Monday, March 8, 2010

အကျင့်သီလနှင့် ပုဂ္ဂိုလ် ၄-မျိုး

မြတ်စွာဘုရားသည် အကျင့်သိက္ခာနှင့်ဆိုင်သော ပုဂ္ဂိုလ် ၄-မျိုးကို ရဟန်းတို့အား အောက်ပါအတိုင်း ဟောတော်မူသည်။
လောက၌-
၁။ သူယုတ်မာ
၂။ သူယုတ်မာထက် သူယုတ်မာ
၃။ သူတော်ကောင်း
၎။ သူတော်ကောင်းထက် သူတော်ကောင်း
ဟူ၍ ပုဂ္ဂိုလ် ၄-မျိုးရှိသည်။

ထိုပုဂ္ဂိုလ် ၄-မျိုးတို့တွင် သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ စသော ငါးပါးသီလ သိက္ခာပုဒ် ၅-ပါးကို ကျူးလွန်လေ့ရှိသူသည် သူယုတ်မာ မည်၏။

ထိုသိက္ခာပုဒ် ၅-ပါးကို ကိုယ်တိုင်လည်း ကျူးလွန်၊ သူတပါးကိုလည်း ကျူးလွန်ရန် နှိုးဆော်တိုက်တွန်းသူသည် သူယုတ်မာထက် သူယုတ်မာ-မည်၏။



သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း စသော ငါးပါးသီလ သိက္ခာပုဒ် ၅-ပါးကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်လေ့ရှိသူသည် သူတော်ကောင်း မည်၏။

ထိုသိက္ခာပုဒ် ၅-ပါးကို ကျူးလွန်ခြင်းမှ ကိုယ်တိုင်လည်း ရှောင်ကြဉ်၊ သူတပါးကိုလည်း ရှောင်ကြဉ်ရန် နှိုးဆော် တိုက်တွန်းသူသည် သူတော်ကောင်းထက် သူတော်ကောင်း မည်၏-ဟု ဟောတော်မူသည်။

( ဦးငွေအောင်မွန်)
ကျမ်းကိုး။
အင်္ဂုတ္တရပါဠိ၊ စတုက္ကနိပါတ်၊ သပ္ပုရိသ၀ဂ်၊ သိက္ခာပဒသုတ်။

No comments: