Friday, February 12, 2010

ဥပါသကာ-ဥပါသိကာတို့ သိမှတ်ဖွယ်

ဥပါသကာ ဥပါသိကာဟူသည် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ကြသော ဒကာ ဒကာမများကိုပင် ခေါ်ဆိုသော ဝေါဟာရဖြစ်၏။ သရဏဂုံတည်သူ မှန်သမျှ လူကြီး၊ လူငယ်မရွေး အမျိုးသားဖြစ်လျှင် ဥပါသကာ-ဟု ခေါ်သည်။ အမျိုးသမီးဖြစ်လျှင် ဥပါသိကာ-ဟု ခေါ်သည်။

သာသနာတော် တည်တံ့ပြန့်ပွားရေးအတွက် ဥပါသကာ ဥပါသိကာတို့၏ အခန်းကဏ္ဍသည်လည်း အရေးပါလှပေသည်။ သံဃာတော်အရှင်မြတ်များက ဥပါသကာ ဥပါသိကာတို့အား ဓမ္မာနုဂ္ဂဟ တည်းဟူသော တရားဖြင့် ချီးမြှောက်ကြသည်။ ဥပါသကာ ဥပါသိကာတို့ကလည်း သံဃာတော် အရှင်မြတ်များအား ပစ္စယာနုဂ္ဂဟ တည်းဟူသော ပစ္စည်းလေးပါးဖြင့် ထောက်ပံ့ကြသည်။ ရဟန်းသံဃာတော် အရှင်မြတ်များနှင့် ဥပါသကာ ဥပါသိကာတို့သည် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ရှိကြသည်။

ရှင်သာမဏေတွင် ရှင်သာမဏေ၏ သီလရှိသည်။ ရဟန်းတွင် ရဟန်း၏ သီလရှိသည်။ ဥပါသကာ ဥပါသိကာမှာလည်း ဥပါသကာ ဥပါသိကာ သီလရှိသည်။ မြတ်စွာဘုရားက မဟာနာမ် သာကီဝင်မင်းအား ဥပါသကာ ဥပါသိကာတို့သည် ငါးပါးသီလနှင့် ပြည့်စုံရမည်ဟု မိန့်ကြားတော်မူခဲ့သည်။

ဤဒေသနာတော်အရ ငါးပါးသီလသည် ဥပါသကာ ဥပါသိကာတို့၏ သီလဖြစ်သည်။ ငါးပါးသီလ မလုံခြုံလျှင် အကျင့်သီလရှိသော ဥပါသကာ ဥပါသိကာ မမည်။ ထို့ကြောင့် ဥပါသကာ ဥပါသိကာ တို့သည် အကျင့်သီလရှိသော ပုဂ္ဂိုလ်များဖြစ်စေရန် ငါးပါးသီလကို စောင့်ထိန်းကြရပေမည်။

ဥပါသကာ ဥပါသိကာတို့သည် အကျင့်သီလပြည့်စုံရုံမျှဖြင့်လည်း မပြီးသေး။ အပြစ်ကင်းသော အသက်မွေးမှု လုပ်ငန်းမျိုးကို လုပ်ကိုင်အသက်မွေးရန်လည်း လိုပေသေးသည်။ ဥပါသကာ ဥပါသိကာတို့ ရှောင်ကြဉ်ရမည့် အသက်မွေးမှုလုပ်ငန်း ငါးမျိုးရှိကြောင်း မြတ်စွာဘုရားသခင်က ဟောကြားခဲ့သည်။ယင်း ၅-မျိုးတို့မှာ-
(၁) လက်နက်ကုန် ရောင်းဝယ်ခြင်း။
(၂) လူကုန် ရောင်းဝယ်ခြင်း။
(၃) အသားကုန် ရောင်းဝယ်ခြင်း။
(၄) သေရည်အရက် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း။
(၅) အဆိပ်ကုန် ရောင်းဝယ်ခြင်းတို့ ဖြစ်သည်။

အထက်ပါ ၅-မျိုးတို့မှာ မိမိရော သူတပါးပါ ထိခိုက်ပျက်စီးစေတတ်၍ မတရားသော၊ အပြစ်မကင်းသော ရောင်းဝယ်မှုခေါ်၏။ ထို့ကြောင့် ဘုရားရှင်က ရှောင်ကြဉ်ရန် ဆုံးမထားသည်။ ဤ ၅-မျိုးမှအပ အခြားသော ရောင်းဝယ်ခြင်းများနှင့် အပြစ်ကင်းသည့် အခြားသော လုပ်ငန်းဆောင်တာများဖြင့် အသက်မွေးကြရန် ဘုရားရှင်က ဆုံးမထားပေသည်။ ဥပါသကာ ဥပါသိကာတို့သည် ဘုရားရှင်တားမြစ်သော အသက်မွေးမှု လုပ်ငန်းများကို ရှောင်ကြဉ်ရုံမျှမက ဥပါသကာ ဂုဏ်ရည်တို့နှင့် ပြည့်စုံရန်လည်း ကြိုးစားနေထိုင်ကြရပေမည်။ ဥပါသကာဂုဏ်ရည် ၁ဝ-ပါးရှိကြောင်း မိလိန္ဒပဥှာ၌ ဖော်ပြထားသည်မှာ မှတ်သားဖွယ် ကောင်းလှပေသည်။

ဥပါသကာဂုဏ်ရည် ၁ဝ-ပါးကား-
(၁) သံဃာတော်များနှင့် ချမ်းသာမကွဲ ဆင်းရဲအတူ ရှိရခြင်း။
(၂) မြတ်စွာဘုရား၏ တရားတော်များကိုသာ အကြီးအမှူး ထားခြင်း၊ အလေးဂရု ပြုခြင်း။
(၃) မိမိ၏ စီးပွားဥစ္စာ အင်အားအလျောက် ခွဲဝေလှူဒါန်းခြင်း။
(၄) မြတ်စွာဘုရား သာသနာ ဆုတ်ယုတ်ပျက်ပြားသည်ကို မြင်လျှင်၊ ကြားလျှင် တည်တံ့ပြန့်ပွားအောင် ကြိုးစား အားထုတ်ခြင်း။
(၅) ဖြောင့်မှန်သောအယူ ရှိခြင်း။
(၆) ကောတုဟလမင်္ဂလာ ဟုခေါ်သော အထူးဆန်းများကို ကြီးပွားကြောင်း မင်္ဂလာဟု မယုံကြည်ခြင်း။
(၇) အသက်ကိုပင် ပဓာနမထားဘဲ သာသနာပြင်ပ ပုဂ္ဂိုလ်ကို ကိုးကွယ်ရာဆရာအဖြစ် မထားခြင်း။ မညွှန်ပြခြင်း။
(၈) ကာယကံ ဝစီကံတို့ကို စောင့်ထိန်းခြင်း။
(၉) အချင်းချင်း ညီညွတ်စွာ နေထိုင်၍ ဝန်တိုမှု၊ ငြူစူစောင်းမြောင်းမှု မရှိခြင်း။ ကောက်ကျစ်စဉ်းလဲမှု၊ ဝါကြွားပလွှားမှု ကင်းခြင်း။
(၁ဝ) ဘုရား တရား သံဃာကို ကိုးကွယ်ဆည်းကပ်ခြင်းတို့ ဖြစ်သည်။

ဤကား ဥပါသကာ ဥပါသိကာတို့ ဆောင်ရန်-ရှောင်ရန် အချက်များ ဖြစ်သည်။ ဥပါသကာ ဥပါသိကာတိုင်း နှလုံးသွင်း ဆင်ခြင်၍ ဆောင်နိုင်-ရှောင်နိုင်ရန် တင်ပြအပ်ပါသည်။

1 comment:

aungkowinn said...

မင်္ဂလာသတင်းစဉ်မှ သက်ဆိုင်သူခင်ဗျာ
ကျနော် အကြိုက်ဆုံးကလေးတွေကိုကူးယူသွားခဲ့ပါတယ်။
ကျေးဇူးတင်ပါတယ် ခင်ဗျာ