Friday, February 19, 2010

မြွေဆေးဆရာကြီးနှင့် မြွေကိုက်ခံရသော လူနာ

ရန်ကုန်မြို့ ဟံသာဝတီ ကမ္မဋ္ဌာန်းတိုက်ကြီး၏ ပထမဦးဆုံးသော ပဓာန မဟာနာယက၊ ရှမ်းရွာ စင်ပြွမ်းကုန်း ဆရာတော်ဘုရားကြီး ဦးဂန္ဓမာ-က လူတို့၏ ၀ိပဿနာဉာဏ်အမြင် အဆင့်ဆင့်တိုးတက်လာပုံကို မြွေဆေးအတတ်၌ ကျွမ်းကျင်သော မြွေဆေးဆရာကြီးက မြွေကိုက်ခံရသော လူနာအား ကုသပုံ ဥပမာ ပုံပြင်ဖြင့် ဟောကြားခဲ့ပါသည်။ ပုံပြင်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

တရံရောအခါ ရွာကြီးတရွာတွင်မြွေဆေးကုအတတ်၌ ကျွမ်းကျင်လိမ္မာသော မြွေဆေးဆရာကြီးတဦး ရှိသည်။ တနေ့သောအခါ ခြေမနှင့် ခြေညှိုးကြား၊ ထို စိုးရိမ်စရာ အကောင်းဆုံးနေရာကိုမှ မြွေကိုက်ခံလိုက်ရသော လူနာတဦးအတွက် လူနာရှင်များက မြွေဆေးဆရာကြီးကို လာရောက်ပင့်ဆောင်ကြသည်။

ဆရာကြီးက လူနာအိမ်သို့ လိုက်ပါကြည့်ရှုရာ လူနာမှာ လူမှန်းမသိ၊ သူမှန်းမသိ၊ သတိလစ်နေသည်၊ အသက်ရှူလည်း ရပ်နေသည်။ လူသေကောင်ကဲ့သို့ ဖြစ်နေသည်။
မည်သို့ပင်ဖြစ်စေ ဆရာကြီးက ပထမဦးဆုံး ကုသခြင်းအနေဖြင့် ကုသလိုက်ရာ လူနာသည် အသက်ရှူလာသည်။ ထိုအခါ လူနားရှင်များက-

ဆရာကြီး၊ လူနာ အသက်ရှူလာပြီ-ဟု အားပါးတရ ပြောကြသည်။ ဆရာကြီးက-
ဟဲ့-အသာနေကြဦး။ မင်းတို့လူနာ အသက်ရှူရုံသာ ရှူသေးတာ။ မြွေဆိပ်တွေက ဘယ်ကမှ မကျသေးလို့ စိုးရိမ်ရသေးတယ်-ဟု ပြောဆိုလိုက်သည်။

ဆရာကြီးက ဒုတိယအကြိမ် ဆက်လက်ကုသလိုက်ပြန်ရာ လူနာမှာ လူးလိမ့်လာသည်။ ထိုအခါ လူနာရှင်များက-
ဆရာကြီး လူနာ လူးလိမ့်လာပြီ-ဟု ၀မ်းသာအားရ ပြောကြားကြပြန်သည်။ ဆရာကြီးက-
ဟဲ့-အသာနေကြဦး၊ မင်းတို့လူနာ လူးလိမ့်ရုံသာ လူးလိမ့်နိုင်သေးတာ၊ မြွေဆိပ်တွေ ဘယ်ကမှ မကျသေးလို့ စိတ်မချရသေးဘူး-ဟု ပြောပြန်သည်။

ဆရာကြီးက တတိယအကြိမ် ဆက်လက်ကုသပြန်ရာ လူနာမှာ သတိရလာကာ မျက်စိပွင့်လာသည်။ ထိုအခါ လူနာရှင်များက-
ဆရာကြီး လူနာ သတိရလာပြီ မျက်စိပွင့်လာပြီ-ဟု ၀မ်းပန်းတသာ ပြောကြပြန်သည်။ ဆရာကြီးက-
ဟဲ့-အသာနေကြဦး၊ မင်းတို့လူနာ သတိရပြီး မျက်စိပွင့်ရုံသာ ပွင့်သေးတာ၊ မြွေဆိပ်တွေ ဘယ်ကမှ မကျသေးလို့ စိတ်မချရသေးဘူး-ဟု ပြောပြန်ပါသည်။

ဆရာကြီးက စတုတ္ထအကြိမ် ဆက်လက်ကုပြန်ရာ မြွေဆိပ်များ ဦးခေါင်းမှ ခါးသို့တိုင်အောင် ကျဆင်းသွားပါတော့သည်။ ထိုအခါ ဆရာကြီးက-
မင်းတို့လူနာ ဦးခေါင်းက မြွေဆိပ်များ ခါးတိုင်အောင် ကျသွားပါပြီ၊ နည်းနည်းတော့ သက်သာလာပါပြီ။ ဒါပေမဲ့ မြွေဆိပ်တွေ ကျန်သေးလို့ စိတ်မချရသေးဘူး-ဟု ပြောဆိုသည်။

ဆရာကြီးက ပဉ္စမအကြိမ် ဆက်လက်ကုပြန်ရာ ခါးမှ မြွေဆိပ်များ ဒူးဆိပ်သို့တိုင်အောင် ကျဆင်းသွားသည်။ ဆရာကြီးက-
မင်းတို့လူနာ မြွေဆိပ်များ ခါးမှ ဒူးဆစ်တိုင်အောင် ကျဆင်းသွားပါပြီ။ တော်တော်တော့ သက်သာလာပါပြီ။ ဒါပေမဲ့ စိတ်မချရသေးဘူး-ဟု ပြောဆိုပြန်သည်။

ဆရာကြီးကဆဋ္ဌမအကြိမ် ဆက်လက်ကုသလိုက်ပြန်ရာ မြွေဆိပ်များ ဒူးဆစ်မှ ခြေချင်းဝတ်သို့ တိုင်အောင် ကျဆင်းသွားပါတော့သည်။ ဆရာကြီးက-
မင်းတို့လူနာ မြွေဆိပ်များ ဒူးဆစ်မှ ခြေချင်းဝတ်တိုင်အောင် ကျဆင်းသွားပါပြီ။ အသက်ချမ်းသာရာ ရမည့်ဘက်သို့ နီးလာပါပြီ-ဟု ပြောကြားပြန်သည်။

ဆရာကြီးက သတ္တမအကြိမ် ဆက်လက်ကုသရာ ခြေချင်းဝတ်မှ မြွေဆိပ်များ မြွေကိုက်ရာ အနာဝသို့ လျှောကျသွားပါတော့သည်။ ထိုအခါကျမှ ဆရာကြီးက-
မင်းတို့လူနာ မြွေဆိပ်များအားလုံး လျှောကျသွားပြီ။ အသက်ချမ်းသာရာရပြီ။ စိတ်ချရပြီ-ဟု ဆိုပါတော့သည်။ လူနာမှာလည်း ကိုယ်စိတ်နှစ်ဖြာချမ်သာစွာဖြင့် ထထိုင်ပါတော့သည်။

ထိုဥပမာပုံပြင်တွင် မြွေဆိပ်မွှန်၍ သတိလစ်နေသော လူနာဟူသည်မှာ-
တဏှာ၊ မာန၊ ဒိဋ္ဌိများ လွှမ်းမိုးနေသောကြောင့် ဘုရား၊ တရား၊ သံဃာမှန်း မသိ၊ ကံ-ကံ၏အကျိုးကို မယုံကြည်သည့် အလွန်သနားစရာ ကောင်းသောသူကို ရည်ညွှန်းပါသည်။

အသက်ရှူလာသော လူနာဟူသည်မှာ-
တဏှာ၊ မာန၊ ဒိဋ္ဌိ တို့ လွှမ်းမိုးနေသော်လည်း ရတနာသုံးပါးနှင့် ကံ-ကံ၏အကျိုးကို ယုံကြည်သောကြောင့် ဒါနပြု၊ သီလဆောက်တည်နေသူကို ရည်ညွှန်းသည်။

လူးလှိမ်းလာသော လူနာဟူသည်မှာ-
တဏှာ၊ မာန၊ ဒိဋ္ဌိများ လွှမ်းမိုးနေသော်လည်း သဒ္ဓါတရားနှင့် ပြည့်စုံ၍ ရသေ့၊ ရဟန်းပြုကာ ဓူတင်တရားများ ဆောင်ပြီး ကျင့်ကြံနေသူကို ရည်ညွှန်းသည်။

သတိရ မျက်စိပွင့်လာသော လူနာဟူသည်မှာ-
တဏှာ၊ မာန၊ ဒိဋ္ဌိများ လွှမ်းမိုးနေသော်လည်း ရုပ်တရား၊ နာမ်တရားများကို မြင်အောင် ဘုရားဂူကျောင်းများတွင် ခိုအောင်းကာ ဘာဝနာတရား အားထုတ်နေသောကြောင့် ရုပ်တရား၊ နာမ်တရားများကို သိမြင်လာသောသူကို ရည်ညွှန်းပါသည်။

ဦးခေါင်းမှ မြွေဆိပ်ခါးသို့ ကျသွားသော လူနာဟူသည်မှာ-
ဘာဝနာတရားများကို ဆက်လက်အားထုတ်သောကြောင့် သောတာပန် ဖြစ်သွားသူကို ရည်ညွှန်းသည်။

ခါးမှ မြွေဆိပ် ဒူးဆစ်သို့ ကျသွားသော လူနာဟူသည်မှာ-
ဘာဝနာတရားများဆက်လက်အားထုတ်သောကြောင့် သကဒါဂါမ် ဖြစ်သွားသူကို ရည်ညွှန်းသည်။

ဒူးဆစ်မှ မြွေဆိပ် ခြေချင်းဝတ်သို့ ကျသွားသော လူနာဟူသည်မှာ-
တရားများ ဆက်လက်အားထုတ်သောကြောင့် အနာဂါမ်ဖြစ်သွားသူကို ရည်ညွှန်းသည်။

ခြေချင်းဝတ်မှ မြွေဆိပ် မြွေကိုက်ရာ အနာဝသို့ရောက်ပြီး မြွေဆိပ်အားလုံး လျှောကျ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာသွားသောသူ ဟူသည်မှာ-
အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်သွားသောသူကို ရည်ညွှန်းသည်။

အထက်ဖော်ပြပါ မြွေဆေးဆရာကြီးနှင့် မြွေကိုက်ခံရသောလူနာ-ပုံပြင်မှာ စင်ပြွမ်းကုန်းဆရာတော်ဘုရားကြီးက တရားအားထုတ်နေသော ယောဂီများကို ၀ိပဿာနာဉာဏ်အမြင် အဆင့်ဆင့်တိုးတက်စေရန် ကျင့်ကြံအားထုတ်ကြဖို့ တိုက်တွန်းနှိုးဆော်စဉ်က ဥပမာပြသော ပုံပြင်ဖြစ်ပါသည်။
လူနာအခြေအနေ အဆင့်ဆင့် ကောင်းမွန်လာပုံနှင့် ၀ိပဿနာဉာဏ်အမြင် အဆင့်ဆင့် တိုးတက်လာပုံတို့ကို နှိုင်းယှဉ်၍ ဥပမာပြထားပါသည်။

( ပင်လုံခွန်)

No comments: