တင်းတိမ်ရောင့်ရဲခြင်းသည် မင်္ဂလာတပါးဖြစ်၏။
တနည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတရပ် ဖြစ်သည်။
အောက်ပါပံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
တရံရောအခါ ဗာရာဏသီပြည်ဝယ် လှည်းကုန်သည်တို့၏ အကြီးအမှူးဖြစ်သူ လှည်းမှူးတဦး ရှိသည်။ သူသည် လောဘနည်း၍ တင်းတိမ်ရောင့်ရဲသူ ဖြစ်သည်။
တနေ့သ၌ လှည်းမှူးသည် လှည်းကုန်သည်များနှင့်အတူ အရပ်တပါးသို့ ကုန်သွယ်ရန် ဗာရာဏသီပြည်မှ ထွက်ခွာလာခဲ့သည်။
သူတို့သည် လမ်းခရီး၌ ကန္တာရတခုကို ဖြတ်သန်းသွားရပေသည်။ လမ်းခရီးတွင် ရေတွင်းဟောင်းတခုကို တွေ့ကြသည်။ ရေအလိုရှိကြသဖြင့် ရေတွင်းဟောင်းကို တူးကြသည်။ ထိုအခါ မမျှော်လင့်ဘဲ ကြေးမည်း ကြေးနီတို့ကို တွေ့ကြသည်။ ဆက်လက်တူးကြရာ ငွေ၊ ထို့နောက် ရွှေ၊ ထို့နောက် ပုလဲ၊ ထို့နောက် ကျောက်မျက်ရွဲ၊ ထို့နောက် ပတ္တမြားတို့ကို တွေ့ကြသည်။
လှည်းကုန်သည်တို့သည် ဤရတနာတို့ကို ရရှိသော်လည်း မရောင့်ရဲနိုင်ကြ။ လောဘဇောတိုက်ကာ အခြားရတနာတို့ တွေ့ဦးမည်ထင်ပြီး ဆက်လက်တူးကြမည်ပြုသည်။
ထိုအခါ လှည်းမှူးက-အချင်းတို့ ဤမျှဖြင့် တော်လောက်ပါပြီ။ ရောင့်ရဲကြပါ။ ရှေ့ဆက်မတူးကြပါနဲ့-ဟူ၍ တားမြစ်သည်။
လှည်းကုန်သည်တို့ကား မတင်းတိမ်၊ မရောင့်ရဲနိုင်။ လှည်းမှူး၏ စကားကို မနာယူ၊ လောဘဇောတိုက်ကာ ဆက်လက်တူးကြသည်။
ထိုတွင်းဟောင်းကား သာမန်တွင်းမဟုတ်၊ နဂါးမင်း နေထိုင်ရာ တွင်းဖြစ်သည်။ လှည်းကုန်သည်တို့ အလွန်နက်စွာ တူးကြသဖြင့် တွင်းအောက်တွင်နေသော နဂါးမင်းဗိမာန် ပျက်လေတော့သည်။ နဂါးမင်းလည်း အမျက်ထွက်သဖြင့် နှာခေါင်းလေဖြင့် မှုတ်သည်။ အဆိပ်ငွေ့များ ထွက်လာသည်။ လှည်းမှူးမှတပါး လှည်းကုန်သည်အားလုံး အဆိပ်သင့်၍ သေကျေပျက်စီးကြလေသည်။
ထိုအခါ နဂါးလုလင်တို့သည် လူယောင်ဖန်ဆင်းလျက် တွင်းအောက်မှ ထွက်လာကြသည်။ တင်းတိမ်ရောင့်ရဲမှုရှိသော လှည်းမှူးကို ရန်မပြုရုံမက ရတနာတို့ကို လှည်းပေါ်သို့ တင်ပေးသည်။ လှည်းမှူးကို လှည်းတစီးတွင် စီးစေကာ ရတနာတို့နှင့်အတူ အိမ်သို့ လိုက်ပို့ပေးသည်။ ထို့နောက် နဂါးပြည်သို့ ပြန်သွားကြလေသည်။
လှည်းမှူးလည်း မိမိရရှိသော ရတနာတို့ကို ထုခွဲရောင်းချကာ လူအများကို ပေးကမ်းလှူဒါန်းသည်။ သီလဆောက်တည်၍ တင်းတိမ်ရောင့်ရဲစွာပင် နေထိုင်သည်။ သေသည်၏ အဆုံး၌ နတ်ပြည်သို့ လားလေသတည်း။
အကိုး။ ။ ၅၅၀-ဧရူဒပါနဇာတ်။
(မင်းယုဝေ)
(မြတ်မင်္ဂလာ ၂၀၀၃-ခု ဇူလိုင်လ)
Friday, February 5, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment