Sunday, February 21, 2010

သူ့ခေါင်းပေါ်က ကြာပဒုမ္မာ

မိတ္တ၀ိန္ဒကသည်ကား ကုဋေလေးဆယ် ကြွယ်ဝသော သူဌေးသားတယောက် ဖြစ်၏။ ဖခင် သူဌေးကြီး ကွယ်လွန်သွားပြီးနောက် မိခင်တယောက်တည်း၏ အုပ်ထိန်းမှုဖြင့် ကြီးပြင်းလာခဲ့ရာ အရွယ်ရောက်လာသည်နှင့် တပြိုင်နက် ဖောက်ပြန်သည့်ဘက်သို့ ပါသွားတော့၏။ ကျောင်းကန်ဘုရားသို့ သွားရောက်ရန် လုံးဝစိတ်မပါဘဲ သူ့နည်းတူ လူပေါ်ကြော့များနှင့်သာ အချိန်ကုန်တော့၏။

ဤတွင် မိခင်သူဌေးမကြီးက သားဖြစ်သူကို ကောင်းရာမွန်ရာသို့ ရောက်အောင် ငွေနှင့်ဖြားယောင်းရတော့၏။
ကဲ အမေ့သား၊ မင်းမှာလဲ သောက်သောက်စားစား အပျော်အပါးတွေနဲ့ပဲ အချိန်ကုန်ခဲ့ပြီ။ ဒီနေ့တော့ ဥပုသ်နေ့ပါ သားရယ်၊ ဒီတရက်ကလေးမှာ ကျောင်းကိုသွားပြီး ဥပုသ်စောင့်လိုက်စမ်းပါ။ ဥပုသ်ကထွက်တာနဲ့ တပြိုင်နက် အမေက ငွေတထောင် ပေးပါမယ့်။

အဟုတ်လား အမေ။ ငွေတထောင်ကြီးတောင် ရမှာဆိုတော့ သား ဥပုသ်စောင့်မှာပေါ့။ အခြား သူဌေးသားများ နည်းတူ သုံးစရာဖြုန်းစရာ ရလိုဇောဖြင့် မိတ္တ၀ိန္ဒကသည် ကျောင်းသို့သွား၍ ဥပုသ်သီလ ခံယူ၏။ အိမ်ပြန်လာလျှင် ဥပုသ်ကျိုးသွားမည်စိုး၍ ကျောင်းမှာပင် တနေကုန်အောင် ကြိတ်မှိတ်နေရ၏။

ညချမ်းအချိန်ရောက်သောအခါ ဓမ္မကထိက ရဟန်းတော်များက ဥပုသ်သည် ဒကာ ဒကာမများအား ညလုံးပေါက် အလှည့်ကျ တရားဟောကြားကြ၏။ မိတ္တ၀ိန္ဒကသည်ကား သူတကာတွေလို ရိုရိုသေသေ တရားနာမည့်အစား စိတ်တိုင်းကျ အိပ်၍ရနိုင်မည့်နေရာကိုသာ ရှာ၏။ လူသူလေးပါး အနှောင့်အယှက်ကင်းကင်းနှင့် အိပ်၍ ရနိုင်မည့်နေရာကို ရှာဖွေလာခဲ့ရာ နောက်ဆုံးတွင် ဓမ္မကထိကပုဂ္ဂိုလ်၏ တရားပလ္လင်အောက်မှာ တွေ့လိုက်ရ၏။ တပါးပြီးတပါး တရားမိုးကြီး ရွာသွန်းဖြိုးနေသည့်အသံကို မကြားတ၀က် ကြားတ၀က်ဖြင့် မိတ္တ၀ိန္ဒကသည် တခေါခေါ အိပ်နေလေတော့၏။

ဤသို့ဖြင့် နံနက်လင်း၍ အခြားသော ဥပုသ်သည်များနှင့်အတူ ကျောင်းမှပြန်လာခဲ့ရာ မိခင်က ယာဂုပူပူနွေးနွေးဖြင့် အသင့် ကြိုနေ၏။
ကဲ-အမေ့သား ဥပုသ်သည်ကြီး ဆာလာရော့မယ်၊ ဟောဒီမှာ ယာဂုလေး ပူပူနွေးနွေး သောက်လိုက်။
အမေကလဲဗျာ၊ ယာဂုကို အသာထားလိုက်စမ်းပါ။ ငွေတထောင်သာ အရင်ပေးစမ်းပါ။
ရမှာပေါ့ သားရယ်၊ အမေက ပေးမယ်ဆိုထားပြီပဲ။
ပေးမယ်ဆို ခုပေးဗျာ၊ ငွေတထောင်တိတိ ကျုပ်လက်ထဲရောက်လာမှ ခင်ဗျားယာဂုကို ကျုပ်သောက်နိုင်မယ်။
သြော်-အမေ့သားရယ်

သားဖြစ်သူ ဥပုသ်စောင့်ဖြစ်သဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်နေရသော မိခင်ကြီးမှာ ချက်ချင်းဆိုသလိုပင် ၀မ်းနည်းပက်လက်နဲ့ အသပြာတထောင်ထုပ်ကို သား၏လက်သို့ ထည့်ပေးလိုက်ရ၏။
မိတ္တ၀ိန္ဒကသည် ရလာသည့်ငွေတထောင်ကို ရက်ပိုင်းအတွင်းမှာပင် သုံးဖြုန်းပစ်လိုက်၏။ ဤကဲ့သို့ သုံးဖြုန်းမည်စိုးသဖြင့် မိခင်သူဌေးမကြီးကလည်း တဦးတည်းသောသားကို ပုံမအပ်နိုင်သေးဘဲ ထိန်းချုပ်ထားနေရခြင်း ဖြစ်၏။

မိတ္တ၀ိန္ဒကသည် သုံးစရာဖြုန်းစရာ လိုအပ်လာတိုင်း မိခင်ထံ လက်ဖြန့်ခံနေရသည်ကို စိတ်ပျက်လာ၏။ ငါသည်ကား သူဌေးသားတယောက်ပါကလား -ဟူသော မာနဖြင့် ကိုယ့်ဘာသာ ထွက်၍ စီးပွားရှာဖို့ အဆက်အသွယ်များ ရှာဖွေ၏။ ကံအားလျော်စွာပင် သမုဒ္ဒရာကိုဖြတ်၍ ကုန်ကူးနေကျ သင်္ဘောတစီးကလည်း ထွက်တော့မည့် ဆဲဆဲ ဖြစ်နေ၏။ ဤတွင် မိတ္တ၀ိန္ဒကသည် ထိုသင်္ဘောနှင့် အပါလိုက်ရန် ပြင်ဆင်လေတော့ရာ မိခင်ဖြစ်သူက တားမြစ်၏။

အမေ့သားရယ်၊ အမေတို့မှာ ကုဋေလေးဆယ်တောင်မှ ချမ်းသာနေပဲကွယ်၊ ရေခြားမြေခြားသွားပြီး စီးပွားရှိနေဖို့ မလိုပါဘူး။
အဲဒီ ကုဋေလေးဆယ်က အမေ့ ဥစ္စာတွေဗျ၊ ကျုပ်အတွက်က တပြားတချပ်မှ ပါတာ မဟုတ်ဘူး။
တနေ့ကျတော့ အမေ့သားလေးလက်ထဲ အကုန်ရောက်မှာပါကွယ်။
အဲဒီတနေ့ထိအောင် ကျုပ်က စောင့်မနေနိုင်ဘူးဗျ။ ကျုပ်ဆိုတဲ့ကောင်က သွားမယ်ဆို သွားကိုသွားမှာပဲ။

မိခင်ကြီး တားနေသည့်ကြားကပင် မိတ္တ၀ိန္ဒကသည် အထုပ်ကိုဆွဲ၍ ထွက်လေတော့ရာ မိခင်ကြီးက ကပျာကယာ ရှေ့ကရောက်အောင် ပြေးသွား၍ တားဆီးရ၏။ ဤတွင် မိတ္တ၀ိန္ဒက-က
ခင်ဗျားကြီး တော်တော်ရှုပ်တယ်နော်။ ကိုင်းဗျား ကိုင်းဗျား၊ ကဲ မှတ်ကရော၊
မိခင်ကြီးကို ခြေထောက်နဲ့ ကန်ကျောက်၍ လှဲပစ်ကာ ရိုင်းရိုင်းစိုင်းစိုင်း ကျော်လွှား၍ ထွက်သွားလေတော့သည်။

မိတ္တ၀ိန္ဒကနှင့်တကွ ခရီးသည်များ သင်္ဘောဖြင့် လိုက်ပါလာခဲ့၍ ခုနစ်ရက်အရတွင် သင်္ဘောသည် သမုဒ္ဒရာအလယ်မှာ ကျောက်ချထားဘိသကဲ့သို့ မရွေ့မရှားဘဲ ရပ်တည်နေတော့၏။ မာလိန်မှူးနှင့်တကွ သင်္ဘောသားတို့ အမျိုးမျိုးကြိုးစားကြပါသော်လည်း သင်္ဘောက လုံးဝ လှုပ်ရှားမလာပေ။

ဤတွင် မာလိန်မှူးက-ဒီသင်္ဘောပေါ်မှာ သူယုတ်မာတယောက် ပါလာလို့သာ ဖြစ်မယ်။ ဘယ်သူ သူယုတ်မာလဲဆိုတာ သိရအောင် စာရေးတံမဲ ချကြည့်မှ သိနိုင်မယ်-ဟု စဉ်းစားမိကာ သင်္ဘောပေါ် ပါလာသည့် ခရီးသည်အားလုံးအတွက် သူယုတ်မာစာရေးတံမဲကို သုံးကြိမ်သုံးခါ ချကြည့်ရာ သုံးကြိမ်လုံးပင် မိတ္တ၀ိန္ဒက အတွက် ဖြစ်နေတော့၏။

ဤတွင် သင်္ဘောသားများက မိတ္တ၀ိန္ဒကကို တွယ်စရာဖက်စရာ ၀ါးဖောင်ငယ်တခုပေးကာ ရေထဲသို့ ချပစ်လိုက်ကြ၏။ ထိုသို့ချပစ်လိုက်သည်နှင့် တပြိုင်နက် သင်္ဘောသည် တရှိန်ထိုး ထွက်သွားတော့၏။ တွယ်ဖက်၍ သမုဒ္ဒရာရေထဲမှာ မျောပါနေသည့် မိတ္တ၀ိန္ဒကသည် တရက်တာဥပုသ်စောင့်ခဲ့ရသော ကောင်းမှုကြောင့် ကျွန်းငယ်တခုသို့ ဆိုက်ရောက်လာ၏။ ကျွန်းငယ်ပေါ်တွင် နတ်သမီးအသွင်အပြင်ဖြင့် ရှိနေကြသော ဝေမာနိကပြိတ္တာမ လေးယောက်နှင့် စံပျော်ရ၏။ သို့ရာတွင် ထိုမျှဖြင့် အားမရသေးသဖြင့် ထိုကျွန်းပေါ်မှ ဆင်းလာခဲ့ရာ အခြားကျွန်းငယ်တခုတွင် ဝေမာနိကပြိတ္တာမ ရှစ်ယောက်နှင့် စံပျော်ရပြန်၏။ ထိုမှတဖန် ဝေမာနိကပြိတ္တာမ တဆယ့်ခြောက်ယောက်၊ သုံးဆယ့်နှစ်ယောက် ရှိသော ကျွန်းများသို့လည်း ရောက်ရပြန်၏။

မိတ္တ၀ိန္ဒကသည်ကား မိခင်ကြီးအပေါ် ရိုင်းစိုင်းစွာ ပြစ်မှာမိခဲ့သော အကုသိုလ်ကံကြမ္မာက ငင်နေပြီဖြစ်၍ ထိုကျွန်းမှာပင် မပျော်မွေ့နိုင်ဘဲ ဆက်လက်၍ ထွက်လာခဲ့ရာ ကျွန်းငယ်တခုသို့ ရောက်လာပြန်၏။ ထိုကျွန်းပေါ်က ယောက်ျားတယောက်သည် မိတ္တ၀ိန္ဒကကဲ့သို့သော မကောင်းမှုကို ကျူးလွန်ခဲ့မိသဖြင့် ဦးခေါင်းပေါ်တွင် သင်တုံးဓားစက်ကို ရွက်ထားရ၏။ တ၀ီဝီ လည်ပတ်၍ ခုတ်ဖြတ်နေသော သင်တုံးဓားစက်၏ ဒဏ်ကို မရှုမလှ ခံစားနေရ၏။

သို့ရာတွင် မိတ္တ၀ိန္ဒက၏ မျက်စိထဲတွင်ကား သင်တုံးဓားစက်ကို ငွါးငွါးစွင့်စွင့် ပွင့်လန်းနေသော ပဒုမ္မာကြာပွင့်ကြီးကဲ့သို့ ထင်မြင်နေ၏။ သို့ဖြစ်၍ မိတ္တ၀ိန္ဒကသည် ထိုကြာပွင့်ကြီးကို ပန်ဆင်လိုသဖြင့် မရအရ ဇွတ်တောင်းလေရာ ၀ဋ်ခံနေရသူက မိမိကျွတ်ချိန်တန်၍ပင် ဖြစ်သည်ဟု သဘောပေါက်ကာ သင်တုံးဓားစက်ကို မိတ္တ၀ိန္ဒက၏ ခေါင်းပေါ်သို့ တင်ပေးလိုက်၏။ ဤတွင်မှ မိတ္တ၀ိန္ဒကသည် မိမိကျူးလွန်မိခဲ့သော အကုသိုလ်ကံ၏ အပြစ်ဒဏ်ကို ထိုက်တန်စွာ ခံယူရလေတော့သည်။

( အာဟုနေယျဂ္ဂိ )
ဒီဃနိကာယ်၊ ပါထိက၀ဂ်၊ သိင်္ဂီတိသုတ် ကို ဖွင့်ဆိုရာတွင် အဋ္ဌကထာဆရာကြီး ထုတ်ဆောင်ပြသခဲ့သော ဥပမာပုံဝတ္ထု ဖြစ်ပါသည်။
သင်္ဂီတိသုတ် ပါဠိတော်တွင် တမျိုးတည်းသောတရား၊ နှစ်မျိုးသော တရားစု၊ သုံးမျိုးသော တရားစု စသည်ဖြင့် အသီးသီးဟောကြားထားလေရာ သုံးပါးသောတရားစုတွင် အာဟုနေယျဂ္ဂိ၊ ဂဟပတဂ္ဂိ၊ ဒက္ခိနေယျဂ္ဂိ ဟူ၍ မီးသုံးပါးတို့ ပါဝင်ပေသည်။

ထိုတွင် အာဟုနေယျဂ္ဂိ၌ ပါဝင်သော အာဟုနေယျပုဒ်၌ အရိုအသေ အလေးအမြတ်ပြုခြင်း အနက်ရ၏။ မိခင်ဖခင် ကျေးဇူးရှင်နှစ်ပါးတို့မှာ သားသမီးတို့၏ အရိုအသေအလေးအမြတ်ကို ပြုခြင်းကို ခံယူထိုက်သောကြောင့် အာဟုနေယျ-ဟု အမည်ရကြ၏။ အာဟုနေယျမည်သော လူကြီးမိဘတို့အပေါ် ရိုသေလေးမြတ်မှုမပြုဘဲ ရိုင်းစိုင်းစွာ ကျူးလွန်ပြစ်မှားမိသော သားဆိုးသမီးဆိုးတို့မှာ အာဟုနေယျဂ္ဂိ မည်သော မီးက သွားလေရာ လာလေရာ အစဉ်လိုက်ပါ၍ လောင်မြိုက်ခြင်းကို ခံကြရပေသည်။

တကယ်တော့ဖြင့် လူကြီးမိဘတို့က သားသမီးတို့ကို လောင်မြိုက်စေသည် မဟုတ်ပါ။ လောင်မြိုက်ခြင်းကို အထောက်အကူပြုသော အကြောင်းတခုဖြစ်နေ၍ သာလျှင် အာဟုနေယျဂ္ဂိ-ဟု ခေါ်ဆိုရကြောင်း အဋ္ဌကထာဆရာကြီးက ရှင်းပြပြီးလျှင် အထက်ပါ ဥပမာပုံဝတ္ထုကို ထုတ်ဆောင်၍ ပြပေသည်။

(၀ဏ္ဏသီရိ)
( မြတ်မင်္ဂလာ ၂၀၀၄-ခု ဇူလိုင်လ)

No comments: