Sunday, February 7, 2010

သည်ကျောက်တုံးလေးလောက်များ

တကယ့်ပွဲကြီးလမ်းကြီးများတွင် ပါဝင်ထိုးသတ်လိုသည်ဆိုပါက လက်ဝှေ့သမားတယောက်သည် ခြောက်လတိုင်တိုင် အားမွေးလာခဲ့ရ၏။ ခြောက်လတိုင်တိုင် အားရှိစေတတ်သော အစာအာဟာရများကို ကျွေးမွေးထားရ၏။ အားလျော့နွမ်းခွေသွားစေနိုင်သည့် အပြုအမူများကို ရှောင်ကြဉ်ထားရ၏။ နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းများကို အပြင်းအထန် လေ့ကျင့်နေရ၏။

လက်ဝှေ့ကျော်ကြီးတယောက်သည် ထိုကဲ့သို့ ခြောက်လတိုင်တိုင် အားမွေးကာ အလေ့အကျင့်ပြုထားသဖြင့် ယှဉ်ပြိုင်ထိုးသတ်ရန် အသင့်ရှိနေ၏။ သူ၏ အပေါင်းအသင်းများကလည်း သူ့ဘက်က အားပေးရန် တစုတဝေးကြီး ၀ိုင်းရံလာကြ၏။ လက်ဝှေ့ကျော်ကြီးသည် ဘက်တော်သားတို့၏ အားပေးချီးမြှောက်မှုကို ခံယူကာ ဦးခေါင်းကိုမော့၊ ရင်ကိုကော့လျက် လက်ဝှေ့ပွဲရှိရာ လျှောက်လာ၏။ အပေါင်းအသင်းများကလည်း မကွေမကွာ လိုက်ပါလာကြ၏။

အပေါင်းအသင်းများသည် လမ်းခရီးတနေရာတွင် လက်ဝှေ့ကျော်ကြီးအား ကျောက်တုံးကြီးတတုံးကို ပြသကြရာ လက်ဝှေ့ကျော်ကြီးက-အဲဒါက ဘာလဲကွ-ဟု မေးသဖြင့်
အားစမ်းစရာ ကျောက်တုံးကြီးပါ။
အေး-ဒါဖြင့် ငါလဲ အားစမ်းလိုက်ရသေးတာပေါ့ကွာ။
ကဲ-အဲဒီ ကျောက်တုံးကို ငါ့ဆီ ယူခဲ့ကြစမ်း။
အလေးကြီးဗျ၊ ကျုပ်တို့ ဘယ် မ,နိုင်ပါ့မလဲ။
အမလေးကွာ၊ ဒီကျောက်တုံးလေးလောက်များ လေးတယ်ပြောနေရသေးတယ်။ ကိုင်း-မင်းတို့တတွေ မ,မနိုင်ဘူး ဆိုတဲ့ ကျောက်တုံးကို ငါ စမ်းကြည့်ရသေးတာပေါ့။ ကျောက်တုံးကို ဟောဒီလို ကိုင်၊ ဟောဒီလို မ,ပြီး ဟောဒီလို ပစ်ချလိုက်တော့ ဘာခံနိုင်သေးသလဲကွ။ ဘယ်မှာလဲ လေးတယ်ဆိုတာ။

သူတကာတွေ အားကုန်မ၍ မရနိုင်သည့် ကျောက်တုံးကြီးကို လက်ဝှေ့ကျော်ကြီးက ခုံညင်းဒိုး ကစားဘိသကဲ့သို့ လွယ်လွယ်ကလေးနှင့် ပစ်ကစား၍ ပြလိုက်လေသည်။

( အရှင်အာနန္ဒာ၏ ဉာဏ်စွမ်းအား)
သုတ်မဟာဝဂ်၊ မဟာနိဒါနသုတ်ကို ဖွင့်ဆိုရာတွင် အဋ္ဌကထာဆရာကြီးက အရှင်အာနန္ဒာ၏ ဉာဏ်စွမ်းအားကို ဖွင့်ဆိုရန် ဤဥပမာ ပုံဝတ္ထုကို အသုံးပြုထားပါသည်။
တရံတရောအခါ ဘုရားရှင်သည် ကုရုတိုင်း၊ ကမ္မာသဒမ္မရွာကြီးသို့ ကြွရောက်၍ သီတင်းသုံးတော်မူရာ အရှင်အာနန္ဒာလည်း နောက်တော်ပါးမှ ထက်ကြပ်မကွာ လိုက်ပါ၍ ပြုစုလုပ်ကျွေး၏။

ထိုနေ့နံနက်ခင်းတုန်းက အရှင်အာနန္ဒာသည် ကမ္မာသဒမ္မရွာကြီးမှာ ဆွမ်းခံကြ၏။ အရှင်မြတ်ကြီး၏ တည်ကြည်ငြိမ်သက်၍ မေတ္တာဓာတ်ဖြန့်ကြက်ထားသည့် မျက်နှာကို ဖူးမြင်ကာ ရွာသူရွာသားတို့မှာ သဒ္ဓါတရား တိုးပွားလာကြရ၏။ ကုသိုလ်ကောင်းမှု အမျိုးမျိုးကို တိုး၍ ပြုလုပ်ကြ၏။ ထို့ကြောင့် အရှင်အာနန္ဒာ ဆွမ်းခံဝင်ခဲ့လေသမျှ အိမ်ပေါက်စေ့တွင် အသပြာထောင်ထုပ်ကြီးများ ချပေးထားခဲ့ဘိသကဲ့သို့ အကျိုးစီးပွား များများကြီး ရရှိခံစားကြရပေသည်။

ဆွမ်းခံရာမှ ပြန်လာ၍ ဆွမ်းစားကျောင်းသို့ ရောက်သောအခါ မိမိခံယူခဲ့သည့် ဆွမ်းကို ဦးဦးဖျားဖျား ဘုရားရှင်အား ဆက်ကပ်၏။ ဆွမ်းစားခြင်းကိစ္စ ပြီးသောအခါ ဘုရားရှင်သည် ဂန္ဓကုဋိသို့ ၀င်တော်မူ၏။ ဇေတ၀န်ကျောင်းတော်တွင် ဂန္ဓကုဋိတိုက်ကျောင်းဆောင်ရှိသော်လည်း ကမ္မာသဒမ္မရွာကြီးတွင်ကား မရှိပါ။ သို့ရာတွင် တပည့်ရဟန်းများနှင့် ဒါယကာများက ဘုရားရှင်တပါးတည်း ချမ်းချမ်းသာသာ သီတင်းသုံးနိုင်စေရန် လျောက်ပတ်သော အကာတို့ဖြင့် အခန်းဖွဲ့ပေးထားကြ၏။ ထိုအခန်းကို ဇေတ၀န်ကျောင်းတိုက်ကြီး အတွင်းက ဂန္ဓကုဋိတိုက်ကျောင်းကဲ့သို့ သဘောထား၍ ဂန္ဓကုဋိဟု ခေါ်ဝေါ်ကြရပေသည်။

ထိုအခါ အရှင်အာနန္ဒာသည် ဘုရားရှင်ကို ဦးချရှိခိုးကာ နေ့လယ်ခင်းမှာ မိမိသတင်းသုံးနေကျနေရာသို့ ထွက်လာခဲ့၏။ တပည့်ရဟန်းငယ်များကလည်း အတူတကွလိုက်ပါလာကာ ၀တ်ကြီးဝတ်ငယ်များ ဖြည့်ဆည်းကြ၏။ ဆရာအရှင်မြတ်ကြီး လိုအပ်သမျှ ပြည့်စုံအောင် ဆောင်ရွက်ပေးကြ၏။

တပည့်ရဟန်းများ ပြန်သွားကြသောအခါ အရှင်အာနန္ဒာသည် တံမြက်လှည်းထားပြီးသော မြေနေရာ၌ သားရေနယ်ကို ခင်းပြီးလျှင် တပည့်များ ခပ်ပေးထားသော ရေအိုးမှ ရေဖြင့် လက်နှင့်ခြေများကို ဆွတ်ဖျန်း၏။ လက်ရောခြေပါ အအေးဓာတ်ရလာသည်တွင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေလျက် သောတာပတ္တိဖိုလ်ကို ၀င်စား၏။

သတ်မှတ်ထားသော အချိန်စေ့သဖြင့် ဖလသမာပတ်မှ ထလာသည်တွင် ပဋိစ္စသမုပ္ပါဒ် တရားတော်ဆီသို့ ဉာဏ်လွှတ်၍ ဆင်ခြင်သုံးသပ်၏။ ပဋိစ္စသမုပ္ပါဒ် တရားတော်ကို ဆင်ခြင်သုံးသပ်ရာတွင် အရှင်အာနန္ဒာသည် ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တဆဲ့နှစ်ရပ်တို့ကို-
အစမှအဆုံးတိုင်အောင် သုံးသပ်သည်လည်းရှိ၏။
အဆုံးမှနေ၍ အစထိအောင် အပြန်အားဖြင့် သုံးသပ်သည်လည်းရှိ၏။
အစနှင့်အဆုံး အစွန်းနှစ်ဖက်တို့မှနေ၍ အလယ်တည့်တည့်ရောက်အောင် သုံးသပ်သည်လည်း ရှိ၏။ အလယ်ကောင်မှနေ၍ အစွန်းနှစ်ဖက်သို့ရောက်အောင် သုံးသပ်သည်လည်း ရှိ၏။
ဤသို့ဆင်ခြင်သုံးသပ်ရာတွင် အဆင့်ဆင့် ကျေးဇူးပြုပုံ ကြောင်းကျိုးဆက်စပ်ပုံတို့သည် အလွန်ပေါ်လွင်ထင်ရှားလာကြ၏။ ဆင်ခြင်သုံးသပ်ရသည်မှာ အလွန့်အလွန် လွယ်ကူသကဲ့သို့ ထင်မှတ်လာရ၏။

ဤတွင် အရှင်အာနန္ဒာ စဉ်းစားမိ၏။
ဤပဋိစ္စသမုပ္ပါဒ်တရားတော်ကို ဘုရားအဆူဆူတို့က နက်နဲလှသည်။ နက်နဲသည့်အရိပ်အရောင်လည်း ရှိသည်ဟု ဟောကြားတော်မူခဲ့ကြ၏။ သို့ပါသော်လည်း ငါကဲ့သို့သော သာဝကဉာဏ်ရှိသူ တယောက်အဖို့မှာပင် ကြောင်းကျိုးဆက်စပ်ပုံများက အလွန်တရာ ပေါ်လွင်နေကြ၏။ ထင်ထင်ရှားရှား ဖြစ်နေကြ၏။ ဤသို့ ပေါ်လွင်ထင်ရှားနေခြင်းသည် ငါတပါးတည်းအတွက်သာ ဖြစ်လေသလော။ သို့မဟုတ်-သူတပါးတို့မှာလည်း ငါကဲ့သို့ပင် ဖြစ်နေကြမည်လော။

ဤသို့ စဉ်းစားလာခဲ့၍ ညနေချမ်းအချိန်ရောက်သောအခါ ဘုရားရှင်ထံချဉ်းကပ်၍ ဤအကြောင်းများ လျှောက်ထား၏။
ဤတွင် ဘုရားရှင်က-အာနန္ဒာ ဤသို့ မဆိုလင့်၊ အာနန္ဒာ ဤသို့ မဆိုလင့်-ဟု တားမြစ်တော်မူလေသည်။
ဤသို့ ဘုရားရှင် မြွက်ကြားတော်မူသည့် စကားတွင် အရှင်အာနန္ဒာအား ချီးပင့်မြှောက်စားသည့် သဘောအဓိပ္ပါယ်လည်း ပါဝင်ကြောင်း၊ ခြိမ်းခြောက်မာန်မဲသည့် သဘောအဓိပ္ပါယ်လည်း ပါဝင်ကြောင်း အဋ္ဌကထာဆရာကြီးက ဖွင့်ပြထားပေသည်။

သဘောအဓိပ္ပါယ်နှစ်မျိုးအနက် ချီးပင့်မြှောက်စားပုံကို ဖွင့်ဆိုရာတွင် အထက်ပါ ဥပမာပုံဝတ္ထုကို ထုတ်ဆောင်ပြီးလျှင်-
အာနန္ဒာ၊ ခြောက်လတိုင်တိုင် အားမွေး၍ အပြင်းအထန် လေ့ကျင့်ခန်း လုပ်လာခဲ့သော လက်ဝှေ့ကျော်ကြီးကဲ့သို့ပင် သင်သည်လည်း ကမ္ဘာတသိန်းတိုင်တိုင် ပါရမီဖြည့်လာခဲ့သူဖြစ်၏။ လက်ဝှေ့ကျော်ကြီးအဖို့ ကျောက်တုံးကြီးတခုလုံးကို ခုံညင်းဒိုးကစားသလို ကစားရန် လွယ်ကူသကဲ့သို့ သင့်အတွက်လည်း ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ဆင်ခြင်သုံးသပ်ရန် လွယ်လင့်တကူ ဖြစ်နေ၏။ သို့ရာတွင် သာမန်လူများအဖို့ ကျောက်တုံးကြီးကို ဒိုးလုပ်ကစားရန် မဖြစ်နိုင်သကဲ့သို့ အခြားသူများအဖို့မှာလည်း ပဋိစ္စသမုပ္ပါဒ် တရားတော်တို ဆင်ခြင်သုံးသပ်ရန် လွယ်ကူမည်မဟုတ်ပေ။ ထို့ကြောင့် ဤစကားကို မဆိုလင့်-ဟု-မိန့်တော် မူရကြောင်း အဋ္ဌကထာဆရာကြီးက ဖွင့်ပြထားပေသည်။

ထိုမှဆက်လက်၍ အရှင်အာနန္ဒာအဖို့ ပဋိစ္စသမုပ္ပါဒ်တရားတော်များ လွယ်လွယ်ကလေး ဖြစ်နေသည်မှာ-
၁။ ပုဗ္ဗူပနိဿယသမ္ပတ္တိ=ရှေးရှေးဘ၀များစွာ၌ ပါရမီများ ဖြည့်လာခဲ့ခြင်း။
၂။ တိတ္ထ၀ါသ=ဆရာသမားများထံ ချဉ်းကပ်၍ သင်ယူခြင်း၊ ကြားနာခြင်း၊ ပြန်လည်မေးမြန်းခြင်း၊ ကျက်မှတ်ထားခြင်း စသည်များ။
၃။ သောတာပန္နတာ=သောတာပန်ပုဂ္ဂိုလ် ဖြစ်နေခြင်း။
၎။ ဗဟုဿုတဘာဝ-အကြားအမြင်များခြင်း အားဖြင့် လေးပါးသောအကြောင်းကြောင့် ဖြစ်ပေါ်ရပုံကို ဖွင့်ပြထားပေသည်။

(၀ဏ္ဏသီရိ)

No comments: