Sunday, February 14, 2010

ဗုဒ္ဓဘုရားရှင်နှင့် စရိယာသုံးပါး

ဂေါတမဗုဒ္ဓဘုရားရှင်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ရေတွက်လျှင် လေးသင်္ချေနှင့် ကမ္ဘာတသိန်းအထက်၌ သုမေဓာရှင်ရသေ့ ဖြစ်ခဲ့သည်။ ထိုအချိန်မှာ ဒီပင်္ကရာဘုရား ပွင့်တော်မူချိန် ဖြစ်သည်။ သုမေဓာရှင်ရသေ့သည် ကြိုးစား၍ တရားအားထုတ်ရာ ဈာန်အဘိညာဉ်တန်ခိုးရ၍ ကောင်းကင်၌ သွားလာလှည့်လည်နိုင်သော အခြေသို့ပင် ရောက်ခဲ့သည်။ သို့ရာတွင် ရဟန္တာ မဖြစ်သေးပေ။ အကယ်၍ ဆက်လက်တရားအားထုတ်လျှင် ရဟန္တာဖြစ်နိုင်သော အခွင့်အလမ်း ရှိပေသည်။ သို့သော် ရဟန္တာအဖြစ်ကို မယူခဲ့။ ဘုရားအဖြစ်သို့ ရောက်ရန်ပင် ရည်မှန်းချက်ထားခဲ့သည်။ ဒီပင်္ကရာဘုရားရှင် ကြွလာရာတွင် ပြုပြင်ဆဲလမ်းပေါ်၌ ဘုရားရှင် ရွှံ့ပေါ်တွင် မကြွရလေအောင် မိမိကိုယ်ကို ၀မ်းလျားမှောက်လျက် တံတားအဖြစ် ခင်း၍ လှူခဲ့သည်။ ဘုရားအဖြစ်ကို ဗျာဒိတ်ခံယူခဲ့သည်။

ဤသို့ခံယူအပြီး၌ လေးသင်္ချေနှင့် ကမ္ဘာတသိန်းပတ်လုံး ဘ၀များစွာတွင် ပါရမီ ၁၀-ပါးကို ဖြည့်ကျင့်အားထုတ်ခဲ့သည်။ ထိုသို့ ဖြည့်ကျင့်ရာ၌ ရည်မှန်းချက်ကြီးသုံးချက်ကို ဦးထိပ်ထား၍ ကျင့်ဆောင်ခဲ့သည်။
ယင်းတို့မှာ-
(၁) လောကလူသား ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါအများ ကောင်းစားချမ်းသာရေး (လောကတ္ထစရိယာ)
(၂) မိမိ၏ အမျိုးသား၊ မိမိ လူမျိုးကောင်းစားချမ်းသာရေး (ဉာတတ္ထစရိယာ)။
(၃) သတ္တ၀ါအများကို သံသရာဝဋ်ဆင်းရဲမှ ကယ်တင်နိုင်သော သဗ္ဗညုဘုရားဖြစ်ရေး (ဗုဒ္ဓတ္ထစရိယာ)။ တို့ဖြစ်သည်။

ဘုရားရှင်သည် ဘုရားလောင်းဘ၀၌ရှိစဉ် ဘ၀တိုင်း၊ ပါရမီဖြည့်ကျင့်တိုင်း ဤရည်မှန်းချက်ကြီးသုံးရပ်ကို ဦးထိပ်ထား ဆောင်ရွက်ခဲ့လေသည်။ ယင်းတို့ကို စရိယာသုံးပါး-ဟု ခေါ်၏။
ဤစရိယာသုံးပါးကို ဘုရားဖြစ်သောအခါ၌လည်း ဗုဒ္ဓဘုရားရှင်သည် ဆက်လက်ဆောင်ရွက်တော်မူသည်။ ဆောင်ရွက်တော်မူရာ၌ မိမိတဦးတည်း၏ အကျိုးဖြစ်သော ဖလသမာပတ် ၀င်စား၍ ချမ်းသာစွာနေတော် မူခြင်းကို ခေတ္တခဏမျှသာ ပြုတော်မူသည်။ ကျန်အချိန်များတွင် လောကလူသား၊ ကမ္ဘာသူကမ္ဘာသား သတ္တ၀ါတို့အကျိုးနှင့် မိမိ၏ အမျိုးသား၊ မိမိ၏ လူမျိုးတို့အကျိုးကိုသာ အမျိုးမျိုး ဆောင်ရွက်တော်မူခဲ့သည်။ အလွန်စံပြုဦးထိပ်ထားအပ်သော ပုဂ္ဂိုလ်မြတ်ကြီး ဖြစ်ပေသည်။

ဤတွင် ဘုရားရှင်၏ ရည်ရွယ်ဆောင်ရွက်တော်မူသော စရိယာသုံးပါးကို ကျွန်ုပ်တို့လည်း စံမှီးအတုယူ ဆောင်ရွက်သင့်သည်ဟု ဆင်ခြင်မိသည်။ ကျွန်ုပ်တို့သည် ဘုရားအဖြစ်ကို မမျှော်မှန်းသည့်တိုင် မိမိကောင်းကျိုးချမ်းသာရရေးအတွက် ဆောင်ရွက်ရင်း တဖက်ကလည်း လောကလူသား ကမ္ဘာသူကမ္ဘာသား သတ္တ၀ါများနှင့် မိမိ၏အမျိုးသား၊ မိမိ၏ လူမျိုးများ ကောင်းကျိုးချမ်းသာရရေးကို အစွမ်းကုန် ဆောင်ရွက်သင့်သည်ဟူ၍ ကျွန်ုပ်တို့ ခံယူမိပေသည်။

No comments: