Thursday, February 11, 2010

သေကံမရောက်

လွန်ခဲ့သော ၈-နှစ်ခန့်က ရန်ကုန်ဆေးရုံကြီး၌ နှလုံးရောဂါ ကုသဆောင်တွင် အရေးကြီးသောလူနာများ ကုသသောအခန်း၏ ကုတင်တခုပေါ်တွင် အမျိုးသမီး လူနာတယောက် နှလုံးသွေးကြောပိတ်ရောဂါကို ပြင်းထန်စွာ ခံစားနေရသည်။ ထိုအချိန်တွင် ဆရာဝန် ဆရာမများမှာ လူနာအမျိုးသမီး၏ အသက်ရှင်ရေးအတွက် ကြိုးစားကုသနေရသဖြင့် အလွန် အလုပ်များနေကြသည်။

လူနာရှင်၏ သားသမီးများကတော့ မိခင်ကိုကြည့်ပြီး ငိုကြသည်မှလွဲ၍ ဘာမျှမတတ်နိုင်ပါ။ နေ့ခင်း ၁-နာရီခန့် အချိန်တွင် မဟာစည်သြဝါဒခံ ညောင်ကန်အေးဆရာတော် အရှင်ဣန္ဒက ကြွရောက်လာသည်။ လူနာအတွက် ဗောဇ္ဈင်သုတ် ပရိတ်တော်ကို ရွတ်ဖတ်ချီးမြှင့်ပြီး မေတ္တာပို့ဆုတောင်းပေးပါသည်။

ဆရာဝန်များက ရပ်ဝေးမှသားသမီးများကို မှာလိုကမှာကြားရန်ပင် ပြောကြားကြပါသည်။ ထိုစဉ်လူနာ
အမျိုးသမီးမှာ တဖြည်းဖြည်း တနာရီပြီးတနာရီ သိသိသာသာ သက်သာလာသည်ကို အံ့သြဖွယ် တွေ့ရပါတော့သည်။

လူနာမှာ သက်သာလာသည်နှင့်အမျှ တရားကိုရှုမှတ်နေရှာပါသည်။ ကု၍မရတော့ဟု ထင်ကြသော ဆရာဝန် ဆရာမများမှာ ဝမ်းသာအားရစွာဖြင့် လူနာကို မေးမြန်းကြည့်ရှုကြပါသည်။
၎င်းလူနာအမျိုးသမီးမှာ အခြားသူမဟုတ်၊ ယခု ဤစာရေးသူ ကျွန်မပင် ဖြစ်ပါတော့သည်။

ထို့ကြောင့် ကျွန်မ ဉာဏ်စဉ်တရားနာခွင့်ရပြီး ယနေ့အထိ ဝိပဿနာတရားကို အားထုတ်နိုင်အောင်၎င်း၊ အစအစ တရားဟောပြ ဆိုဆုံးမ၍ ဗောဇ္ဈင်သုတ်ပရိတ်တော်ကို ချီးမြှင့်ပြီး အသက်ကယ်ခဲ့သော ကျေးဇူးရှင် ညောင်ကန်အေး ဆရာတော်အရှင်သူမြတ်ကို၎င်း၊ ဤဆောင်းပါးဖြင့် ကန်တော့လိုက်ပါသည်။

ယခုအခါ ကျွန်မသည် အသက်ကြီးလာသည်နှင့်အမျှ နေထိုင်မကောင်းလျှင် ဗောဇ္ဈင်သုတ် ပရိတ်တော်ကို ရွတ်ဖတ်၍ တရားရှုမှတ်ပါသည်။ ထိုအခါ ဝေဒနာ သက်သာလာပါသည်။ စာရှုသူများလည်း ရောဂါတခုခု ခံစားရပါက ကျွန်မနည်းတူ ဗောဇ္ဈင်သုတ်ပရိတ်တော်ကို ရွတ်ဖတ်၍ တရားရှုမှတ်ပွားများနိုင်ပါရန် ကျွန်မကိုယ်တွေ့ကို တင်ပြအပ်ပါသည်။

(ဒေါ်တင်ရွှေ-အနောက်ရန်ကင်း)
( မြတ်မင်္ဂလာ ၂ဝဝ၃-ခု နိုဝင်ဘာလ)

No comments: