Friday, February 19, 2010

ဒု-သ-န-သော

ကျောင်းသား ကျောင်းသူတွေက ဒု-သ-န-သော တို့ရဲ့ အဓိပ္ပါယ်ကို ဆရာကြီးတဦးအား မေးကြတယ်တဲ့။ ဒု-သ-န-သော သူဌေးသား ၄-ယောက်သည် ဗုဒ္ဓဘာသာဝင်တို့နှုတ်ဖျား၌ အရောက်များပါ၏။ နာမည်ဆိုးဖြင့် နာမည်ကြီးကြပါ၏။ နာမည်ကြီးသော ထိုသူဌေးသား ၄-ယောက် နာမည်တို့ကို သုံးစွဲပြောဆိုနေကြသော်လည်း ထိုစကားလုံး ၄-လုံး၏အဓိပ္ပါယ်ကို သိသူကား များလှမည် မဟုတ်ပါ။ ထို့ကြောင့် ထိုသူဌေးသား ၄-ယောက်အကြောင်းကို ရေးပြလိုစိတ် စာရေးသူမှာ ဖြစ်ပေါ်လာပါသည်။

ထိုသူဌေးသား ၄-ယောက်သည် ကဿပဘုရားရှင်လက်ထက်တွင် ဗာရာဏသီမြို့၌ ကုဋေ ၄၀-ကြွယ်ဝသော သူဌေးသား သူငယ်ချင်းတွေ ဖြစ်ကြပါ၏။ ကဿပဘုရားရှင်သည် ဗာရာဏသီမြို့သို့ ရဟန္တာ ၂-သောင်းနှင့်အတူ ကြွလာတော်မူရာ ဗာရာဏသီမြို့သူ မြို့သားတို့ နှစ်ဦးစုပေါင်း၊ သုံးဦးစုပေါင်း၊ အများစုပေါင်းကာ အလှူဒါနပြုလုပ် ကြ၏။ ထိုသူဌေးသား ၄-ယောက်သည် ငါတို့ရဲ့ အိမ်မှာ ဥစ္စာတွေ အများကြီးရှိတယ်။ အဲဒီ ဥစ္စာတွေနဲ့ ငါတို့ဘာလုပ်ကြမလဲ-ဟု တိုင်ပင်ကြရာ ကဿပဘုရားရှင် ငါတို့မြို့ကို ကြွလာခိုက် ဒါနပြုကြမယ်။ သီလစောင့်ကြမယ်။ ပူဇော်မှု ပြုကြမယ်-ဟု တယောက်သော်မှ မပြောပါ။

ထို ၄-ယောက်တွင် တယောက်ပြီးတယောက် ဤသို့ ပြောကြပါ၏။
ငါတို့ အပြင်းစားအရက်ကို သောက်ပြီး အကောင်းစားအသားကို စားကာ လှည့်လည်ကြမယ်။ ဒါဆိုရင် ငါတို့ အသက်ရှင်ရကျိုး နပ်ပြီ။

နေ့တိုင်း ၃-နှစ်ကြာ သလေးဆန်မွှေးမွှေးလေးကို ထမင်းချက်ပြီး အရသာကောင်းပေ့ဆိုတဲ့ ဟင်းမျိုးစုံနဲ့ စားကာ လှည့်လည်ကြမယ်။
မုန့်ခဲဖွယ် အထူးအဆန်းမျိုးစုံ ပြုလုပ်ပြီး စားကာ လှည့်လည်ကြမယ်။
သူငယ်ချင်းတို့ ငါတို့ဟာ-အခြားလုပ်စရာ ဘာကိုမှ မလုပ်ကြတော့ဘူး။ ဥစ္စာပေးမယ်လို့ပြောလိုက်ရင် မလိုလားတဲ့ မိန်းမဆိုတာ မရှိဘူး။ ဒါကြောင့် ဥစ္စာနဲ့ ဖျားယောင်းပြီး သူတပါးမယား၊ သူတပါး သမီးပျိုတွေနဲ့ ကာမဖောက်ပြန်ကြမယ်။

ကျန်သူဌေးသား ၃-ယောက်လုံးသည် နောက်ဆုံးသူဌေးသားစကားကို ကောင်းပြီ ကောင်းပြီ-ဟု ထောက်ခံလိုက်ကြ၏။ ထိုသူဌေးသား ၄-ယောက်သည် ထိုအချိန်မှစ၍ မိန်းမချော မိန်းမလှတို့ကို ငွေဖြင့်ပေါက်၍ ဖောက်ပြားကြ၏။ နှစ်ပေါင်း ၂-သောင်းကြာ ဖောက်ပြားပြီး အ၀ီစိငရဲကို ရောက်သွားကြ၏။ အ၀ီစိငရဲ၌ ဘုရားရှင်တဆူနှင့် တဆူအကြား ကာလတွင် ကျက်ကြရ၏။ အကုသိုလ်ကံ အကျိုးပေးမကုန်သေးသဖြင့် အ၀ီစိ ငရဲမှာ ယူဇနာ ၆၀-ရှိသည့် သံရည်ပူငရဲ၌ ဖြစ်ကြရပြန်၏။

အနှစ် ၃-သောင်းကြာ သံရည်ပူအိုး၏ အောက်အပြင်သို့ ရောက်ကြ၏။ နောက်ထပ်လည်း အနှစ် ၃-သောင်းကြာ သံရည်ပူအိုးအ၀သို့ ရောက်ကြ၏။ ပါဠိဂါထာတပုဒ်စီကို ရွတ်ဆိုကြသော်လည်း မရွတ်ဆိုနိုင်ကြဘဲ
ပထမ တယောက်က ဒု-စကားလုံး၊ ဒုတိယ တယောက်က သ-စကားလုံး၊ တတိယ တယောက်က န-စကားလုံး၊ စတုတ္ထ တယောက်က သော-စကားလုံး တလုံးစီကိုသာ ရွတ်ပြီး သံရည်ပူအိုးထဲ ပြန်မြှုပ်ဝင်သွားကြ၏။

ဒု-သမားသည် ဒုဇ္ဖီဝိတ မဇီဝိမှ စသည်ဖြင့် ရွတ်လို၏။
သ-သမားသည် သဋ္ဌိဝဿ သဟဿာနိ စသည်ဖြင့် ရွတ်လို၏။
န-သမားသည် နတ္ထိ အန္တော စသည်ဖြင့် ရွတ်လို၏။
သော-သမားသည် သောဟံ နုန စသည်ဖြင့် ရွတ်လို၏။
ထိုသူ သူဌေးသား ၄-ယောက် ရွတ်ဆိုလိုသော ဂါထာ ၄-ပုဒ် အဓိပ္ပါယ်မှာ အောက်ပါအတိုင်း ဖြစ်ပါ၏။

ဒု-သမား၏ စကား
ပစ္စည်းဥစ္စာတွေ ရှိပါလျက် မလှူခဲ့တဲ့ ငါတို့ဟာ မကောင်းတဲ့ အသက်ရှည်နည်းနဲ့ အသက်ရှင်ခဲ့၊ အသက်မွေးခဲ့ကြတယ်၊ ငါတို့ဟာ ငါတို့ ထောက်တည်ရာ ကျွန်းသဖွယ်ဖြစ်တဲ့ ကုသိုလ်ကို မပြုခဲ့ကြလေစွ။

သ-သမား၏ စကား
ငါတို့မှာ ငရဲခံရတာ အနှစ် ၆-သောင်း ပြည့်သွားပြီ။
ဘယ်တော့မှ ဆုံးမှာပါလိမ့်။

န-သမား၏ စကား
ငရဲခံရတာ ကာလအဆုံးမရှိ၊ အဆုံးက ဘယ်မှာပါလိမ့်၊ အဆုံးကို မမြင်တွေ့ရ။
ဟုတ်တယ်၊ သူဌေးသားဘ၀တုန်းက ငါရော သင်တို့ပါ မကောင်းမှု လုပ်ခဲ့ကြတယ် သူငယ်ချင်းတို့။

သော-သမား၏ စကား
ငါဟာ ဒီငရဲက လွတ်ပြီး လူ့ဘ၀ရောက်သွားရင် ဒါနပြုမယ်၊ သီလနဲ့ ပြည့်စုံအောင် လုပ်မယ်။
ကုသိုလ်တွေကို အများကြီး လုပ်လိုက်မယ်။ ( ဓမ္မပ၏၊ ဋ္ဌ၊ ပ၊ ၂၈၇)

ဤမျှဖြင့် ဒု-သ-န-သော စကားလေးလုံး၏ အဓိပ္ပါယ်ကို မသိသေးသူများ သိသွားနိုင်ပြီ-ဟု ယူဆပါသည်။ ဒု-သ-န-သော လို နောင်တကို နောင်မှ မရသင့်ကြပါ။ နောင်တ ပူပန်မှု ရစေနိုင်သည့် မကောင်းမှုတို့ကို ကြိုတင်ရှောင်ရှားထားကြရပါမည်။ လူမိုက်နောက်မှ အကြံရ-မဖြစ်သင့်ကြပါ။ လူမိုက်တို့သည် နောင်မှ နောင်တ ရတတ်ကြပါ၏။ ဒုက္ခကို ကြောက်သူတိုင်း ဒုက္ခရောက်စေမည့် အလုပ်၊ အပြော၊ အကြံ တို့ကို ရှောင်ရှားကြရ ပါမည်။

( သာမဏေကျော်)

No comments: