Tuesday, March 9, 2010

သီဟသုတ်

မကြာမီက ကျွန်ုပ်တို့သည် ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသော နိုင်ငံခြားသား အမျိုးသားတဦးနှင့် တွေ့ဆုံစကားပြောခွင့် ရခဲ့သည်။ ထိုပုဂ္ဂိုလ်သည် အသက် ၄၀-ကျော်အရွယ် ရှိသည်။ တက္ကသိုလ်မှ ဘွဲ့ရ ပညာတတ်တဦး ဖြစ်သည်။

သူသည် ဗုဒ္ဓတရားတော်ကို စိတ်ဝင်စားသဖြင့် အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော တရားစာအုပ်အချို့ကို ဖတ်ရှုလေ့လာခဲ့သည်။ ထိုစဉ် သီဟသုတ်-ကို ဖတ်ရှုလေ့လာမိသည်။ ထိုသုတ်တော်သည် အင်္ဂုတ္တိုရ် အဋ္ဌကထာ မဟာဝဂ်၌ ပါရှိသည်။ နိဂဏ္ဍတို့၏ ထင်ရှားသော တပည့်ကြီးတဦးဖြစ်သူ သီဟစစ်သူကြီး ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာပုံကို ဘုရားရှင် ဟောကြားထားသော သုတ်တော်ဖြစ်သည်။

နိုင်ငံခြားသား ပုဂ္ဂိုလ်က အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုရေးသားထားသော ထိုသုတ်တော်ကို မိမိဖတ်ရှုရပါသည်။ ထိုသို့ဖတ်ရှုရာမှ ဗုဒ္ဓဘုရားရှင်၏ သဘောထားကြီးမြတ်ပုံ၊ ဗုဒ္ဓတရားတော်၏ မှန်ကန် စနစ်ကျပုံ ဗုဒ္ဓဘာသာသို့ဝင်ရန် တိုက်တွန်းထားပုံတို့မှာ အံ့ချီးဖွယ်ရာ ဖြစ်လှပါသည်။ ထို့ကြောင့် မိမိ အလွန်နှစ်သက် သဘောကျကာ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာကြောင်း ရှင်းလင်းပြောကြားပေသည်။

ဤတွင် လေ့လာနိုင်ရန် သီဟသုတ်တော် အကျဉ်းချုပ်ကို ကျွန်ုပ်တို့ တင်ပြလိုပါသည်။
အခါတပါး၌ လိစ္ဆ၀ီမင်းတို့က ဗုဒ္ဓဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်ကို အကြိမ်ကြိမ် ချီးကျူးကြသည်ကို သီဟစစ်သူကြီး ကြားနာရသည်။ ဤတွင် သူသည် ဘုရားရှင်အား သွားရောက်ဖူးတွေ့ရန် ဆန္ဒဖြစ်မိသည်။ သို့ဖြင့် သူ၏ဆရာဖြစ်သော နိဂဏ္ဌထံ မိမိအကြံအစည်ကို တင်ပြသည်။ ဆရာနိဂဏ္ဌက တားမြစ်သည်။ ရဟန်းဂေါတမသည် ငါတို့နှင့် အယူမတူ။ ငါတို့က ပြုထိုက်၏ဟူသော ကိရိယ၀ါဒ-အယူရှိသည်။ ရဟန်းဂေါတမကား ပြုထိုက်၏ဟူသော ကိရိယ၀ါဒ-အယူလည်း ရှိသည်။ မပြုထိုက်ဟူသော အကိရိယ၀ါဒ-အယူလည်း ရှိသည်။ နှစ်မျိုးနှစ်ခွ ရှိနေသည်။ မသင့်သော အယူရှိသည်။ သင်မသွားထိုက်-ဟူ၍ တားမြစ်သည်။

သီဟစစ်သူကြီးသည် နိဂဏ္ဌအား မိမိ ဗုဒ္ဓဘုရားရှင်ကို ဖူးတွေ့လိုကြောင်း သုံးကြိမ်တိုင် လျှောက်ထားသည်။ နိဂဏ္ဌက သုံးကြိမ်တိုင် တားမြစ်သည်။ နောက်ဆုံး နိဂဏ္ဌ၏ တားမြစ်ချက်ကို မနာယူဘဲ ဘုရားရှင်ကို သွားရောက်ဖူးတွေ့သည်။ မိမိ သိလိုသည်ကို လျှောက်ထားသည်။ ထိုအခါ ဘုရားရှင်က ပြုထိုက်၏ဟူသော ကိရိယအယူကို မိမိခံယူသည်မှာ ကိုယ်ဖြင့် ပြုအပ်သောကောင်းမှု (ကာယသုစရိုက်)၊ နှုတ်ဖြင့်ပြုအပ်သော ကောင်းမှု (၀စီသုစရိုက်)၊ စိတ်ဖြင့်ပြုအပ်သော ကောင်းမှု (မနောသုစရိုက်) တို့ကို ပြုထိုက်၏-ဟူ၍ အယူရှိခြင်း ဖြစ်သည်။ တဖန် မိမိသည် မပြုထိုက်ဟူသော အကိရိယ အယူရှိသည်မှာ ကိုယ်ဖြင့်ပြုအပ်သော မကောင်းမှု (ကာယဒုစရိုက်)၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းမှု (၀စီဒုစရိုက်)၊ စိတ်ဖြင့် ပြုအပ်သော မကောင်းမှု (မနောဒုစရိုက်) တို့ကို မပြုထိုက်ဟူ၍ ယူခြင်းဖြစ်သည်-ဟု ရှင်းလင်းဟောကြားသည်။ ထိုအခါ သီဟသည် နှစ်သက်သဘောကျသွားသည်။ မိမိအား ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သူအဖြစ် မှတ်ယူပါရန်၎င်း၊ ယနေ့မှစ၍ ဗုဒ္ဓဘာသာဝင်အဖြစ် မှတ်ယူပါရန်၎င်း လျှောက်ထားသည်။

ထိုအခါ ဘုရားရှင်က ချက်ချင်း လက်မခံသေးပေ။ သင်တို့လို ထင်ရှားသော ပုဂ္ဂိုလ်များအဖို့ စဉ်းစဉ်းစားစား ပြုပါ။ သေချာစွာ စဉ်းစားချင့်ချိန် ဆုံးဖြတ်ပြီးမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းပါ-ဟူ၍ မိန့်တော်မူသည်။ ထိုမိန့်တော်မူချက်ကို သီဟစစ်သူကြီး ပိုမိုနှစ်သက်သွားပြန်သည်။ နိဂဏ္ဌတို့ဆိုလျှင် ထိုသို့မဆို။ ချက်ချင်း ၀မ်းမြောက်ဝမ်းသာ လက်ခံကြမည်သာ ဖြစ်သည်။ သို့ဖြင့် ဗုဒ္ဓဘာသာသို့ ကူးပြောင်းလိုကြောင်း ဒုတိယအကြိမ် လျှောက်ထားသည်။ ဤတွင်မှ ဘုရားရှင်က လက်ခံတော်မူသည်။

ထို့နောက် ဘုရားရှင်က-သင့်အိမ်သည် နိဂဏ္ဌတို့အား အလှူဒါနပေးလေ့ရှိသည်။ သင်သည် ဗုဒ္ဓဘာသာ ဖြစ်လာသော်လည်း ထိုလှူမြဲဝတ်ကို မဖြတ်ပါနဲ့။ ဆက်လက်၍ လှူဒါန်းပါ-ဟု မိန့်တော်မူသည်။ သီဟစစ်သူကြီးသည် ဘုရားရှင်၏ မြင့်မြတ်သည့် စိတ်နှလုံးတော်ကို ပိုမိုသိရှိသွားပြန်သည်။ သို့ဖြင့် အရှင်ဘုရား၊ တပည့်တော်ကို ဗုဒ္ဓဘာသာဝင်အဖြစ် မှတ်ယူတော်မူပါ-ဟူ၍ တတိယအကြိမ် လျှောက်ထားတောင်းပန်ခဲ့
ပေသည်။

ဤကား သီဟသုတ် အကျဉ်းချုပ် ဖြစ်သည်။ အံ့ချီးဖွယ်ဖြစ်ရုံမက အလွန်လည်း တန်ဖိုးရှိလှသည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့၏ နိုင်ငံခြားသား မိတ်ဆွေသည် ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသည်မှာ ကူးပြောင်းထိုက်ပါပေ၊ အလွန်သင့်လှပါပေသည်-ဟု ကျွန်ုပ်တို့ ခံယူမိပေသည်။

ထို့ကြောင့် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များသည် ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်ကို ပိုမိုသိရှိနားလည်နိုင်ရန် တရားတော်များကိုလည်း လက်လှမ်းမီသမျှ ပိုမိုဖတ်ရှုလေ့လာသင့်ကြောင်း တင်ပြအပ်ပါသည်။

No comments: