Monday, February 8, 2010

သတို့သမီးတို့ သိရှိလိုက်နာရန်

အခါတပါး၌ မြတ်စွာဘုရားသည် ဘဒ္ဒိယမြို့ မြတ်လေးတောတွင် သီတင်းသုံးနေတော်မူ၏။ ထိုအခါ မေဏ္ဍကသူဌေး၏-မြေး ဥဂ္ဂဟသည် မြတ်စွာဘုရားထံသို့ ဆည်းကပ်ပြီးလျှင် နက်ဖြန်နံနက်ဝယ် မြတ်စွာဘုရားနှင့်အတူ ရဟန်းသံဃာတော် လေးပါးတို့ သူ၏နေအိမ်သို့ ဆွမ်းအလှူခံ ကြွတော်မူပါရန် ပင့်ဖိတ်လျှောက်ထားသည်။ မြတ်စွာဘုရားသည် လက်ခံတော်မူ၏။

နောက်တနေ့နံနက်တွင် မြတ်စွာဘုရားသည် သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် မေဏ္ဍကသူဌေး၏-မြေး ဥဂ္ဂဟ-၏ အိမ်သို့ ကြွတော်မူ၍ ခင်းထားသောနေရာ၌ ထိုင်နေတော်မူ၏။

ဥဂ္ဂဟသည် မြတ်စွာဘုရားကို မွန်မြတ်သော ခဲဘွယ်ဘောဇဉ်တို့ဖြင့် ဆက်ကပ်လုပ်ကျွေးသည်။ လုပ်ကျွေးပြီးနောက် ဤသို့ လျှောက်ထားသည်။
အရှင်ဘုရား၊ တပည့်တော်၏ သမီးတို့သည် လက်ထပ်ထိမ်းမြားပြီးလျှင် လင်ယောက်ျားတို့၏ နေအိမ်သို့ လိုက်ပါသွားကြရပါမည်။ မြတ်စွာဘုရားသည် ထိုအမျိုးသမီးတို့အတွက် ကြာရှည်အကျိုးဖြစ်ထွန်းစေရန်၊ ချမ်းသာတိုးပွားစေရန် သွန်သင်ဆုံးမတော်မူပါ-ဟု လျှောက်ထားသည်။

မြတ်စွာဘုရားသည် ထိုအမျိုးသမီးတို့ကို-သတို့သမီးတို့၊ သင်တို့သည် ဤသို့ ကျင့်ကြရမည်-
၁။ မိမိလင်ယောက်ျား၏ ရှေးဦးစွာ အိပ်ရာမှ ထလေ့ရှိသူ၊
နောက်မှ အိပ်လေ့ရှိသူ၊
အဘယ်ကိစ္စကို ပြုရပါမည်နည်းဟုမေး၍ နာခံလေ့ရှိသူ၊
နှစ်သက်ဖွယ် ပြုလုပ်လေ့ရှိသူ၊
ချစ်ဖွယ်စကားကို ပြောဆိုလေ့ရှိသူ ဖြစ်ရမည်။

၂။ မိမိခင်ပွန်းသည်က ရိုသေလေးစားထိုက်သော အမိ အဖ ရဟန်း ပုဏ္ဏားတို့ကို ရိုသေလေးစားပူဇော်သူ၊ နေရာထိုင်ခင်းပေးသူ ဖြစ်ရမည်။

၃။ သိုးမွေး ၀ါဂွမ်း စသော လင်ယောက်ျား၏ အိမ်မှုကိစ္စတို့၌ ကျွမ်းကျင်၍ မပျင်းမရိရ၊
နည်းလမ်းမှန်ကန်စွာ ပညာဖြင့် ကိုယ်တိုင် စီမံစွမ်းဆောင်နိုင်ရမည်။

၎။ အိမ်တွင်းသားဖြစ်သော ကျွန်၊ အစေခံ၊ အလုပ်သမား စသော လူအပေါင်းတို့၏ ပြုပြီးကိစ္စ၊
မပြုရသေးသော ကိစ္စတို့ကို သိရမည်။

၅။ မကျန်းမာသူတို့ကိုလည်း အားရှိသည်၊ အားမရှိသည်ကို သိရမည်။
သူတို့အတွက် ရထိုက်သော ခဲဖွယ်ဘောဇဉ်တို့ကို ဝေဖန်ပေးရမည်။

၆။ လင်ယောက်ျား ရှာဖွေဆောင်ယူလာသော ဥစ္စာ၊ စပါး၊ ရွှေငွေတို့ကို လုံခြုံစွာ ထားရမည်။
ထိုပစ္စည်းတို့ကို အပျော်မကြူး၊ မခိုးမ၀ှက်ဘဲ မပျက်မစီးအောင် စောင့်ရှောက်ရမည်။

သတို့သမီးတို့ ဤတရားတို့နှင့် ပြည့်စုံသော မိန်းမသည် သေလွန်ပြီးနောက် နတ်ပြည်၌ ချမ်းသာစွာ ဖြစ်ရသည်-ဟု ဟောတော်မူ၏။

ဆက်လက်၍ မြတ်စွာဘုရားက အောက်ပါအတိုင်း ဟောကြားတော်မူသည်။
ယောက်ျားသည် အခါခပ်သိမ်း ကြိုးစား အားထုတ်သည်၊ ကြောင့်ကြစိုက်၍ မိမိ၏ မယားကို မွေးမြူ၏၊ ကောင်းသောမိန်းမသည် အလိုရှာရာအလုံးစုံကို ဆောင်ယူ မွေးမြူသော မိမိ၏ခင်ပွန်း လင်ကို မထီလေးစား မပြု။

ကောင်းသောမိန်းမသည် ငြူစူခြင်းပြု၍ မိမိလင်ကို မချုပ်ချယ်၊ ပညာရှိမိန်းမသည် လင်၏ရိုသေလေးစားထိုက်သော ပုဂ္ဂိုလ်အားလုံးကိုလည်း မြတ်နိုးပူဇော်၏။

ကောင်းသောမိန်းမသည် ထကြွလုံ့လရှိ၏။ ပျင်းရိခြင်း မရှိ၊ ချီးမြှောက်ထောက်ပံ့ထားသော အခြွေအရံ ပရိသတ်ရှိ၏။ လင်၏ နှစ်လိုဖွယ်ကို ကျင့်၏။ စုဆောင်းထားသောပစ္စည်းကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်၏။ လင်၏အလိုသို့ လိုက်လျက် ဤအတိုင်းကျင့်သော ထိုမိန်းမသည် နှစ်လိုဖွယ်ရာ မနာပမည်သော နတ်တို့၏ နေရာ နိမ္မာနရတိဘုံသို့ ရောက်ရ၏-ဟု ဟောတော်မူသည်။
မနာပ-နှစ်သက်မြတ်နိုးဖွယ်ရာ။
နိမ္မာနရတီ-နတ်ခြောက်ဘုံတွင် ၅-ခုမြောက် နတ်ဘုံ၏အမည်။
မိမိတို့တန်ခိုးဖြင့် ဖန်ဆင်း၍ ပျော်မွေ့သောနတ်ဘုံ။

(အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ သုမန၀ဂ်၊ ဥဂ္ဂဟသုတ်)

(ဦးငွေအောင်မွန်)

No comments: