Friday, February 12, 2010

ကိုယ်တွေ့ ပရိတ်တော်၏ ထူးခြားချက်

ပခုက္ကူကောလိပ်တွင် ကျွန်မတာဝန်ကျသောအခါ ကျွန်မ၏ မမလေးသည် ကျွန်မနှင့်အတူ လိုက်နေပေးသည်။ ကျယ်ဝန်းသော ကောလိပ်ဝင်းအတွင်း ကျွန်မနေသောအိမ်မှာ တထပ်တိုက်ပုလေး ဖြစ်ပြီး စာသင်ဆောင်များနှင့် ဝေးသဖြင့် တိတ်ဆိတ်ငြိမ်သက်၍ အေးချမ်းလှပါသည်။

ပထမအသုတ် အဝေးသင်ကျောင်းသားများကို သင်ကြားပို့ချပြီး ဒုတိယသုတ်ကျောင်းသားများ မရောက်မီ ကျွန်မတို့ ညီအမ ရန်ကုန်ပြန်မနေတော့ဘဲ မဟာစည်ရိပ်သာတွင် တရားဝင်လိုက်ကြသည်။
ကျွန်မ ဌာနသွားနေချိန်တွင် မမလေးသည် ဝိပဿနာတရားများ ရှုမှတ်ခြင်း။ တရားတိပ်ခွေများ နာခြင်းဖြင့် အိမ်တွင် နေခဲ့လေ့ရှိပါသည်။ တနေ့ ကျွန်မ အိမ်ပြန်ရောက်သောအခါ မမလေးက ညီမလေးရေ ဆရာတော်ကြီး ဦးဥတ္တမသာရရဲ့ ပရိတ်တော်အခွေကို ဖွင့်ပြီးနာနေတာ ပုလင်းထဲကရေတွေ ပလုံစီပြီး ဆူတက်လာတယ်။ လာ လာ ဒီမှာကြည့်-ဟုခေါ်ပြပါသည်။ ကြည်လင်နေသော ရေပုလင်းအဖြူ အောက်ခြေမှ ရေလုံးလေးများသည် မိနစ်ပိုင်းခန့်ခြား၍ တလုံးပြီးတလုံး ထိပ်ဝသို့ စု၍ တက်လာနေပါသည်။

မမလေးက-ညီမလေးလဲ ပုလင်းတလုံးနဲ့ အာရုံစိုက်ပြီး နာကြည့်ပါလား-ဟု တိုက်တွန်းလိုက်သည်။ ကျွန်မလည်း ပုလင်းအဖြူသန့်သန့်တွင် ရေထည့်ပြီး ပရိတ်တရားတော်ကို နာနေလိုက်ပါသည်။ မကြာလှပါ။ ရေလုံးလေးများ ပုလင်းခြေမှ ပုလဲလုံးလေးများပမာ တလုံးပြီးတလုံး အထက်သို့တက်လာပြီး ပုလင်းနှုတ်ခမ်းတွင် စီရစီ စုပြုံနေပါတော့သည်။ တရားရိပ်သာမှ ထွက်လာခါစ စူးစိုက်နာယူမှု၊ တရားတော်ကို လေးလေးနက်နက် ယုံကြည်မှုတို့ကြောင့် ဤသို့ ပရိတ်ရေ ဆူလာသည်ဟု ထင်မိပါသည်။ ဆရာတော်ကြီး၏ သီလ သမာဓိ ဂုဏ်တော်ကိုလည်း ဦးခိုက်ရှိခိုးလိုက်ပါသည်။

တရားခွေထဲတွင် သီလရှင်တပါး ပရိတ်တရားတော်နာရင်း ရေဆူသည်ကို ကြားရရာ ယခုကဲ့သို့ ကျွန်မတို့ ညီအမနှစ်ယောက်လုံး၏ ရေပုလင်းများ ရေဆူပုံကို ကိုယ်တွေ့မျက်မြင် ကြုံတွေ့လိုက်ရချိန်တွင် အထူးပင် နှလုံးချမ်းမြေ့မိပါသည်။ ကျောင်းအုပ်ကြီးနှင့် နီးစပ်ရာ ဆရာ ဆရာမများ၊ ဝန်ထမ်းများကိုလည်း ခေါ်၍ပြသည်။ သူတို့အားလုံး အံ့သြကြည်ညိုမှုဖြစ်ပြီး ပရိတ်တော်ရေများ တောင်းကြသဖြင့် ခွဲဝေပေးလိုက်ပါသည်။

ကျွန်မ ရန်ကုန်ပြန်ရောက်ပြီးနောက် ဆရာတော်ကြီး၏ တရားပွဲ စမ်းချောင်းရပ် မြသိန်းတန် ဓမ္မာရုံတွင် ကျင်းပသည်။ လက်တွေ့ယုံကြည်မှုရပြီးသော ကျွန်မတို့သည် ဆရာတော်ကြီး တရားပွဲတွင် ဆီတပုလင်းထည့်၍ တရားတော်နာယူကာ ပရိတ်ဆီအဖြစ် ဆောင်ထားလိုက်ပါသည်။

တနေ့တွင် ကျွန်မတို့ဘေးခန်းမှ အခြားဘာသာ ကိုးကွယ်သူ ချင်းမလေး ထွေးထွေး အိမ်သို့ လာ၍ သူ့ညီမထံဖုန်းဆက်သည်။ သူ ကြက်ရိုးစူးသဖြင့် ဓာတ်မှန်ရိုက်ရကြောင်း၊ လည်ချောင်းတွင် အရိုးရှိနေသဖြင့် နက်ဖြန်ခွဲဖို့ ရက်ချိန်းယူပြီးကြောင်း အသိပေးနေခြင်း ဖြစ်သည်။ မမလေးက သူ ဖုန်းပြောပြီးသောအခါ သတင်းမေးပါသည်။ ခွဲစိတ်ရမည်ဟု ပြောသဖြင့် မမလေးက-ထွေးထွေး အန်တီတို့မှာ ဆရာတော်ကြီးရဲ့ ပရိတ်ဆီရှိတယ်၊ ဆရာတော်ကြီးက ထွေးထွေးတို့ ဖလန်းဘက်က၊ သူ ပရိတ်ရွတ်ရင် ရေဆူတယ်ဆိုတာ ကြားဖူးလား-ဟု မေးလိုက်သည်။

ဆရာတော်ကြီးကို သိကြောင်း၊ ကြားဖူးကြောင်း ပြန်ပြောရာ မမလေးကပင်-ထွေးထွေး ညီမတို့ရဲ့ဘုရားသခင်ဆီမှာလဲ ဆုတောင်း၊ အန်တီပေးလိုက်တဲ့ ပရိတ်ဆီကိုလဲ ယုံယုံကြည်ကြည်နှင့် သောက်၊ အန်တီ ဆုတောင်းပေးမယ်-ဟု ဆိုကာ ဆုတောင်း၍ ပရိတ်ဆီကို လက်ဖက်ရည်ဇွန်းနှင့် တဇွန်းခန့် တိုက်လိုက်ပြီး လည်ပင်းကိုလည်း အပြင်မှ ဆီလိမ်းပေးလိုက်သည်။

မမလေး ပရိတ်ဆီ တိုက်လိုက်ချိန်မှာ ည-၈ နာရီခန့် ဖြစ်သည်။ နောက်တနေ့ နံက် အစောကြီး ထွေးထွေး ရောက်လာပြီး အရိုးကျသွားပြီ-ဟု ဝမ်းသာအားရ လာပြောသည်။ မခွဲမစိတ်ရဘဲ ကောင်းသွား၍ မမလေးလည်း ဝမ်းသာသွားသည်။ ဘာသာခြားသူကိုပင် အန္တရာယ်ကင်းစေသော ပရိတ်တန်ခိုးကို ပို၍ ယုံကြည်အားထား မိသည်။

တနေ့က မမလေးနှင့် တဌာနတည်း အလုပ်လုပ်ခဲ့သူ ဆရာမတဦး၏ မြေးလေး ငါးရိုးစူးပြန်သည်။ ငှက်ပျောသီးကျွေးလည်း ပြန်အန်သည်ဟု ဆိုပါသည်။ ပရိတ်ဆီကို သတိရ၍ ပေးလိုက်သည်။ နောက်တနေ့ မနက်တွင် ကောင်းသွားပြီဟု သတင်းကြားရသည်။
ပရိတ်ဟူသောစကားမှာ ပရိတ္တ-ဟူသည့် ပါဠိမှ ဆင်းသက်လာခြင်းဖြစ်သည်။ ပရိတ္တ၏အနက်မှာ အရံအတားဖြစ်သည်။ ပရိတ်ရွတ်ဖတ် ပူဇော်ခြင်းဖြင့် မမြင်ရသော ဘေးအန္တရာယ် အသွယ်သွယ်တို့ မပေါ်ပေါက်ခြင်း။ ဘေးကြီးမရောက်၊ လွင့်ပျောက်ရန် ကြိုတင် ကာဆီးနိုင်ခြင်းအကျိုးများ ရရှိနိုင်သည်။

ပရိတ်ကြီး ၁၁-သုတ်လုံးပင် ဘေးအန္တရာယ်များ ကာကွယ်နိုင်သည်သာမက လောကီ လောကုတ္တရာ အကျိုးထူးများကို ပေးနိုင်စွမ်းရှိပါသည်။ ဤကဲ့သို့ ပေးနိုင်စွမ်း ရှိသည်ကိုလည်း ဗုဒ္ဓဘာသာဝင်များ သိရှိပြီး ဖြစ်ကြပါသည်။
ဥပမာ-ရတနသုတ်တော်ကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းကြောင့် ဝေသာလီပြည်တွင် ဘီလူးဘေးမှ ကာကွယ်နိုင်ခဲ့သည်။ ဗောဇ္ဈင်သုတ်သည် ရောဂါဝေဒနာ ကျရောက်သူများ ရောဂါကင်းပျောက် ချမ်းသာခြင်းသို့ မုချရောက်စေနိုင်ပါသည်။

ကျွန်မတို့ မိသားစုသည် ပရိတ်ကြီး ၁၁-သုတ်ကို နေ့စဉ်မှန်မှန် ရွတ်ဖတ်လေ့ရှိသည်။ နံနက်တိုင်း ရုပ်မြင်သံကြားမှ လာသော ဆရာတော်ကြီး၏ ပရိတ်တော်ကို နာယူ၍ ပရိတ်ရေကိုလည်း ယုံယုံကြည်ကြည် သောက်လေ့ရှိသည်။ မြတ်ဗုဒ္ဓ၏ အစွမ်းထက်လှသော ပရိတ်တော်များကို ဆရာတော်ကြီးများထံမှ တဆင့် နာယူရင်း အားလုံးသော သတ္တဝါအပေါင်း၊ ဘေးရန်ကင်း၍ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ-ဟု မေတ္တာရည်လိုက်ရပါသည်။

(အေးမမ)

No comments: