Sunday, February 7, 2010

အကောင်းဆုံး လေးမျိုး

အခါတပါး၌ ဗုဒ္ဓမြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူ၏။
ထိုအခါ ညဥ့်တညဥ့်၏ သန်းခေါင်အချိန်ခန့်တွင် နတ်သားတယောက်သည် မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို မေးလျှောက်သည်။

နတ်သားက-
မြတ်စွာဘုရား၊ ဤလောက၌
(၁) ပုဂ္ဂိုလိတိုင်းအတွက် အကောင်းမြတ်ဆုံး အရင်းအနှီးဥစ္စာကား အဘယ်ဥစ္စာပါနည်း။
(၂) ကောင်းစွာမပြတ် လေ့လာအပ်သော် အဘယ်အရာသည် ချမ်းသာကိုပေးဆောင်နိုင်ပါသနည်း။
(၃) အရသာဟူသမျှတို့တွင် အကောင်းဆုံးအရသာကား အဘယ်အရသာပါနည်း။
(၄) အသက်မွေးသူတို့တွင် အဘယ်အသက်မွေးမှုဖြင့် အသက်မွေးသူသည် အမြတ်ဆုံး-ဟု ဘုရားစသော သူတော်ကောင်းတို့ မိန့်ဆိုကြပါကုန်သနည်း ဘုရား-ဟု မေးလျှောက်သည်။

ထိုအခါ မြတ်စွာဘုရားက-
အို နတ်သား၊ ဤလောက၌
(၁) ပုဂ္ဂိုလ်တိုင်းအတွက် အကောင်းဆုံး အရင်းအနှီးဥစ္စာကား ရတနာသုံးပါး၊ ကံ ကံ၏အကျိုးကို ယုံကြည်သော သဒ္ဓါဓာတ် ဖြစ်သည်။
(၂) ကောင်းသောအကျင့်ဟူသော သုစရိုက်တရား ၁၀-ပါးသည် စင်ကြယ်သန့်ရှင်း ချမ်းသာခြင်းကို ဖြစ်စေ၏။
(၃) အရသာဟူသမျှတို့တွင် အကောင်းဆုံးအရသာကား မှန်ကန်စွာ ပြောဆိုသော သစ္စာစကားတည်း။
(၄) အသက်မွေးသူတို့တွင် ပညာဖြင့် အသက်မွေးသူကို အမြတ်ဆုံးဟူ၍ ဘုရားစသော သူတော်ကောင်းတို့က ချီးမွမ်းကြကုန်၏-ဟု ဟောတော်မူသည်။
(သဂါထာဝဂ္ဂသံယုတ်၊ ဒေ၀တာသံယုတ်၊ ဆေတွာဝဂ် ၀ိတ္တသုတ်)

(ဦးငွေအောင်မွန်)

No comments: