Wednesday, February 3, 2010

အမြဲ ကုသိုလ် တိုးပွါးသူများ

အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ ညဥ့်တညဥ့်၏ သန်းခေါင်ယံအချိန်လောက်တွင် အမျိုးအမည် မထင်ရှားသော နတ်သားတယောက်သည် မြတ်စွာဘုရားထံ ဆည်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုးပြီးနောက် မြတ်စွာဘုရားကို ဤသို့မေးလျှောက်လေ၏။

ရှင်တော်မြတ်ဘုရား-
(၁) အဘယ်ပုဂ္ဂိုလ်တို့သည် နေ့ရောညပါ အခါခပ်သိမ်း ကောင်းမှုကုသိုလ် တိုးပွားပါသနည်း။
(၂) အဘယ်ပုဂ္ဂိုလ်တို့သည် ကုသိုလ်တရား အမြဲရှိကြ၍ သီလနှင့်ပြည့်စုံကြပါသနည်း။
(၃) အဘယ်ပုဂ္ဂိုလ်တို့သည် လူ့ပြည် နတ်ပြည် စသော ကောင်းသောဘုံသို့ ရောက်ရန် သေချာသူတို့ ဖြစ်ကြပါသနည်း။

ထိုသို့ နတ်သားက မေးလျှောက်သောအခါ မြတ်စွာဘုရားသည် ဤသို့ ဖြေကြားတော်မူသည်။
အို-နတ်သား
(၁) သစ်သီး ဥယျာဉ်၊ ပန်း ဥယျာဉ် စိုက်ပျိုးသူများ။
(၂) မစိုက်ပျိုးရဘဲ အလိုအလျောက် ပေါက်ရောက်သော သစ်ပင် သစ်တောတို့ကို သတ်မှတ်ပိုင်းခြား၍
အကာအရံ ခြံခတ်ပေးသူများ။
(၃) စေတီ၊ ဗောဓိပင်၊ လမ်းလျှောက်စင်္ကြံ၊ မဏ္ဍပ်၊ တဲအိမ်ငယ် ပြုလုပ်သူများ၊
(၄) နေ့အချိန်၊ ညအချိန် နေထိုင်တည်းခိုစရာ ပြုလုပ်သူများ၊
(၅) အရိပ်ရသစ်ပင်တို့ကို စိုက်ပျိုးသူများ၊
(၆) မြေမညီညွတ်သောနေရာတို့တွင် တံတား၊ ကန်သင်း၊ ကန်ပေါင်၊ မြောင်းပေါင် စသည်ကို ပြုလုပ်သူများ၊
(၇) ချေင်း၊ မြောင်း၊ မြစ် စသည်တို့၌ ကူးတို့ လှေ ဖောင် သင်္ဘော စသည်တို့ကို စီစဉ်ပေးသူများ၊
(၈) သောက်ရေအိုးစင်၊ လေးထောင့်ရေကန်၊ တဖက်ဆည် ရေကန်၊ ရေတွင်း၊ စသည်ကို လှူဒါန်းသူများ၊
(၉) ဇရပ်၊ တန်ဆောင်း၊ သိမ်ကျောင်း စသည်ကို ဆောက်လုပ်လှူဒါန်းသူများ၊

အထက်ပါပုဂ္ဂိုလ်တို့သည် နေ့ရောညပါ အမြဲ ကုသိုလ်ရသူတွေ ဖြစ်ကြသည်။
ထိုပုဂ္ဂိုလ်တို့သည် အမြဲ ကုသိုလ်တရား ရှိကြသည်။ လူ့ပြည် နတ်ပြည်အထိ ရောက်ရှိနိုင်ကြသည်-ဟု မြတ်စွာဘုရားက ဟောတော်မူသည်။

မှတ်ချက်။ ။ မကောင်းမှု အကုသိုလ်တို့ကို ကြံစည် ပြောဆို ပြုလုပ်နေစဉ်နှင့် အိပ်ပျော်နေစဉ် အချိန်တွင်ကား ကုသိုလ်မရနိုင်ပါ။
မိမိတို့ ပြုလုပ်ထားကြသော ကောင်းမှုကုသိုလ်တို့ကို ပြန်ပြောင်းအောက်မေ့ သတိရသောအခါတွင်လည်းကောင်း၊ မိမိစိုက်ပျိုးပြုလုပ်ထားသော ဥယျာဉ်၊ သစ်ပင်၊ တန်ဆောင်း၊ ကျောင်း ဇရ်၊ သိမ် စသည်တို့ကို မြင်တိုင်းမြင်တိုင်းသော အချိန်တွင်လည်းကောင်း၊ အမြဲကုသိုလ်တိုးပွားပါသည်။

(ဦးငွေအောင်မွန်)
ကျမ်းညွှန်း။ ။ သဂါထာဝဂ္ဂသံယုတ်၊ အာဒိတ္တသုတ်၊ ၀နရောပသုတ် ပါဠိတော်နှင့် အဋ္ဌကထာ။

No comments: