတ်အလတ် အမြတ်မရွေးဘဲ ရက်ရက်ရောရော ကျွေးမွေးနေတယ်။ အဲဒီကို မသွားချင်ကြဘူးလား-ဟု မေးမြန်းလေရာ

အိုး-ဘယ့်နှယ်ပြောတာလဲ မောင်ရင်ရယ်။ အလှူသံကြားရင် သွားချင်တာပေါ့။ ဒါပေမဲ့ ငါတို့အားလုံးက ဘယ်သူမှ မျက်စိမမြင်တော့ ခက်နေတာပေါ့။ ဘယ့်နှယ်၊ မောင်ရင်ကကော တို့ကို ပို့မပေးချင်ဘူးလား။
ပို့တော့ ပို့ချင်သားပေါ့ဗျား၊ ဒါပေမဲ့ ကျွန်တော်ကလဲ လုပ်မှကိုင်မှ ထမင်းစားရတာ ဆိုတော့ အချိန်က မရှိဘူးဗျ။

ဒီလိုဆို သဘောပေါက်ပါပြီလေ။ မောင်ရင့်အတွက် တို့များက တတ်နိုင်သလောက် လုပ်အားခ ပေးရမှာပေါ့။
ဤသို့ ခေါင်းဆောင်လုပ်သူက ၀န်ခံပြီးလျှင် မစားရက်၊ မသောက်ရက် ချိုးခြံချွေတာ၍ ပုဆိုးစထဲမှ ကျစ်ကျစ်ပါအောင် စုထားသည့် မူးစ၊ ပဲစ အသပြာကလေးများကို ထုတ်ပေးကြ၏။

အရက်သမားသည် ပေးသမျှ အသပြာများကိုယူ၍ လုံခြုံစွာ ထုပ်ပြီးလျှင် ရှေးဆုံးက ၀င်ရပ်သည်။ ရှေ့ဆုံးမှာ ရှိနေသော မျက်မမြင်က သူ၏ပုဆိုးကို နောက်ကျောက ဆွဲထားကာ သူ့နည်းတူ ဆွဲထားသူတွေကလည်း တသီကြီး လိုက်ပါလာကြ၏။

အရက်သမားသည် မျက်မမြင် လူတန်းကြီးကို ရွာထဲကခေါ်ထုတ်လာခဲ့၍ လူသူကင်းဝေးရာ တောထဲသို့ ရောက်လာကြ၏။ ပတ်ပတ်လည်မှာ ညီညာပြန့်ပြူး၍ အတန်းညီနေသည့် တောချုံတခုကို တွေ့ရသည်တွင် တောချုံကို တွေ့၍ ပတ်လိုက်၏။ ဤတွင် နောက်ဆုံးက လိုက်ပါလာသည့် မျက်မမြင်နှင့် အရက်သမားတို့ ရှေ့နှင့် နောက် တဆက်တည်း ဖြစ်သွားလေရာ အရက်သမားသည် မိမိပုဆိုးကို ဆွဲကိုင်ထားသည့် နောက်လူ၏လက်ကို နောက်ဆုံးလူ၏ ပုဆိုးကြားသို့ ဆက်ပေးပြီးလျှင်-

ကဲ အဆွေတို့၊ ကျုပ် ခဏလေး တောထိုင်လိုက်မယ်။ ပြီးပြီးချင်း လိုက်လာခဲ့မယ်။ အဆွေတို့ ဖြည်းဖြည်းချင်း ဆက်လျှောက်နှင့်ကြ၊ လမ်းမှားစရာ မရှိပါဘူး။ ဒီအတိုင်းသာ ဆက်လျှောက်ကြပါ။
အရက်သမားက ပြောပြောဆိုဆို လွတ်ရာကျွတ်ရာ ထွက်သွားတော့၏။ မျက်မမြင်တန်းကြီးကမူ ချုံကြီးကို ပတ်ချာလှည့်ကာ မဆုံးနိုင်သည့် ခရီးကို ဆက်၍ဆက်၍ လျှောက်နေကြရလေသည်။

( ၀ါသေဋ္ဌ နှင့် ဘာရဒွါဇ )
ဒီဃနိကာယ်၊ သီလက္ခန္ဓ၀ဂ်ပါဠိတော်၊ တေ၀ိဇ္ဖသုတ်၌ ၀ါသေဋ္ဌနှင့် ဘာရဒွါဇတို့အား ဘုရားရှင်က အကျဉ်းအားဖြင့် ထုတ်ဆောင်ပြသည့်ဥပမာကို အဋ္ဌကထာဆရာကြီးက အကျယ်ဖွင့်ပြထားသည့် ဥပမာပုံဝတ္ထု ဖြစ်ပါသည်။

ကောသလတိုင်းကြီးအတွင်းက မနသာကဋ အမည်ရသောရွာသည် အစိရ၀တီမြစ်ကမ်းပါးတွင် တည်ရှိ၏။ ငြိမ့်ငြိမ့်သွင်သွင် စီးဆင်းလျက်ရှိသော အစိရ၀တီ မြစ်ကမ်းခြေသည် ညီညာပြန့်ပြူး၏။ ပတ်ဝန်းကျင်တ၀ိုက်တွင် ထာဝစဉ်စိမ်းလမ်းစိုပြည်သော ဥယျာဉ်ပန်းမန်များရှိကာ နှလုံးမွေ့လျော် ပျော်ရွှင်ဖွယ်ကောင်းလှ၏။ ထို့ကြောင့် တခြားအရပ်မှာ နေထိုင်လျက်ရှိကြသော ထိပ်ထိပ်ကြဲ ပုဏ္ဏားသူဌေးကြီးများသည် မကြာခဏ မနသာကဋရွာသို့ လာရောက်ကြ၏။ ညီညာပြန့်ပြူးသည့် မြစ်ကမ်းခြေတွင် ယာယီတဲအိမ်များဆောက်ကာ စည်းဝင်းများ အလုံအခြုံ ကာရံပြီးလျှင် ဂါထာမန္တန်များကို ရွတ်ဖတ်သရဇ္ဈာယ်လေ့ရှိကြ၏။

ထိုသို့လာရောက်နေထိုင်လေ့ရှိသူများတွင် သြပါသာဒမှာ နေထိုင်သော စင်္ကီပုဏ္ဏားကြီးလည်း ပါ၏။ ဣစ္ဆာနင်္ဂလမြို့မှာ နေထိုင်သော တာရုက္ခပုဏ္ဏားကြီးကလည်း ပါ၏။ ဥက္ကဋ္ဌမြို့မှာ နေထိုင်သော ပေါက္ခရသာတိ ပုဏ္ဏားကြီးလည်း ပါ၏။ သာဝတ္ထိမြို့တော်မှာ နေထိုင်သော ဇာဏုေဿာဏီ ပုဏ္ဏားကြီးလည်း ပါ၏။ တုဒိရွာမှာနေထိုင်သော တောဒေယျပုဏ္ဏားကြီးလည်း ပါ၏။ အခြားအခြားသော ပုဏ္ဏားသူဌေးကြီးများ သည်လည်း အခြွေအရံများနှင့်တကွ တခမ်းတနား လာရောက်နေထိုင်လေ့ရှိကြ၏။

တနေ့သောအခါ ဘုရားရှင်နှင့်တကွ နောက်ပါ ရဟန်းငါးရာတို့သည် ဒေသစာရီ လည့်လည်ရင်း မနသာကဋရွာသို့ ဆိုက်ရောက်လာကြ၏။ မနသာကဋရွာ၏ မြောက်မျက်နှာ အစိရ၀တီမြစ် ကမ်းခြေမှာရှိသော သရက်ဥယျာဉ်၌ ခရီးတထောက် ရပ်နားကြ၏။ သရက်ခြံအတွင်းရှိ သရက်ပင်ပျိုတို့သည် အကိုင်းအခက်များ ဝေေ၀စီစီရှိကာ အကိုင်းချင်း၊ အခက်ချင်း ဆက်နေကြ၏။ အောက်ခြေက သဲဖုံးနေသော မြေအပြင်မှာလည်း ညီညာပြန့်ပြူးလျက်ရှိ၏။ နှလုံးမွေ့လျော် ပျော်ရွှင်ဖွယ် နေရာတခု ဖြစ်သဖြင့် ဘုရားရှင်နှင့်နောက်ပါသံဃာတော် များသည် ရက်အတန်ကြာမျှ သရက်ဥယျာဉ်၌ သီတင်းသုံးတော်မူခဲ့ကြပေသည်။

မနသာကဋရွာမှာ လာရောက်နေထိုင်ကြသော ပုဏ္ဏားသူဌေးကြီးများ၏ တပည့်ပုဏ္ဏားလုလင်တို့တွင် ၀ါသေဋ္ဌနှင့် ဘာရဒွါဇတို့လည်း ပါဝင်ကြ၏။ ၀ါသေဋ္ဌသည် ပေါက္ခရသာတိ ပုဏ္ဏားကြီး၏ တပည့်ဖြစ်၍ ဘာရဒွါဇသည်ကား တာရုက္ခပုဏ္ဏားကြီး၏တပည့် ဖြစ်ပေသည်။

ဝါသေဋ္ဌနှင့် ဘာရဒွါဇတို့သည် အမျိုးဇာတ် မြင့်မြတ်သူများ ဖြစ်ကြ၏။ ဝေဒသုံးပုံကိုလည်း အကုန်အစင် တတ်မြောက်ကြ၏။ သူတို့နှစ်ဦးသားသည် နေပူရှိန်ပြင်းသောနေ့လယ်ခင်း၌ ဝေဒကျမ်းလာ ဂါထာမန္တန်တို့ကို ရွတ်ဖတ်သရဇ္ဈာယ်ကြ၏။ နေချိုသွားသည့် ညနေခင်းတွင်ကား ရေချိုးရန် အစိရ၀တီသို့ ဆင်းလာခဲ့ကြ၏။ ဆရာချင်း မတူသော်ငြားလည်းလူငယ်ချင်း ချစ်ခင်ရင်းနှီးနေကြသဖြင့် ရေမချိုးခင် သဲသောင်ပြင်မှာ အတူတူလျှောက်ရင်း စကားစမြည် ပြောဖြစ်ကြ၏။

အခြားသော အကြောင်းအရာမျိုးစုံနှင့် အပြေအလည် ပြောဆို ဆွေးနွေးနိုင်ခဲ့ကြသော သူငယ်ချင်းနှစ်ယောက် တို့သည် အာစရိယ၀ါဒတွင်ကား ပြေလည်အောင် ဆွေးနွေး၍ မရနိုင်ကြတော့ပေ။ ၀ါသေဋ္ဌက မိမိဆရာ ပေါက္ခရသာတိပုဏ္ဏားကြီး ညွှန်ပြသည့် ကျင့်စဉ်အတိုင်း လိုက်နာကျင့်သုံးမှသာလျှင် ဗြဟ္မာဘုံသို့ ရောက်နိုင် သည်ဟု အဆိုပြု၏။ ထို့အတူပင် ဘာရဒွါဇကလည်း မိမိ ဆရာ တာရုက္ခပုဏ္ဏားကြီး၏ ညွှန်ပြချက်ကိုသာ စွဲမြဲစွာ ဆုပ်ကိုင်ထား၏။

ဤသို့ တယောက်ကို တယောက် ကျေနပ်လောက်အောင် ဖြေရှင်း၍ မရသည့်အဆုံးတွင် သူငယ်ချင်း နှစ်ယောက်တို့ ဘုရားရှင်ရှေ့တော်မှောက် ၀င်ရောက်လာခဲ့ကြ၏။ မိမိတို့ အငြင်းအခုံ ဖြစ်လာခဲ့ရသည့် အကြောင်းကိစ္စကို တင်ပြလျှောက်ထားကြ၏။

ဤတွင် ဘုရားရှင်က-ဝေဒသုံးပုံကို တတ်မြောက်ထားသဖြင့် တေ၀ိဇ္ဖအမည်ကို ခံယူထားသော ပုဏ္ဏားတို့တွင် အထက်ဗြဟ္မာဘုံက ဗြဟ္မာကြီးများကို မျက်ဝါးထင်ထင် ကိုယ်တိုင်မြင်ဖူးသူရှိပါသလော-ဟု မေးမြန်းတော်မူလေရာ

ဝါသေဋ္ဌနှင့် ဘာရဒွါဇတို့က မျက်ဝါးထင်ထင် မြင်ဖူးသူဟူ၍ မရှိပါကြောင်း လျှောက်ထားကြသဖြင့် ဘုရားရှင်က ဗြဟ္မာဘုံရောက်နိုင်သည့် ကျင့်စဉ်ကို ညွှန်ကြားနေပါလျက် ဗြဟ္မာကို မမြင်ဖူးသည့် တေ၀ိဇ္ဖပုဏ္ဏားအပေါင်းကို အထက်ပါဥပမာဖြင့် ခိုင်းနှိုင်း၍ ဟောကြားတော်မူပေသည်။

( ၀ဏ္ဏသီရိ)
( မြတ်မင်္ဂလာ ၂၀၀၄-ခု ဇွန်လ)

No comments: