Friday, February 5, 2010

သာသနာတော် သုံးရပ်

ဗုဒ္ဓဘာသာတွင် သာသနာတော် ၃-ရပ် ရှိသည်။ ယင်းတို့မှာ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာတို့ ဖြစ်ကြသည်။

ဤတွင် ပရိယတ္တိ ဆိုသည်မှာ ပိဋကတ်စာပေ သင်ကြားမှု ဖြစ်သည်။
ပဋိပတ္တိ ဆိုသည်ကား အကျင့်တရား ဖြစ်သည်။ တနည်းအားဖြင့်-သမထဘာဝနာ၊ ၀ိပဿနာဘာဝနာ တို့ကို
ကျင့်ကြံပွားများ အားထုတ်မှု ဖြစ်သည်။
ပဋိဝေဓ ဆိုသည်မှာမူ-မဂ်တရား ဖိုလ်တရားတို့ကို ထိုးထွင်း၍ သိခြင်း ဖြစ်သည်။

ဤသာသနာတော် သုံးရပ်သည် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ-ဆိုသကဲ့သို့ အချင်းချင်း ဆက်နွယ် အကျိုးပြုနေကြသည်။ ပရိယတ္တိသာသနာ တည်မှသာ မှန်ကန်သော ပဋိပတ္တိသာသနာ တည်ရှိနိုင်သည်။ မှန်ကန်သော ပဋိပတ္တိသာသနာကို အားထုတ်မှသာလျှင် ပဋိဝေဓသာသနာသို့ ဆိုက်ရောက်နိုင်သည်။

ဥပမာ-ဆိုရသော် ပရိယတ္တိသည် သစ်ပင်၌ အမြစ်နှင့် တူသည်။
ပဋိပတ္တိသည် ပင်စည်၊ အကိုင်းအခက်နှင့် တူသည်။
ပဋိဝေဓသည် အသီးအပွင့်နှင့် တူသည်။
အမြစ်ခိုင်ခန့် ကောင်းမွန်များပြားသလောက် ပင်စည်အကိုင်းအခက် ကြီးမားသန်စွမ်းနိုင်သည်။ ပင်စည်အကိုင်းအခက် ကြီးမား သန်စွမ်းသလောက် အသီးအပွင့်တို့ ဖွံ့ဖြိုးထွားကျိုင်း၍ အနံ့ အရသာနှင့် ပြည့်စုံနိုင်သည်။

ထိုဥပမာကဲ့သို့-ပရိယတ္တိသာသနာတည်းဟူသော အမြစ်ပြည့်စုံ ထင်ရှားစွာ တည်ရှိမှသာလျှင် ပဋိပတ္တိသာသနာတည်းဟူသော ပင်စည် အကိုင်းအခက်တို့ တည်ရှိနိုင်မည်။
မှန်ကန်သော ပဋိပတ္တိတည်းဟူသော အကိုင်းအခက်ဖြစ်မှသာလျှင် ပဋိဝေဓတည်းဟူသော အသီးအပွင့်တို့ကို ရရှိသုံးဆောင်ကြရပေမည်။

တနည်းအားဖြင့်-ပရိယတ္တိသာသနာသည် ကန်ပေါင်နှင့် တူသည်။
ပဋိပတ္တိသာသနာသည် ရေနှင့်တူသည်။
ပဋိဝေဓသာသာနသည် ကြာနှင့်တူသည်။
ထိုဥပမာအရ ကန်ပေါင်ရှိမှ ရေတည်သည်။ ရေတည်မှ ကြာရှိနိုင်သည်။ ထို့ကြောင့် ကန်ပေါင်တည်းဟူသော ပရိယတ္တိ မကျိုးမပေါက် မပျက်မစီးအောင် အားထုတ်ကြရမည်။ ကန်ပေါင်တည်းဟူသော ပရိယတ္တိ ကောင်းမွန်ခိုင်ခန့်သမျှ ကာလပတ်လုံး ရေတည်ရှိမည်ဖြစ်သည်။ ရေတည်းဟူသော ပဋိပတ္တိ ရှိနေသမျှ ကာလပတ်လုံး ကြာပန်းတည်းဟူသော ပဋိဝေဓသည်လည်း တည်ရှိနေမည် ဖြစ်ပေသည်။

ဤကား ရွှေကျင်သာသနာပိုင် ဆရာတော်ကြီး ဖြစ်တော်မူခဲ့သော အဘိဓဇမဟာရဋ္ဌဂုရု ရွှေဟင်္သာဆရာတော်ကြီး (၁၂၅၅-၁၃၅၇) ဥပမာပြု၍ မိန့်တော်မူခဲ့သော အဆိုအမိန့်ဖြစ်သည်။
သို့ပါလျက်နှင့် ခံယူချက် လွဲမှားနေသူအချို့က ပရိယတ်ကို သင်ကြားနေဖို့ မလိုပါဘူး။ ပရိယတ်က မဂ်ဖိုလ်ရနိုင်တာ မဟုတ်ဘူး။ ပဋိပတ်ကမှ မဂ်ဖိုလ်ရနိုင်တာ-စသည်ဖြင့် ပြောဆိုနေကြသည်မှာ အလွန်ဝမ်းနည်းဖွယ် ဖြစ်သည်။ ထိုသူတို့ကိုယ်တိုင်လည်း မိမိတို့စကား ဘယ်သို့တိုင်အောင် ရောက်သွားသည်ကို ဉာဏ်ယှဉ်၍ ဆင်ခြင်မိပါမူ ၀မ်းနည်းမဆုံး ဖြစ်ရပေလိမ့်မည်။

ရွှေဟင်္သာဆရာတော်ဘုရားကြီးက-ဘုရားရှင်ကိုယ်စား ထားတော်မူခဲ့သော သုတ္တန်၊ အဘိဓမ္မာ၊ ၀ိနည်း ဟူသည်မှာ ပရိယတ်ပင် ဖြစ်သည်။ဤပရိယတ်အတွင်းမှ လိုရာလိုရာ ပဋိပတ်တို့ကို ထုတ်ယူကျင့်ကြံ အားထုတ်ကြရသည်။ နှလုံးသွင်းကြရသည်။ ပွားများကြရသည်။ ပရိယတ်သည် ဘုရားအရာ၌ တည်သော ဆရာပေတည်း။ သော ဝေါ မမစ္စယေန သတ္ထာ-ဟူ၍ မိန့်တော်မူခဲ့ပြီ။ ပရိယတ်တည်းဟူသော ဆရာကင်းသော ပဋိပတ်သည် မှားသော ပဋိပတ်သာ ဖြစ်သည်။ မှားသော ပဋိပတ်ကို အားထုတ်သော ပုဂ္ဂိုလ်သည် လမ်းမှားနေသောကြောင့် မဂ်ဖိုလ်ကို မရနိုင်ပေ။

တနည်းဆိုရလျှင်-ပရိယတ်ဓမ္မက္ခန္ဓာတို့သည် ဘုရား၏ကိုယ်တော်စား ဘုရားများဖြစ်သောကြောင့် ပရိယတ်ကိုပယ်သော ပုဂ္ဂိုလ်သည် ဘုရားကိုပယ်သည် မည်တော့သည်။ ဘုရားကို ယုံကြည် ကိုးစားအားထားသော ပုဂ္ဂိုလ် မဟုတ်တော့ချေ-ဟူ၍ ဆိုဆုံးမတော်မူခဲ့သည်။

ထို့ပြင် ရွှေဟင်္သာဆရာတော်ဘုရားကြီးက-ရဟန္တာ-ဟု ထင်ရှားကျော်စောခဲ့သော ဘုန်းတော်ကြီး ဦးသီလသည် ပဋပတ်အကျင့်ဖြင့်သာ နေသော အရှင်မြတ်ဖြစ်ပေသည်။ သို့ရာတွင် သာသနာအဓွန့်ရှည်စွာ တည်စေခြင်းငှါ သင့်လျော်သော အရည်အချင်းရှိ ရဟန်းတော်တို့ကို ရွေးချယ်ခဲ့သည်။ ထိုထိုမြို့ရွာတို့၌ ပရိယတ္တိ စာသင်တိုက်တို့ကို တည်ထောင်စေခဲ့သည်။ အားပေးတော်မူခဲ့သည်-စသည်ဖြင့်လည်း မိန့်တော်မူခဲ့သည်။ မှတ်သား သတိပြု ဆင်ခြင်ဖွယ်ပင်တည်း။

No comments: