Friday, February 5, 2010

အထမ်းသမား နှစ်ယောက်

လွန်လေပြီးသောတချိန်တုန်းက မင်းနေပြည်တော်နှင့် အလှမ်းကွာဝေးသည့် ကျေးရွာအုပ်စု နယ်မြေကြီးတခုလုံးသည် တစုံတခုသော အန္တရာယ်ကြောင့် ရွာလုံးကျွတ် နယ်လုံးကျွတ် ပြောင်းရွှေ့သွားကြရ၏။
အန္တရာယ်ကင်းရှင်းသည့် ရပ်ရွာတွင် နေထိုင်ကြသော လူတို့သည် ထိုသတင်းကို ကြားသိကြ၏။ ထိုအထဲက လူတယောက်သည် သူငယ်ချင်း ဖြစ်သူထံ သွားရောက်ကာ-

သူငယ်ချင်း-ရွာလုံးကျွတ် နယ်လုံးကျွတ် ပြောင်းရွှေ့သွားတဲ့ နယ်မြေကို သွားကြရအောင်။ အဲဒီမှာ ငါတို့အတွက် ပစ္စည်းတခုခု ရဖို့ရှိတယ်။-ဟု ပြောဆိုစည်းရုံးလေရာ ဒုတိယလူကလည်း ကောင်းပါပြီ-ဟု သဘောတူ၏။
ဤသို့ဖြင့် သူငယ်ချင်းနှစ်ဦးတို့သည် ဇာတိရပ်ရွာမှ ထွက်လာခဲ့ကြ၍ ရွာပျက်ကုန်းတခုသို့ ရောက်လာကြ၏။ ရွာပျက်ကုန်းတနေရာတွင် ပိုင်ရှင်တို့ မသယ်နိုင်၍ စွန့်ပစ်ထားခဲ့သော ပိုက်ဆံလျှော်များကို တပုံတပင်ကြီး တွေ့ကြရ၏။

ဤတွင် ပထမ လူက-
သူငယ်ချင်း ဒီမှာ စွန့်ပစ်ထားတဲ့ ပိုက်ဆံလျှော်တွေကို အပုံလိုက်တွေ့ရပြီ။ ဒီတော့ မင်းကလဲ ပိုက်ဆံလျှော်တွေကို အထုပ်ကြီး တထုပ်ထုပ်။ ငါကလဲ ထုပ်မယ်။ ငါတို့နှစ်ယောက်သား ပိုက်ဆံလျှော်ထုပ် ကိုယ်စီထမ်းပြီး သွားကြတာပေါ့။
ကောင်းပါပြီ သူငယ်ချင်း။

ဒုတိယလူကလည်း ပထမလူ၏ တိုက်တွန်းချက်ကို အလွယ်တကူ လက်ခံကာ ပိုက်ဆံလျှော်များကို အသင့်ပါလာသော အ၀တ်ဖြင့် ထုပ်ပိုး၏။ ဤသို့ဖြင့် သူငယ်ချင်းနှစ်ယောက်တို့ အထုပ်ကိုယ်စီဖြင့် လျှောက်လာကြရာ အခြားရွာပျက်ကုန်း တနေရာတွင် ပိုက်ဆံလျှော်များကို အကြမ်းထည်အတိုင်းမဟုတ်တော့ဘဲ ချည်ဖြစ်အောင် ပြုလုပ်ထားသည်ကို တွေ့ကြရသဖြင့် ပထမလူက-

သူငယ်ချင်း၊ ငါတို့မှာ အသုံးချစရာရှိလို့ ပိုက်ဆံလျှော်ထုပ်တွေ ထမ်းလာခဲ့ကြပြီ။ ခုတော့ ပိုက်ဆံလျှော်ထက် ပိုပြီးအသုံးကျတဲ့ ပိုက်ဆံလျှော်ချည်တွေ တွေ့ကြရပြီ။ ဒီတော့ သင်ကလဲ ပိုက်ဆံလျှော်ထုပ်ကြီးကို စွန့်ပစ်လိုက်ပါ။ ငါကလဲ စွန့်ပစ်လိုက်ပါမယ်။ ငါတို့နှစ်ယောက်လုံး ပိုက်ဆံလျှော်ချည်ထုပ် ကိုယ်စီထမ်းသွားကြရအောင်။ ဤသို့တိုက်တွန်းစကား ပြေားကြားရာတွင်

ဒုတိယလူက-
သူငယ်ချင်း၊ ဒီပိုက်ဆံလျှော်ထုပ်ကို ငါအဝေးကြီးက ထမ်းလာခဲ့ရတယ်။ နောက်ပြီးတော့ မြဲမြဲခိုင်ခိုင်ကြီးလဲ ထုပ်ပိုးထားခဲ့တယ်။ ဒါကြောင့် ငါကတော့ ငါ့အထုပ်ကြီးကို မစွန့်ပစ်နိုင်ပါ။ သင်ကြိုက်သလိုသာ လုပ်ပါတော့-ဟု ငြင်းဆို၏။

ဤတွင် ပထမလူသည် ပိုက်ဆံလျှော်တို့ကို အထုပ်ထဲက ထုတ်ပစ်ပြီးလျှင် ထို့ထက်ပို၍ အသုံးကျသော ပိုက်ဆံလျှော်ချည်တို့ကို ထမ်းနိုင်သလောက် စုစည်းထုပ်ပိုး၍ ထမ်းလာခဲ့၏။ ဒုတိယ လူကတော့ အဝေးကြီးက ထမ်းလာခဲ့ရသည့် ပိုက်ဆံလျှော်ထုပ်ကြီးကိုသာ စွဲစွဲမြဲမြဲ ထမ်းလာခဲ့လေသည်။

သူငယ်ချင်းနှစ်ယောက်တို့ အတူတကွ ခရီးဆက်လာခဲ့ကြ၍ ရွာပျက်ကုန်းတခုသို့ ရောက်ပြန်သော် ဂုန်လျှော်တို့ကို တပုံတပင်ကြီး တွေ့ကြရ၏။ ဤတွင်လည်း ပထမလူက ထမ်းလာခဲ့သည့် ပိုက်ဆံလျှော်ချည်များကို စွန့်ပစ်ကာ ထို့ထက် အသုံးကျသော ဂုန်လျှော်တို့ကို စုစည်းထုပ်ပိုး၏။ သူငယ်ချင်းကိုလည်း သူ့နည်းတူ ပြုလုပ်ရန် တိုက်တွန်း၏။ သို့ရာတွင် သူငယ်ချင်းက လက်မခံဘဲ ပိုက်ဆံလျှော်ထုပ်ကြီးကိုသာ ထမ်းမြဲထမ်းလာခဲ့လေသည်။

ထိုမှတဆင့် ခရီးဆက်လာခဲ့ရာ ရွာပျက်ကုန်းတနေရာတွင် ဂုန်လျှော်တို့ကို ချည်ဖြစ်အောင် ပြုပြင်ထားပြီးသော ပစ္စည်းတို့ကို တွေ့ကြရပြန်၏။ ဤတွင် ပထမလူသည် ဂုန်လျှော်အကြမ်းထည်တို့ကို စွန့်ပစ်ကာ ဂုန်လျှော်ချည်တို့ကို နိုင်သလောက် စုစည်းထုပ်ပိုး၍ ထမ်းလာခဲ့သည်။ ဒုတိယလူကမူ အစဦးတုန်းက ထမ်းလာခဲ့သည့် ပိုက်ဆံလျှော်ထုပ်ကြီးကိုသာ မစွန့်နိုင် မလွှတ်နိုင် ထမ်းမြဲထမ်းလာခဲ့၏။

ဤသို့ဖြင့် နှစ်ယောက်သား ခရီးဆက်လာခဲ့ကြရာ ရွာပျက်ကုန်းအသီးသီးတွင် သည့်ထက်သည့်ထက် အသုံးကျသည့် ပစ္စည်းတို့ကို တွေ့ကြရ၏။ ပိုက်ဆံလျှော်ချည်များ တွေ့ပြီးနောက် ပိုက်ဆံလျှော်ချည်ကို ရက်လုပ်ထားသည့် အထည်များ တွေ့ကြရ၏။ နောက်တဖန် ၀ါဂွမ်း၊ ၀ါချည်နှင့် ၀ါချည်ထည်တို့ကို တွေ့ကြရ၏။ ပထမလူသည် ထမ်းပိုးလာခဲ့သည့် ပစ္စည်းတို့ကို စွန့်ပစ်ကာ သည်ထက်အသုံးကျသည့် ပစ္စည်းကို အစားထိုး သယ်ပိုးလာခဲ့၏။
ဒုတိယလူကမူ ပထမဆုံး သယ်လာခဲ့သည့် ပစ္စည်ကိုသာ တရိုတသေ ထမ်းမြဲထမ်းလာခဲ့လေသည်။

သူငယ်ချင်းနှစ်ယောက်တို့ ခရီးဆက်လက် ထွက်ခွာလာခဲ့ကြရာ ရွ့ာပျက်ကုန်းများတွင် သံ၊ ကြေး၊ ခဲပုပ်၊ ဘင်၊ ငွေ-ဟူသော သတ္တုပစ္စည်းများကို တွေ့ကြရပြီးလျှင် နောက်ဆုံးတွင် ရွှေများကို တွေ့ကြရ၏။ ပထမလူသည် ထမ်းလာခဲ့သမျှ ပစ္စည်းတို့ကို စွန့်ပစ်ကာ ရွှေတို့ကို တနိုင်ဝန် ထမ်းနိုင်သလောက် ထမ်းလာခဲ့၏။
ဒုတိယလူကမူ-
ငါ့မှာ ဒီပစ္စည်းကို ဟို့ဟို အဝေးကြီးက တရိုတသေ ထမ်းလာခဲ့ရာတယ်။ နောက်ပြီးတော့ မြဲမြဲခိုင်ခိုင်ကြီးလဲ ထုပ်ပိုးထားခဲ့တယ်။ ဤသို့ ဆိုမြဲဆိုကာ ထမ်းမြဲပင် ထမ်းလာခဲ့လေသည်။
*******************************************************

ဒီဃနိကာယ် မဟာဝဂ် ပါယာသိသုတ် ပါဠိတော်တွင် ၀ိစိတ္တဓမ္မကထိက ဧတဒဂ်ဂုဏ်ထူးရ အရှင်ကုမာရကဿပ-က ပါယာသိမြို့စားအား ထုတ်ဆောင်ဟောကြားခဲ့သည့် ဥပမာပုံဝတ္ထုတခု ဖြစ်ပါသည်။

ဘ၀သံသရာတွင် ကျင်လည်ရခြင်းကို လက်မခံ၊ ငြင်းဆန်ခဲ့သော ပါယာသိမြို့စားသည် အရှင်ကုမာရကဿပနှင့် တွေ့ကြုံရသောအခါ မိမိ၏ အယူဝါဒကို သက်သေသာဓကအမျိုးမျိုးနှင့် တင်ပြလျှောက်ထား၏။ အရှင်ကုမာရကဿပ-ကလည်း ဥပမာပုံဝတ္ထုအမျိုးမျိုးတို့ဖြင့် ဖြေရှင်းဟောပြ၏။

အရှင်ကုမာရကဿပ-၏ ရှင်းလင်းချက်တို့မှာ ထိမိပိုင်နိုင်လှသဖြင့် ပါယာသိမြို့စားမှာ နောက်ထပ်တင်ပြစရာ အချက်အလက်များ ကုန်သွားတော့၏။ သို့ရာတွင် မိမိစွဲယူထားသည့် အယူကိုကား မစွန့်ပါချေ။

အရှင်ဘုရား၊ တပည့်တော်ကို ပေဿနဒီကောသလမင်းကြီးကလည်း ဤသို့အယူရှိကြောင်း သိထားပါသည်။ ပြည်နီးချင်း မင်းတွေကလည်း ဤသို့ပင် သိထားကြပါသည်။ သို့ဖြစ်၍ တပည့်တော်က ဤအယူကိုစွန့်လွှတ် လိုက်လျှင် သူတို့တတွေက တပည့်တော်ကို မိုက်မဲသည်-ဟု ဆိုကြပါလိမ့်မည်။ ထို့ကြောင့် သူတို့ကို အမျက်ထွက်သောအားဖြင့်လည်း ဤအယူကို ယူမြဲယူထားပါမည်။ အရှင်ဘုရား၏စကားကို ချေဖျက်သောအားဖြင့်လည်း ယူမြဲယူထားပါမည်။

ဤသို့ တင်းခံနေသဖြင့် အရှင်ကုမာရကဿပ-က မိုက်မဲသော လှည်းကုန်သည်မှူးနဲ့ လိမ္မာသော လှည်းကုန်သည်မှူးတို့ ပုံဝတ္ထု၊ မစင်ထုပ်ကြီး ရွက်ထားသည့် ပုံဝတ္ထုနှင့် အဆိပ်လူးထားသည့် အံစာတုံးကို မျိုမိသည့် အံခတ်သမား ပုံဝတ္ထုတို့ဖြင့် ဟောပြောချေချွတ်၏။

ထိုပုံဝတ္ထုတို့ဖြင့် ဦးမညွတ်သေးသဖြင့် ဤပုံဝတ္ထုဖြင့် ဆက်လက်၍ ချေချွတ်ရ၏။
ဤတွင်မှ ပါယာသိမြို့စားက-
အရှင်ဘုရား၊ တပည့်တော်သည် ပထမဆုံး ပုံဝတ္ထုဖြင့်ပင် အရှင်ဘုရားအပေါ် အားရကျေနပ်ပြီး ဖြစ်ပါသည်။ သို့ရာတွင် အရှင်ဘုရား၏ အဆန်းတကြယ် ခြယ်လှယ်ဟောကြားချက်များကို ဆက်လက်၍ ကြားချင်သေးသဖြင့် တင်းခံနေခဲ့မိပါသည်။ အရှင်ဘုရားကို နှိပ်စက်မိသကဲ့သို့ ဖြစ်သွားရပါသည်။ တပည့်တော်သည် လွဲမှားသော မိစ္ဆာအယူကို စွန့်လွှတ်လိုက်ပါပြီဘုရား။

ဤသို့ ရိုသေလေးမြတ်စွာ ဦးခိုက်လျှောက်ထား၏။ ထို့နောက် အရှင်ကုမာရကဿပ-အထံ၌ သရဏဂုံသုံးပါး ဆောက်တည်ကာ ဥပါသကာအဖြစ်ကို ခံယူပြီးလျှင် အလှူပေးခြင်းစသော ကုသိုလ်ကောင်းမှုများကို ပြုလုပ်သွားလေသည်။

(၀ဏ္ဏသီရိ)

No comments: