Sunday, February 14, 2010

( ၂၉ ) ရဟန်းသူမြတ်တို့ကို ဖူးမြော်ရခြင်း

ရဟန်းသူမြတ်တို့ကို ဖူးမြော်ရခြင်းသည် မင်္ဂလာတပါး ဖြစ်သည်။
တနည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတရပ် ဖြစ်သည်။
အောက်ပါပုံဝတ္ထုကို သာဓကအဖြစ် တင်ပြပါသည်။

ရှေးသရောအခါ အလ္လကပ္ပ အမည်ရှိသောတိုင်းဝယ် ကူးစက်တတ်သော ရောဂါကြီးတမျိုး ဖြစ်ပွားသည်။ ဆေးကု၍မရ၊ လူအများ သေကျေပျက်စီးကြသည်။
ယောက်ျားတယောက်သည် ကြောက်ရွံ့လှသဖြင့် ဇနီးနှင့်သားငယ်ကို ခေါ်ယူကာ အခြားတိုင်း တတိုင်းသို့ ထွက်ပြေးသည်။ လမ်းခရီးတွင် အခက်အခဲအမျိုးမျိုးကို ကျော်လွန်ပြီးနောက် ညနေချမ်းအချိန်၌ နွားကျောင်းသားတဲတခုသို့ ရောက်သွားကြသည်။ နွားကျောင်းသားသည် သူတို့ ၃-ယောက်ကို မြင်လျှင် ကရုဏာဖြစ်မိသည်။ ထို့ကြောင့် ကောင်းစွာလက်ခံကျွေးမွေးသည်။ ယောက်ျားဖြစ်သူသည် အလွန်ဆာလောင် မွတ်သိပ်လှသဖြင့် အလွန်အကျူး စားသောက်သည်။ ဤတွင် အစာမကြေရောဂါရကာ ထိုည လွန်သောအခါ သေဆုံးသွားလေသည်။

သူသည် သေခါနီးဝယ် စိတ်စွဲလမ်းသဖြင့် နွားကျောင်းသားတဲရှိ ခွေးမ၏၀မ်း၌ ပဋိသန္ဓေ ယူလေသည်။ ခွေးမသည် လစေ့သော် သားငယ်ကို ဖွား၏။ နွားကျောင်းသားသည် ထိုခွေးငယ်ကို ချစ်ခင်သဖြင့် အစာကောင်းစွာ ကျွေးသည်။ မိမိသွားလေရာသို့ အတူ ခေါ်ဆောင်သွားလေ့ရှိသည်။

တနေ့သ၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တပါးသည် နွားကျောင်းသားထံ ဆွမ်းခံကြွရောက်လာသည်။ နွားကျောင်းသားသည် ဆွမ်းကပ်လှူသည်။ ကြည်ညိုလှသဖြင့် မနီးမဝေးတွင် တ၀ါတွင်း သီတင်းသုံးတော်မူပါရန် တောင်းပန်သည်။ ဆွမ်းကိုလည်း မိမိကပင် တာဝန်ယူ လှူဒါန်းလိုပါကြောင်း လျှောက်ထားသည်။ အရှင်မြတ်လည်း လက်ခံတော်မူသည်။ တဲနှင့် မနီးမဝေး တောအုပ်တခု၌ သီတင်းသုံးနေထိုင်တော်မူသည်။

နွားကျောင်းသားသည် အရှင်မြတ်ထံသို့ သွားလျှင် ခွေးငယ်ကို ခေါ်ဆောင်သွားတတ်သည်။ ခွေးငယ်သည် လိမ္မာလှသည်။ လမ်းကို ကောင်းစွာသိနေသည်။ တနေ့သ၌ နွားကျောင်းသားသည် အရှင်မြတ်အား-မိမိမအားလပ်သောအခါ မိမိကိုယ်စား ခွေးငယ်အား လွှတ်လိုက်ပါမည်။ ခွေးငယ်ရောက်လာချိန်တွင် မိမိအိမ်သို့ ဆွမ်းအလှူခံ ကြွရောက်ပါမည့်အကြောင်း ပန်ကြားလျှောက်ထားသည်။

ဤသို့ မှာထားသည့်အတိုင်းလည်း မိမိမအားလပ်သောနေ့များတွင်- ချစ်သား၊ အရှင်မြတ်ကို သွားရောက်ပင့်ဆောင်လော့-ဟု ဆိုလေသည်။ ခွေးလိမ္မာကလည်း သွားရောက်ပြီးလျှင် အရှင်မြတ်၏ ခြေရင်း၌ ၀ပ်တွားနေသည်။
အရှင်မြတ်လည်း ဆွမ်းပင့်ရောက်လာလေသည်ဟု သိရှိတော်မူကာ ဆွမ်းခံကြွတော်မူသည်။ အရှင်မြတ်သည် နွားကျောင်းသားတဲဝယ် ဆွမ်းဘုဉ်းပေးတော်မူသောအခါ ဆွမ်းကျန်အချို့ကို ခွေးလိမ္မာအား ပေးကမ်းကျွေးမွေး တတ်သည်။ ခွေလိမ္မာလည်း အရှင်မြတ်ကို အလွန်ပင်ချစ်ခင်မြတ်နိုးလေသည်။

ဝါကျွတ်သောအခါ အရှင်မြတ်က နွားကျောင်းသားအား အချိန်စေ့ပြီဖြစ်သဖြင့် အရပ်တပါးသို့ မိမိကြွသွားတော်မူမည် ဖြစ်ကြောင်း မိန့်တော်မူကာ ကြွသွားတော်မူသည်။ ခွေးလိမ္မာသည် အရှင်မြတ် အပြီးတိုင် ကြွသွားတော်မူသည်ကို သိသောအခါ လွမ်းဆွတ်၍ နှလုံးကွဲကာ သေဆုံးသွားရှာလေသည်။ ထို့နောက် အရှင်မြတ်ကို ဖူးမြင်ရသော ကုသိုလ်ကြောင့် တာဝတိံသာနတ်ပြည်ဝယ် နတ်သားသွားဖြစ်လေသည်။

ထိုနတ်သားသည် ခွေးလိမ္မာဖြစ်စဉ်က အရှင်မြတ် ဘေးရန်ကင်းအောင် သားရဲများအား ကျယ်လောင်စွာ ဟိန်းဟောင်ပေးခဲ့ဖူးသည်။ ထိုကုသိုလ်ကံအကျိုးကြောင့် အလွန်အသံအောင်သည်။ ထိုနတ်သား၏ အသံသည် နတ်ပြည်အလုံးကို လွှမ်းဖုံးသွားတတ်သည်။ ထို့ကြောင့် ထိုနတ်သားသည် ဃောသက-နတ်သား ဟူသော အမည်ကို ရရှိလေသည်။
အကိုး။ ။ ဃောသက သူဌေး (မဟာဗုဒ္ဓ၀င်-တတိယတွဲ)

( မင်းယုဝေ)
(မြတ်မင်္ဂလာ ၂၀၀၃-ခု ဒီဇင်ဘာလ)

No comments: